Showing posts with label career-development. Show all posts
Showing posts with label career-development. Show all posts

Saturday, November 29, 2008

They can because ...

၂၉၊ ၁၁၊ ၂၀၀၉

သူတို့ အောင်မြင်ကြပါတယ် ဘာဖြစ်လို့လဲ ဆိုတော့ ...

ကြာတော့ ကြာခဲ့ပြီ .. ဒါပေမယ့် စိတ်ထဲမှာ အမှတ်ထင်ထင် ရှိနေခဲ့တဲ့ ပန်းချီကား နဲ့ စာသားလေး တစ်စုံပါ။ ပန်းချီကားက ငှက်ကလေး နှစ်ကောင် တိမ်ဖြူတွေ ဟိုတစ်ကွက် ဒီတစ်ကွက် ရှိနေတဲ့ ကောင်းကင်ပြာမှာ ပျံနေပုံ ကို သရုပ်ဖော်ထားတယ်။ အင်မတန် ရိုးစင်းလွန်းတဲ့ ပန်းချီလေးပါ။ ပန်းချီကား အောက်က စာသားလေးက
"They can because ... they think they can"

အနီးစပ်ဆုံး ပုံကို ပြပါဆိုရင် အင်တာနက်က ရှာဖွေတွေ့ရှိတဲ့ အောက်က ပုံလေးကို ပြရလိမ့်မယ်။


Photo credit: http://www.hep.man.ac.uk/u/christina/Elba.html

ဒီပန်းချီကားလေးကနေ အတွေး နယ်ချဲ့မိသွားပုံက ဒီလို ...
ဒီငှက်ကလေး နှစ်ကောင် ကမ်းမမြင် လမ်းမမြင် ပင်လယ်ပြင်ကို ဖြတ်ပျံနေတယ် လို့ မြင်ယောင်ကြည့်မိတယ်။ သူတို့ နောက်ဆုံးမြင်ခဲ့တဲ့ ကမ်းခြေကို ဖြတ်ကျော်ခဲ့တုန်းက တို့တတွေ နောက်ကမ်းခြေအထိ ပျံမှ ပျံနိုင်ပါ့မလား ... လို့ သူတို့ စိတ်ထဲမှာ သံသယတောင် ရှိခဲ့ပုံမပေါ်ဘူး။ အဆုံးမှာလည်း သူတို့ ရောက်ချင်တဲ့ နေရာကို ရောက်သွားတယ်လို့ ခံစားကြည့်မိတယ်။

ဒါနဲ့ တဆက်တည်း တက္ကသိုလ် ပထမနှစ်မှာ သင်ခဲ့ရတဲ့ “ဆန္ဒစွမ်းရည်” ဆိုတဲ့ စကားပြေ တစ်ပုဒ်ကို သတိရမိသွားပြန်တယ်။ စကားပြေ ရဲ့ ဆိုလိုရင်းက
လူတိုင်း လူတိုင်းမှာ လိုချင်တာတွေ ဖြစ်ချင်တာတွေ ရှိတယ်။ ဒါပေမယ့်လည်း လိုချင်တယ် ဆိုရုံ မည်ကာမတ္တနဲ့တော့ လိုချင်တဲ့ အရာတွေ အလိုလို ရောက်မလာဘူး ဖြစ်မလာဘူး။ တကယ် ပြင်းပျတဲ့ ဆန္ဒ စွမ်းရည်သာ ရှိပါစေ ဖြစ်ချင်တာတွေ တကယ်ဖြစ်လာပါမယ် .. တဲ့။

ဒါနဲ့ ဆက်စပ်ပြီး ခိုင်ထူး သီချင်းထဲက စာသား တစ်ပိုဒ်ကို သွားတွေးမိပြန်ရော ..
“... လိုချင်တဲ့ .. အရာ များစွာ .. မိုးပေါ်က .. ကျ .. ဖူးလို့လား ...”

ပန်းချီကားတစ်ချပ်၊ စာသားတစ်စုံ၊ စကားပြေတစ်ပုဒ် နဲ့ သီချင်းတစ်ပိုဒ် .. က ပြောချင်တာတွေက အတော့်ကို တူပါတယ်။ ဒါပေမယ့် လက်တွေ့မှာ ဒီအတိုင်း မဖြစ်တာတွေ ကြုံရပြန်တယ်။
လူငယ်တစ်ဦးက နိုင်ငံခြားမှာ ဘွဲ့လွန်တက်ချင်တယ်၊ ပညာသင်ဆုလည်း ရချင်တယ် .. လို့ ဆိုတယ်။ အဲဒီအတွက် လိုအပ်တဲ့ အချက်အလက်ကို အင်တာနက်မှာ ရှာကြည့်ပါလို့ ဆိုတော့ အိမ်မှာ အင်တာနက် မရှိဘူး .. တဲ့။ အင်တာနက်ဆိုင်မှာ သွားသုံးရင် ရတာပဲ လို့ ဆိုတော့ .. ရုံးဆင်းချိန်ဆို အင်တာနက် ဆိုင်တွေက လူပြည့်နေပြီတဲ့။ ပြီးတော့ ညမိုးချုပ်ရင် ဘတ်စ်တွေက ကျပ်ပြီ .. တဲ့။ တက္ကစီ ငှားရင်လည်း မနည်းကုန်မှာတဲ့။ အင်္ဂလိပ်စာ အမှတ် ကောင်းဖို့လိုတယ် လို့ ပြောတော့ .. ကျူရှင်တွေက ဈေးကြီးတယ်တဲ့။ စာမေးပွဲကြေးကလည်း ဒေါ်လာနဲ့ သွင်းရမှာတဲ့။

... စတဲ့ စတဲ့ အကြောင်းပြချက်တွေ အများကြီး ကြားရပါတော့တယ်။

အဲဒီမှာပဲ ခေါင်းထဲ ရောက်လာတဲ့ အတွေးက ...
ဒီလူ တကယ်ပဲ ပညာတော်သင် သွားချင်တာလား .. ဒါမှမဟုတ် ပညာတော်သင် ရွေးချယ်ကြောင်း အကြောင်းကြားလွှာ မိုးပေါ်ကနေ အလိုအလျောက်ကျလာမှာကို စောင့်နေတာလား ဆိုတာပါပဲ။

စာရှုသူတို့ရော ... ဘယ်လိုထင်ပါသလဲ။ ကံမကောင်း အကြောင်းမလှရှာဖူးလို့ ဖြေတွေး တွေးပေးမလား။ ဒါမှ မဟုတ် ...

ဝန်ခံချက်။ ။

ကျွန်း ရေးထားတဲ့ ခွန်အားဖြစ်စေသော စာသားများ ကို ဖတ်မိပြီး ဤဘလောက်ပို့စ်ကို ရေးရန် အကြံဖြစ်မိပါသည်။ ကျွန်းပြောထားချက်အရ They can because they think they ဆိုသည်ကို Virgil က ပြောခဲ့သည်ဟု သိရပါသည်။

Read More...

Friday, July 6, 2007

Recommendation

၆၊ ၇၊ ၂၀၀၇


ထောက်ခံစာ

ပြုစုသူ။ ။ ရဲမွန်မြင့်

တကယ်တန်းက ကျွန်တော်တို့ မြန်မာတွေ အနေနဲ့ ထောက်ခံစာဆိုတာ ရင်းနှီးပြီးသားပါ။ ဒီရပ်ကွက်မှာ နေကြောင်း ထောက်ခံစာ၊ အစိုးရ၀န်ထမ်း ဖြစ်ကြောင်း ထောက်ခံစာ၊ ကလေး နှစ်ယောက်ရှိကြောင်း ထောက်ခံစာ၊ ဟိုဟာဒီဟာနဲ့ မပတ်သက်ကြောင်း ထောက်ခံစာ၊ အကျင့်စာရိတ္တကောင်းကြောင်း ထောက်ခံစာ၊ ကျွန်ုပ်ဟာ လူသားစင်စစ်ဖြစ်ကြောင်း ထောက်ခံစာ၊ တစ်နေ့ ထမင်း နှစ်နပ်စားသည်မှာ မှန်ကန်ကြောင်း ထောက်ခံစာ အစရှိသဖြင့်ပေါ့လေ။

ဒါပေမယ့် ကျွန်တော် ဒီနေ့ပြောချင်တဲ့ ထောက်ခံစာက အဲဒီထောက်ခံစာတွေလို မည်ကာမတ္တ ချစ်တီးခေါင်း သန်းရှာတဲ့ ထောက်ခံစာမျိုး မဟုတ်ပါ။ နိုင်ငံတကာမှာ ဘွဲ့လွန်သင်တန်း လျောက်တဲ့အခါ၊ ပညာသင်ဆု လျောက်တဲ့အခါ၊ အလုပ်လျောက်တဲ့အခါ လိုအပ်တဲ့ ထောက်ခံစာ ကိစ္စပါ။ ဆွေမျိုးချီးမြောက် မင်္ဂလာတရားနဲ့ ပြည့်စုံတဲ့ ကုမ္ပဏီတွေ၊ အလုပ်ဌာနတွေ၊ လက်သိပ်ထိုး နီးစပ်ရာ ဆွဲပြီး ဘွဲ့လွန် တက်ခိုင်းတဲ့ ဌာနတွေ နဲ့တော့ တယ်မဆိုင်လှပါဘူး။ သူတို့က သူတို့ လမ်းကြောင်း ရှိပြီးသားလေ။ အဲလို လမ်းကြောင်းတွေ နဲ့ နေသားကျနေကြတဲ့အခါ တကယ်တန်း နိုင်ငံတကာက ကျောင်းသားတွေနဲ့ ယှဉ်ပြီ၊ အရည်အချင်း စစ်ပြီဆိုတော့ ကျားရှေ့မှောက်ရက်လဲတော့တာပေါ့။ တကယ်က မြန်မာတွေ မညံ့ပါ။ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်ပါတယ်။ အရေးကြီးတာက နိုင်ငံတကာ စံချိန် စံညွှန်းတွေ ဘယ်လိုရှိတယ် ဆိုတာ သိပြီး ပြင်ဆင်ထားဖို့ပါ။

ဇာတ်လမ်းအစက ဒီလို . . .

မကြာခင်ကပဲ အီးမေးလ် တစ်စောင် နှစ်စောင် ရတာနဲ့ ဒီအကြောင်းရေးချင်စိတ်လေး ပေါက်လာတာပါ။
ဆရာရှင့် ကျွန်မ ဆရာ့ကို နာမည်သာ ကြားဖူးပြီး လူကိုယ်တိုင် မသိပါ။ ဒါပေမယ့် ကျွန်မ ပြည်သူ့ကျန်းမာရေး (Public Health) ကိုတော့ အလွန်စိတ်ဝင်စားပါတယ်။ အခုလည်း မဟာဘွဲ့ သင်တန်းလျောက်ချင်တာနဲ့ ဆရာ့ကို ထောက်ခံစာ ရေးပေးဖို့ အကူအညီတောင်းတာပါ။ အားတော့ နာတယ် ဆရာ လျောက်လွှာ ပိတ်ရက်က မနက်ဖြန် ဖြစ်နေတော့ ဆရာ ဒီနေ့ ရေးပြီး ပို့ပေးမှ ဖြစ်လိမ့်မယ်။

ဆရာရှင့် ကျွန်မ ကတော့ စောစောက ဆရာဆီ အီးမေးလ် ပို့တဲ့ ဆရာဝန်မလေးရဲ့ အရင်းနှီးဆုံး သူငယ်ချင်း ဖြစ်ပါတယ်။ ကျွန်မလည်း သူလျောက်တဲ့ ကျောင်းကို လျောက်ပါတယ်။ ကျွန်မကိုလည်း ဆရာ ထောက်ခံစာ ရေးပေးနိုင်မယ်လို့ ထင်ပါတယ်။ မြန်မြန်လေးနော် ဆရာ။ သူ့ထက်ကောင်းအောင်လည်း ရေးပေးပါ။

ဆရာမ ကျွန်တော် မောင်ခ ပါ။ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က လှိုင်တက္ကသိုလ်မှာ ဆရာမရဲ့ သင်္ချာ အတန်း ကို တက်ခဲ့ဖူးပါတယ်။ အခု ကျွန်တော် ပြည်သူ့ကျန်းမာရေး မဟာဘွဲ့ လျောက်မှာ မို့လို့ ဆရာမ ကျွန်တော့်ကို ထောက်ခံစာလေး ရေးပေးနိုင်မလား။

ဘာအတွက်မှန်း မသိသော ထောက်ခံစာ
  • ဆရာ ကျွန်တော် အလုပ်ပြောင်းတော့မှာ မို့လို့ ဆရာဆီကနေ ထောက်ခံစာလေး လာတောင်းတာပါ။
  • ဘာအတွက်တုန်း။
  • ဘာအတွက်ရယ်တော့ မဟုတ်ပါဘူး။
  • တချိန်ချိန် လိုလားမလားလို့။
  • ဘာတွေ ရေးပေးရမတုန်း။
  • ဆရာ ကြည့်ကောင်းသလိုသာရေးလိုက်ပါဗျာ။
ဆရာမကတော့ မအားဖူး မနှင်းဆီရဲ့။ မနှင်းဆီ ကြိုက်သလိုသာ ရေးလာခဲ့ပါ။ ဆရာမ လက်မှတ်ထိုးပေးမယ်။
ဒါတွေကတော့ ကျွန်တော် ကြုံဖူး၊ ကြားဖူးသမျှ ထောက်ခံစာ တောင်းနည်းတွေနဲ့ အကြောင်းပြန်ပုံတွေ ထဲက တစ်ချို့ပါ။

ဘွဲ့လွန်သင်တန်း လျောက်ရင်ပဲ ဖြစ်ဖြစ် အလုပ်လျောက်ရင်ပဲ ဖြစ်ဖြစ် ထောက်ခံစာဟာ အင်မတန် တာသွားပါတယ်။ သမာသမတ်ရှိသူဆီက ထောက်ခံစာ ပါလာရင် တခြားလိုအပ်ချက်နည်းနည်း ရှိနေတာတောင် လျော့ပေါ့ စဉ်းစားတတ်ပါတယ်။ ဒါပေမယ့်လည်း ထောက်ခံစာကို သေသေချာချာ မပြင်ဆင်ပဲ လျောက်ထားနေကြတာတွေ ကို မကြာခဏတွေ့ရပါတယ်။ ဥစ္စာရင်လို ဥစ္စာရင်ခဲ ဆိုသလို မိမိရဲ့ လျောက်လွှာကို စိစစ်သူတွေ ရွေးချယ်အောင် အားစိုက်ထုတ်ဖို့လိုပါတယ်။ အချိန်ကပ်ခါမှ ကတိုက်ကရိုက် ထောက်ခံစာ တောင်းခြင်း၊ မိမိအကြောင်း သေသေချာချာ မသိသူ ထံမှ ထောက်ခံစာ တောင်းခြင်းတို့ဟာ ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ် တာနဲ့ တူပါတယ်။ အခြားလျောက်လွှာတွေနဲ့ ယှဉ်တဲ့ အခါမှာ မိမိ လျောက်လွှာဟာ သေချာပေါက် အားနည်းနေတော့မှာပါ။ ဒီတော့ ဆောင်ရန် ရှောင်ရန်လေးတွေ နည်းနည်းလောက် အကြံပေးချင်တယ်။ လိုက်လုပ်တာ မလုပ်တာကတော့ စာရှုသူတို့ သဘောပါ။

(သင်တန်း ဟု ဆိုသော်ညား၊ အလုပ်ဟု အစားထိုး ဖတ်ရှုနိုင်ပါသည်။)

ထောက်ခံစာ တောင်းခံသူများ အတွက် …

ဆောင်ရန်။
  • တချိန်ချိန်တွင် ထောက်ခံစာ တောင်းခံစရာ အကြောင်းရှိလာနိုင်သော ပုဂ္ဂိုလ်များကို မိမိ မည်သည့်အလုပ်အကိုင် လုပ်နေကြောင်း၊ ဘယ်ကျောင်း၊ သင်တန်း တက်ရန် စဉ်းစားနေကြောင်း စသည်တို့ကို အခါအားလျော်စွာ အသိပေးထားရန်။
  • မိမိ လျောက်ထားသည့် သင်တန်း၏ အဓိက ရည်ရွယ်ချက် ကို သိရှိရန်။
  • ထိုသင်တန်းတက်ရောက်ရန် လိုအပ်သော အရည်အချင်းများကို သိရှိရန်။
  • ထောက်ခံစာမှာ မည်သည့် ပုဂ္ဂိုလ်မျိုး ထံမှ တောင်းရမည်ဟု ဖော်ပြချက် ရှိ၊ မရှိလေ့လာရန်။ များသောအားဖြင့် မိမိကို စာသင်ကြားဖူးသော ဆရာ၊ ဆရာမ၊ အထက် အရာရှိ စသူတို့ဖြစ်သည်။
  • ထောက်ခံစာ ရေးပေးမည့် ပုဂ္ဂိုလ်သည် မိမိကို ကောင်းစွာ သိနေသူ ဖြစ်ရန်။ (လူချင်း ရင်းနှီးကျွမ်းဝင် ရမည်၊ အဆွေခင်ပွန်းဖြစ်ရမည်ဟု ဆိုလိုခြင်းမဟုတ်။ မိမိ၏ ကျောင်းတွင် စာလိုက်နိုင်မှုအခြေအနေ၊ အလုပ်တွင် လုပ်ကိုင်မှု အခြေအနေကို သိနေသူ ကို ဆိုလိုသည်။) လိုအပ်ပါက မိမိ၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ကျောင်းတွင်း ဆောင်ရွက်ချက်များကို ပြန်လည် အသိပေးရန်။ စာဖြင့် အတိုချုပ် ရေးသားပေးခဲ့လျင် ထောက်ခံစာရေးသူအတွက် အထောက်အပံ့ဖြစ်သည်။
  • မိမိ ထောက်ခံစာ တောင်းမည့် ပုဂ္ဂိုလ်မှာ ထို သင်တန်း၊ တက္ကသိုလ်တွင် တက်ရောက်ဖူးသူဖြစ်က အားသာသည်။
  • ထောက်ခံစာ ရေးပေးမည့် ပုဂ္ဂိုလ်ကို မိမိ၏ သင်တန်း အကြောင်း ဂဃနဏ ရှင်းပြရန်။ သင်တန်းခေါ်ခြင်းနှင့် ပတ်သက်သည့် စာရွက်စာတမ်းများ မိတ္တူပေးရန်။ မိမိ၏ ကိုယ်ရေးရာဇ၀င် ကိုလည်း ပူးတွဲ ပေးရန်။
  • ထောက်ခံစာ ရေးပေးမည့် ပုဂ္ဂိုလ်ကို လုံလောက်သော အချိန်ပေးရန်။
  • အင်တာနက်မှ တဆင့် ထောက်ခံရမည့် ကိစ္စများ ဆိုလျင် အင်တာနက် အသုံးပြုရ အဆင်ပြေအောင် ဆောင်ရွက်ပေးရန်။
  • တက္ကသိုလ်သင်တန်း လျောက်လွှာတွင် ကျောင်းဝင်ခွင့် ရရှိပြီးပါက မိမိကို ရေးပေးခဲ့သော ထောက်ခံစာများကို ပြန်လည် ဖတ်ရှုခွင့်ရှိသည်။ အကယ်၍ ထောက်ခံစာ ရေးမည့် ပုဂ္ဂိုလ် အနေဖြင့် စိတ်ရှင်းရှင်း ရေးစေလိုလျင်၊ ကျောင်းဝင်ခွင့် ရခဲ့လျင်ပင် ထိုပုဂ္ဂိုလ်ရေးပေးသော ထောက်ခံစာကို မဖတ်ရှုပါဟု ၀န်ခံ ကတိပြုရန်။
ရှောင်ရန်။
  • မိမိ ကို မသိကျွမ်းသူထံမှ ထောက်ခံစာတောင်းခြင်း။
  • အခြားသူ၏ ထောက်ခံစာကို ကူးယူဖော်ပြခြင်း။
  • မိမိတွင် မရှိသော အရည်အချင်း၊ အတွေ့အကြုံ တို့ကို လိမ်လည်ဖော်ပြခြင်း။
  • ထောက်ခံစာကို မိမိဘာသာ အစအဆုံး ရေးသားခြင်း။
  • လက်မှတ် အတုထိုးခြင်း။
  • ဖန်တရာတေနေသော ထောက်ခံစာပုံစံများကို သုံးခြင်း။
  • ဆွေမျိုး မိတ်သင်္ဂဟများထံမှ ထောက်ခံစာတောင်းခြင်း။

ထောက်ခံစာရေးပေးသူများ အတွက်…


အဲ … မိချောင်းမင်း ရေကင်းပြ၊ ဖျံကို ရေကူးသင်၊ ဘီလ်ဂိတ်ကို ၀င်းဒိုး ဘယ်လိုသုံးရတယ်လို့ပြောသလိုများ ဖြစ်နေမလားတော့မသိဘူး။ အမြင်မတော်ရင်လည်း ဒီပို့စ်ကို ကျော်သာဖတ်သွားကြပါ။ တစ်ချို့ လူငယ်တွေလည်း ထောက်ခံစာ တစာစာတောင်းရတဲ့ အရွယ်ကနေ ရေးပေးရတဲ့ အရွယ် ရောက်လာကြပြီဆိုတော့ အသုံးတဲ့ကောင်း တဲ့နိုင်ပါတယ်လေ။

ဘာသာစကား
ရှေ့မျက်နှာ နောက်ထားပြီး ပြောရရင်တော့ အချို့သော ထောက်ခံစာရေးပေးသူများဟာ ထောက်ခံစာကို ဘယ်လိုရေးရမယ် မသိပါ။ ဟန့်ကိုယ့်ဘို့နဲ့ ပြီးပြီးရော လုပ်တတ်ကြပါတယ်။ စာအိတ်ကလည်း ချိတ်ပိတ်ပေးလိုက်ရလေတော့ နေသာသပ လေညာကပေါ့။ ပြီးတော့ ထောက်ခံစာအများစုဟာ အင်္ဂလိပ်လို ရေးရတော့ ဘာသာစကား အခက်အခဲကလည်း ရှိပါတယ်။ တစ်သက်လုံး မြန်မာပြည်မှာ နေ၊ ပညာသင်၊ ကြီးပြင်း လာသူတွေအတွက် အင်္ဂလိပ်စာ မွှတ်မနေတာ အထူးအဆန်းမဟုတ်သလို ရှက်စရာလည်း မဟုတ်ပါ။ နောက်ပြီး ထောက်ခံစာဟာ ရေးပေးသူရဲ့ အင်္ဂလိပ်စာ အရည်အချင်းကို စစ်ဆေးတာ မဟုတ်ပါ။ လျောက်ထားသူအပေါ် မိမိရဲ့ အမြင်နဲ့ သုံးသပ်ချက်ကို ဖော်ပြပေးဖို့သာ ဖြစ်ပါတယ်။ အင်္ဂလိပ်လို မရေးချင်ရင် မြန်မာလိုရေးပေးပြီး တရားဝင် ဘာသာပြန်သူရဲ့ စာနဲ့ တွဲပေးလို့ ရပါတယ်။ ခက်တာက “ငါ အင်္ဂလိပ်လို ရေးရတာ တယ်မသွက်ဖူး” လို့ ၀န်မခံချင်တာပါ။
ထပ်မံရှင်းလင်းချက် ထည့်သွင်းရေးသားပေးရန်
ထောက်ခံစာကို ဖတ်သူများမှာ မြန်မာအကြောင်းမသိနိုင်ဟု ယူဆပြီး ရှင်းလင်းချက် ထည့်သွင်းရေးသားပေးရန်။
ဥပမာ - ဒီကလေးဟာ ၁၀ တန်းအောင်တုန်းက အမှတ်ကောင်းလို့ အစိုးရ ပညာသင်ဆုရတယ် … လို့ရေးပေးရုံနဲ့ မလုံလောက်ပါ။ အောက်ပါ ရှင်းလင်းချက်မျိုး ထည့်ပေးနိုင်မှ ဖတ်သူ နားလည်မှာဖြစ်ပါတယ်။
(စကားချပ်။ ၁၀ တန်းဆိုတာက တက္ကသိုလ်ဝင်တန်း စာမေးပွဲ အစိုးရစစ်ဖြစ်ပြီး၊ ဖြေဆိုသူ သိန်းချီရှိတဲ့ အထဲမှာ အောင်မြင်သူ ၅၀% ခန့်ရှိပါတယ်။ အစိုးရ ပညာသင်ဆုကိုတော့ အမှတ်အများဆုံး ကျောင်းသား၊ ကျောင်းသူ ၁၀၀ ကို ချီးမြှင့်ပါတယ်။)
ဆွေမျိုး၊ မိတ်သင်္ဂဟ များအတွက် ရေးပေးခြင်း
နောက်တစ်ချက်က အားနာသဖြင့် ရေးပေးခြင်း။ အဆွေခင်ပွန်း ဖြစ်သဖြင့် ရေးသားပေးခြင်း စသည်တို့ ဟာ လျောက်ထားသူအတွက် ကောင်းကျိုးထက် ဆိုးကျိုးဖြစ်စေနိုင်ပါတယ်။
ဥပမာ - ဒီလျောက်ထားသူကို ကျွန်မ သိတာ ကြာလှပါပြီ - သူမွေးကတည်းက ဆိုပါတော့။ ကျွန်မနဲ့ သူ့အမေက သူငယ်ချင်း အရင်းကြီးတွေလေ . . . လို့ အစချီတဲ့ ထောက်ခံစာမျိုးဟာ ကျောင်းဝင်ခွင့် စဉ်းစားသူတွေအနေနဲ့ သဘော တွေ့မယ်မဟုတ်ပါ။
သင်တန်းအကြောင်း မသိခြင်း
မိမိ ထောက်ခံစာရေးပေး ရမည့် အကြောင်းအရာ၊ သင်တန်းအကြောင်းကို လေ့လာဖို့ လိုအပ်ပါတယ်။ မဟုတ်ရင် ခုတ်ရာတခြား ရှရာတလွဲဖြစ်ပါမယ်။
နှိုင်းယှဉ်ချက်များကို အသုံးပြု ရေးသားပေးခြင်း
သာမာန်မျှသာ ချီးမွမ်းခြင်း
ဒီကျောင်းသားဟာ အတန်းထဲမှာ သိပ်ကိုတော်ပါတယ်။ အလွန့်အလွန်ကို တော်ပါတယ်။ ဒီလို တော်လွန်းတဲ့အတွက် လူကြီးမင်းတို့ရဲ့ ကျောင်းမှာ လက်ခံသင့်ပါတယ်။
ထိထိမိမိ ချီမွမ်းခြင်း
ဒီကျောင်းသားဟာ လူ ၅၀ ရှိတဲ့ အတန်းထဲမှာ အဆင့် ၁ ကနေ ၁၀ အတွင်း အမြဲရှိတယ်။ ပုစ္ဆာတွေ ပေးလိုက်ရင်လည်း ထိုးထွင်းဥာဏ် ရှိရှိနဲ့ ဘက်စုံကနေ စဉ်းစားလာတတ်ပါတယ်။ ဒီလို ချင့်ချိန် နိုင်စွမ်းရှိတဲ့ အတွက် လူကြီးမင်းတို့ ကျောင်းလို နိုင်ငံတကာ စံချိန်မီ ကျောင်းမှာ သင်ကြားတဲ့ နည်းစနစ်တွေနဲ့ သိပ်ပြီး စိမ်းနေမှာ မဟုတ်ပါဘူး။
အောင်မြင်မှုများကို မှန်မှန်ကန်ကန် ဖော်ပြပေးခြင်း
သာမာန်
ဒီအမျိုးသမီးလေးဟာ အလုပ်ထဲမှာ အများကြီးအောင်မြင်ပါတယ်။ ကျွန်မလည်း သူ့ကို တော်တော် သဘောကျပါတယ်။ ရှင်တို့ အလုပ်မှာလည်း အထောက်အကူ ဖြစ်ပါမယ်။
ထိထိမိမိ
ဒီအမျိုးသမီးလေးဟာ အလုပ်ဝင်ပြီး နှစ်ပတ်အတွင်းမှာပဲ တစ်ရုံးလုံးနဲ့ မိတ်ဆွေဖြစ်နေပါပြီ။ သူရှိနေတဲ့အတွက် စီမံချက် အသစ် ၃-ခု ကို အချိန်မီ တင်ပြနိုင်ခဲ့ပါတယ်။ လုပ်သက် ၃နှစ် အတွင်းမှာ အကျိုးစားဆုံး ၀န်ထမ်းဆုလည်း နှစ်ကြိမ်တိုင်တိုင် ချီးမြှင့်ခံရတယ်။ ကျွန်မအနေနဲ့ သူ့ကို လက်လွှတ်ရမှာ စိတ်မကောင်းပေမယ့် သူ့ရှေ့ရေးတိုးတက်ရာ တိုးတက်ကြောင်းနဲ့ ယှဉ်လိုက်တော့ ရှင်တို့ ကုမ္ပဏီရဲ့ အဓိက ရည်ရွယ်ချက်တွေနဲ့က ပိုကိုက်တယ်လေ။ ဒါကြောင့်ပဲ ဒီထောက်ခံစာကို စိတ်မကောင်းစွာနဲ့ ရေးပေးလိုက်ပါတယ်။ ရှင်တို့ သူ့ကို လက်မခံရင်တော့ ကျွန်မတို့က သူ့ကို တစ်ဆင့်မြင့် ရာထူးတိုးပေးဖို့ ပြောဆိုထားပြီးပါပြီ။
ငြင်းဆိုခြင်း
မိမိ မအားလပ်၍သော်၎င်း၊ မိမိနှင့် မသင့်လျော်၍သော်၎င်း ထောက်ခံစာ မရေးပေးလိုလျင် ပွင့်ပွင့်လင်းလင်းပြောပြီး အခြားသင့်လျော်သူထံ လမ်းညွှန်ပါ။
ထပ်မံလေ့လာရန်
ထောက်ခံစာရေးပေးသူ အနေဖြင့် ကမ္ဘာ့ဘဏ်ပညာသင်ဆု လျောက်လွှာတွင် ဖော်ပြထားသော မေးခွန်းများကို ဖြေဆိုခြင်းဖြင့်ပင် ထောက်ခံစာ ကောင်းတစ်ခု ရနိုင်ပါသည်။
သင်တန်းလျောက်သူ နှင့် မည်သို့မည်ပုံ သိကျွမ်းပါသနည်း။
သိကျွမ်းသည်မှာ မည်မျှကြာပြီနည်း။
လုပ်ငန်းခွင်မှ ထောက်ခံပေးသူဆိုလျင်
  • သင်တန်းလျောက်သူ၏ ဓလေ့စရိုက်ကို ပေါ်လွင်အောင် ဖော်ပြပေးပါ။
  • သင်တန်းလျောက်သူ၏ လုပ်ရည်ကိုင်ရည် နှင့် အောင်မြင်မှုများကို ဖော်ပြပေးပါ။
တက္ကသိုလ်မှ ဆရာ၊ ဆရာမကထောက်ခံပေးသူ ဆိုလျင်
  • အတန်းထဲတွင် စာလိုက်နိုင်မှု အခြေအနေ။
  • ပြည်ပတွင် အင်္ဂလိပ် ဘာသာဖြင့် သင်ကြားသော ဘွဲ့လွန်သင်တန်း တက်ရန် အရည်အချင်း ပြည့်မီခြင်း ရှိမရှိ။ နိုင်ငံတကာမှ ကျောင်းသားများဖြင့် ရင်ဘောင်တန်း သင်ယူနိုင်စွမ်းရှိမရှိ အကဲဖြတ်ပေးရန်။

"ကြိုတင်ပြင်ဆင်အောင်ပွဲဝင်"

အားလုံး အဆင်ပြေကြပါစေ။
မောင်ရဲမွန်


Read More...