Showing posts with label introduction. Show all posts
Showing posts with label introduction. Show all posts

Saturday, December 5, 2009

Introduction to health insurance

၅၊ ၁၂၊ ၂၀၀၉

ကျန်းမာရေးအာမခံ - မိတ်ဆက်

“ကျန်းမာရေးအာမခံ” ဆိုတာဘာလဲ၊ ဘယ်လို ပုံစံမျိုးနဲ့ အလုပ်လုပ်သလဲ စသဖြင့် သိကောင်းစရာလေးတွေကို အခန်းဆက် ဆောင်းပါးများနဲ့ တင်ပြသွားပါမယ်။

လူတွေ မလွန်ဆန်နိုင်တဲ့ တရားထဲမှာ “နာခြင်း” က တစ်ခုအပါဝင်ဖြစ်လို့ တစ်နေ့ နာကြရမယ်ဆိုတာ အသေအချာ သိကြပေမယ့် …
  • အဲဒီတစ်နေ့က ဘယ်နေ့လဲ ဆိုတာ
  • ဘယ်နေရာက နာမယ်ဆိုတာ
  • ဘယ်လောက် အတိုင်းအတာအထိ နာမယ်ဆိုတာ
  • ဘယ်လောက်ကြာကြာ နာနေမယ်ဆိုတာ
အသေအချာ မသိကြပါ။

အဲဒီလို ဘယ်နေ့ ဘယ်ထောင့်ကနေ ဘယ်လို ပေါ်လာမယ်မှန်းမသိ၊ ဘယ်လောက်ကြာကြာ နာနေမယ်မှန်း မသိတဲ့ “နာခြင်း” ဆိုတာကြီးကို ကုသဖို့ရာ ဘယ်လောက် ကုန်ကျမယ် ဆိုတာက ပိုပြီး မှန်းဆရခက်လာပါတယ်။ အသက်နဲ့ ယှဉ်လာပြီ ဆိုတော့ တခြားလိုအပ်ချက်တွေ ဘေးချပြီး ကျန်းမာရေးအတွက် သုံးကြရပါတော့တယ်။ တတ်နိုင်ရင် တော်သေးရဲ့ မတတ်နိုင်ရင် ဘယ့်နှယ်လုပ်မလဲ။

ဒီလို မသိကိန်းတွေ ရှိနေပေမယ့် မှန်းဆနိုင်တဲ့ အကြောင်းအရာတွေကလည်း ရှိနေပြန်ပါတယ်။

ဥပမာ - ကမ္ဘာပေါ်မှာ လူဦးရေ သန်း ၃ထောင်ရှိတဲ့ အနက် ဒီနှစ်တော့ လူ ၈ သန်းလောက် တီဘီဖြစ်မယ်၊ သန်း ၂၄၀ လောက် ငှက်ဖျား ဖြစ်မယ် စသဖြင့် ခန့်မှန်းလို့ ရပါတယ်။ တီဘီဖြစ်ဖြစ် ငှက်ဖျားဖြစ်ဖြစ် ကုသစရိတ် တစ်ယောက်ကို ဒေါ်လာ ၅၀ ကုန်မယ် ဆိုပါစို့။ ဒါဆို စုစုပေါင်း ဒေါ်လာ သန်းပေါင်း ၁၂၄၀၀ ကုန်ပါမယ်။ အဲ တစ်ကမ္ဘာလုံးမှာရှိတဲ့ လူဦးရေ သန်း ၃၀၀၀ နဲ့ပဲ တွက်ဦး လူတိုင်း ငွေကြေးထည့်ဝင်ရင် တစ်ဦးကို ၄ ဒေါ်လာပဲ ထည့်ဝင်ရပါမယ်။

ဒါပေမယ့်လည်း စဉ်းစားစရာတွေက ရှိနေပါသေးတယ်။ ၄ ဒေါ်လာဆိုတာဟာ ချမ်းသာတဲ့ နိုင်ငံတွေမှာ မုန့်ဖိုးလောက် ရှိပေမယ့် ဆင်းရဲတဲ့နိုင်ငံတွေမှာ မိသားတစ်စုရဲ့ တစ်ရက်စာ ၀င်ငွေ ဖြစ်ရင် ဖြစ်နေမှာပါ။ နောက်ပြီး “ကိုယ်က ရောဂါမဖြစ်ပဲနဲ့ ရောဂါဖြစ်နေတဲ့ လူတွေအတွက် ကုန်ကျစရိတ်ကို မျှခံရတာဟာ တရားသလား” ဆိုတာမျိုး စောဒဂ တက်မယ်ဆိုရင်လည်း တက်စရာပါပဲ။ အဲ … ကိုယ်ကိုယ်တိုင်က မကျန်းမာတဲ့ လူဖြစ်လာရင်တော့ … “အင်း … ကျန်းမာနေတဲ့ လူတွေက ကုသစရိတ်မျှခံပေးရင်တော့ ကိုယ့်အတွက် သက်သာမှာပဲ” လို့ တွေးမိစရာ ရှိပါတယ်။ ကဲပါလေ … ဒီလို စဉ်းစားစရာတွေကို ခဏ ဘေးချထားလိုက်ပါဦးမယ်။

ရပ်ကွက်ထဲက ချို့တဲ့တဲ့ အသိမိတ်ဆွေ တစ်ယောက် နေထိုင်မကောင်းဖြစ်လို့ ရပ်ကွက်သူ ရပ်ကွက်သားတွေ ၀ိုင်းပြီး ကူငွေ ထည့်ကြတာက လွယ်ပါတယ်။ ဒါပေမယ့် မြို့တစ်မြို့၊ နိုင်ငံ တစ်နိုင်ငံ အနေနဲ့ ဆိုရင် လူတိုင်းဆီကနေ ဝေပုံကျ ထည့်ဝင်ငွေ ကောက်ဖို့ နောက်ပြီး မကျန်းမာသူတွေကို စရိတ်ပြန်ထောက်ပေးဖို့ကတင် အလုပ်တစ်ခု ဖြစ်လာပါတယ်။

ဒီအလုပ်ကို နိုင်ငံ အမျိုးမျိုးမှာ ပုံစံအမျိုးမျိုးနဲ့ အဖွဲ့အစည်း အမျိုးမျိုး(အစိုးရ၊ ပုဂ္ဂလိက၊ သမ၀ါယမ၊ အန်ဂျီအို)က တာဝန်ယူကြပါတယ်။ တာဝန်ယူတဲ့ အဖွဲ့အစည်းရဲ့ ပုံသဏ္ဍန်ပေါ်မူတည်ပြီး လုပ်ထုံးလုပ်နည်း အမည်အမျိုးမျိုး ကွဲပြားသွားကြပေမယ့် “ကျန်းမာရေးအာမခံ” ဆိုတဲ့ ကျန်းမာရေး ကုန်ကျစရိတ်ကို လူအများရဲ့ ထည့်ဝင်ငွေထဲမှ ကျခံပေးခြင်း အခြေခံသဘောတရားကတော့ မပြောင်းမလဲရှိနေဆဲပါ။ နောက်ပိုင်းဆွေးနွေးရလွယ်အောင် ကျန်းမာရေးအာမခံ ဆောင်ရွက်ပေးတဲ့ အဖွဲ့အစည်းကို အာမခံကုမ္ပဏီ လို့ပဲ ဆိုကြပါစို့ရဲ့။ စောစောက ပြောခဲ့သလို အာမခံကုမ္ပဏီ ဆိုတာဟာ အစိုးရလည်း ဖြစ်နိုင်သလို ပုဂ္ဂလိက ဒါမှမဟုတ် သမ၀ါယမ ဒါမှမဟုတ် အန်ဂျီအို ဖြစ်နိုင်တယ် ဆိုတာကို မှတ်ချက်အနေနဲ့ တို့ထားခဲ့ချင်ပါတယ်။

ဒီတော့ ကျန်းမာရေးအာမခံ ကို အကောင်အထည် ဖော်ရာမှာ ကျန်းမာရေးစောင့်ရှောက်မှုပေးသူ၊ လူနာ နဲ့ အာမခံကုမ္ပဏီ ဆိုပြီး သုံးဦး သုံးဖလှယ် ရှိပါမယ်။ လူနာ (သို့မဟုတ်) တချိန်ချိန် လူနာ ဖြစ်လာနိုင်တဲ့ သူတွေက အာမခံကုမ္ပဏီကို လစဉ်ကြေး ပေးသွင်းထားပြီး မိမိနေထိုင်မကောင်းဖြစ်လို့ ဆေးကုသတဲ့အခါမှာတော့ အာမခံကုမ္ပဏီကနေ ဆေးကုသစရိတ်ကို ပြန်ထုတ်ပေးပါမယ်။ ဒါက အရိုးရှင်းဆုံး ကျန်းမာရေးအာမခံ စနစ်ပါ။ တကယ့်လက်တွေ့မှာတော့ ဒီ့ထက် နည်းနည်းပိုပြီး ရှုပ်ထွေးပါတယ်။

နောင်အခါ အငြင်းမပွားရလေအောင် ကတိက၀တ် စာချုပ်စာတမ်းတွေနဲ့ တစ်ဦးကိုတစ်ဦး ချည်နှောင်ထားကြလေတော့ ကျန်းမာရေးအာမခံစာချုပ်မှာ ပါဝင်တဲ့ အသုံးအနှုန်းတွေက ဥပဒေ အသုံးအနှုန်း၊ ငွေကြေးဆိုင်ရာ အသုံးအနှုန်း၊ ကျန်းမာရေး အသုံးအနှုန်းတွေနဲ့ ပြည့်နှက်နေပြီး သာမာန်အားဖြင့် လုံးစေ့ပတ်စေ့ နားလည်ဖို့ ခက်ခဲပါတယ်။ တကယ်တန်း ကျန်းမာရေးအာမခံကို အသုံးချဖို့ လိုလာပြီဆိုတော့မှ အဆင်မပြေတာတွေ ဖြစ်ဖြစ်လာတတ်လို့ အဲဒီအသုံးအနှုန်းတွေထဲက မသိမဖြစ် သိသင့်တဲ့ အသုံးအနှုန်းတွေကို နောက်ဘလောက်ပို့စ်မှာ ဆက်ပြီး တင်ပြပါမယ်။

အာရောဂျံ ပရမံ လာဘံ
တက္ကသိုလ် လှမွန်

စာကိုး။

WHO. 2006. Global disease burden 2004 update.

Read More...

Wednesday, April 1, 2009

Introduction to measurements in public health

၁-၄-၂၀၀၉

ပြည်သူ့ကျန်းမာ အတိုင်းအတာများ (မိတ်ဆက်)

ပြည်သူ့ကျန်းမာရေး လုပ်ငန်းတွေ အကောင်အထည်ဖော်ရာမှာ “အတိုင်းအတာ” ဟာအခြေခံကျပေမယ့် မကြာခဏ လျစ်လျူရှုခံရတတ်ပါတယ်။ တစ်ခါတစ်ရံမှာတော့ “ငါတို့က စေတနာနဲ့ လုပ်ပေးနေတာပဲ၊ ပြီးရောပေါ့” ဆိုပြီး တစ်လွဲ ဆံပင်ကောင်း တတ်သလို။ တစ်ခါတစ်ရံမှာတော့ “တို့နေရာ ဒေသ အခြေအနေနဲ့ ဒီလောက်ပဲ ရမှာပဲ အရမ်းတိကျချင်နေလို့ ဘယ်ရမလဲ” ဆိုပြီး လက်လျော့စကား ပြောတတ်ကြပါတယ်။ ဒီ့အပြင် “မင်းတို့ နိုင်ငံခြားက သင်လာတာတွေနဲ့ ဒီနိုင်ငံမှာ မကိုက်ဖူး” ဆိုတဲ့ လွယ်အိတ်တွေလည်း တွေ့ရတတ်ပါတယ်။ ဒါတင်မက လုပ်ငန်းတိုးတက်မှုကို လာရောက် စစ်ဆေးတဲ့ အဖွဲ့တွေကိုလည်း “လာပြီး ရစ်နေသူတွေ” လို့ မြင်တတ်ကြသေးတယ်။

ဒီလို ပုဂ္ဂိုလ်တွေအတွက် လော့ဒ်ကယ်ဗင် ခေါ် ၀ီလီလျှံသော်မဆင် ပြောခဲ့တာလေးနဲ့ စရအောင် …
"If you can not measure it, you can not improve it."
William Thomson (Lord Kelvin)
1824 – 1907

(စကားချပ်။ ။ လော့ဒ်ကယ်လ်ဗင် ဆိုတာ ကျွန်တော်တို့ ရူပဗေဒ သင်ရတုန်းက အပူချိန်တိုင်း ယူနစ်တွေဖြစ်တဲ့ စင်တီဂရိတ်၊ ဖာရင်ဟိုက် တွေနဲ့ အတူ သင်ခဲ့ရတဲ့ ဒီဂရီကယ်လ်ဗင် ကိုတီထွင်ခဲ့သူဖြစ်ပါတယ်။)

သူဆိုလိုတာက “တိုင်းတာလို့ မရဖူးဆိုရင် တိုးတက်အောင်လည်း လုပ်လို့ မရပါဘူး” တဲ့။ တိုတိုနဲ့ အင်မတန် ထိမိတဲ့ စကားလေးပါ။ ရူပဗေဒ ဘာသာရပ်မှာ အလျား၊ အချိန်၊ အပူချိန်၊ အလေးချိန်တွေကို တိတိကျကျ တိုင်းတာလို့ ရနေတာကိုး လို့ ပြောမယ်ဆိုရင်တော့ ပြောပါလေ။ ကျန်းမာရေး ကိစ္စတွေမှာ တိုင်းတာရ ခက်တာတွေကလည်း အများကြီး ရှိနေတာကိုး။ ဥပမာ အနေနဲ့ ပြောရမယ် ဆိုရင် စိတ်ညစ်တာကို ဘယ်လိုတိုင်းကြမလဲ။ ငါးမူးဖိုး စိတ်ညစ်တယ်၊ တစ်ကျပ်ဖိုး စိတ်ညစ်တယ် လို့ ပြောမလား၊ သေလောက်အောင် စိတ်ညစ်တယ်လို့ ပြောမလား။ စာမေးပွဲ တစ်ခုတည်းကို အတူတူကျကြတဲ့ သူငယ်ချင်းနှစ်ယောက်မှာ တစ်ယောက်ကတော့ ဘာမီတွန်သောက်သတ်သေတယ်၊ တစ်ယောက်ကတော့ လက်ဖက်ရည်ဆိုင် အထိုင်မပျက်ဘူး ဆိုရင် ဘယ်လို ပြောမလဲ။ ဒီလိုဆိုလိုက်လို့ စိတ်ညစ်တာကို တိုင်းလို့ မရဘူးလို့တော့ မထင်စေချင်။ Psychometrics လို့ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကို တိုင်းတာတဲ့ နည်းလမ်းတွေ သုံးရင် စိတ်ညစ်တဲ့ ပမာဏကို သိနိုင်ပါမယ်။

နီးစပ်တဲ့ ဥပမာလေး တစ်ခုနဲ့ ပြောချင်တယ်။ ခုခံအားကျရောဂါ ကာကွယ်ရေး စီမံချက် တစ်ခုကို အကောင်အထည်ဖော်တယ်။ ငွေတွေ သိန်းသန်း ချီပြီး သုံးတယ်။ အချိန်လည်း ၃-၄ နှစ်လောက် ကြာသွားပြီ။ ဘာအကျိုးရှိသလဲလို့မေးလိုက်တော့ … လက်ကမ်းစာစောင် ဘယ်နှစ်စောင် ဝေပါတယ်၊ ပညာပေး အစီအစဉ် ဘယ်နှစ်ကြိမ်လုပ်ပါတယ်၊ တက်ရောက်သူ ဘယ်နှစ်ယောက် ရှိပါတယ် ဆိုတဲ့ အပေါ်ယံ ကိန်းဂဏန်းတွေလောက်ပဲ ပြောနိုင်ပြီး ပြည်သူလူထု ကျန်းမာရေး အတွက် ဘယ်လောက် ထိရောက်သလဲ ဆိုတာကိုတော့ မပြနိုင်ဘူး ဆိုရင်ဖြင့် စိုင်းထီးဆိုင် သီချင်းထဲက စာသားကို ပြန်ပြောချင်တယ် .. “ .. ဘယ်လောက်ပင် ချွေးထွက်ပါစေ အရွေ့ မရှိရင် အလုပ် မဖြစ်ဘူး ..”

ဟုတ်ပါတယ်။ သေလောက်အောင် တွန်းနေပေမယ့် ကိုယ်တွန်းနေတဲ့ အရာက တုတ်တုတ်မှ မလှုပ်ဖူးဆိုရင်တော့ ချွေးပြိုက်ပြိုက်ကျရုံမက နှလုံးလေဟတ်ပြီး မတ်တပ်က လဲသွားတောင် “အလုပ်” မဖြစ်ပါဘူး။ ဒါကိုမှ ကျွန်တော်၊ ကျွန်မတို့က တစ်နေ့ကို ဘယ်နှစ်နာရီ တွန်းပါတယ်၊ ချွေး ဘယ်နှစ်ဂါလံထွက်ပါတယ်၊ ချွေးအစားထိုးဖို့ ဘီယာ ဘယ်နှစ်ကပ် သောက်ရပါတယ်၊ ၀န်ထမ်း ဘယ်နှစ်ယောက်ကို ဆေးရုံပို့လိုက်ရပါတယ် ဆိုတဲ့ ကိန်းဂဏန်းတွေ လျောက်ပြောနေမယ်ဆိုရင် လူရယ်စရာဖြစ်ပါမယ်။ ဒီသာဓက ဟာ စာရှုသူအမြင်မှာ သိသာပေမယ့် ပြည်သူ့ကျန်းမာ စီမံချက်တွေမှာတော့ အခုလောက် မသိသာလှပါဘူး။ တကယ့်ကို ထဲထဲဝင်ဝင် မျက်စိရှင်ရှင်နဲ့ လေ့လာမှ သိနိုင်ပါမယ်။

ပြည်သူ့ကျန်းမာ လုပ်ငန်းတွေ စီမံချက်တွေဟာ ပြည်သူတွေရဲ့ ကျန်းမာရေး အခြေအနေ တိုးတက်ကောင်းမွန်လာစေဖို့ ရည်ရွယ်ကြတာပါ။ အင်မတန် မွန်မြတ်ပါတယ်။ ဒီမွန်မြတ်တဲ့ ရည်ရွယ်ချက်အတိုင်း ပြည့်မှီသလား မပြည့်မှီဘူးလား ဆိုတာကို စီမံချက်တွေမှာ ပါဝင် အကောင်အထည်ဖော်နေသူတွေ အနေနဲ့ သေသေချာချာ တိုင်းတာဖို့ လိုပါတယ်။ ကိုယ်ဘာကို ရချင်လို့ လုပ်နေသလဲ ဆိုတာကို သိကို သိရပါမယ်။

ဒီနေရာမှာ ကြုံလို့ ကိုယ်တွေ့ အဖြစ်လေး ပြောပြချင်ပါတယ်။ နာဂစ်ဖြစ်အပြီး ရွာတစ်ရွာကို ရောက်သွားတော့ ဆေးလာကုတဲ့ အဖွဲ့တစ်ဖွဲ့နဲ့ ဆုံပါတယ်။ ပါဝင်တဲ့ ဆရာဝန်လေးတွေကို စကားစမြည် ပြောရင်း ဒီလို ရွာစဉ်လိုက်ပြီး ဆေးကုတာ ဘယ်အချိန်လောက်အထိ လုပ်မှာလဲလို့ စာရေးသူက မေးလိုက်ပါတယ်။ ဆရာဝန်လေး ပြန်ဖြေတာက “ဒါကတော့ စီမံချက် မန်နေဂျာ သွားခိုင်းနေသရွေ့ သွားနေမှာပါ” တဲ့။ အဲဒီဆရာဝန်လေး အနေနဲ့ ကိုယ်လုပ်နေတဲ့ အလုပ်က ဘာအတွက် လုပ်နေတာလဲ ဘယ်အချိန်အထိ လိုအပ်သလဲ ဆိုတာကို သိပုံမပေါ်ပါဘူး။ အလှူရှင်ရှိလို့၊ အလှူငွေတွေ ရနေလို့ လိုက်ပြီး ဆေးကုနေတာလို့ ယူဆတယ် ဆိုရင်တော့ စိတ်မကောင်းစရာပါပဲ။

ပြန်ပြီး အနှစ်ချုပ်ရရင် အောင်မြင်တဲ့ စီမံချက်တစ်ခုဖြစ်ဖို့ အတိုင်းအတာဟာ အရေးကြီးပါတယ်။ အနည်းဆုံးအောက်ထစ် အနေနဲ့ တိုင်းတာဖို့ လိုတာက စီမံချက် မစမီ အခြေအနေနဲ့ စီမံချက် ပြီးဆုံးပြီး အခြေအနေ နှစ်ရပ်ပါ။ ဒါမှလည်း မိမိရဲ့ စီမံချက်ဒေသမှာ နဂိုရှိရင်းစွဲ အခြေအနေကနေ တိုးတက်လာသလား၊ ဆုတ်ယုတ်သွားသလား ဆိုတာကို နှိုင်းယှဉ်ပြီး သိနိုင်ပါလိမ့်မယ်။ တိုးတက်လာတယ် ဆိုရင်တော့ ဒီလို တိုးတက်မှုဟာ ကိုယ့်စီမံချက် လုပ်ငန်းတွေကြောင့် တိုးတက်တာလား၊ သူ့အလိုအလျောက် တိုးတက်နေတာလား ဆိုတာကို ဆက်ပြီး ဆန်းစစ်ရပါမယ်။

ပြည်သူ့ကျန်းမာ စီမံချက်တွေကို တိုင်းတာရာမှာ အသုံးပြုနိုင်တဲ့ အခြေခံ ကိန်းဂဏန်းတွေအကြောင်း ဆက်လက် ဖော်ပြပါဦးမယ်။


အာရောဂျံပရမံလာဘံ
တက္ကသိုလ်လှမွန်

Read More...