Showing posts with label hiv. Show all posts
Showing posts with label hiv. Show all posts

Tuesday, August 21, 2007

3D Fund will use 21 million dollar in 2007-08

၂၁၊ ၈၊ ၂၀၀၇

သရီးဒီဖန် ၂၀၀၇-၀၈ ခုနှစ်တွင် ဒေါ်လာ ၂၁ သန်းသုံးမည်

မြန်မာနိုင်ငံတွင် ခုခံကျရောဂါ၊ တီဘီရောဂါ နှင့် ငှက်ဖျားရောဂါ တို့ကို တိုက်ဖျက်ရန် သြစတေးလျ နှင့် ဥပရောပသမဂ္ဂ (European Union) အဖွဲ့ဝင် နိုင်ငံများဖြစ်သော အင်္ဂလန်၊ နယ်သာလန်၊ နော်ဝေး၊ ဆွီဒင် တို့က 3DFund (Three Diseases Fund) ခေါ် ရန်ပုံငွေ တစ်ရပ်ကို ထူထောင်ခဲ့လေသည်။ စီမံကိန်း သက်တမ်း ၅ နှစ်အတွက် အမေရိကန် ဒေါ်လာ သန်းပေါင်း ၁၀၀ ခန့်ကို သုံးစွဲသွားမည်ဟု ဆိုလေသည်။ အဆိုပါ ရန်ပုံငွေသည် မြန်မာနိုင်ငံအနေဖြင့် လတ်တလော ရရှိနေသော လူမှုကူညီရေး အထောက်အပံ့များအနက် အများဆုံးဟု ဆိုနိုင်ပေမည်။

၂၀၀၇ ခုနှစ် စက်တင်ဘာတွင်စတင်သော ဘဏ္ဍာရေးနှစ်အတွက် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့များ၊ အန်ဂျီအိုများ စုစုပေါင်း ၂၅ ဖွဲ့ကို အမေရိကန်ဒေါ်လာ ၂၁ သန်းကျော် ထောက်ပံ့သွားမည်ဖြစ်ကြောင်း 3DFund ၀က်ဆိုက် တွင် ဖော်ပြထားသည်။

စာကိုး
Funding Round 1, Three Diseases Fund, retrieved from http://www.3dfund.org/funding.html on August 21, 2007.

Read More...

Sunday, August 19, 2007

(Daw) Swe Zin Htaik

၁၉၊ ၈၊ ၂၀၀၇

(ဒေါ်) ဆွေဇင်ထိုက်လည်း ဘလောက်ရေးလေပြီ

ရုပ်ရှင်သရုပ်ဆောင် အဖြစ်မှ လူမှုကူညီရေးလုပ်ငန်းများကို အချိန်ပြည့် လုပ်ဆောင်နေသော (ဒေါ်) ဆွေဇင်ထိုက် တစ်ယောက် ဘလောက်လောက ကို ခြေချလာပြီဖြစ်ကြောင်း မောင်းထု အပ်ပါသည်။


Read More...

Sunday, August 12, 2007

UNAIDS enrolls in blogosphere

၁၂၊ ၈၊ ၂၀၀၇

ယူအန်အေ့ဒ်စ် လည်း ဘလောက် လုပ်ရလေပြီ
  • ဘာ ... ဘလောက် ... အဲဒါ ဘာကြီးလဲ။
  • ဘလောက်ရေးနေမယ့် အစား အားကစားလေး ဘာလေး တစ်ခုခု လုပ်ပါလား။
  • ဘယ်သူကဖတ်မှန်းမသိ၊ ဘယ်သူကလာပြီး မှတ်ချက်ပေးသွားမှန်း မသိနဲ့ အချိန်ကုန်ခံပြီး ရေးနေသေးတယ်။
  • တော်တော်အားနေပုံရတယ်။
ကျွန်တော့် ဘလောက် လိပ်စာက ဒါလေ။ အားရင် လာဖတ်ပါလား လို့ဆိုလိုက်ရင် ရလာတတ်တဲ့ တုန့်ပြန်မှုလေးတွေပေါ့။

ဒါပေမယ့်လည်း ခေတ်ရေစီးကို လူတွေ မလွန်ဆန်နိုင်ကြပါ။ ဘလောက်ကို အထင်သေးသူများ အနေနဲ့ ရုပ်မြင်သံကြား ပေါ်ခါစမှာတုန်းက “တစ်နေ့နေ့ တချိန်ချိန်ကျရင် လူတွေ ဒီလေးထောင့်ပုံးလေးကို ထိုင်ကြည့်ချင်တော့မှာ မဟုတ်ဘူး” ... လို့ ဟောကိန်းထုတ်ခဲ့သူလို ဖြစ်နေကြပါလိမ့်မယ်။

မောင်ရဲမွန် တစ်ယောက် ဘာကြောင့်များ သိုင်းဝိုင်းနေပါလိမ့်။ အကြောင်းရင်းက ဒီလို ...

UNAIDS လို့ခေါ်တဲ့ ကုလသမဂ္ဂရဲ့ ခုခံကျရောဂါ ဆိုင်ရာ အဖွဲ့အနေနဲ့ ကိုယ်ပိုင် ဘလောက်တစ်ခုကို စတင် ထုတ်လွှင့်လိုက်ပြီ ဖြစ်လို့ပါပဲ။ ခွေးလှေးခုန်လို့ ဖုန် မထပေမယ့် UNAIDS ခုန်ရင်တော့ ဖုန်ထပါလိမ့်မယ်။ ခုခံကျ ရောဂါနဲ့ ပတ်သက်တဲ့ သုတေသနစာတမ်းတွေ လေ့လာချက်တွေဟာ နေ့စဉ်နှင့် အမျှ အများအပြားထွက်နေတာကြောင့် လူတွေကို မျက်စိလည်စေပါတယ်။ ဘယ်စာတမ်းကိုလေ့လာသင့်လဲ၊ ဘယ်စီမံချက်ကို နမူနာယူသင့်သလဲ ဆိုတာတွေကို လွယ်လွယ်ကူကူသိရှိ နိုင်အောင်လို့ ကုလသမဂ္ဂ ခုခံကျရောဂါဆိုင်ရာ အဖွဲ့က ဘလောက်တစ်ခုကို ၂၀၀၆ ခုနှစ်လောက်ကတည်းက စတင်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းကတော့ UNAIDS ၀န်ထမ်းတွေအတွက်သာ ဖြစ်ခဲ့ပြီး တဖြည်းဖြည်း လူကြိုက်များလာတဲ့ အတွက် အများပြည်သူများ လေ့လာနိုင်ရန် နဲ့ ပါဝင်ဆွေးနွေးနိုင်ရန် လွန်ခဲ့တဲ့နှစ်ရက် (သြဂုတ် ၁၀ရက်နေ့) က ဖွင့်ပေးခဲ့ပါတယ်။ HIV/AIDS နဲ့ပတ်သက်တဲ့ သိပ္ပံနည်းကျ လေ့လာချက်တွေကို အနှစ်ချုပ် ရေးသားထားတဲ့အတွက် အချိန်ကုန်နည်းနည်းနဲ့ အရေးကြီးတဲ့ အချက်အလက်တွေကို သိရှိနိုင်မှာဖြစ်ပါတယ်။

သွားရောက်လေ့လာချင်တယ် ဆိုရင်ဖြင့် http://hivthisweek.unaids.org/

စာကိုး
New Blog gets HIV science online ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

Read More...

Tuesday, May 22, 2007

AIDS Candlelight Memorial 2007

၂၂၊ ၅၊ ၂၀၀၇


ငြိမ်းလေသည့်မီး


၂၀၀၇ မေလ၏ တတိယ တနင်္ဂနွေနေ့။ အင်းလျားကန်စောင်းတွင် လူတစ်စု စုရုံးရောက်ရှိနေကြသည်။ စည်ကားနေကျ အင်းလျားကန်စောင်းမှာ လူတစ်စု ရောက်နေသည်ကို ထူးဆန်းသည်ဟုမဆိုသာ။ ထူးဆန်းသည်က မြန်မာနိုင်ငံရှိ ပြည်သူအများ ကိုးကွယ်ကြသော ဘာသာကြီးလေးခုကို ကိုယ်စားပြုသည့် သာသနာ့ ၀န်ဆောင်များ၊ ကလေးများ၊ အမျိုးသမီးများ၊ အမျိုးသားများ၊ တိုင်းရင်းသားများ၊ အိန္ဒိယနွယ်ဖွားများ၊ တရုတ်နွယ်ဖွားများ၊ နိုင်ငံခြားသားများ အရွယ်စုံ ပါဝင်နေခြင်းပင်။ မတူညီသူများတွင် အတူညီဆုံး အချက်ကတော့ ဖဲကြိုးနီလေးများကို ရင်ဘတ်တွင် ကိုယ်စီ ချိတ်ဆွဲထားကြခြင်း နှင့် တည်ငြိမ်လေးနက်သည့်အသွင်များကို ဆောင်နေကြခြင်းပင်။

ထိုနေ့ စုရုံးပွဲကား ခုခံအားကျဆင်းမှု ကူးစက်ရောဂါ (အေ့ဒ်စ်) ကြောင့် တိမ်းပါးသွားခဲ့သူများ နှင့် ၄င်းတို့၏ မိသားစုများ အတွက် ဆုတောင်းပွဲပင်ဖြစ်သည်။ ဒီဇင်ဘာတစ်ရက်နေ့သည် ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ ဟု လူသိများကြသော်လည်း မေလ၏ တတိယ တနင်္ဂနွေနေ့တိုင်း ကမ္ဘာအနှံ့ ကျင်းပလေ့ရှိသည့် ဖယောင်းတိုင်ထွန်း ဆုတောင်းပွဲ ကိုကား လူသိနည်းလှသေးသည်။ အေ့ဒ်စ်ကြောင့် ကွယ်လွန်ခဲ့လျင် များသောအားဖြင့် ရပ်သိရွာကျော် မဖြစ်လိုကြ။ မိတ်ဆွေ သူငယ်ချင်းများကလည်း မိသားစုဝင်များကို နှစ်သိမ့်ဖို့ နေနေသာသာ ဘာကြောင့် ဆုံးသွားသည်ဟု မေးရန်ပင် အားနာနေတတ်ကြသည်။ ယဉ်ကျေးသော လူ့အသိုင်းအ၀ိုင်းတွင် မြင်နေကျ အားပေးနှစ်သိမ့်မှုတွေကိုမမြင်သာသော တံတိုင်းတစ်ခုက တားဆီးနေခဲ့သည်။ ယနေ့တွင်ကား ထိုတံတိုင်းပြိုလဲလေပြီ။ မေလ၏ မိုးဦးသည်ပင် သည်လူစုကို တားဆီးရန် မစွမ်းသာတော့။

အခမ်းအနား အစတွင် ဆုတောင်းပွဲဖြစ်ပေါ်လာပုံကို စီစဉ်သူများကပြောပြကြသည်။ ထို့နောက် အစ်စလာမ်၊ ဟိန္ဒူ၊ ခရစ်ယာန် နှင့် ဗုဒ္ဓဘာသာ သာသနာ့ဝန်ဆောင်များက မိမိတို့ ဘာသာအလိုက် ဆုတောင်းပေးကြသည်။ ဆုတောင်းပြီးနောက် အသည်းပုံ အနီရောင် ဖယောင်းခွက်လေးများကို မီးထွန်းညှိကာ ပိန်းကြာရွက်များပေါ်တွင် တင်လျက် အင်းလျားကန်ရေပြင်တွင် မြောပါစေကြသည်။ အချို့သော ဖယောင်းခွက်လေးများက မိုးကြောင့် စောစောစီးစီး ငြိမ်းသွားကြသည်။ ဆက်လက်တောက်လောင်နေသော ဖယောင်းခွက်လေးများသည်လည်း တစ်ချိန်ချိန် မီးစာကုန် ဖယောင်းခမ်းလျင် ငြိမ်းသွားကြဦးမည်ပင်။

အရွယ်မတိုင်ခင် ငြိမ်းခဲ့ရသော ဘ၀များအတွက် ဤဖယောင်းခွက်လေးများက ကိုယ်စားပြုနေကြပုံရသည်။ ကန်ရေပြင်တွင် ဖက်ရွက်စိမ်းများကို စီးနင်းလိုက်ပါလာသော ဖယောင်းခွက်နီ တစ်ခု တစ်ခုစီသည် အေ့ဒ်စ် ကြောင့် ကွယ်လွန်သူ မည်မျှကို ကိုယ်စားပြုသည်ကိုကား မည်သူမျှ အတိအကျ မပြောနိုင်ပေ။

( ကိုဝင်းနိုင်၏ဓါတ်ပုံများ ကို ကြည့်ရှုခံစား ရေးသားပါသည် )


Read More...

Wednesday, December 13, 2006

Male Circumcision and HIV

၁၃၊ ၁၂၊ ၂၀၀၆


ဖြတ်ကြမလား အရေပြား


လူတွေမှာ တစ်ချို့ တစ်ချို့သော အင်္ဂါတွေဟာ အပိုဆောင်းပြီး ဒုက္ခပေးဖို့ ပါလာလေရဲ့။ (ဥပမာ၊ အူအတက်) ဒါပေမယ့် အခုပြောမှာ အူအတက် အကြောင်းမဟုတ်ပါ။ တစ်လက်မ သာသာလောက် သာရှိ တဲ့ အရေပြားလေး အကြောင်းပါ။ အရွယ်ကသာ တစ်လက်မ၊ သယ်ဆောင်ထားတာ က အနန္တ၊ လို့ပြောရမလောက် သူခိုးဓါးရိုးကမ်း တဲ့ ဆဲလ်တွေ အများအပြားရှိနေလေရဲ့။ ဒီဆဲလ်တွေက အိပ်ခ်ျအိုင်ဗွီပိုးတွေ သည်းချေကြိုက်ပေါ့။ မှန်ပါတယ်၊ အိပ်ခ်ျအိုင်ဗွီပိုးတွေဟာ ဒီဆဲလ်တွေကနေတဆင့် လူကိုယ်ထဲကို ၀င်လာ ကြပါတယ်။ ညစ်ညစ်ပတ်ပတ်နေ တတ်သူတွေ ရဲ့ အရေပြားကတော့ အိပ်ခ်ျအိုင်ဗွီပိုးတွေ အတွက် အိုအေစစ်လေးပါပဲ။ လိင်အင်္ဂါကထွက်တဲ့ အရည်မှာ ပါလာတဲ့ သူတို့တတွေ အဲဒီအရေပြား ကြားမှာကြာကြာ အသက်ရှင်နေနိုင်တာကိုး။

ကဲဒီလောက်ဆို ဘယ်နားက အရေပြားလည်း မှန်းလို့ရလောက်ပါပြီနော်။ ဟုတ်ပါတယ် အမျိုးသား လိင်တံမှာ ရှိတဲ့ အရေပြားပိုကို ပြောနေတာပါ။ အစ်စလာမ်ဘာသာဝင်တွေ နဲ့ ဂျူးဘာသာဝင်တွေ ကတော့ ငယ်ငယ်လေးကတည်း က အဲဒီအရေပြားကို ဖြတ်ထားလို့ တစ်တော ရှင်းလေတာပေါ့။ ကျန်တဲ့သူတွေ အတွက်ကျတော့ ဘယ်လိုလုပ်ကြမလဲ။

အရင့်အရင် သုတေသနပြုချက်တွေက အဲဒီအရေပြားကို ဖြတ်ထားတဲ့သူတွေဟာ အရေပြားကို မဖြတ်ထားတဲ့ သူတွေနဲ့စာရင် အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံရနှုန်း နိမ့်တယ်လို့တွေ့ရှိခဲ့ ကြပါတယ်။ ဒါပေမယ့် ဝေဖန်သူတွေက တစ်ခြားနိုင်ငံမှာ ဖြစ်ချင်မှဖြစ်မှာ၊ ဘာသာရေး နဲ့လူမှုရေး အယူအဆတွေ ကွာခြားလို့ အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်နှုန်းကွာခြားတာ ဖြစ် နိုင်တယ် စသည်ဖြင့် ပြောကြလေတော့ သုတေသန ပညာရှင်တွေ ထပ်ကြိုးစားရပြန်တယ်။ ဒီတစ်ခါမှာတော့ နိုင်ငံ နှစ်နိုင်ငံမှာ သုတေသန အဖွဲ့ နှစ်ဖွဲ့က အကောင်းဆုံး နည်းလမ်းတွေနဲ့ စမ်းသပ်ကြလေရဲ့။

အရွယ်ရောက်ပြီးတဲ့ အမျိုးသားတွေ ကို အုပ်စု နှစ်စုခွဲပြီး တစ်စုကို အရေပြားဖြတ်၊ ကျန်တစ်စု ကို ဒီအတိုင်းထားပြီး စောင့်ကြည့်ပါတယ်။ အားလုံးကိုတော့ အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ပုံ ကူးစက်နည်းတွေ နဲ့ ကာကွယ်နည်း တွေကို ပညာပေးပါတယ်။ ဒီလိုနဲ့ အချိန်တန်လာလို့ ကွန်ပျူတာခေါက်ပြီး ကိန်းဂဏန်းတွေကို တွက်ကြည့်လိုက်တော့၊ အရေပြားဖြတ်ထားတဲ့ အုပ်စုမှာ အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံရနှုန်း တစ်ဝက်လောက် နည်းနေတာ တွေ့ရပါတော့တယ်။ ဒါနဲ့ပဲ သုတေသနပြုချက်တွေကို ရပ်လို့ အရေပြား မဖြတ်ရသေးတဲ့ အုပ်စုက ပုဂိုလ်တွေကို အရေပြား ဖြတ်ပေးရပါတော့တယ်။ စာရှုသူ အမျိုးကောင်းသားတို့လည်း မဖြတ်ရသေးရင် စဉ်းစားစရာအချက်လေးပေါ့။

အမျိုးသားလိင်အင်္ဂါ အရေပြားဖြတ်မယ်ဆိုရင် ကောင်းကွက်တွေနဲ့ အတူ သတိထားစရာလေးတွေလည်း တစ်ပါတည်း ပါလာတတ်ပါတယ်။ ပထမ အချက်အနေနဲ့ အရေပြားဖြတ်ထားတာနဲ့ လွတ်ပြီ ကျွတ်ပြီ ဆိုပြီး သွားကဲနေလို့မရပါ။ အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံရနှုန်း လျော့နည်းစေပေမယ့် ရာနှုန်းပြည့် ကာကွယ်နိုင်တာမဟုတ်လို့ပါ။ ဒုတိယအချက် အနေနဲ့ ကျွမ်းကျင်သူ ဆရာဝန်က အရေပြား ဖြတ်ပေးတာ ဖြစ်ဖို့လိုပါတယ်။ မဟုတ်ရင် အနာ မကျက်၊ ပိုးဝင်နဲ့ အချေအနေပိုဆိုး သွားနိုင်ပါတယ်။ တတိယ သတိထားရမှာ က အမျိုးသား အမျိုးသမီး သမားရိုးကျ လိင်ဆက်ဆံ တဲ့နေရာမှာ အထိုက်လျောက် ကာကွယ်နိုင်တယ် လို့သာဆိုပါတယ်။ အမျိုးသား အမျိုးသားချင်း စအိုမှတဆင့် လိင်ဆက်ဆံရာမှာတော့ ကာကွယ်မယ်လို့သေချာပေါက် ပြောလို့မရပါ။ စတုတ္ထ အချက်ကတော့ အမျိုးသမီး များအတွက်ပါ။ လိင်အင်္ဂါ အရေပြားဖြတ်တာဟာ အမျိုးသမီးကနေ အမျိုးသားကို အိပ်ခ်ျအိုင်ဗွီပိုး မကူးစက်အောင် အထိုက်အလျောက် ကာကွယ်ပေးတာ သာဖြစ်ပြီး အမျိုးသားဆီကနေ အမျိုးသမီးကို မကူးစက်အောင်ကာကွယ်တာ မဟုတ်ပါ။ နောက်ပြီး လိင်အင်္ဂါ အရေပြား ဖြတ်ထားတယ်ဆို တိုင်း အဲဒီအမျိုးသား ဟာ စိတ်ချရတယ်လို့မပြောနိုင်ပါ။ အရေပြား မဖြတ်ခင် ကတည်းက သူ့မှာ အိပ်ခ်ျအိုင်ဗွီပိုး ရှိနေနိုင်ပါတယ်။

ဆိုတော့ကာ ဥာဏ်နှင့်ယှဉ်၍ စဉ်းစားကြပါကုန်။

စာကိုး။
Johns Hopkins Bloomberg School of Public Health, Studies Show Adult Male Circumcision Reduces Transmission of HIV, retrieved on December 13, 2006 from http://www.jhsph.edu/publichealthnews/articles/2006/gray_circumcision.html
NIAID, Adult Male Circumcision Significantly Reduces Risk of Acquiring HIV, retrieved on December 13, 2006 from http://www3.niaid.nih.gov/news/newsreleases/2006/AMC12_06.htm
NIAID, Questions and Answers on NIAID-sponsored Adult Male Circumcision Trials in Kenya and Uganda, retrieved on December 13, 2006 from http://www3.niaid.nih.gov/news/QA/AMC12_QA.htm
WHO, Statement on Kenyan and Ugandan trials finding regarding male circumcision and HIV, retrieved on December 13, 2006 from http://www.who.int/mediacentre/news/statements/2006/s18/en/index.html

Read More...