Showing posts with label news. Show all posts
Showing posts with label news. Show all posts

Wednesday, February 17, 2010

Loss of the leader in primary health care

ပြည်သူ့ကျန်းမာ ကြယ်တစ်ပွင့် ကြွေလေပြီ။



လူထုအခြေပြု ပြည်သူ့ကျန်းမာရေး (Primary Health Care) သဘောတရားကို အစဉ်တစိုက် ပြုစုပျိုးထောင်လာခဲ့သူ ပါမောက္ခ ကားလ်တေလာ တစ်ယောက် ၂၀၁၀ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ကွယ်လွန်သွားလေပြီ။ ပါမောက္ခတေလာရဲ့ ဘ၀တစ်သက်တာ စွမ်းဆောင်ချက်များကို ဂျွန်စ်ဟော့ပ်ကင်းစ် တက္ကသိုလ် ၀က်ဆိုဒ်မှာ အောက်ပါအတိုင်း ရေးသားထားသည်ကို ပြန်လည် ဖော်ပြလိုက်ပါသည်။


http://www.jhsph.edu/publichealthnews/articles/2010/carl_taylor.html

Read More...

Sunday, November 1, 2009

my upgrade from vista to 7

၂၊ ၁၁၊ ၂၀၀၉

ရှုမျှော်ခင်း မှသည် ခွန်နစ် သို့

ကံဆိုးချင်တော့ ပေါင်တင် ကွန်ပျူတာကပျက်တယ်။ ကံကောင်းချင်တော့ လုံးဝကြီးပျက်မသွားပဲ ဖိုင်တွေအားလုံးကို ပြန်ယူလို့ရတယ်။ ကံဆိုးချင်တော့ လိုချင်တဲ့ ပေါင်တင် ကွန်ပျူတာအသစ်က ဈေးကြီးနေပြီး ကိုယ်က ဘိုင်ကျနေတယ်။ ကံကောင်းချင်တော့ လပေးနဲ့ အကြွေးရမယ်တဲ့။ ကံဆိုးချင်တော့ ရွေးစရာက များများစားစားမရှိပဲ ကိုယ်သိပ်မသိလှတဲ့ ၆၄ ဘစ် ရှုမျှော်ခင်း ပြူတင်းပေါက် စနစ် ပါတာကြီး ၀ယ်လိုက်ရတယ်။ ဘာပဲပြောပြော ငွေတပြားမှ လက်ငင်းမပေးရပဲ ကံကောင်းစွာနဲ့ ၁၃ လက်မ ဒဲလ် ပေါင်တင်ကွန်ပျူတာလေး ရလိုက်တယ် ဆိုပါတော့။ ဒီမှာ ဇာတ်လမ်းစတော့တာပဲ။

ကံဆိုးချင်တော့ အရင်သုံးဖူးသမျှ အပျော့ထည် အတော်များများက ၆၄ ဘစ် ရှုမျှော်ခင်းစနစ် နဲ့ သိပ်ပြီး သဟဇာတ မဖြစ်လှဘူး။ ကံကောင်းချင်တော့ ၆၄ ဘစ် ရှုမျှော်ခင်းက သဘောထားကြီးကြီးနဲ့ တချို့ ၃၂ ဘစ် အပျော့ထည်တွေကို သုံးခွင့်ပေးထားတယ်။ ကံဆိုးချင်တော့ အဲဒီ ၃၂ ဘစ် အပျော့ထည်တွေကိုသုံးရင် ရှုမျှော်ခင်းရဲ့ အင်အားပြည့်သုံးလို့ မရဘူး။ ဂီယာ ၅ ချက်ပါတဲ့ကားမှာ နံပါတ်သုံးဂီယာနဲ့ ဖိနင်းနေသလိုဖြစ်နေတာ။

ကံကောင်းချင်တော့ အပျော့ထည်တွေ အတော်များများက ၆၄ ဘစ် အတွက် ပြင်ဆင်လာကြတာပါဘဲ။ အင်မတန် ကံဆိုးတဲ့ အချက်က မိုက်ခရိုဆော့ရဲ့ ရုံးသုံး အပျော့ထည် ကိုယ်၌က ၃၂ ဘစ်ဖြစ်နေတာ။ ဘာပဲဖြစ်ဖြစ်လေ ကံကောင်းချင်တော့ ပေါင်တင် ကွန်ပျူတာ ၀ယ်တုန်းက ခွန်နစ်ထွက်ရင် အလကားပေးမယ်ဆိုတဲ့ ကတိပါလာတယ်။ ကံဆိုးချင်တော့ ခွန်နစ်ထွက်ထွက်ချင်း အင်တာနက်က ဒေါင်းလုပ် ပေးမလုပ်ဘူး။ ကံကောင်းချင်တော့ အိမ်ကို ဒီဗီဒီ ပို့ပေးလာတယ်။

ကံဆိုးချင်တော့ ရှုမျှော်ခင်းကနေ ခွန်နစ်ကို အပြောင်းမှာ အရင်တင်ထားတဲ့ ဗိုင်းရပ်သတ်သမား မက်ကဖီးက လာနှောင့်နေတယ်။ ခွန်နစ် နဲ့ မက်ကဖီးက မတည့်ကြဘူးလေ။ ခွန်နစ်ကပြောတယ် မက်ကဖီးရှိရင် နင့်ပါတီကို ငါမလာဘူးတဲ့။ လူတွေတင် သင်းခွဲသလား အောင့်မေ့တယ်။ ဘယ်ဟုတ်မလည်း အပျော့ထည်တွေ အချင်းချင်းတောင် သူ့အကန့်လေးနဲ့သူ နေကြတာကလား။ ကံကောင်းချင်တော့ မက်ကဖီးကို ဖြုတ်လို့ရတယ်။ ကံဆိုးချင်တော့ တခြား အပျော့ထည် တော်တော်များများကိုလည်း ယာယီ ဖြုတ်ပစ်လိုက်ရတယ်။ ကံကောင်းချင်တော့ ခွန်နစ်က သူနောက်တော့ ပြန်တင်ပေးပါမယ် ဆိုပဲ။

ကံဆိုးချင်တော့ ၂ နာရီလောက် ကြာမယ် ပြောထားတဲ့ အဆင့်မြှင့်ကိစ္စဟာ ၄ နာရီခွဲ တိတိကြာသွားပါတယ်။ ကံကောင်းချင်တော့ ယာယီဖြုတ်ထားတဲ့ အပျော့ထည်တွေ အကုန် ပြန်တက်လာပါတယ်။ ကံဆိုးချင်တော့ ရှုထောင့် ထဲမှာ မက်ကဖီးရဲ့ ခြေရာလက်ရာတွေကျန်နေပြီး သူ့ကိုဖွင့်တိုင်း အယ်ရာတက်နေပါလေရော။ ကံကောင်းတာလေး တစ်ခုက ရှုမျှော်ခင်းမှာတုန်းက တင်ထားတဲ့ ဇော်ဂျီ ၂၀၀၇ ဖောင့်နဲ့ လက်ကွက်က ခွန်နစ်မှာ အေးဆေး အလုပ်လုပ်နေပါတယ်။

ဘာပဲပြောပြော အားလုံးကို ခြုံကြည့်လိုက်ရင် မုဒုံစောင်က အကောင်းဆုံး ... အဲလေ ... ကံကောင်းပါတယ်လေ။ ခွန်နစ်မှာ အလုပ်လုပ်ရတာ အတော့်ကို ပေါ့ပေါ့ပါးပါးနိုင်ပြီး အဆင်အပြင်လေးကလည်း ရိုးရှင်းတယ်။ ကိုယ့်အလုပ်စားပွဲ အသစ်လေးကတော့ အောက်မှာပါ။



ခက်ဆစ်

အပျော့ထည် - software
၆၄ ဘစ် ရှုမျှော်ခင်း ပြူတင်းပေါက် စနစ် - 64-bit Windows Vista
ပေါင်တင်ကွန်ပျူတာ - Laptop
ခွန်နစ် - Windows 7
မိုက်ခရိုဆော့ ရုံးသုံး အပျော့ထည် - Microsoft Office
ရှုထောင့် - Microsoft Outlook
အယ်ရာ - error

Read More...

Thursday, July 16, 2009

MBEAN is now LEAD

၁၆၊ ၇၊ ၂၀၀၉

MBEAN အမည်ပြောင်းခြင်း

နာဂစ်အလွန် မြန်မာနိုင်ငံတွင် မွေးဖွားလာသော လူမှုကူညီရေး အဖွဲ့များထဲက တစ်ခုဖြစ်သည့် Myanmar/Burma Emergency Aid Network (MBEAN) သည် အမည်သစ်ဖြစ်သော Link Emergency Aid & Development (LEAD) ကို ပြောင်းလဲ သုံးစွဲနေပြီဖြစ်ကြောင်း သိရှိရပါသည်။

ဝက်ဆိုဒ်လိပ်စာ အသစ် - http://www.lead-ngo.org

လိုဂိုမှာ



Read More...

Monday, February 23, 2009

Mt. Saramati Trip

၂၃၊ ၂၊ ၂၀၀၉

တက္ကသိုလ်များ ခြေလျင်တောင်တက်အသင်း၏ ၂၀၀၉ ခုနှစ် စာရာမေတိ ခရီး




အမြင့်ပေ ၁၂၅၅၃ ပေ (၃၈၂၅ မီတာ) ရှိ စာရာမေတိတောင်ထိပ်သည် မြန်မာနိုင်ငံ စစ်ကိုင်းတိုင်း နှင့် အိန္ဒိယ နိုင်ငံ နာဂပြည်နယ် တို့၏ နယ်ခြား၊ မြန်မာ ပိုင်နက်အတွင်းတွင် တည်ရှိသည်။ ၁၉၇၁ ခုနှစ်တွင် ဗိုလ်မှူးကြီးလှအောင် (မြန်မာနိုင်ငံ ခြေလျင်တောင်တက်အသင်း တည်ထောင်သူ၊ ပထမ ဥက္ကဋ္ဌ) ပါဝင်သော အဖွဲ့က ထိုတောင်ထိပ်တွင် မြန်မာ-အိန္ဒိယ နယ်ခြားမှတ်တိုင် ကို စိုက်ထူခဲ့သည်။ ထိုနောက်ပိုင်း နှစ်ပေါင်း ၃၀ ကျော်ကြာသည်အထိ မြန်မာပြည်မှ မည်သူမျှ ထပ်မံတက်ရောက်နိုင်ခဲ့ခြင်း မရှိပဲ ၂၀၀၃ ခုနှစ် ဖေဖော်ဝါရီလ ၂၈ရက်တွင်မှ ဒေါက်တာပိုင်စိုး ဦးဆောင်သော မြန်မာနိုင်ငံ ခြေလျင်တောင်တက်အသင်းက အောင်မြင်စွာ တက်ရောက်နိုင်ခဲ့လေသည်။


ယခုနှစ် ဇန်န၀ါရီလ ၂၆ရက်တွင် ဆရာဦးမျိုးသန့် ဦးဆောင်သော တက္ကသိုလ်များ ခြေလျင်တောင်တက် အသင်းကလည်း စာရာမေတိတောင်ထိပ်ကို အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ကြောင်း သိရှိရသဖြင့် မိတ်ဆွေများ ဗဟုသုတဖြစ်စေရန် သတင်းစာ ဖြတ်ပိုင်းနှင့်တကွ အမှတ်တရ ဓါတ်ပုံများကို တင်လိုက်ရပေသည်။

သတင်းမှာ ဖေဖော်ဝါရီလ ၁၅ ရက်ထုတ် မြန်မာ့အလင်း သတင်းစာမှ ဖြစ်ပြီး ဓါတ်ပုံများမှာ ခြေလျင်တောင်တက်အသင်းဝင် ကိုအောင်မျိုး၏ ဓါတ်ပုံများဖြစ်ပါသည်။


စာရာမေတိတောင်ကို အောင်နိုင်ကြသူများ


တွေ့ဆုံမေးမြန်းသူ - မောင်မောင်မြင့်ဆွေ


တောင်တက်ခြင်းကား ကျန်းမာခြင်း၊ ကြံ့ခိုင်ခြင်းတို့ကို အထောက်အကူ ပြုသည့်အပြင် စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ခိုင်မာသန်စွမ်းခြင်းကို ကြီးမားစွာ ဖြည့်ဆည်းပေးနိုင်သည်။ ထို့ကြောင့် တောင်တက်ခြင်းသည် ယနေ့ခေတ် လူမှုဘ၀၌ ခေတ်စားလာသည်။

တွေ့ဆုံ


မကြာမီ ရက်ပိုင်းအတွင်းက တက္ကသိုလ်များခြေလျင်နှင့် တောင်တက်အသင်းက စာရာမေတိတောင်ထိပ်သို့ အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ကြသည်ဟူသော သတင်းကြောင့် တောင်တက်အဖွဲ့ကို ဦးဆောင်တက်ရောက်ခဲ့ကြသူများနှင့် တွေ့ဆုံမေးမြန်းရာ “စစ်ကိုင်းတိုင်း ခန္တီးခရိုင် လေရှီးမြှိုနယ် အနောက်ဘက် တောင်တန်းဒေသ အိန္ဒိယ-မြန်မာ နယ်နိမိတ်မျဉ်းပေါ်မှာ ရှိတဲ့ စာရာမေတိတောင် (နွယ်မောက်တောင်) ကို တက်ရောက်ခဲ့ကြတာဖြစ်တယ်။ စာရာမေတိတောင်ဟာ အမြင့်ပေ ၁၂၅၅၃ ပေရှိပြီး ခက်ခဲကြမ်းတမ်းတဲ့ တောင်တက်ခရီးလည်း ဖြစ်ပါတယ်” ဟု တောင်တက်အဖွဲ့ ခေါင်းဆောင် ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန တွဲဖက်ပါမောက္ခ ဦးမျိုးသန့်က မြန်မာ့အလင်းသို့ ရှင်းပြသည်။

၂၂ ဦးပါဝင်


တက္ကသိုလ်များ ခြေလျင်နှင့်တောင်တက်အသင်း ဥက္ကဋ္ဌလည်းဖြစ်သူ ဦးမျိုးသန့် ခေါင်းဆောင်သော တောင်တက်အဖွဲ့တွင် စုစုပေါင်း ၂၂ ဦး ပါဝင်ပြီး အမျိုးသား ၁၅ ဦး အမျိုးသမီး ခုနစ်ဦးတို့ ပါဝင်ကြသည်။

“တောင်တက်အဖွဲ့မှာပါတဲ့ အဖွဲ့ဝင်တွေကတော့ ပဲခူး ဒီဂရီကောလိပ်၊ ထားဝယ် တက္ကသိုလ်၊ မန္တလေး အဝေးသင်တက္ကသိုလ်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်၊ သူနာပြု တက္ကသိုလ်နဲ့ ရန်ကုန် တက္ကသိုလ်တို့က တောင်တက်အဖွဲ့ဝင်တွေ ပါဝင်ခဲ့ပါတယ်။ စာရာမေတိတောင်ထိပ်ကို မတက်ရောက်ဖူးရင် တောင်တက်သမား အစစ်မဟုတ်ဘူးလို့ မြန်မာနိုင်ငံခြေလျင်တောင်တက်အဖွဲ့ချုပ် ဥက္ကဋ္ဌဟောင်းတစ်ဦးက ပြောသလို အမှန်ပင် တက်ရောက်ရခက်ခဲတဲ့ တောင်ထိပ်လည်းဖြစ်ပါတယ်” ဟု ဦးမျိုးသန့်က ဆက်လက်ရှင်းပြသည်။

တက္ကသိုလ်များ ခြေလျင်တောင်တက်အသင်းကို စတင်တည်ထောင် ခဲ့သည့် ၁၉၅၉ ခုနှစ်မှ ၂၀၀၉ ခုနှစ် အထိ စာရာမေတိတောင်ထိပ်သို့ ယခုအဖွဲ့အပါအ၀င် ခြောက်ဖွဲ့သာ တက်ရောက်နိုင်ခဲ့သည်။ ယခုတောင်တက် ခရီးစဉ်သည် တက္ကသိုလ်များ ခြေလျင်တောင်တက်အသင်း၏ ၂၀၀၉ ခုနှစ် အတွက် ပထမဆုံးခရီးစဉ်လည်း ဖြစ်သည်။

ထွက်ခွာ


ထို့နောက် တောင်တက်အဖွဲ့ အုပ်ချုပ်သူအဖြစ် လိုက်ပါသွားသူ ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ် ပထ၀ီဝင်ဌာန ကထိက ဒေါ်နီနီအေးက “၂၀၀၉ ခုနှစ် ဇန်န၀ါရီ ၁၂ ရက်မှာ ရန်ကုန်မြို့က မန္တလေးမြို့ကို ရထားနဲ့ စထွက်တယ်။ ဇန်န၀ါရီ ၁၃ ရက်မှာ မန္တလေးကနေပြီး ကားနဲ့ မုံရွာ၊ ဇန်န၀ါရီ ၁၄ ရက်မှာ မုံရွာကနေပြီး ဟုမ္မလင်းမြို့ကို ရေယာဉ်နဲ့ သွားတယ်။ ရေယာဉ်ခရီးနဲ့ ဇန်န၀ါရီ ၁၆ ရက်အထိ ခရီးနှင်ခဲ့ပြီး ထမံသီရွာကိုရောက်တယ်၊ ဇန်န၀ါရီ ၁၇ရက်မှာ ထမံသီရွာကနေပြီး လေရှီးမြို့ကိုကားနဲ့ ဆက်ထွက်တယ်။ အဲဒီလေရှီးမြို့နေပြီး တောင်တက်ခရီး စတင်တော့တာပါပဲ” ဟု မြန်မာ့အလင်းသို့ ရှင်းပြသည်။

တက်ရောက်


တက္ကသိုလ်များ ခြေလျင်နှင့်တောင်တက်အသင်းမှ အဖွဲ့ဝင်များသည် ဇန်န၀ါရီ ၁၈ရက်၌ လေရှီးမြို့မှ ပိန္နဲကုန်းရွာသို့ တောင်တက်ခရီးစဉ်အတိုင်း ဖြည်းဖြည်း တက်ရောက်ခဲ့ကြရာ ခရီး ငါးမိုင်ခန့်သာ ရောက်ရှိခဲ့ပြီး ရပ်နားခဲ့ရသည်။ ပိန္နဲကုန်းရွာသည် အမြင့်ပေ ၃၀၇၀ ၌ တည်ရှိသော ရွာဖြစ်သည်။

“ဇန်န၀ါရီ ၁၉ ရက်မှာ ပိန္နဲကုန်းရွာကနေပြီး ကျဲ့ကော့ရွာကို ခရီးဆက်တဲ့အခါ ၈၀ ဒီဂရီလောက် မတ်စောက်နေတဲ့ တောင်တွေကို ကျော်ဖြတ်ရတယ်။ တောင်တစ်လုံးကျော်လိုက်၊ တောင်အောက်ခြေဆင်းလိုက်၊ နောက်တစ်တောင်ပေါ် တက်လိုက်နဲ့ ခရီးဆက်ခဲ့ရတယ်။ ဇန်န၀ါရီ ၂၀ ရက်မှာ ကျဲ့ကောရွာကနေပြီး ရော်ပါးမီရွာကို တောင်တက်ခရီးတက်တဲ့အခါ လမ်းမှာ နန်းဓလိမ်ချောင်းကို ဖြတ်ပြီး သွယ်တန်းထားတဲ့ ကြိမ်ကြိုးတံတားကို ဖြတ်သန်းရတာ အန္တရာယ်အလွန်များလို့ သတိထားပြီး ဖြတ်ကျော်ခဲ့ရတယ်။ ဒီကြိုးတံတားက ပေ ၂၀၀ ကျော် ရှည်တယ်။ ရောပါးမီရွာဟာ အမြင့်ပေ ၃၂၆၀ မှာ တည်ရှိပါတယ်” ဟု ဒေါ်နီနီအေးက ဆက်လက်ရှင်းပြသည်။



ခက်ခဲစွာ


ထို့နောက် ဇန်န၀ါရီ ၂၁ ရက်နေ့တွင် ရော်ပါးမီရွာမှ လတ္တဲရွာသို့ အတက်ခရီးစဉ်၌ ၉၀ ဒီဂရီ မတ်စောက်နေသော တောင်များ၊ တောင်ထွတ်များကို ခက်ခဲစွာ ဖြတ်သန်းပြီးမှ လတ္တဲရွာသို့ ရောက်ရှိခဲ့သည်။ လတ္တဲရွာသည် အိမ်ခြေရှစ်လုံးသာရှိပြီး အမြင့်ပေ ၄၈၁၀ ခန့်၌ တည်ရှိသော တောင်ပေါ်ရွာဖြစ်သည်။ ဇန်န၀ါရီ ၂၀ ရက်တွင် လတ္တဲရွာမှ နံနက်ပိုင်း ထွက်ခဲ့ကြရာ အလွန်မတ်စောက်သော တောင်တန်းများကြောင့် မွန်းလွဲ ၂ နာရီခွဲ၌ ခဗာကဇူချောင်း တောစခန်းသို့ ရောက်ရှိစခန်းချခဲ့ကြသည်။

အနောက်မြောက်ဘက်အစွန်း


“အဲဒီ လတ္တဲရွာက မြန်မာနိုင်ငံ အနောက်မြောက်ဘက် အစွန်ဆုံးမှာရှိတဲ့ လူနေရွာပဲဖြစ်ပါတယ်။ ခဗာကဇူချောင်း တောစခန်းမှာ ယာယီတဲထိုးပြီး စခန်းချရတယ်။ ၈ ဒီဂရီ စင်တီဂရိတ်ပဲရှိလို့ အအေးပိုပါတယ်။ ဇန်န၀ါရီ ၂၃ ရက်မှာ ခဗာကဇူချောင်း စခန်းကနေပြီး တီရှီချောင်း စခန်းအထိ တောင်တက်တောင်ဆင်း ခရီးကြမ်းတွေ တက်ခဲ့တာ တစ်နေကုန်တာတောင် ၁၄ မိုင် ခရီးပဲ ရောက်တယ်။ အဲဒီအချိန်မှာ အမြင့်ပေ ၇၆၇၅ ပေ အထိ ရောက်ရှိလာဖြစ်ပါတယ်။ ဒီခရီးစဉ်ပိုင်းမှာတော့ ရွက်ကြွေတောတွေ တွေ့ရတယ်” ဟု ၄င်းက ဆက်လက်ရှင်းပြသည်။

ဇန်န၀ါရီ ၂၄ ရက်၌ တီရှီတီချောင်း စခန်းမှ ကသာဗောင်သီချောင်း စခန်းသို့ ဆက်လက် တက်ရောက်ခဲ့ရာ မြင့်မား မတ်စောက်သော တောင်တန်းများကို ဖြတ်ကျော်ခဲ့ရသဖြင့် တစ်နေကုန် ခရီးစဉ်တွင် ခုနစ်မိုင်ခန့်သာ ခရီးပေါက်ခဲ့သည်။ ဇန်န၀ါရီ ၂၅ ရက်၌ ကသာဗောင်သီချောင်း စခန်းမှ အမြင့်ပေ ၁၀၈၀၀ ရှိသော ရေခဲစပ် စခန်းသို့ ဆက်လက် တက်ရောက်ခဲ့ရာ ရေခဲတုံးများကို စတင်တွေ့ရှိရသည်။ သောက်သုံးရေအတွက် ရေခဲများကို ထုခွဲကာ သောက်ရေအတွက် ဖြေရှင်းခဲ့ရသည်။



ပြန်ဆင်းခဲ့





နောက်ဆုံးအနေနဲ့ “ဇန်န၀ါရီ ၂၆ ရက်မှာ ရေခဲစပ် စခန်းကနေပြီး ဆက်လက် တက်ရောက်တဲ့အခါ အမြင့်ပေ ၁၂၅၅၂ ပေ ရှိတဲ့ စာရာမေတိတောင်ထိပ်ကို နံနက် ၉ နာရီခွဲမှာ အောင်မြင်စွာ ရောက်ရှိခဲ့ကြတယ်။ တောင်ထိပ်ခရီးစဉ်မှာတော့ တောင်ဆိတ်၊ ၀က်ဝံ စတဲ့ တိရစ္ဆာန်တွေရဲ့ သွားလာလှုပ်ရှားမှု ခြေရာတွေ တွေ့ရတယ်။ စာရာမေတိတောင်ထိပ်မှာ နိုင်ငံတော်အလံနဲ့ တက္ကသိုလ်များ ခြေလျင်တောင်တက်အသင်း အလံတွေကို စိုက်ထူပြီး နိုင်ငံတော်သီချင်းကို သံပြိုင်သီဆိုခဲ့ကြတယ်။ အဲဒီနောက် မှတ်တမ်းတင် ဓါတ်ပုံတွေရိုက်ပြီး ပြန်ဆင်းခဲ့ကြတယ်။ တောင်ထိပ်ပေါ်မှာ တစ်နာရီ မိုင် ၆၀ နှုန်းလောက် လေပြင်းတွေ တိုက်နေတဲ့အပြင် ရာသီဥတုအခြေအနေ မကောင်းတာနဲ့ ပြန်ဆင်းခဲ့ရတယ်” ဟု ဒေါ်နီနီအေးက မြန်မာ့အလင်းသို့ ရှင်းပြသည်။

ခက်ခဲကြမ်းတမ်း


အပြန်ခရီးစဉ်၌ တီရှီတီချောင်း၊ လတ္တဲရွာ၊ ကျဲ့ကော့ရွာ၊ ပိန္နဲကုန်းရွာ နှင့် လေရှီးမြို့သို့ ငါးရက် ခရီးနှင်ခဲ့ပြီး လေရှီးမြို့မှ ထမံသီရွာ၊ ဟုမ္မလင်း၊ မော်လိုက်၊ ကနီ၊ မုံရွာမြို့နှင့် မန္တလေးမြို့များသို့ ကား၊ ရေယာဉ်များဖြင့် ပြန်ခဲ့ရာ ရန်ကုန်မြို့သို့ ဖေဖော်ဝါရီ ၅ ရက်၌ ပြန်လည်ရောက်ရှိခဲ့ကြသည်။ စာရာမေတိ တောင်တက် အသွားအပြန်ခရီးစဉ်သည် စုစုပေါင်း ၂၅ ရက် ကြာမြင့်ခဲ့ပြီး တောင်တက်အသွားအပြန် ခရီးမိုင်ပေါင်း ၁၅၀ ခန့်နှင့် မြင့်မား မတ်စောက်သော တောင်အလုံးရေ ၃၀ ကျော်ကို ဖြတ်ကျော်ခဲ့ရသဖြင့် ခက်ခဲ ကြမ်းတမ်းသော တောင်တက်ခရီးစဉ် ဖြစ်ပါကြောင်း တွေ့ဆုံမေးမြန်း ရေးသားလိုက်ရပါသည်။


စာရေးသူ မှတ်ချက်။

စာရာမေတိ ကို မြန်မာမြေပုံတွင် Saramayti ဟု စာလုံးပေါင်းသော်လည်း Britannica စွယ်စုံကျမ်းတွင်မူ စာရာမာတိ Saramati ဟု စာလုံးပေါင်းကြောင်းတွေ့ရှိရသည်။ အင်တာနက်တွင် ရှာဖွေရင်း ယူကျု၌ စာရာမာတိ သီချင်းတစ်ပုဒ်ကို တွေ့ရှိရသဖြင့် အောက်တွင် တစ်ပါတည်း ဖော်ပြလိုက်ပါသည်။



စာကိုး။

Enchanting Myanmar
Encyclopedia Britannica
မြန်မာ့အလင်းသတင်းစာ (၁၅-၂-၂၀၀၉)

Read More...

Tuesday, December 18, 2007

First Human Bird Flu Case in Myanmar

၁၈၊ ၁၂၊ ၂၀၀၇

မြန်မာနိုင်ငံတွင် ကြက်ငှက်တုပ်ကွေးရောဂါ လူကို ကူးစက်ကြောင်း တွေ့ရှိ

မြန်မာနိုင်ငံတွင် ကြက်ငှက်တုပ်ကွေး ရောဂါပိုး လူကိုကူးစက်ကြောင်း ကျန်းမာရေး ၀န်ကြီးဌာနက အတည်ပြုပြောကြားသည်။ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်ရှိ အသက် ၇-နှစ်အရွယ် အမျိုးသမီးတစ်ဦး ကူးစက်ခံရခြင်း ဖြစ်ကြောင်း သိရှိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလလယ်ခန့်က ကြက်များတွင် တုပ်ကွေးရောဂါ ကျရောက်ပြီးနောက် ဆက်လက် စောင့်ကြည့်လေ့လာမှုများ ပြုလုပ်စဉ် အဆိုပါ လူနာကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ထိုအမျိုးသမီးငယ်သည် ၂၀၀၇ ခုနှစ်၊ နိုဝင်ဘာ ၂၁ ရက်တွင် အဖျားတက်ခြင်း၊ ခေါင်းကိုက်ခြင်း စသည့် ဝေဒနာများ စတင်ခံစားရပြီး နိုဝင်ဘာ ၂၇ ရက်တွင် ဆေးရုံတင်ရသည်။ ယခုအခါတွင် ပြန်လည် သက်သာလာပြီဖြစ်သည်။ မြန်မာနိုင်ငံ အမျိုးသား ကျန်းမာရေး ဓါတ်ခွဲခန်း နှင့် ထိုင်းနိုင်ငံရှိ အမျိုးသား ကျန်းမာရေး ဌာနတို့၏ စမ်းသပ်ချက်များတွင် ကြက်ငှက်တုပ်ကွေး ရောဂါပိုး (H5N1 ဗိုင်းရပ်စ်ပိုး) တွေ့ရှိသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ နှင့် လက်တွဲလုပ်ကိုင်နေသည့် ဂျပန်နိုင်ငံ အမျိုးသား ကူးစက်ရောဂါ ဌာနကလည်း အဆိုပါ စမ်းသပ်ချက်ကို ထပ်မံအတည်ပြုပေးသည်။

ကျန်းမာရေး ၀န်ကြီးဌာန၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဌာန နှင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့တို့မှ ပုဂ္ဂိုလ်များ ပါဝင်သော အဖွဲ့က ရောဂါဖြစ်ပွားရခြင်း အကြောင်းရင်းကို သိရှိနိုင်ရန် ကွင်းဆင်း စုံစမ်းလျှက်ရှိသည်။ ကနဦး တွေ့ရှိချက်များအရ ရောဂါလက္ခဏာများ မပြမီ အချိန်တွင် ထိုအမျိုးသမီး၏ အိမ်ပတ်ဝန်းကျင်၌ ကြက်များသေဆုံးမှု ရှိခဲ့သည်။ ယနေ့အချိန်အထိ ထိုအမျိုးသမီး နှင့် တွေ့ထိမှုရှိသော လူများမှာ ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း နှင့် စောင့်ကြည့်လေ့လာမှုများ ဆက်လက်ပြုလုပ်ရာတွင် ရောဂါကူးစက်ခံရသူ ထပ်မံ မတွေ့ရှိကြောင်း သိရှိရသည်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ ၁၄ ဒီဇင်ဘာ ၂၀၀၇ ရက်စွဲပါ ထုတ်ပြန်ချက် ကို ဘာသာပြန် ဖော်ပြခြင်း ဖြစ်ပါသည်။

Read More...

Thursday, November 29, 2007

NGOs in the Golden Land

၂၉၊ ၁၁၊ ၂၀၀၇

ရွှေနိုင်ငံမှအန်ဂျီအိုများ (ကြော်ငြာ)

အခုတလော ဘလောက်ရေးဖို့ရာ ဦးနှောက် ဂျမ်းဖြစ်ပြီး သော့တ်ဘလောက် (thought block) ဖြစ်နေလို့ ဆားပဲ ချက်နေရတယ်။ ခွေးလွှတ်ကြပါ ကွယ်ရို့။ တကယ်ကိုက်တဲ့ ခွေးတော့ မလွှတ်နဲ့နော်။

ဒီဘလောက်မှာက ကိုယ်ရေးချင်တာတွေ နောက်နောက်ပြောင်ပြောင်တွေ ရေးနေကျ ဆိုတော့ ကျွန်တော် စေတနာ့ ၀န်ထမ်း လုပ်ပေးနေတဲ့ ၀က်ဆိုဒ် အကြောင်း တစ်ခါမှ မပြောဖြစ်ဘူး။ ဘေးမှာတော့ လင့်ပေးထားပါတယ်။ ၀က်ဆိုဒ်ကို “ရွှေနိုင်ငံမှအန်ဂျီအိုများ” လို့ ကင်ပွန်းတတ်ထားတယ်။ ဗုဒ္ဓဟူးသားလေးပေါ့။ အသက်က တစ်နှစ်ကျော်လောက် ရှိပြီ။ ပါဝင်တဲ့ အကြောင်းအရာတွေကတော့ ...

NGO Directory
မြန်မာနိုင်ငံတွင်းမှာ အလုပ်လုပ်နေတဲ့ အန်ဂျီအို၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ကြက်ခြေနီအဖွဲ့များ နဲ့ တခြား လူမှု အဖွဲ့အစည်းတွေ အကြောင်း အဓိကပေါ့။ သူတို့ ဘာတွေလုပ်နေလဲ၊ ရုံးတွေ ဘယ်နားမှာ ရှိလဲ၊ ၀က်ဆိုဒ် လိပ်စာက ဘာလဲ အစရှိသဖြင့်ပေါ့။ စာရင်းထဲမှာ ရုံးလိပ်စာပေါင်း ၂၃၀ ကျော်ရှိပါတယ်။ ရန်ကုန်လမ်းညွှန်၊ မန္တလေး လမ်းညွှန်တွေတောင် ဒီလောက် စုံပါ့မလားပဲ။

Job Vacancies in NGO, INGO, UN, & Red Cross
အဲဒီ အဖွဲ့တွေက ခေါ်နေတဲ့ အလုပ်တွေအကြောင်း။ ဒါကတော့ အတော့်ကို ပြည့်စုံပါတယ်။ အွန်လိုင်းမှာ မြန်မာပြည်က အန်ဂျီအို အလုပ်တွေနဲ့ ပတ်သက်လာရင် အစုံဆုံး၊ အပ်ဒိတ် အဖြစ်ဆုံး နေရာလို့ ပြောရင် ကြွားရာမကျပါဘူး။ ပီဒီအက်ဖ် ဒေါင်းလုပ် လုပ်နိုင်ပါတယ်။

Conferences & Professional Meetings
ဖွံ့ဖြိုးရေး လုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ ညီလာခံတွေ၊ နိုင်ငံတကာ အစည်းအဝေးတွေ ဘယ်တော့ ဘယ်မှာ လုပ်မယ် ဆိုတာတွေကိုလည်း ဖော်ပြထားပါတယ်။ သူများပေးတဲ့ စရိတ်နဲ့ နိုင်ငံခြားသွားရတာ ဟန်ကျပါတယ်။ အချိန်မှီ လျောက်လွှာတင်ဖို့ စာတမ်းတင်ဖို့ အတွက်တော့ ကာယကံရှင်က နည်းနည်းလေး ညှစ်လိုက်ပါ။ ၀မ်းနှုတ်ဆေးကိုပဲ ပုံအပ်ထားလို့ မရဘူးလေ။

Scholarships
ဂူဂဲလ် မှာ စကောလားရှစ် ဆိုပြီး ရိုက်လိုက်ရင် ထောင်ချီပြီး ထွက်လာပေမယ့် မြန်မာ လူငယ်တွေနဲ့ ကိုက်ညီတဲ့ စကောလားရှစ်တွေကတော့ အတော့်ကို ပြူးပြဲ ရှာရမယ့် အလုပ်ပါ။ ဒီဆိုဒ်မှာတော့ မြန်မာတွေ တကယ်တန်း ရဖူးတဲ့ စကောလားရှစ်တွေ အကြောင်းကို အဓိက တင်ထားပါတယ်။ ဘာတွေ ရှိလဲ၊ ဘယ်တော့ လျှောက်ရမလဲ၊ ရဖူးသူ မြန်မာတွေရဲ့ အတွေ့အကြုံ စတာတွေ ရေးထားပါတယ်။ တိုင်ပင်ချင်ရင် ဖိုရမ်မှာလည်း အခန်းဖွင့်ထားပေးပါတယ်။

Useful links for development works
ဒါကတော့ အသုံးတဲ့မယ်ထင်တဲ့ ၀က်ဆိုဒ်လင့်တွေ ပေးထားတာပါ။ အန်ဂျီအိုဆိုတာ ဘာလဲ ဆိုတဲ့ မေးခွန်းမျိုးတွေအတွက် ဒီလင့်တွေမှာ အဖြေ အပြည့်ရှိနေပါတယ်။

Myanmar Development Community Forum
မြန်မာ့ဖွံ့ဖြိုးရေး ဖိုရမ် ကတော့ ပြောခဲ့ပြီးတဲ့ အကြောင်းအရာတွေ နဲ့ ပတ်သက်ပြီးတော့ ဖြစ်ဖြစ်၊ ဖွံ့ဖြိုးရေးနဲ့ ပတ်သက်ပြီးတော့ ဖြစ်ဖြစ် အပြန်အလှန် ဆွေးနွေးလို့ ရတဲ့နေရာပါ။ မြန်မာ-အင်္ဂလိပ် နှစ်ဘာသာ နဲ့ ဆွေးနွေးလို့ ရပါတယ်။ နဲနဲတော့ ဟဲဗီး ဖြစ်တယ်လို့ ဘလောက်ဂါ လောကသား တစ်ဦးက မှတ်ချက်ပြုဖူးပါတယ်။ ဒါကတော့ အက်ဒမင် ရဲ့ ကိုယ်အလေးချိန် အငွေ့အသက် ပါသွားလို့ ဖြစ်နိုင်ပါတယ်။ ဟာသဥာဏ်ရှိသူ ဖိုရမ်မာ တချို့ကတော့ ရယ်စရာလေးတွေ ပြောတတ်ကြပါတယ်။ မည်သို့ပင် ဆိုစေကာမူ တိုင်းပြည်ဖွံ့ဖြိုးရေး ပြန်လည် ထူထောင်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး အစရှိသည်တို့ကို တည်တည်တံ့တံ့ ပြောလိုသူတွေအတွက် နေရာ အဆင်သင့်ရှိကြောင်း အသိပေးလိုပါတယ်။

Interactivity
နောက်ဆုံးမှ ပြောပေမယ့် ဒါကတော့ အနှစ်ပါ။ ယနေ့ အင်တာနက် လောကမှာ အပြန်အလှန်ဆက်သွယ်မှု (interactivity) ဟာ အတော့်ကို လူပြောများလာပါတယ်။ အင်တာနက် ခေတ်ဦးပိုင်းတုန်းက ဆိုရင် ၀က်ဆိုဒ်တွေဟာ ပျင်းစရာကောင်းတဲ့ ဆရာနဲ့ စာသင်ရသလိုပါပဲ။ သူကချည်းပဲ ပြောနေတာ။ ဖတ်ရှုသူဖက်က အမြင်ကို ပြန်ပြီး ပြောခွင့် သိပ်မရခဲ့ကြဘူး။ အခုတော့ စာရှုသူတွေဖက်က မှတ်ချက်ပေးလို့ရတယ်၊ ကောင်းသင့်ညံ့ အကဲဖြတ်ခွင့်ရှိတယ်၊ မဲပေးလို့ရတယ်၊ စုံလို့ပါပဲ။ အခု ကျွန်တော်တို့ဝက်ဆိုဒ်လို CMS (Content Management System) ကို သုံးတဲ့ ၀က်ဆိုဒ်မျိုးတွေမှာ ဆိုရင် စာရှုသူကနေ ၀က်ဆိုဒ်အတွက်လိုအပ်တဲ့ သတင်းတွေ အချက်အလက်တွေကို တိုက်ရိုက် တင်ပြလို့ ရလာပါတယ်။ ဆိုလိုတာက အက်ဒမင်တွေ မော်ဒရေတာတွေက ရေးတဲ့ ၀က်ဆိုဒ် မဟုတ်တော့ပဲ မင်ဘာ (အဖွဲ့ဝင်) တွေကရေးတဲ့ ၀က်ဆိုဒ် ဖြစ်လာပါတယ်။ ခေတ်စကားနဲ့ ဆိုရင်တော့ “ပြည်သူမှ ပြည်သူ့ အတွက်” လို့ ဆိုရင် ရမယ်ထင်ရဲ့။ အယ်ဒီတာတွေက စာလုံးပေါင်းသတ်ပုံ၊ ဘာသာပြန် နဲ့ ကျမ်းကိုးစာရင်း အစရှိသည် တို့ကို အနည်းငယ် တည်းဖြတ်တာတော့ ရှိပါမယ်။

ကဲ ကြော်ငြာလည်း အတော်ရှည်သွားပြီ။ ပြောတာတွေ ဟုတ်မဟုတ် မဆိုင်းမတွပဲ သွားကြည့်လိုက်ရအောင်နော် ...
www.NGOinMyanmar.org

အန်ဂျီအိုမှာ အလုပ် လုပ်ချင်သူတွေ နဲ့ အမေးအဖြေခန်းလေးကို နမူနာ ဖတ်ချင်ရင်တော့ အောက်မှာ ဆက်လက် ရှုစားပါ။

မေး
I am a house surgeon worked at insein hospital. My house surgeon training course will be ended on 31st December. After that, i want to work at NGO but i don't know how to do. I have no other qualification except my education.Now i'm studying english. Please advise me how can i get the job.
ဖြေ
The followings are the things that you can do as a start:
  • do a little bit of research on NGOs working in Myanmar. Who they are? What they do? Where they do it? (you can find a list and website links in our NGO directory)
  • then, decide what kind of NGOs that you want to work with.
  • find out whether they need any interns/volunteers
  • check job vacancy page from this website regularly and apply
Computer skills (Microsoft Word, Excel, Power Point) will be helpful in addition to English.
မေး
I'd like to know what is more important to get NGO job; the CV form or the interview. What would they ask me in the interview not concerning the theory . I've told that I've no experience even to face interview and what would I prepare for this. Hope your answer and advice later.
ဖြေ
ကိုယ်ရေးရာဇ၀င် နဲ့ လူတွေ့ မေးတာ ဘယ်ဟာ ပိုအရေးကြီးလဲ လို့ မေးထားပါတယ်။ နှစ်မျိုးလုံး တူတူပဲ အရေးကြီးပါတယ်။ ဒီဟာတွေထက် ပိုပြီး အရေးကြီးတာက ခေါ်တဲ့ အလုပ်မှာ လုပ်ရမှာတွေကို ကျွမ်းကျွမ်းကျင်ကျင် တတ်နေဖို့ နဲ့ အလားတူ အလုပ်မျိုး လုပ်ဖူးတဲ့ အတွေ့အကြုံပါ။ ကိုယ်ရေးရာဇ၀င်ဘက် ပြန်လှည့်ရရင်။ အန်ဂျီအို အလုပ် ခေါ်တဲ့အခါမှာ ကိုယ်ရေးရာဇ၀င်ကို ပထမ အဆင့် ဇကာတင်ရွေးချယ်ဖို့အတွက် သုံးပါတယ်။ တနည်းပြောရရင် ကိုယ်ရေးရာဇ၀င်မှာ ပါတဲ့ အချက်အလက်တွေကို ကြည့်ပြီး လူတွေ့ မေးမယ် မမေးဘူး စဉ်းစားပါတယ်။ လူတွေ့ မှာတော့ အလုပ်လျှောက်ထားသူဟာ ခန့်မယ့် အလုပ်ကို လုပ်နိုင်တဲ့လူ ဖြစ်မဖြစ်ကို ကြည့်ပါတယ်။ ပြီးတော့ အလုပ်မှာ စိတ်ပင်ပန်းခံနိုင် မခံနိုင်ကို လေ့လာပါတယ်။ ကျန်တာကတော့ လူပုံပန်းကို အကဲခတ်တာပါပဲ။

နောက်တစ်ချက်က မိမိလျှောက်တဲ့ အလုပ် နဲ့ အဖွဲ့အစည်းအကြောင်းကို သေသေချာချာ လေ့လာထားဖို့ လိုပါတယ်။ မိတ်ဆွေတစ်ဦး ( အန်ဂျီအို အလုပ် အင်တာဗျူးမေးသူ ) ပြောဖူးတာကတော့ တချို့ အလုပ်လာလျှောက်သူတွေဟာ မိမိ လျှောက်တဲ့ ရာထူး ကိုတောင် မှန်အောင် မပြောနိုင်ကြဘူးလို့ ဆိုပါတယ်။ ဒါမျိုးကတော့ လုံးဝ မဖြစ်သင့်ပါ။ အင်တာနက် ခေတ်မှာ အဖွဲ့အစည်း အမည် သိရင် ဒီအဖွဲ့ အကြောင်းကို အလွယ်တကူ ရှာလို့ ရနိုင်ပါတယ်။ မိမိဖက်က ပြင်ဆင်ဖို့တော့ လိုမှာပါ။

အားလုံး အဆင်ပြေကြပါစေ။
ခင်မင်စွာဖြင့်
ရဲမွန်

ဝက်ဆိုဒ် ဖြစ်မြောက်ရေးအတွက် ဘက်စုံကူညီခဲ့ ကူညီဆဲ ဖြစ်သော အမည်တွင် “ပ” ဖြင့်စ၍ “တ” ဖြင့်ဆုံးသည့် မိတ်ဆွေသူငယ်ချင်းကြီးအား ရွှေနိုင်ငံမှအန်ဂျီအိုများ ၀က်ဆိုဒ်ကိုယ်စား အထူးကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါသည်။

Read More...

Tuesday, August 21, 2007

3D Fund will use 21 million dollar in 2007-08

၂၁၊ ၈၊ ၂၀၀၇

သရီးဒီဖန် ၂၀၀၇-၀၈ ခုနှစ်တွင် ဒေါ်လာ ၂၁ သန်းသုံးမည်

မြန်မာနိုင်ငံတွင် ခုခံကျရောဂါ၊ တီဘီရောဂါ နှင့် ငှက်ဖျားရောဂါ တို့ကို တိုက်ဖျက်ရန် သြစတေးလျ နှင့် ဥပရောပသမဂ္ဂ (European Union) အဖွဲ့ဝင် နိုင်ငံများဖြစ်သော အင်္ဂလန်၊ နယ်သာလန်၊ နော်ဝေး၊ ဆွီဒင် တို့က 3DFund (Three Diseases Fund) ခေါ် ရန်ပုံငွေ တစ်ရပ်ကို ထူထောင်ခဲ့လေသည်။ စီမံကိန်း သက်တမ်း ၅ နှစ်အတွက် အမေရိကန် ဒေါ်လာ သန်းပေါင်း ၁၀၀ ခန့်ကို သုံးစွဲသွားမည်ဟု ဆိုလေသည်။ အဆိုပါ ရန်ပုံငွေသည် မြန်မာနိုင်ငံအနေဖြင့် လတ်တလော ရရှိနေသော လူမှုကူညီရေး အထောက်အပံ့များအနက် အများဆုံးဟု ဆိုနိုင်ပေမည်။

၂၀၀၇ ခုနှစ် စက်တင်ဘာတွင်စတင်သော ဘဏ္ဍာရေးနှစ်အတွက် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့များ၊ အန်ဂျီအိုများ စုစုပေါင်း ၂၅ ဖွဲ့ကို အမေရိကန်ဒေါ်လာ ၂၁ သန်းကျော် ထောက်ပံ့သွားမည်ဖြစ်ကြောင်း 3DFund ၀က်ဆိုက် တွင် ဖော်ပြထားသည်။

စာကိုး
Funding Round 1, Three Diseases Fund, retrieved from http://www.3dfund.org/funding.html on August 21, 2007.

Read More...

Sunday, August 19, 2007

(Daw) Swe Zin Htaik

၁၉၊ ၈၊ ၂၀၀၇

(ဒေါ်) ဆွေဇင်ထိုက်လည်း ဘလောက်ရေးလေပြီ

ရုပ်ရှင်သရုပ်ဆောင် အဖြစ်မှ လူမှုကူညီရေးလုပ်ငန်းများကို အချိန်ပြည့် လုပ်ဆောင်နေသော (ဒေါ်) ဆွေဇင်ထိုက် တစ်ယောက် ဘလောက်လောက ကို ခြေချလာပြီဖြစ်ကြောင်း မောင်းထု အပ်ပါသည်။


Read More...

Sunday, August 12, 2007

UNAIDS enrolls in blogosphere

၁၂၊ ၈၊ ၂၀၀၇

ယူအန်အေ့ဒ်စ် လည်း ဘလောက် လုပ်ရလေပြီ
  • ဘာ ... ဘလောက် ... အဲဒါ ဘာကြီးလဲ။
  • ဘလောက်ရေးနေမယ့် အစား အားကစားလေး ဘာလေး တစ်ခုခု လုပ်ပါလား။
  • ဘယ်သူကဖတ်မှန်းမသိ၊ ဘယ်သူကလာပြီး မှတ်ချက်ပေးသွားမှန်း မသိနဲ့ အချိန်ကုန်ခံပြီး ရေးနေသေးတယ်။
  • တော်တော်အားနေပုံရတယ်။
ကျွန်တော့် ဘလောက် လိပ်စာက ဒါလေ။ အားရင် လာဖတ်ပါလား လို့ဆိုလိုက်ရင် ရလာတတ်တဲ့ တုန့်ပြန်မှုလေးတွေပေါ့။

ဒါပေမယ့်လည်း ခေတ်ရေစီးကို လူတွေ မလွန်ဆန်နိုင်ကြပါ။ ဘလောက်ကို အထင်သေးသူများ အနေနဲ့ ရုပ်မြင်သံကြား ပေါ်ခါစမှာတုန်းက “တစ်နေ့နေ့ တချိန်ချိန်ကျရင် လူတွေ ဒီလေးထောင့်ပုံးလေးကို ထိုင်ကြည့်ချင်တော့မှာ မဟုတ်ဘူး” ... လို့ ဟောကိန်းထုတ်ခဲ့သူလို ဖြစ်နေကြပါလိမ့်မယ်။

မောင်ရဲမွန် တစ်ယောက် ဘာကြောင့်များ သိုင်းဝိုင်းနေပါလိမ့်။ အကြောင်းရင်းက ဒီလို ...

UNAIDS လို့ခေါ်တဲ့ ကုလသမဂ္ဂရဲ့ ခုခံကျရောဂါ ဆိုင်ရာ အဖွဲ့အနေနဲ့ ကိုယ်ပိုင် ဘလောက်တစ်ခုကို စတင် ထုတ်လွှင့်လိုက်ပြီ ဖြစ်လို့ပါပဲ။ ခွေးလှေးခုန်လို့ ဖုန် မထပေမယ့် UNAIDS ခုန်ရင်တော့ ဖုန်ထပါလိမ့်မယ်။ ခုခံကျ ရောဂါနဲ့ ပတ်သက်တဲ့ သုတေသနစာတမ်းတွေ လေ့လာချက်တွေဟာ နေ့စဉ်နှင့် အမျှ အများအပြားထွက်နေတာကြောင့် လူတွေကို မျက်စိလည်စေပါတယ်။ ဘယ်စာတမ်းကိုလေ့လာသင့်လဲ၊ ဘယ်စီမံချက်ကို နမူနာယူသင့်သလဲ ဆိုတာတွေကို လွယ်လွယ်ကူကူသိရှိ နိုင်အောင်လို့ ကုလသမဂ္ဂ ခုခံကျရောဂါဆိုင်ရာ အဖွဲ့က ဘလောက်တစ်ခုကို ၂၀၀၆ ခုနှစ်လောက်ကတည်းက စတင်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းကတော့ UNAIDS ၀န်ထမ်းတွေအတွက်သာ ဖြစ်ခဲ့ပြီး တဖြည်းဖြည်း လူကြိုက်များလာတဲ့ အတွက် အများပြည်သူများ လေ့လာနိုင်ရန် နဲ့ ပါဝင်ဆွေးနွေးနိုင်ရန် လွန်ခဲ့တဲ့နှစ်ရက် (သြဂုတ် ၁၀ရက်နေ့) က ဖွင့်ပေးခဲ့ပါတယ်။ HIV/AIDS နဲ့ပတ်သက်တဲ့ သိပ္ပံနည်းကျ လေ့လာချက်တွေကို အနှစ်ချုပ် ရေးသားထားတဲ့အတွက် အချိန်ကုန်နည်းနည်းနဲ့ အရေးကြီးတဲ့ အချက်အလက်တွေကို သိရှိနိုင်မှာဖြစ်ပါတယ်။

သွားရောက်လေ့လာချင်တယ် ဆိုရင်ဖြင့် http://hivthisweek.unaids.org/

စာကိုး
New Blog gets HIV science online ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

Read More...