Showing posts with label travel. Show all posts
Showing posts with label travel. Show all posts

Monday, February 23, 2009

Mt. Saramati Trip

၂၃၊ ၂၊ ၂၀၀၉

တက္ကသိုလ်များ ခြေလျင်တောင်တက်အသင်း၏ ၂၀၀၉ ခုနှစ် စာရာမေတိ ခရီး




အမြင့်ပေ ၁၂၅၅၃ ပေ (၃၈၂၅ မီတာ) ရှိ စာရာမေတိတောင်ထိပ်သည် မြန်မာနိုင်ငံ စစ်ကိုင်းတိုင်း နှင့် အိန္ဒိယ နိုင်ငံ နာဂပြည်နယ် တို့၏ နယ်ခြား၊ မြန်မာ ပိုင်နက်အတွင်းတွင် တည်ရှိသည်။ ၁၉၇၁ ခုနှစ်တွင် ဗိုလ်မှူးကြီးလှအောင် (မြန်မာနိုင်ငံ ခြေလျင်တောင်တက်အသင်း တည်ထောင်သူ၊ ပထမ ဥက္ကဋ္ဌ) ပါဝင်သော အဖွဲ့က ထိုတောင်ထိပ်တွင် မြန်မာ-အိန္ဒိယ နယ်ခြားမှတ်တိုင် ကို စိုက်ထူခဲ့သည်။ ထိုနောက်ပိုင်း နှစ်ပေါင်း ၃၀ ကျော်ကြာသည်အထိ မြန်မာပြည်မှ မည်သူမျှ ထပ်မံတက်ရောက်နိုင်ခဲ့ခြင်း မရှိပဲ ၂၀၀၃ ခုနှစ် ဖေဖော်ဝါရီလ ၂၈ရက်တွင်မှ ဒေါက်တာပိုင်စိုး ဦးဆောင်သော မြန်မာနိုင်ငံ ခြေလျင်တောင်တက်အသင်းက အောင်မြင်စွာ တက်ရောက်နိုင်ခဲ့လေသည်။


ယခုနှစ် ဇန်န၀ါရီလ ၂၆ရက်တွင် ဆရာဦးမျိုးသန့် ဦးဆောင်သော တက္ကသိုလ်များ ခြေလျင်တောင်တက် အသင်းကလည်း စာရာမေတိတောင်ထိပ်ကို အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ကြောင်း သိရှိရသဖြင့် မိတ်ဆွေများ ဗဟုသုတဖြစ်စေရန် သတင်းစာ ဖြတ်ပိုင်းနှင့်တကွ အမှတ်တရ ဓါတ်ပုံများကို တင်လိုက်ရပေသည်။

သတင်းမှာ ဖေဖော်ဝါရီလ ၁၅ ရက်ထုတ် မြန်မာ့အလင်း သတင်းစာမှ ဖြစ်ပြီး ဓါတ်ပုံများမှာ ခြေလျင်တောင်တက်အသင်းဝင် ကိုအောင်မျိုး၏ ဓါတ်ပုံများဖြစ်ပါသည်။


စာရာမေတိတောင်ကို အောင်နိုင်ကြသူများ


တွေ့ဆုံမေးမြန်းသူ - မောင်မောင်မြင့်ဆွေ


တောင်တက်ခြင်းကား ကျန်းမာခြင်း၊ ကြံ့ခိုင်ခြင်းတို့ကို အထောက်အကူ ပြုသည့်အပြင် စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ခိုင်မာသန်စွမ်းခြင်းကို ကြီးမားစွာ ဖြည့်ဆည်းပေးနိုင်သည်။ ထို့ကြောင့် တောင်တက်ခြင်းသည် ယနေ့ခေတ် လူမှုဘ၀၌ ခေတ်စားလာသည်။

တွေ့ဆုံ


မကြာမီ ရက်ပိုင်းအတွင်းက တက္ကသိုလ်များခြေလျင်နှင့် တောင်တက်အသင်းက စာရာမေတိတောင်ထိပ်သို့ အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ကြသည်ဟူသော သတင်းကြောင့် တောင်တက်အဖွဲ့ကို ဦးဆောင်တက်ရောက်ခဲ့ကြသူများနှင့် တွေ့ဆုံမေးမြန်းရာ “စစ်ကိုင်းတိုင်း ခန္တီးခရိုင် လေရှီးမြှိုနယ် အနောက်ဘက် တောင်တန်းဒေသ အိန္ဒိယ-မြန်မာ နယ်နိမိတ်မျဉ်းပေါ်မှာ ရှိတဲ့ စာရာမေတိတောင် (နွယ်မောက်တောင်) ကို တက်ရောက်ခဲ့ကြတာဖြစ်တယ်။ စာရာမေတိတောင်ဟာ အမြင့်ပေ ၁၂၅၅၃ ပေရှိပြီး ခက်ခဲကြမ်းတမ်းတဲ့ တောင်တက်ခရီးလည်း ဖြစ်ပါတယ်” ဟု တောင်တက်အဖွဲ့ ခေါင်းဆောင် ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန တွဲဖက်ပါမောက္ခ ဦးမျိုးသန့်က မြန်မာ့အလင်းသို့ ရှင်းပြသည်။

၂၂ ဦးပါဝင်


တက္ကသိုလ်များ ခြေလျင်နှင့်တောင်တက်အသင်း ဥက္ကဋ္ဌလည်းဖြစ်သူ ဦးမျိုးသန့် ခေါင်းဆောင်သော တောင်တက်အဖွဲ့တွင် စုစုပေါင်း ၂၂ ဦး ပါဝင်ပြီး အမျိုးသား ၁၅ ဦး အမျိုးသမီး ခုနစ်ဦးတို့ ပါဝင်ကြသည်။

“တောင်တက်အဖွဲ့မှာပါတဲ့ အဖွဲ့ဝင်တွေကတော့ ပဲခူး ဒီဂရီကောလိပ်၊ ထားဝယ် တက္ကသိုလ်၊ မန္တလေး အဝေးသင်တက္ကသိုလ်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်၊ သူနာပြု တက္ကသိုလ်နဲ့ ရန်ကုန် တက္ကသိုလ်တို့က တောင်တက်အဖွဲ့ဝင်တွေ ပါဝင်ခဲ့ပါတယ်။ စာရာမေတိတောင်ထိပ်ကို မတက်ရောက်ဖူးရင် တောင်တက်သမား အစစ်မဟုတ်ဘူးလို့ မြန်မာနိုင်ငံခြေလျင်တောင်တက်အဖွဲ့ချုပ် ဥက္ကဋ္ဌဟောင်းတစ်ဦးက ပြောသလို အမှန်ပင် တက်ရောက်ရခက်ခဲတဲ့ တောင်ထိပ်လည်းဖြစ်ပါတယ်” ဟု ဦးမျိုးသန့်က ဆက်လက်ရှင်းပြသည်။

တက္ကသိုလ်များ ခြေလျင်တောင်တက်အသင်းကို စတင်တည်ထောင် ခဲ့သည့် ၁၉၅၉ ခုနှစ်မှ ၂၀၀၉ ခုနှစ် အထိ စာရာမေတိတောင်ထိပ်သို့ ယခုအဖွဲ့အပါအ၀င် ခြောက်ဖွဲ့သာ တက်ရောက်နိုင်ခဲ့သည်။ ယခုတောင်တက် ခရီးစဉ်သည် တက္ကသိုလ်များ ခြေလျင်တောင်တက်အသင်း၏ ၂၀၀၉ ခုနှစ် အတွက် ပထမဆုံးခရီးစဉ်လည်း ဖြစ်သည်။

ထွက်ခွာ


ထို့နောက် တောင်တက်အဖွဲ့ အုပ်ချုပ်သူအဖြစ် လိုက်ပါသွားသူ ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ် ပထ၀ီဝင်ဌာန ကထိက ဒေါ်နီနီအေးက “၂၀၀၉ ခုနှစ် ဇန်န၀ါရီ ၁၂ ရက်မှာ ရန်ကုန်မြို့က မန္တလေးမြို့ကို ရထားနဲ့ စထွက်တယ်။ ဇန်န၀ါရီ ၁၃ ရက်မှာ မန္တလေးကနေပြီး ကားနဲ့ မုံရွာ၊ ဇန်န၀ါရီ ၁၄ ရက်မှာ မုံရွာကနေပြီး ဟုမ္မလင်းမြို့ကို ရေယာဉ်နဲ့ သွားတယ်။ ရေယာဉ်ခရီးနဲ့ ဇန်န၀ါရီ ၁၆ ရက်အထိ ခရီးနှင်ခဲ့ပြီး ထမံသီရွာကိုရောက်တယ်၊ ဇန်န၀ါရီ ၁၇ရက်မှာ ထမံသီရွာကနေပြီး လေရှီးမြို့ကိုကားနဲ့ ဆက်ထွက်တယ်။ အဲဒီလေရှီးမြို့နေပြီး တောင်တက်ခရီး စတင်တော့တာပါပဲ” ဟု မြန်မာ့အလင်းသို့ ရှင်းပြသည်။

တက်ရောက်


တက္ကသိုလ်များ ခြေလျင်နှင့်တောင်တက်အသင်းမှ အဖွဲ့ဝင်များသည် ဇန်န၀ါရီ ၁၈ရက်၌ လေရှီးမြို့မှ ပိန္နဲကုန်းရွာသို့ တောင်တက်ခရီးစဉ်အတိုင်း ဖြည်းဖြည်း တက်ရောက်ခဲ့ကြရာ ခရီး ငါးမိုင်ခန့်သာ ရောက်ရှိခဲ့ပြီး ရပ်နားခဲ့ရသည်။ ပိန္နဲကုန်းရွာသည် အမြင့်ပေ ၃၀၇၀ ၌ တည်ရှိသော ရွာဖြစ်သည်။

“ဇန်န၀ါရီ ၁၉ ရက်မှာ ပိန္နဲကုန်းရွာကနေပြီး ကျဲ့ကော့ရွာကို ခရီးဆက်တဲ့အခါ ၈၀ ဒီဂရီလောက် မတ်စောက်နေတဲ့ တောင်တွေကို ကျော်ဖြတ်ရတယ်။ တောင်တစ်လုံးကျော်လိုက်၊ တောင်အောက်ခြေဆင်းလိုက်၊ နောက်တစ်တောင်ပေါ် တက်လိုက်နဲ့ ခရီးဆက်ခဲ့ရတယ်။ ဇန်န၀ါရီ ၂၀ ရက်မှာ ကျဲ့ကောရွာကနေပြီး ရော်ပါးမီရွာကို တောင်တက်ခရီးတက်တဲ့အခါ လမ်းမှာ နန်းဓလိမ်ချောင်းကို ဖြတ်ပြီး သွယ်တန်းထားတဲ့ ကြိမ်ကြိုးတံတားကို ဖြတ်သန်းရတာ အန္တရာယ်အလွန်များလို့ သတိထားပြီး ဖြတ်ကျော်ခဲ့ရတယ်။ ဒီကြိုးတံတားက ပေ ၂၀၀ ကျော် ရှည်တယ်။ ရောပါးမီရွာဟာ အမြင့်ပေ ၃၂၆၀ မှာ တည်ရှိပါတယ်” ဟု ဒေါ်နီနီအေးက ဆက်လက်ရှင်းပြသည်။



ခက်ခဲစွာ


ထို့နောက် ဇန်န၀ါရီ ၂၁ ရက်နေ့တွင် ရော်ပါးမီရွာမှ လတ္တဲရွာသို့ အတက်ခရီးစဉ်၌ ၉၀ ဒီဂရီ မတ်စောက်နေသော တောင်များ၊ တောင်ထွတ်များကို ခက်ခဲစွာ ဖြတ်သန်းပြီးမှ လတ္တဲရွာသို့ ရောက်ရှိခဲ့သည်။ လတ္တဲရွာသည် အိမ်ခြေရှစ်လုံးသာရှိပြီး အမြင့်ပေ ၄၈၁၀ ခန့်၌ တည်ရှိသော တောင်ပေါ်ရွာဖြစ်သည်။ ဇန်န၀ါရီ ၂၀ ရက်တွင် လတ္တဲရွာမှ နံနက်ပိုင်း ထွက်ခဲ့ကြရာ အလွန်မတ်စောက်သော တောင်တန်းများကြောင့် မွန်းလွဲ ၂ နာရီခွဲ၌ ခဗာကဇူချောင်း တောစခန်းသို့ ရောက်ရှိစခန်းချခဲ့ကြသည်။

အနောက်မြောက်ဘက်အစွန်း


“အဲဒီ လတ္တဲရွာက မြန်မာနိုင်ငံ အနောက်မြောက်ဘက် အစွန်ဆုံးမှာရှိတဲ့ လူနေရွာပဲဖြစ်ပါတယ်။ ခဗာကဇူချောင်း တောစခန်းမှာ ယာယီတဲထိုးပြီး စခန်းချရတယ်။ ၈ ဒီဂရီ စင်တီဂရိတ်ပဲရှိလို့ အအေးပိုပါတယ်။ ဇန်န၀ါရီ ၂၃ ရက်မှာ ခဗာကဇူချောင်း စခန်းကနေပြီး တီရှီချောင်း စခန်းအထိ တောင်တက်တောင်ဆင်း ခရီးကြမ်းတွေ တက်ခဲ့တာ တစ်နေကုန်တာတောင် ၁၄ မိုင် ခရီးပဲ ရောက်တယ်။ အဲဒီအချိန်မှာ အမြင့်ပေ ၇၆၇၅ ပေ အထိ ရောက်ရှိလာဖြစ်ပါတယ်။ ဒီခရီးစဉ်ပိုင်းမှာတော့ ရွက်ကြွေတောတွေ တွေ့ရတယ်” ဟု ၄င်းက ဆက်လက်ရှင်းပြသည်။

ဇန်န၀ါရီ ၂၄ ရက်၌ တီရှီတီချောင်း စခန်းမှ ကသာဗောင်သီချောင်း စခန်းသို့ ဆက်လက် တက်ရောက်ခဲ့ရာ မြင့်မား မတ်စောက်သော တောင်တန်းများကို ဖြတ်ကျော်ခဲ့ရသဖြင့် တစ်နေကုန် ခရီးစဉ်တွင် ခုနစ်မိုင်ခန့်သာ ခရီးပေါက်ခဲ့သည်။ ဇန်န၀ါရီ ၂၅ ရက်၌ ကသာဗောင်သီချောင်း စခန်းမှ အမြင့်ပေ ၁၀၈၀၀ ရှိသော ရေခဲစပ် စခန်းသို့ ဆက်လက် တက်ရောက်ခဲ့ရာ ရေခဲတုံးများကို စတင်တွေ့ရှိရသည်။ သောက်သုံးရေအတွက် ရေခဲများကို ထုခွဲကာ သောက်ရေအတွက် ဖြေရှင်းခဲ့ရသည်။



ပြန်ဆင်းခဲ့





နောက်ဆုံးအနေနဲ့ “ဇန်န၀ါရီ ၂၆ ရက်မှာ ရေခဲစပ် စခန်းကနေပြီး ဆက်လက် တက်ရောက်တဲ့အခါ အမြင့်ပေ ၁၂၅၅၂ ပေ ရှိတဲ့ စာရာမေတိတောင်ထိပ်ကို နံနက် ၉ နာရီခွဲမှာ အောင်မြင်စွာ ရောက်ရှိခဲ့ကြတယ်။ တောင်ထိပ်ခရီးစဉ်မှာတော့ တောင်ဆိတ်၊ ၀က်ဝံ စတဲ့ တိရစ္ဆာန်တွေရဲ့ သွားလာလှုပ်ရှားမှု ခြေရာတွေ တွေ့ရတယ်။ စာရာမေတိတောင်ထိပ်မှာ နိုင်ငံတော်အလံနဲ့ တက္ကသိုလ်များ ခြေလျင်တောင်တက်အသင်း အလံတွေကို စိုက်ထူပြီး နိုင်ငံတော်သီချင်းကို သံပြိုင်သီဆိုခဲ့ကြတယ်။ အဲဒီနောက် မှတ်တမ်းတင် ဓါတ်ပုံတွေရိုက်ပြီး ပြန်ဆင်းခဲ့ကြတယ်။ တောင်ထိပ်ပေါ်မှာ တစ်နာရီ မိုင် ၆၀ နှုန်းလောက် လေပြင်းတွေ တိုက်နေတဲ့အပြင် ရာသီဥတုအခြေအနေ မကောင်းတာနဲ့ ပြန်ဆင်းခဲ့ရတယ်” ဟု ဒေါ်နီနီအေးက မြန်မာ့အလင်းသို့ ရှင်းပြသည်။

ခက်ခဲကြမ်းတမ်း


အပြန်ခရီးစဉ်၌ တီရှီတီချောင်း၊ လတ္တဲရွာ၊ ကျဲ့ကော့ရွာ၊ ပိန္နဲကုန်းရွာ နှင့် လေရှီးမြို့သို့ ငါးရက် ခရီးနှင်ခဲ့ပြီး လေရှီးမြို့မှ ထမံသီရွာ၊ ဟုမ္မလင်း၊ မော်လိုက်၊ ကနီ၊ မုံရွာမြို့နှင့် မန္တလေးမြို့များသို့ ကား၊ ရေယာဉ်များဖြင့် ပြန်ခဲ့ရာ ရန်ကုန်မြို့သို့ ဖေဖော်ဝါရီ ၅ ရက်၌ ပြန်လည်ရောက်ရှိခဲ့ကြသည်။ စာရာမေတိ တောင်တက် အသွားအပြန်ခရီးစဉ်သည် စုစုပေါင်း ၂၅ ရက် ကြာမြင့်ခဲ့ပြီး တောင်တက်အသွားအပြန် ခရီးမိုင်ပေါင်း ၁၅၀ ခန့်နှင့် မြင့်မား မတ်စောက်သော တောင်အလုံးရေ ၃၀ ကျော်ကို ဖြတ်ကျော်ခဲ့ရသဖြင့် ခက်ခဲ ကြမ်းတမ်းသော တောင်တက်ခရီးစဉ် ဖြစ်ပါကြောင်း တွေ့ဆုံမေးမြန်း ရေးသားလိုက်ရပါသည်။


စာရေးသူ မှတ်ချက်။

စာရာမေတိ ကို မြန်မာမြေပုံတွင် Saramayti ဟု စာလုံးပေါင်းသော်လည်း Britannica စွယ်စုံကျမ်းတွင်မူ စာရာမာတိ Saramati ဟု စာလုံးပေါင်းကြောင်းတွေ့ရှိရသည်။ အင်တာနက်တွင် ရှာဖွေရင်း ယူကျု၌ စာရာမာတိ သီချင်းတစ်ပုဒ်ကို တွေ့ရှိရသဖြင့် အောက်တွင် တစ်ပါတည်း ဖော်ပြလိုက်ပါသည်။



စာကိုး။

Enchanting Myanmar
Encyclopedia Britannica
မြန်မာ့အလင်းသတင်းစာ (၁၅-၂-၂၀၀၉)

Read More...

Sunday, March 9, 2008

Ye Mon is Travelling (2)

၈၊ ၃၊ ၂၀၀၈ - ၉၊ ၃၊ ၂၀၀၈

ရဲမွန်ခရီးသွားနေသည် (၂)

ဘိလပ်ခရီး (ပထမနေ့)

လေကြောင်းခရီး

ပြောထားသည့်အတိုင်း ညနေ ၇ နာရီ ၂၅ မိနစ် ထွက်ဖြစ်သည်။ တိုက်တိုက်ဆိုင်ဆိုင် ဒီညက အမေရိကားမှာ ဤကိုကျွဲုလုပ်တဲ့ည ဖြစ်နေတာပါ။ ဘိလပ်ကတော့ မတ်လ ၃၀ ရက်နေ့မှ လုပ်မယ် ဆိုတော့ နဂိုက ဘော်လ်တီးမိုးနဲ့ လန်ဒန် အချိန် ၅ နာရီကွာနေရာကနေ လောလောဆယ်မှာ ၄ နာရီပဲ ကွာပါတော့တယ်။ အချိန်တွေ ကျုံ့သွားတာပေါ့။


ဘလောက်ရေးရအောင်လည်း ဈာန်ကမ၀င် ဆိုတော့ အစာစားလိုက်၊ ခဏမှေးလိုက်၊ ရုပ်ရှင်ကြည့်လိုက် နဲ့ လိုက်ပါလာပါတယ်။ ကြည့်မိတဲ့ ရုပ်ရှင် တစ်ပိုင်းတစ်စက စိတ်ဝင်စားဖို့တော့ ကောင်းသား။ Sliding Doors လို့ အမည်ရတဲ့ ၁၉၉၈ ခုနှစ်က ရုပ်ရှင်ဟောင်းတစ်ခု။
ရုပ်ရှင်ထဲမှာ မင်းသမီးက မြေအောက်ရထားစီးဖို့ အလာ၊ ရထားကို ကပ်ပြီးလွတ်သွားပါတယ်။ နောက်ပိုင်းမှာ ဇာတ်လမ်းက တစ်ခန်းပြီး တစ်ခန်း ဆက်သွားပါတယ်။ နောက်ထပ် ဇာတ်ဝင်ခန်း တစ်ခုကတော့ မင်းသမီး ရထားကိုမီပြီး စီးဖြစ်သွားပါတယ်။ ဆက်လာတဲ့ ဇာတ်လမ်းကတော့ ပထမဖြစ်စဉ်နဲ့ အတော့်ကို ကွဲပြားသွားပါတယ်။ ရထားမီတာ မမီတာလေး တစ်ခုရဲ့ နောက်မှာ မင်းသမီးရဲ့ ကျန်တဲ့ ဘ၀တစ်လျှောက် ဖြစ်စဉ်တွေ လုံးဝပြောင်းလဲသွားရတာကို “ကံကြမ္မာ” လို့ပဲ ဘာသာပြန်ရမယ်ထင်တယ်။
ဒီလိုနဲ့ ဇာတ်လမ်း မပြီးခင်မှာပဲ ဟိသရိုးလေဆိပ်ကို လေယာဉ် ဆိုက်လာပါတော့တယ်။

လေဆိပ်အ၀င်

လူဝင်မှုကြီးကြပ်ရေးဂိတ်မှာ ဘိလပ် နဲ့ ဥရောပတိုက်သားတွေ အတွက်က တစ်နေရာ ကျန်သူများအတွက်က တစ်နေရာ သတ်မှတ်ပေးထားပါတယ်။ သက်ဆိုင်ရာနေရာမှာ တန်းစီပြီး စောင့်နေလိုက်ပါတယ်။ လူတန်းရှည်ပေမယ့် တစ်ယောက်ကို ၁ မိနစ် ၂ မိနစ်လောက်ပဲကြာတော့ ခပ်မြန်မြန်ပဲ ရှေ့ရောက်သွားပါတယ်။

ဒီလိုနဲ့ စာရေးသူအလှည့်ကျတော့ လူဝင်မှုကြီးကြပ်ရေး ၀န်ထမ်းက နိုင်ငံကူးလက်မှတ်ကို ဖင်ပြန်ခေါင်းပြန် ကြည့်ပါတယ်။ သက်တမ်းတိုး တံဆိပ်တုံးကို ရှာမတွေ့လို့ နေရာမေးပါတယ်။ သက်တမ်းတိုးထားတာ ပြလိုက်တော့လည်း မပြီးသေး။ “မင်းက အမေရိကားမှာ ဗီဇာကုန်နေလို့ ဒီမှာ ဗီဇာ လာတိုးတာလား” ဆိုပြီး မေးနေပြန်ရော။

ဒီနေရာမှာ နည်းနည်း ရှင်းပြလိုတာက နိုင်ငံကူးလက်မှတ်မှာ ကပ်ပေးလိုက်တဲ့ အမေရိကန် ကျောင်းသားဗီဇာက တစ်နှစ်သာ သက်တမ်းရှိပေမယ့် ကျောင်းတက်နေသေးသရွေ့၊ အမေရိကန်နိုင်ငံထဲမှာ နေနေသရွေ့ အသက်ဝင်ပါတယ်။ သက်တမ်းတိုးရန်မလို။ ဒါပေမယ့် အမေရိကန်နိုင်ငံ ပြင်ပကို အကြောင်းတစ်ခုခုကြောင့် ထွက်ရရင် နိုင်ငံကူးလက်မှတ်မှာ ဗီဇာ ပြန်ကပ်ရပါတယ်။

ဒီစနစ်ကို ဘိလပ်က လူဝင်မှုကြီးကြပ်ရေး ၀န်ထမ်း သိဟန်မတူ။ အစည်းအဝေးလာတက်တဲ့ အတွက် အမေရိကန်ဗီဇာ ပြန်ကပ်ရန်လိုကြောင်း ရှင်းပြတာလည်း သဘောက မပေါက်။ ကျောင်း၊ အစည်းအဝေး နဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေလည်း ခိုင်ခိုင်လုံလုံပါနေသည့်အပြင် အရင်လည်း ဘိလပ်ကို လာဖူးပြီးသားဖြစ်လို့ သူ့နိုင်ငံမှာ တရားမ၀င် နေထိုင်ရန် ကြိုးစားနေသူ မဟုတ်မှန်းလည်း သိသာနေသည်။ ဒါတောင်မှ အမေရိကန်ဗီဇာ သက်တမ်းတိုးရန် အတွက် ဘိလပ်ကို လာတယ်လို့ပဲ ထင်နေသေးကာ ဗီဇာ လျှောက်စဉ်က တင်ပြပြီးဖြစ်တဲ့ အထောက်အထားစာရွက်တွေ တစ်ခုမကျန် ပြန်တောင်းပြန်သည်။ ဒါတွေ ပေးပြီးတာနဲ့လည်း မပြီးသေး အထက်အရာရှိကို သွားမေးမယ်ဆိုပြီး ထွက်သွားပါတယ်။

၁၅ မိနစ်လောက် ကြာမှ ပြန်လာပြီး ဗီဇာအ၀င်တုံး ထုနေတုန်းမှာတောင် မင်းမှာ ငွေလုံလုံလောက်လောက်ပါရဲ့လား ဘယ်မှာတည်းမှာလဲ ဘာလဲ ညာလဲ မေးပြောပြောနေပြန်သေးသည်။ စာရေးသူလည်း စိတ်မသက်မသာနဲ့ “အင်း .. ငွေတော့ သိပ်မပါဘူး၊ အကြွေးဝယ်ကပ်ပဲပါတယ်” လို့ ဖြေရပြန်တယ်။

ဘိလပ်က ကြိုဆိုပုံများ တယ်သင်းသကိုး ...

တည်းခိုရာဟိုတယ်သို့

မြေပုံအရဆိုရင် မြေအောက်ရထားက ဟိုတယ်နားအထိ တိုက်ရိုက်ရောက်ပါမည်။ လက်မှတ်ဝယ်ပြီး ရထားပေါ် အငြိမ့်သားထိုင်သည်အထိတော့ အဆင်ပြေပါသည်။ ၅ ဘူတာ ၆ ဘူတာလောက် စီးအပြီးမှာတော့ ရထားက ဆက်မသွားတော့ပါ။ တနင်္ဂနွေနေ့မို့ ရထားလမ်း ပြင်ဆင်နေပါသည် .. တဲ့။ ဘူတာ နှစ်ခုကျော်လောက်မှာ သွားပြီး စီးရပါမည်။ ဘတ်စ်ကား စီစဉ်ပေးထား၍သာ တော်တော့သည်။ ဒါပေမယ့် ရွေ့လျား စက်လှေကားတွေ မရှိတော့ ခရီးဆောင်အိတ်ကို လှေကားထစ်များအတိုင်း ဆွဲမပြီး တက်ချီဆင်းချီ လုပ်ရသည်။ လေ့ကျင့်ခန်းပေပ။

နောက်ဆုံးမှာတော့ တည်းခိုရာ Bedford Hotel ကိုရောက်ပါသည်။ ကြိုတင် ဘွတ်ကင်လုပ်ထား၍ အချိန်စောနေပေသည့် အခန်းက အဆင်သင့်ရသည်။ တစ်ယောက်ခန်းဟု အမည်နှင့်လိုက်အောင် ဟိုတယ်ခန်း ကျဉ်းကျဉ်းထဲမှာ ရေချိုးခန်းကျဉ်းကျဉ်း၊ အိမ်သာ သေးသေး၊ နှင့် တစ်ယောက်အိပ် အိပ်ယာကျဉ်းကျဉ်းသာရှိသည်။ ဒါကိုပင် တစ်ညကို စတာလင်ပေါင် ၇၀ ကျော်ပေးရသည်။ ဘာပဲဖြစ်ဖြစ် ညက အိပ်ရေးပျက်ခဲ့သည်ကို ယခုမှပင် အတိုးချ အိပ်ရတော့မည်။

ညစာကိုတော့ ဟိုတယ်အနီးရှိ အိန္ဒိယစားသောက်ဆိုင်မှာပဲ အားပေးလိုက်သည်။

(ဆက်ရန်)

Read More...

Saturday, March 8, 2008

Ye Mon is Travelling

၈၊ ၃၊ ၂၀၀၈

ရဲမွန်ခရီးသွားနေသည်

ဘိလပ်ခရီး

ခရီးအစ

နံနက်စောစော နိုးနေသည်။ ခရီးသွားရန် စိတ်စောနေ၍တော့ မဟုတ်၊ ညက အိပ်ရာ စောစောဝင်ခဲ့၍သာ။ နိုးနေမှတော့ သွားရမည့် ဘိလပ်ခရီးတွင် ယူရန်ပစ္စည်းစာရင်း နှင့်ပစ္စည်းများကို ပြန်စစ်ကြည့်သည်။ ဘိလပ်ရောက်လျှင် တည်းခိုရမည့်နေရာကို မည်သို့သွားရမည်နည်းဟု အင်တာနက်တွင် ရှာသည်။ နာမည်ကြီး လန်ဒန်အငှားယာဉ်ကိုပဲ စီးသွားရကောင်းမလား။ မီတာချိုးပြီး စီးလည်းရသည်၊ ယာဉ်မောင်းနှင့် ညှိပြီး ဈေးဖြတ်စီးလည်း ရသည်။ ခက်တာက မိမိက ပေါက်ဈေးမသိ။ တော်ကြာ လန်ဒန်မြို့ပတ်ပြီးခေါ်သွားနေမှ အခက်။ ဒါမှမဟုတ် မြေအောက်ရထား စီးရင်ကောင်းမလား။ လိုင်းပြောင်းစရာမလိုပဲ ဟိုတယ်နားအထိ ရောက်သွားနိုင်သည်။ ကမ္ဘာကြီး စိမ်းလန်းဖို့လည်း အထောက်အကူဖြစ်မည်။ အငှားယာဉ်ထက်လည်း ဈေးသက်သာနိုင်သည်။ မြေအောက်ရထားပဲ ကောင်းမည်ထင်ပါသည်။ ရပ်ဆယ်ရင်ပြင် ဘူတာမှာဆင်းပြီး ဂိုက် ၃၀၀ လောက်လမ်းလျှောက်လိုက်လျှင် ဟိုတယ်ကို ရောက်သွားပေမည်။

ဘိလပ်က တခြားမြို့တွေကိုရော ဘယ်လိုသွားတာ အဆင်အပြေဆုံး အသက်သာဆုံးဖြစ်မလဲ ဆက်ရှာနေပြန်သည်။ ရထားကမြန်သည်၊ ဈေးကြီးသည်။ ကားက ဈေးသက်သာသည်၊ ရထားထက် နှစ်ဆ၊ သုံးဆလောက်ပိုကြာမည်။ ကားငှားပြီး မောင်းသွားရင်ကော။ အင်း … ကားလမ်းက လက်ဝဲကပ်မောင်း ဖြစ်နေသည်။ စတီရာတိုင်ကတော့ ရွာမှာလိုပဲ ညာဖက်မှာ ရှိမှာမို့ သိပ်ပြဿနာမရှိလှ။ လမ်းက ဘယ်ကပ်နေတာက ခက်သည်။ အ၀ိုင်းတွေကလည်း များမှများ။ အပတ်မှားလို့ရှိရင် တခြားကားတွေနဲ့ ထိပ်တိုက်တွေ့နိုင်သည်။ အင်း သိကျွမ်းသူများနဲ့ မေးဦးမှပါ။ ကော်ကြီးသိုက ဘိလပ်မှာ အတော်ကြာကြာနေဖူးတော့ သိနိုင်သည်။ ပြီးမှပဲ ဖုံးဆက်မေးဦးမယ်။

တဖြေးဖြေးနှင့် မိုးက စင်စင်လင်းလာသည်။ ညစာတုန်းက အရည်သောက်နှင့်သာ ပြီးထားတော့ ဗိုက်ကလည်း တကွိကွိမြည်လာပြီ။ ကံကောင်းချင်တော့ ထမင်းကြော်စားရသည်။ ကံဆိုးချင်တော့ ပါနေကျ ၀က်ပေါင်ခြောက်ကမပါ။ ထားတော့။ အရေးကြီးသည်က အမေရိကားပြန်လာဖို့ ပြည်ဝင်ခွင့်ဗီဇာအတွက် လိုအပ်တဲ့ စာရွက်စာတမ်းတွေ စုံဖို့လိုသည်။ ဒီအနံကြီး ကွင်းကျယ်တွေက သိပ်မလွယ်။ စိတ်မထင်ရင် မထင်သလို ရစ်နိုင်သည်။ မိမိ တိုင်းပြည်မှာ ဗီဇာမ၀င်ပဲ ဘိလပ်မှာ ခရီးကြုံ ဗီဇာဝင်တာကို ပြဿနာ ရှာမယ်ဆို ရှာလို့ရသည်။ လိုတာတွေတော့ ပါပြီ။ ဒါကိုမှ ရစ်နေသေးရင်လည်း အမိနိုင်ငံတော်ကြီးကို ပြန်ရုံပ။ သိပ်တော့ ကိစ္စမရှိပါ။

အခုလောလောဆယ် အရေးကြီးနေတာက ဘိလပ်ဗီဇာ။ အခုထိ လက်ထဲ မရောက်သေး။ ယောက်မြို့အသစ်ကြီးမှာ ရှိတဲ့ ဘိလပ်ကောင်စစ်ဝန်ရုံးကို အမြန်ချောပို့နဲ့ ပို့ထားတာ ၁၀ ရက်လောက် ရှိနေပြီ။ မနေ့ကတော့ အားချင်းပို့လိုက်မယ်လို့ ဖုံးဆက်လာတော့ ဒီနေ့ လေယာဉ်မထွက်ခင် အမီ ရောက်ကောင်းပါရဲ့။ သေချာအောင် စစ်ကြည့်ဦးမှ။ ကောင်စစ်ဝန်ရုံးက ပို့ထားတဲ့ မှတ်ပုံတင်စာအမှတ်ကို အင်တာနက်မှာ ရှာကြည့်လိုက်တော့ နိုင်ငံကူးလက်မှတ်က လမ်းတ၀က်ရောက်နေပြီ။ ရာသီဥတုကတော့ ဆိုးနေဆိုပဲ။ ဟုတ်မှာ။ ဒီမှာလည်း ကောင်းကင်တခွင်လုံး မှိုင်းပြီး မိုးတွေက ဖြိုးဖြိုးဖြောက်ဖြောက်နဲ့။ နှစ်ဖက်သော ဘောလုံးသမားများအကြိုက် ရာသီဥတု။

လက်ဆောင်ပစ္စည်းလေး နဲနဲ ထွက်ဝယ်ရဦးမယ်။ လျှပ်စစ်ပစ္စည်းတွေကို ဘိလပ်က ပလပ်ပေါက်နဲ့ သုံးလို့ရအောင် ကြားခံ ပလပ်ပေါက် ၀ယ်ရဦးမယ်။ အင်္ကျီ မီးပူတိုက်ရဦးမယ်။ အချိန်ကပ်ပြီးမှ လုပ်တတ်သည့်အကျိုးကို ကောင်းကောင်းကြီး ခံစားနေရသည်။ နောင်တတော့ သိပ်ရပုံမပေါ်။ စိတ်ပုသူများကသာ ပူနေသည် စာရေးသူကတော့ အေးအေးဆေးဆေး။

လိုအပ်သည်များကို ၀ယ်ခြမ်းပြီးတော့ နေ့လည် ၁ နာရီထိုးနေပြီ။ နိုင်ငံကူးလက်မှတ်လည်း ရောက်လာပြီ။ စာရွက်စာတမ်းစုံပြီ။ အ၀တ်မီးပူတိုက်။ ကားနောက်ဖုံး ဂိုထောင်ထဲရှိ သေတ္တာတစ်ခုထဲက ကြောင်လျှာသီး နှစ်ခုသွားထုတ်။ ၀တ်မယ့်အ၀တ်တွေပုံထား သေတ္တာထဲ ထည့်စရာရှိတာထည့်၊ ကျောပိုးအိတ်ထဲ ထည့်မှာတွေထည့် နှင့် ဇယ်ဆက်သလို လုပ်နေသည်။ တအိမ်လုံးကတော့ ခရမ်းချဉ်သီး ငပိချက်နံ့ဖြင့် ထုံသင်းလို့နေသည်။ ဘိလပ်သားတွေတော့ စာရေးသူကို ဗမာမှန်း မမေးပဲ သိနိုင်လောက်သည်။ အားလုံးပြီးတော့ ရေမိုးချိုး၊ ဘုရားကန်တော့ပြီး အသင့်စောင့်နေသည့် လေကြယ်ကားကြီးပေါ်ကို အခန့်သားတက်ကာ လေယာဉ်ကွင်းကို ရောက်လာသည်။ သူငယ်ချင်းကြီးများက ဘိလပ်သွားမည်ဆိုတော့ တကူးတက လိုက်ပို့ကြသည်ပေါ့။ အချို့သော လိုက်ပို့သူများက ခရီးသွားမယ့်သူထက်ပင် သားနားနေတော့ စာရေးသူပင် အားငယ်ချင်သလိုလို။ အင်းလေ .. ဘိလပ်သွားမယ်ဆိုတော့ လေယာဉ်ကွင်းမှာ လိုက်ပို့သူများနဲ့ ဓါတ်ပုံလေးဘာလေး ရိုက်ကြရဦးမှာပေါ့။ လေဆိပ်ထဲ ၀င်ဖို့ကလည်း မှတ်ပုံတင်ပြ စာရင်းသွင်းတွေ လုပ်နေဖို့မှ မလိုတာ။ ဒါပေမယ့် လေဆိပ်ရောက်တော့ ပုဂ္ဂိုလ်လေးက အိပ်မောကျနေပြီ။ ကလေးကို မနိုးချင်တာနဲ့ ကျန်သူများလည်း မဆင်းတော့ပဲ စာရေးသူကိုသာ တာ့တာ ဘိုင့်ဘိုင် လုပ်ပြီး ထွက်သွားကြတော့သည်။

လေဆိပ်ထဲရောက်တော့ ဘိလပ်လေကြောင်းလိုင်း ကောင်တာပင် ဖွင့်တောင် မဖွင့်သေး။ ခြေတညောင်းခန့်ကြာမှ လေကြောင်းလိုင်း ၀န်ထမ်းများ အလျှိုအလျှိုရောက်လာသည်။ ရှေ့ကရောက်နှင့်ပြီး ခရီးသည်များ တစ်ယောက်ပြီးတစ်ယောက် သေတ္တာအပ်ပြီးသွားတော့ စာရေးသူအလှည့်။ ကံကြမ္မာက ကျီစားလေပြီ။ နပုန်းလိင် ၀န်ထမ်းနှင့် တွေ့ရ၏။ စကားမရှိ စကားရှာပြီး ပြောနေသည်။ ဗီဇာမှာ ရက်စွဲရေးထားတာကိုပင် ရှေ့ကဟာ လလား၊ ရက်လား ဆိုတာ မေးနေသည်။ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးထားတာ ဘယ်နားမှာလည်း မေးသည်။ အားလုံးဖြေပြီးတော့ စာရေးသူသွားရမည့် လေဆိပ်ဝင်ပေါက်ကို ကနွဲ့ကလျဖြင့် လက်ညှိုးညွှန်ပြသည်။ ကျောချမ်းလိုက်သည့်ဖြစ်ခြင်း။

လုံခြုံရေး ဂိတ်ကို ခပ်သွက်သွက်လျှောက်သွားပြီး အစစ်ဆေးခံလိုက်သည်။ အားလုံးပြီးတော့ ညနေ ငါးနာရီ။ လေယာဉ်က ခွန်နစ်နာရီခွဲမှ ထွက်မည် အချိန်အတော်ကျန်သေးသည်။ အကောက်ခွန်မဲ့ ဆိုင်ထဲ ၀င်ကြည့်တော့ သူရာရည်များ အတော် ဈေးတန်နေသည်။ ဟန်ကျပြီ။ မိတ်ဆွေများအတွက် သူရာရည် ရောသော ကော်ဖီနှစ်ပုလင်း ၀ယ်လိုက်သည်။ မ၀ယ်ခင် ဘိလပ်ရဲ့ ဥပဒေက သူရာရည် ဘယ်လောက် သယ်ခွင့်ရှိသလဲ ဆိုတာ စုံစမ်းရသေးသည်။ လေယာဉ်နဲ့ ဆင်းလာလို့ ဥပဒေရဲ့ အထက်က ရှိနေမည် ထင်လျှင် မှားသွားမည်။ ဘိလပ်မှာ ဥပဒေရဲ့ အထက်တွင် ဘယ်သူမှ မရှိ။ မိမိတို့နိုင်ငံကို ကျူးကျော်ထားစဉ်ကပင် သူတို့ချမှတ်ထားသော ဥပဒေကို သူတို့ လေးစားခဲ့သည်။ ဒါကြောင့်လည်း ကိုလိုနီ ဥပဒေအတွင်းမှာပင် ကျောင်းသားသပိတ်များ၊ အခြားသော အမျိုးသား နိုင်ငံရေး စည်းရုံးမှု ကိစ္စများ ပေါ်ပေါက်နိုင်ခဲ့သည် မဟုတ်ပါလား။

ဘိလပ်သွားလေယာဉ်ကြီး ရပ်ထားတာကို မြင်နေရသည့် စားသောက်ဆိုင်တွင်ထိုင်ပြီး အသားညှပ်ပေါင်မုန့် နှင့် ဘီယာမှာလိုက်သည်။ ပြီးတော့ … ပြီးတော့ ဒီဘလောက်ပို့စ်ကို ရေးနေလိုက်ပါသည်။ စာပြီးချိန်ကား ညနေ ၆ နာရီ ၁၆ မိနစ်။ နောက်တစ်နာရီဆိုရင် လေယာဉ်ထွက်လောက်ပြီ။ ဘက်ထရီ အားကောင်းနေသေးရင်၊ ဈာန်ဝင်လာရင်၊ အိပ်မပျော်သေးရင် လေယာဉ်ပေါ်မှာ၊ အတ္တလန်တိတ် သမုဒ္ဒယာရဲ့ ကောင်းကင်မှာ ဘလောက် ဆက်ရေးဖြစ်ပါဦးမည်။

အပိုင်း (၂) သို့

Read More...

Tuesday, November 13, 2007

A visit to New England (5)

၁၃၊ ၁၁၊ ၂၀၀၇

အင်္ဂလန်ပြည်သစ် သို့ အလည်တစ်ခေါက် (၅)
ဘော်စတွန်မြို့

တောင်းပန်ခြင်း
အခုရက်ပိုင်းတွေမှာ ပို့စ်အသစ် မတင်ဖြစ်တဲ့အတွက် အလည်ရောက်လာတဲ့ မိတ်ဆွေအများကို တောင်းပန်ပါတယ်။ အခုတော့ လက်ကျန်ရှင်းတမ်းအနေနဲ့ အင်္ဂလန်ပြည်သစ် ခရီးသွားဆောင်းပါး နောက်ဆုံးပိုင်းကို တင်လိုက်ပါတယ်။

ထောပတ်ထမင်းစားပြီး သကာလ ထုံးစံအတိုင်း ၀ိုင်းထိုင်ကြကာ သန်းခေါင်တိုင်အောင် စကားဖောင်ဖွဲ့ကြပြန်သည်။ ဒီတစ်ခါ ပြောဖြစ်ကြတာကတော့ ဒီနိုင်ငံမှာ အမြဲတမ်းနေထိုင်တော့မယ် ဆိုရင် မိမိတို့ရဲ့ သားသမီးတွေကို ဗမာယဉ်ကျေးမှု ဓလေ့ထုံးစံတွေအတိုင်း ပြုစုပျိုးထောင်မှာလား ဒါမှမဟုတ် ဒီက ယဉ်ကျေးမှု ထုံးစံတွေအတိုင်း လိုက်လျောလိုက်မှာလား ဆိုတာပါပဲ။ စာရေးသူမှာ ကိုယ်ပိုင်ကလေး မရှိသေးတော့ ကလေးရှိသူ၊ ရှိနိုင်ချေ များသူတွေကို အချွန်နဲ့ မ ပေးလိုက်ရုံပ။ အမြင်တွေကတော့ အမျိုးမျိုးပါ။ သားယောက်ျားလေး ဆိုရင် တစ်မျိုး၊ မိန်းကလေး ဆိုရင် တစ်မျိုး။ ဘယ်လို အပြုအမူမျိုး ဆိုရင် လက်ခံမယ်။ ဘယ်လိုဆိုရင်တော့ လုံးဝပဲ ဆိုတာမျိုးပေါ့။ ယတိပြတ်အဖြေတော့ ထွက်မလာပါ။ မိသားစု တစ်စုချင်း ကိစ္စ ပေပဲကိုး။ စာရေးသူ သတိထားမိတာကတော့ မြန်မာမိဘတွေဟာ မြန်မာပြည်မှာတုန်းက လုံးဝလက်မခံနိုင်လောက်တဲ့ အပြုအမူတွေကို ဒီနိုင်ငံရောက်လာတဲ့အခါမှာ ကျေနပ် လက်ခံလာကြတာပါ။ ဆိုတော့ လူတစ်ယောက်ရဲ့ အပြုအမူ တစ်ခုဟာ နေရာဒေသပေါ်လိုက်ပြီး ယဉ်ကျေး၏ မယဉ်ကျေး ဆိုတာမျိုး ဖြစ်သွားပါတယ်။ လောကကြီးမှာ “နှိုင်းရအမှန်” (relative truth) တွေ အများကြီးပါလားလို့ သဘောပေါက်မိပါတယ်။

ဒီလိုနဲ့ တနင်္ဂနွေနေ့ မနက်မှာတော့ အိပ်ရာထကတည်းက ဘော်စတွန်သွားဖို့ လုံးပမ်းကြပါတယ်။ ကားငှားတဲ့ ဆိုင်က တနင်္ဂနွေမဖွင့်တော့ ခက်နေပါလေရော။ သူငယ်ချင်းရဲ့ကားက လူ ၇ ယောက် ကျပ်ကျပ်သပ်ထိုင်ရင် ရပေမယ့် ခရီးဝေးမှာတော့ သိပ်မသက်သာလှ။ ဘော်စတွန်ကလည်း ၀ီလီယံမြို့ကနေ မိုင် ၁၅၀ ကျော် ဝေးသေးတယ် မဟုတ်လား။ ဒါနဲ့ပဲ စာရေးသူက အကြံပေးလိုက်ပါတယ်။ ကားနောက်ဖက် ပစ္စည်းတင်တဲ့နေရာမှာ တစ်ယောက်ထိုင်လိုက်ရင် မကောင်းဘူးလားပေါ့။ တကယ်လုပ်ဖြစ်သွားတော့ ပထမဆုံး အလှည့်ကျသူက အကြံပေးသူ ကျွန်တော်မျိုးပါ။ ဘေးပတ်ဝန်းကျင် ရှုခင်းမမြင်ရတာကလွဲလို့ သိပ်တော့မဆိုးပါ။ အိပ်ငိုက်လို့တောင် ရသေး။

အသွားမှာတော့ ပြည်နယ်တွင်း အဝေးပြေးလမ်း အမှတ်-၂ ကနေ သွားကြပါတယ်။ နေ့လည်စာကို မက်ဒေါ်နယ်ဆိုင်မှာပဲ ကမန်းကတန်း စားကြပြီး ခရီးဆက်ကြပြန်ပါတယ်။ နာမည်ကြီး ဟားဗတ် တက္ကသိုလ်က ဘော်စတွန် မရောက်ခင် ကိန်းဘရစ်ခ်ျ ဆိုတဲ့ နေရာမှာ ရှိတော့ အဲ့ဒီကို အရင် ၀င်ကြပါတယ်။ ရာသီဥတုကလည်းသာယာ တနင်္ဂနွေကလည်းဖြစ်ပြန် ဆိုတော့ ကိန်းဘရစ်ခ်ျ မှာ ကြက်ပျံမကျ စည်ကားနေပါတယ်။ စာရေးသူတို့လည်း ဟိုဟိုသည်သည် လျှောက်သွားရင်း ဟားဗတ်တက္ကသိုလ်ကို တည်ထောင်သူလို့ လူသိများတဲ့ John Harvard ရဲ့ ရုပ်တုရှေ့မှာ ဓါတ်ပုံ ရိုက်ကြပါတယ်။ နောက်မှ ၀ိကီကနေတဆင့် သိရတာက မစ္စတာ ဟားဗတ်ဟာ တက္ကသိုလ်ကို တည်ထောင်သူ တစ်ယောက်မဟုတ်ပဲ အလှူရှင်တစ်ဦးမျှသာ ဖြစ်ကြောင်းပါ။ မည်သို့ပင် ဆိုစေကာမူ စာရေးသူတို့ သူငယ်ချင်း တသိုက် ဓါတ်ပုံရိုက်လာတာကိုတော့ ဘေးမှာ ရှုစားနိုင်ပါတယ်။

ကိန်းဘရစ်ခ်ျမှာ လည်ပြီးတော့ MIT (Massachusetts Institute of Technology) ကိုသွားမယ် ဆိုပြီး ထွက်လာလိုက်တာ ကံဆိုးချင်တော့ လမ်းမှားပြီး မရောက်ခဲ့ပါ။ ဒါပေမယ့် ကံကောင်းချင်တော့ ချားလ်စ် မြစ်ထဲမှာ လှေလှော်ပြိုင်ပွဲ လုပ်ဖို့ ပြင်ဆင်နေတာ တွေ့ခဲ့ရပါတယ်။ ၄ ယောက်လှော်၊ ၈ ယောက်လှော် ရောင်စုံလှေတွေပေါ်က ရောင်စုံအင်္ကျီ ဆင်တူဝတ် လှေလှော်သားတွေဟာ စိမ်းမြတဲ့ မြစ်ပြင် နဲ့ ပနံရနေကြပါတယ်။ အားလုံး အစီး ၂၀ လောက်ရှိမယ် ထင်ရဲ့။ အားပေးနေတဲ့ ပရိတ်သတ်ကလည်း ကမ်းလုံးညွတ်မျှပါပဲ။ စာရေးသူ တက္ကသိုလ် ရောက်စက ရန်ကုန်တက္ကသိုလ်များ လှေလှော်အသင်းမှာ လှေလှော်ခဲ့ချိန်တွေကို ပြန်သတိရမိပါရဲ့။ အချိန်နည်းနေလို့ လှေပြိုင်ပွဲကို ကားပေါ်ကနေပဲ ကမန်းကတန်း ကြည့်ပြီး ခရီးဆက်ခဲ့ကြပါတယ်။

ကဲ .. ရောက်ပါပြီ။ ဘော်စတွန်မြို့။ အဆောက်အဦမြင့်တွေ ပြည့်နေတဲ့ မြို့ထဲကို ကားလျောက်မောင်း ကြည့်ရှုပြီး ကမ်းနားကို အလည်သွားကြပါတယ်။ အပျော်စီးသင်္ဘောတွေ၊ ဇင်ယော်တွေ၊ လေညှင်းခံသူတွေ နဲ့ စည်ကားတဲ့နေရာ တစ်ခုပါ။ စာရေးသူတို့တွေလည်း လေညှင်းခံရင်း ဓါတ်ပုံတွေ ဟိုရိုက်ဒီရိုက်၊ သူများတွေကို ဟိုငေးဒီငေး လုပ်နေရင်း နေစောင်းလာတော့ ကမ်းနားက ဆိုင်လေးတစ်ဆိုင်ကို ခဏ၀င်ပြီး ဘီယာသောက်ကြပါတယ်။ သဘာဝရှုခင်း ကို ကြည့်ပြီး ဘီယာသောက်ရတာ အရသာတစ်မျိုးပါ။

အားလုံး ဗိုက်ဆာလာကြတော့ အိမ်ရှင်သူငယ်ချင်း ညွှန်းတဲ့ တရုတ်ဆိုင်ကို သွားစားဖြစ်ပါတယ်။ ညွှန်းသလောက်လဲကောင်း၊ ကောင်းသလောက်လဲစားကြတော့ မှာသမျှ တက်တက် ပြောင်ပါရော။ မိုးလည်း ချုပ်လာပြီဆိုတော့ ၀ီလီယံမြို့ကို အမြန်ရောက်မယ့် အဝေးပြေး လမ်းအမှတ်-၉၀ အတိုင်း အသော့နှင်ခဲ့ကြပါတယ်။ တည်းအိမ်ပြန်ရောက်တော့ မိုးအတော်ချုပ်နေပြီ။ ခရီးကလည်း ပမ်းလာတော့ သိပ်စကားမပြောနိုင်ကြပဲ အိပ်ရာဝင်ကြပါတယ်။

တနင်္လာနေ့မှာတော့ အိမ်ရှင်သူငယ်ချင်းတို့ကို နှုတ်ဆက်ပြီး ပြန်လာခဲ့ကြပါတယ်။ အပြန်လမ်းမှာ တွေ့ခဲ့တဲ့ Pontoosuc Lake အမည်ရ ရေကန်မှာ ခဏနားရင်း အရောင်ပြောင်းတောအုပ်၊ အိမ်နဲ့ ကောင်းကင်ပြာပြာတွေ ရေကန်မှာ အရောင်ပြန်နေတာကို မှတ်တမ်းတင်ခဲ့ပါတယ်။

အမှတ်တရ ခရီးတစ်ခု ဖြစ်မြောက်ခဲ့တဲ့အတွက် သူငယ်ချင်းအားလုံးကို ကျေးဇူး အထူးတင်ရှိပါတယ်။

ပြီးပါပြီ။


Read More...

Tuesday, October 30, 2007

A visit to New England (4)

၃၀၊ ၁၀၊ ၂၀၀၇

အင်္ဂလန်ပြည်သစ် သို့ အလည်တစ်ခေါက် (၄)
စားကြမယ်ဟေ့ ကောင်းကောင်း

ဗားမောင့်ကနေ ပြန်လာတော့ ညနေစာ စားဖို့ စောနေသေးတာနဲ့ စာရေးသူက လှုံ့ဆော်လိုက်ပါတယ် “ထောပတ်ထမင်း နဲ့ ကြက်သားဟင်း ချက်စားကြရအောင်” ဆိုပြီးတော့ပေါ့။ အားလုံးပဲ ငြင်းပါတယ် “ဟုတ်ကဲ့” တဲ့။ ဒါနဲ့ပဲ စာရေးသူ ဟော့ပ်ကင်း မှာ အနှစ်နှစ်အလလ သင်ယူလာတာလေးတွေ လက်စွမ်းပြခွင့် ကြုံတာပေါ့။
ကဲ ချက်နည်းလေး ရေးပေးဦးမှပါ။ ဒါမှ စာရှုသူတို့ စမ်းကြည့်လို့ရမှာ။

လိုတာတွေကတော့ ...
  • ဆန် (ပါစမာတီ) - ၄ ဗူး
  • ထောပတ် (ရိုးရိုး သို့မဟုတ် ဟင်းချက်ထောပတ်) - ထမင်းစားဇွန်း ၄ ဇွန်း
  • ကရဝေးရွက် - ၄-၅ ရွက်ခန့်
  • သစ်ဂျပိုးခေါက် - ၁ ခု
  • ကုလားပဲ - ၁ ဗူး
  • ကြက်သွန်နီ - ၄-၅ လုံးခန့်
  • ကြက်သွန်ဖြူ - ၁ ဥ
  • အရောင်တင်မှုန့် - သင်ရုံ
  • မဆလာ - သင့်ရုံ
  • ငံပြာရည် - သင့်ရုံ
  • ကြက်သား - ၁ ကီလို
  • အချိုမှုန့် - သင့်ရုံ
  • ဆား - သင့်ရုံ
  • ဆီ - သင့်ရုံ
ပါစမာတီ ဆန်ကို ရေစိမ်မယ်။ ကုလားပဲကိုလည်း သတ်သတ် ရေစိမ်ထားမယ်။ ပြီးရင် ကုလားပဲကို မကျက်တကျက် ပြုတ်မယ်။ ဆားနည်းနည်းထည့်မယ်။ မဝေအောင် သတိထားရမယ်။

ကဲ ထမင်း ချက်ရအောင်။ ထမင်းကို ပေါင်းအိုးနဲ့ ချက်ရင် သိပ်အဆင်မပြေပါ။ အိုးမကပ်တတ်တဲ့ အိုးတစ်လုံးကို သုံးရင် ပိုကောင်းတယ်။ ထောပတ်ကို အပူပေးပြီး ဆီဖြစ်လာပြီဆိုရင် ကရဝေးရွက် နဲ့ သစ်ဂျပိုးခေါက်လေး ထည့်ပြီး ခဏမွှေထားမယ်။ ကြည့်နေရင်းနဲ့ ဆီက အနီရောင်သမ်းလာပြီ ဆိုရင် ရေဆေးထားတဲ့ ပါစမာတီ ဆန်ကို ရေစစ်ပြီး ထည့်မယ်။ နည်းနည်း မွှေပေးလိုက်ပြီး မကျက်တကျက် ပြုတ်ထားတဲ့ ကုလားပဲပါ ရောပြီး သမအောင်မွှေမယ်။ ပြီးရင် ရေကို ၆-ဗူးလောက်ထည့်မယ်။ ဒါဆိုရပြီ အဖုံးဖုံးပြီး ထမင်းအိုးကို ဆက်တည်ထားမယ်။ ကြက်သားဖက် လှည့်ရအောင်။

အရေးထဲ ကြက်သားသွားဝယ်တဲ့ ပုဂ္ဂိုလ်တွေက ပြန်မလာသေးဘူး။ လုပ်လို့ရတာလေးတွေ လုပ်ထားဦးမှ။ ကြက်သွန်နီ၊ ဖြူ ထောင်းထားမယ်။ ငြုပ်ဆုံမရှိရင် စက်နဲ့ကြိတ်လို့ရပါတယ်။ ဒါမှမဟုတ်လဲ ဓါးနဲ့ နုတ်နုတ်စင်းပေါ့။ ပြီးရင် ဆီ (သင့်ရုံ - ဘယ်လောက်မှန်းမသိဘူး။ ခေါင်းထဲ အော်တို ရောက်လာသလောက်) ထည့်ပြီး ကြက်သွန်နီ ဆီသတ်မယ်။ ခဏလောက်ကြာမှ ကြက်သွန်ဖြူထည့်၊ တခါတည်း ငံပြာရည်ပါထည့် ပြီး ဆီဆက်သတ်မယ်။ ဟော ကြက်သားလာပြီ။ ကဲ မြန်မြန် ရေဆေး၊ ဓါးနဲ့မွှန်းပြီး ဆား၊ ဆနွင်းလေး နယ်ပါဦး။ အမှန်က စောစောကတည်းက ကြက်သားကို နယ်ထားရမှာ။ ထားပါလေ။ အမြဲတမ်း စာအုပ်ကြီးအတိုင်း လုပ်လို့ မဖြစ်ဘူး မဟုတ်လား။

ဟာ ကြက်သွန်ဆီသတ်တာ တူးတော့မယ်။ ကြက်သားတွေ မြန်မြန်ထည့်မှ။ နေဦး အရောင်တင်မှုန့်မေ့နေပြီ။ ကဲ မြန်မြန်ထည့်။ ဟုတ်ပြီ ကြက်သားတွေပါထည့်။ လုံးလိုက်။ ပြီးရင် ရေထည့်။ အိုကေ။ ဒါဆိုရပြီ။ ချခါနီးမှ မဆလာလေး၊ ဆား၊ အချိုမှုန့်လေး သင့်သလို ခတ်လိုက်ရုံပ။

ထမင်းအိုးကို လည်း သွားပြန်ကြည့်ဦး။ တူးနေဦးမယ်။ ကျက်ပြီထင်ရင် မီးဖိုပေါ်ကချလိုက်။

ဒါပဲ။ ရပြီ။ ချက်စားကြပေတော့။

ခရီးသွား ဆောင်းပါးလည်း တော်တော် ရှည်သွားပြီ။ နောက်တစ်ရက် ဘော်စတွန် သွားတဲ့ အကြောင်း ရေးပြီးရင်တော့ တော်ပါပြီ။ တစ်ခါတစ်ခါ ခရီးထွက်ရတာလည်း မလွယ်ပါလားနော်။

(၅) သို့


Read More...

Monday, October 29, 2007

A visit to New England (3)

၂၉၊ ၁၀၊ ၂၀၀၇

အင်္ဂလန်ပြည်သစ် သို့ အလည်တစ်ခေါက် (၃)
မန်ချက်စတာမြို့၊ ဗားမောင့်ပြည်နယ်
မူလအစီအစဉ်က မနက်စောစောထပြီး သောင်းအေးတို့ လှအေးတို့လို (TownAce, HighAce) ကားမျိုး တစ်စီးငှားပြီး ဘော်စတွန် (Boston) ကို သွားလည်ကြမလို့ပါ။ ဒါပေမယ့် ညက သူငယ်ချင်းတတွေ စကားကောင်းနေပြီး အတော်ညဉ့်နက်သွားတာနဲ့ မနက်ကို စောစော မနိုးကြပါ။ စာရေးသူက အိပ်ရာဝင်ပြီး ၆ နာရီကြာရင် အလိုလို နိုးလာတတ်တော့ မနက် ၈ နာရီလောက် နိုးနေပြီး ပြန်လည်း မနှပ်ချင်တော့တာနဲ့ မျက်နှာသစ်ပြုပြီး မီးဖိုထဲ အစာရှာထွက်ပါတယ်။ ထမင်းကြမ်းနဲ့ ကြက်ဥတွေ တွေ့တော့ ဟုတ်ပြီဟ ဆိုပြီး အားလုံးအတွက် ကြက်ဥထမင်းကြော် ကြော်နေတုန်းမှာပဲ တစ်ယောက်ပြီး တစ်ယောက် နိုးလာကြပြီး ရေနွေးတည်သူ၊ ကော်ဖီ ဖျော်သူ၊ ထမင်းစားပွဲပြင်သူနဲ့ မီးဖိုထဲမှာ စည်ကားလာပါတယ်။

မနက်စာ စားသောက်ပြီးစီးတော့ ၁၀ နာရီလောက် ရှိနေပြီ။ ဘော်စတွန်က မိုင် ၁၅၀ ကျော်လောက် ဝေးတော့ ၃ နာရီလောက် မောင်းရမယ်။ အသွားအပြန်ဆို ၆ နာရီ။ ကားငှားဖို့ကလည်း ရှိသေး ဆိုတော့ ဘော်စတွန်မှာ လည်ဖို့အချိန် နည်းနေမယ်ဆိုပြီး အစီအစဉ်ပြောင်းကာ ဗားမောင့်ကို သွားဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။

ဝီလီယံမြို့က မက်ဆာချူးဆက်ပြည်နယ်ရဲ့ အနောက်မြောက်ဘက်ထောင့်နားလေးမှာ ရှိတော့ ဗားမောင့် ပြည်နယ်နဲ့က ကပ်နေတာ။ ဒီရာသီကလည်း ဗားမောင့်ပြည်နယ်ရဲ့ အလှဆုံးအချိန်ဆိုတော့ အားလုံးသဘောတူ ဗားမောင့်ကိုပဲ ရွေ့ကြပါတယ်။

အိမ်ရှင်သူငယ်ချင်းရဲ့ RAV4 ထဲမှာ လူကြီး ၆ ယောက်နဲ့ ကလေး တစ်ယောက် ကျပ်ကျပ်သပ်သပ်ထိုင်ရင်း ပြည်နယ်တွင်း အဝေးပြေးလမ်း (Local Highway) အမှတ် ၇ အတိုင်း မြောက်ဘက်ကိုသွားကြပါတယ်။ လူဝတာ နာမည်သာဆိုးတာ ဤနေရာတွင် စားသာပါသည်။ အရှေ့ခန်း ထိုင်ခုံကို အပိုင်စား ရကာ ကားမောင်းခွင့် ရလေ၏။ စာရေးသူလည်း ကိုယ့်လက်ရှိဝင်ငွေ၊ နောင်လာမယ့် ၀င်ငွေတွေနဲ့ ဘယ်လိုမှ ၀ယ်စီးနိုင်မှာ မဟုတ်တဲ့ RAV4 ကို မြောက်ကြွမြောက်ကြွနဲ့ မောင်းလာပါတယ်။ လမ်းခရီးမှာ တစ်မိုင်ထက် တစ်မိုင် ပိုပိုလှလာတဲ့ ရှုခင်းတွေကို ကြည့်ရင်း မိုင် ၄၀ လောက်သွားလိုက်ရင်ပဲ ဗားမောင့်ပြည်နယ်က မန်ချက်စတာမြို့ကို ရောက်ပါတယ်။ (ဓါတ်ပုံ - စာရေးသူ၏ သူငယ်ချင်းကြီး နှင့် RAV4)

မန်ချက်စတာဆိုတာ စက်ရုံကနေ တိုက်ရိုက်လာရောင်းတဲ့ အ၀တ်အထည်နဲ့ လူသုံးကုန် ဆိုင်လေးတွေပြည့်နေတဲ့ မြို့သေးသေးလေးပါ။ မန်ချက်စတာ စီးတီးဘောလုံးအသင်းရဲ့ကွင်း ကို ရှာကြည့်ကြသေးတယ်။ မတွေ့ပါ။ စနေနေ့ဆိုတော့ အနီးပတ်ဝန်းကျင်မြို့တွေက ဈေးဝယ်လာသူတွေနဲ့ အတော်စည်ကားနေပါတယ်။ ရှမ်းပြည်က ငါးရက်တစ်ဈေး လုပ်လေ့ရှိတဲ့ ဈေးနေ့ကို မြင်ကြည့်လိုက်ပါ။ ထော်လာဂျီနဲ့ ဈေးကြို ရှေးဟောင်း ဘတ်စကားကြီးတွေ အစား ၂၀၀၆၊ ၂၀၀၇ ခုနှစ်မှာ ထုတ်လုပ်တဲ့ ဂျပန်၊ အမေရိကန် ကားတွေကို တွေ့ရတာကလွဲလို့ လူတွေ စည်ကားတာ၊ ကလေးတွေ ပျော်ရွှင်နေတာ၊ ဈေးသည်တွေ တက်ကြွနေတာ အတူတူပါပဲ။ စာရေးသူလည်း နတ်ကရာကျီးမော နဲ့ ဟိုဆိုင်ဝင်လိုက် ဒီဆိုင်ဝင်လိုက် ၀င်းဒိုးရှော့ပင်း လုပ်နေလိုက်ပါတယ်။ နောက်တော့ တစ်ဒေါ်လာတန်ဆိုင်မှာ ပရင်တာကြိုးရလို့ ၀မ်းသာအားရ တစ်ခုတိတိ ၀ယ်လိုက်ပါတယ်။ (ဓါတ်ပုံ - စာရေးသူ အိပ်ထဲ လက်နှိုက်ပြီး ဂိုက်ပေးနေပုံ။)

ဒီလိုနဲ့ ဗိုက်ထဲက တယ်လီဖုန်းမြည်လာပြီး နေ့လည်စာသွားစားကြပါတယ်။ ဘယ်ဆိုင်ရှိရမလဲ စာရေးသူတို့ရဲ့ ဆွေမျိုးပေါက်ဖော်ကြီး ဆိုင်မှာပေါ့။ ပေါက်ဖော်ကြီးကသာ မြန်မာပြည်အရေး လက်ရှောင်ချင်တာ။ စာရေးသူတို့က ပေါက်ဖော်ကြီးရဲ့ မျိုးဆက်တွေ ရောင်းတဲ့ စားသောက်ဆိုင်ဆိုရင် အားပေးပြီးသားပဲ။ ကွာတာလေးတွေ ပြောပါတယ်။ အမှန်ပြောရရင် အတော်စားလို့ကောင်းတဲ့ ဆိုင်ပါ။ ဘာတွေမှာစားမိလဲ .. ပြန်စဉ်းစားဦးမှ။ သြော် သတိရပြီ။ မာလာပင်လယ်စာ၊ ချဉ်စပ်ဟင်းချို၊ ကော်ပြန့်ကြော်၊ တိုဖူးအစပ်ချက်၊ အမည်းသားဟင်း နဲ့ ထမင်းဖြူ။ စားကောင်းကောင်းနဲ့ ထမင်းလိုက်ပွဲ ထပ်တောင်းရပါသေးတယ်။

အပြန်ခရီးမှာ အက်ကွီနော့စ် ဆိုတဲ့ တောင်ကြောလေး တစ်ခုပေါ်ကို ၀င်ခဲ့ကြပါသေးတယ်။ ဆောင်းဦးပေါက် ဆေးရောင်စုံ ရှုခင်းကို တောင်ပေါ်ကနေ ကြည့်လို့ရအောင်ပေါ့။ ဖြစ်ချင်တော့ စာရေးသူတို့ ရောက်တဲ့အချိန်မှာ မိုးကအုံ့လာပြီး လေပါရောလာတော့ အပြင်မှာတောင် ကြာကြာမနေနိုင်ပဲ ကားပေါ်ပြေးပြေး တက်လာကြရပါတယ်။ တောင်ကြောက ပေ-၃၀၀၀ ကျော်လောက်မြင့်မယ် မိုးသာ အုံ့မနေဘူး ဆိုရင် အတော်လှမယ့် ရှုခင်းသာ နေရာပါပဲ။ အခုလို မိုးအုံ့နေတာတောင် နေကွက်ကြားထိုးနေတဲ့ နေရာတွေကို ကြည့်ရတာ ကြည်နူးစရာပါ။ ဓါတ်ပုံထဲမှာတော့ သိပ်မပေါ်ဘူး။ တချို့ရှုခင်းတွေဟာ ဘယ်ပန်းချီရေးလို့ မမီ၊ ဘယ်ဓါတ်ပုံ ရိုက်လို့မမီ ဆိုသလို ကိုယ်တိုင် ကိုယ်ကျ မြင်ရမှ ခံစားလို့ ရတာမျိုး ဖြစ်နေတယ်။

တည်းအိမ်အပြန်မှာတော့ ညစာကို ထောပတ်ထမင်း နဲ့ ကြက်သားဟင်း ချက်စားဖို့ ကြံကြပါတယ်။ နောက်ရက်မှ အမြည်းကြွေးမယ်လေ။

(၄) သို့

်

Read More...

Saturday, October 27, 2007

Fall

၂၇၊ ၁၀၊ ၂၀၀၇

ဆောင်းဦး ရွက်ကြွေ

“ဆောင်းဦးရွက်ကြွေ ချစ်သက်သေ” တော့ မဟုတ်ပါ။ သမပိုင်း ရာသီဥတု အကြောင်း ပြောမလို့။

သမပိုင်းဒေသတွေမှာ ၄-ရာသီ ရှိပြီး နွေဦး၊ နွေ၊ ဆောင်းဦး နဲ့ ဆောင်း တို့ဖြစ်ကြပါတယ်။ ဆောင်းဦးရာသီ ကိုတော့ အင်္ဂလိပ်လို Autumn လို့ခေါ်ပြီး အမေရိကန်လို Fall လို့ အခေါ်များပါတယ်။ ကမ္ဘာ့မြောက်ဘက်ခြမ်းမှာ ရှိတဲ့ သမပိုင်း နိုင်ငံတွေမှာ စက်တင်ဘာ နဲ့ အောက်တိုဘာ လတွေဟာ ဆောင်းဦးရာသီဖြစ်ပြီး ကမ္ဘာ့တောင်ဘက်ခြမ်းက နိုင်ငံတွေမှာ ဆိုရင်တော့ မတ်လပတ်ဝန်းကျင်လောက်မှာ ဖြစ်ပါတယ်။

ဒီအချိန်မှာ နဂိုစိမ်းနေတဲ့ အရွက်တွေ ဘာကြောင့် ၀ါ - နီ - ညို - ကြွေကုန်ကြတယ် ဆိုတာ စပ်စုတတ်သူဆိုရင်တော့ စိတ်ဝင်စားစရာပါပဲ။ ဖတ်မိထားတာလေးတွေ ပြောပြမယ်နော်။

အဲဒီဖြစ်စဉ်ကို ဘိုလို abscission လို့ခေါ်ပါတယ်။ ဗမာလိုတော့ သစ်ရွက်တို့၏နေ၀င်ချိန် လို့ ပြောရမလားပဲ။ ဖြစ်စဉ်တစ်ခုလုံးက သုံးလေးငါး ပတ်လောက်ကြာပါတယ်။ သစ်ရွက်ညှာတံနဲ့ သစ်ပင်ကို ဆက်ထားတဲ့ နေရာမှာ ရှိတဲ့ ဆဲလ်တွေရဲ့ အခွံလေးတွေဟာ တဖြည်းဖြည်းမာကျောလာပြီး ရေအ၀င် အထွက်မရှိနိုင်တော့ပါဘူး။ တချိန်တည်းမှာပဲ သစ်ရွက်ညှာတံမှာ ရှိတဲ့ ဆဲလ်လေးတွေဟာ ယောင်ကိုင်းလာပြီး ပေါက်ထွက် ပျက်စီး ကုန်ပါတယ်။ ရလာဒ်ကတော့ သစ်ပင်အမြစ်ကနေ ပင်စည် အဲဒီကမှ တဆင့် အရွက်ဆီကို ရောက်လာရမယ့် ရေ နဲ့ အခြား အာဟာရဓါတ်တွေ ရောက်မလာတော့တာပါပဲ။ ရေနဲ့အာဟာရ ပြတ်လပ်လာတဲ့ သစ်ရွက်လေးတွေဟာ သူတို့ ထုတ်လုပ်နေကျဖြစ်တဲ့ ကလိုရိုဖီးဓါတ် (chlorophyll) - သစ်ရွက်များကို အစိမ်းရောင် ဖြစ်စေသော ဓါတ် - ကို မထုတ်နိုင်ကြတော့ပါဘူး။

နေ့တာကလည်း တဖြည်းဖြည်း တိုလာလေတော့ နေရောင်ခြည်ရနှုန်း နည်းလာပြီး သစ်ရွက်ကလေးတွေ အစာမချက်နိုင်တော့ပါဘူး။ တစ်နေ့ကြွေရတော့မှာကို သိလာတဲ့ သစ်ရွက်ကလေးတွေဟာ နောက်မျိုးဆက် သစ်ရွက်တွေအတွက် ပင်စည်နဲ့ အမြစ်တွေ အသက်ရှင်သန်နေဖို့ လိုအပ်တယ်ဆိုတာ ကောင်းကောင်း သဘောပေါက်ကြပါတယ်။ ဒါနဲ့ပဲ သူတို့ စုဆောင်းထားတဲ့ အရေးကြီးတဲ့ ဓါတ်ပစ္စည်းတွေကို ပင်စည်ကို ပြန်လွှဲပို့ပေးပြီး ဘ၀ နေ၀င်ချိန်ကို သတ္တိရှိရှိ ရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်ကြပါသတဲ့။

အစိမ်းရောင် ကလိုဖီးလ်ဓါတ်တွေ ပြယ်လာတာနဲ့ အမျှ အရင်ကတည်းကရှိနေပြီး အစိမ်းရောင် ရင့်ရင့်ရဲ့ အလွှမ်းမိုးခံနေခဲ့ရတဲ့ တခြား အရောင်တွေပိုပြီး ပေါ်လွင်လာကြပါတယ်။ ဒါနဲ့ပဲ ဆောင်းဦး သစ်ပင်တွေမှာ အ၀ါရောင်၊ အနီရောင်တောက်တောက် နဲ့ အညိုရောင်တွေ ဖုံးလွှမ်းလာခဲ့တော့တာပေါ့။

လူတွေက မြင်တွေ့နေကျ မဟုတ်တဲ့ ရောင်စုံသစ်ပင်တွေကို ကြည့်ရှု ကြည်နူးနေတဲ့အချိန်မှာပဲ ရောင်စုံသစ်ရွက်တွေဟာ မြေမှာ ခကြရလေတယ်။

ဝန်ခံချက်

ဓါတ်ပုံများမှာ မနှစ်က ဆောင်းဦးပေါက်မှာ ရှဲနန်ဒို အမျိုးသား ဥယျာဉ် (Shenandoah National Park) ကို သွားစဉ်က ရိုက်ထားသော ပုံများဖြစ်ပါသည်။

စာကိုး
Autumn leaves can fertilize the landscape, if we allow them
http://en.wikipedia.org/wiki/Autumn

Read More...

Friday, October 26, 2007

A visit to New England (2)

၂၆၊ ၁၀၊ ၂၀၀၇

အင်္ဂလန်ပြည်သစ် သို့ အလည်တစ်ခေါက် (၂)
ဝီလီယံမြို့

စာရေးသူရဲ့ သူငယ်ချင်း လင်မယားက ဒီမြို့လေးကို ပြောင်းလာတာ ၂-နှစ်လောက်ရှိပါပြီ။ သူ့အလုပ်ဌာနက ၅ မိုင်သာသာလောက် ဝေးတဲ့ မြောက်အာဒမ် ဆိုတဲ့ မြို့မှာ ဖြစ်ပေမယ့် ၀ီလီယံမြို့လေးက ပိုပြီး အေးဆေးလို့ ဒီမှာပဲ အခြေချနေဖို့ ဆုံးဖြတ်လိုက်ပါသတဲ့။ ကောလိပ်ကျောင်း တစ်ခု (၀ီလီယံ ကောလိပ် - ဓါတ်ပုံ) ရှိပြီး ကျောင်းသူကျောင်းသား ဦးရေက မြို့လူဦးရေရဲ့ လေးပုံတစ်ပုံလောက်တောင် ရှိပါတယ်။ ဒါနဲ့ စကားမစပ် အဲဒီ ကောလိပ်ကျောင်းက ကျောင်းသူလေးတွေ တယ်ချော ဆိုပဲ။ ငယ်ဂုဏ်လေးတွေကလည်း ရှိ ဆိုတော့ ဒီမြို့ကို လာတဲ့ အကို ကာလသားတွေ စက်ဘီးစီးပြီး သွားသွား ပိုးကြသတဲ့။ စာရေးသူကတော့ ... စိတ်မ၀င်စားပါဘူး။ သူငယ်ချင်းတွေနဲ့ တွေ့ရဖို့က အဓိကပဲလေ (ယုံလိုက်နော် .. )။

မြို့လေးက သေးပေမယ့် ရာဇ၀င်ကတော့ မသေးလှပါဘူး။ မြို့စတည်တာ ၁၇၅၃ ဆိုတော့ သက်တမ်း ၂၅၀ ကျော်နေပြီလေ။ မြို့အကျယ်အ၀န်းကတော့ လူဦးရေ ၈၀၀၀ နဲ့လိုက်အောင် ခပ်သေးသေးပါပဲ။ တစ်မိုင်ပတ်လည်ကို လူ ၂၀၀ နှုန်းလောက်နေတယ်ဗျ။ ရန်ကုန်က စာရေးသူ အလုပ်လုပ်ခဲ့ဖူးတဲ့ သာကေတမြို့နယ်နဲ့ စိတ်ထဲမှာ ယှဉ်ကြည့်မိတယ်။ သာကေတမှာ လူဦးရေ ဘယ်လောက်ရှိတယ်လို့ စာရှုသူ ထင်ပါလဲ။ တစ်သိန်း ကျော်ပါတယ် ခင်ဗျာ။ ၀ီလီယံမြို့ ၁၀ မြို့စာထက် လူပိုများသေးတယ်။ မြို့သေးတာကို ပိုသေချာသွားစေတာကတော့ စာရေးသူတို့ ဈေးထွက်ဝယ်တုန်းမှာ အိမ်ရှင်သူငယ်ချင်းက သူ့အသိမိတ်ဆွေ ၃-၄ယောက်လောက်နဲ့ တိုးတာကို တွေ့ရတာပါပဲ။ အသားဝါ ရှားတော့ စာရေးသူတို့တွေကို ကွက်ကြည့်ကွက်ကြည့် နဲ့ပေါ့။ တရုတ်စားသောက်ဆိုင် တစ်ဆိုင်တော့ရှိလေရဲ့။ အစားအသောက် မဆိုးပါ။ ဆိုင်နာမည်က “တူ” (Chopsticks) တဲ့။ ပါဆယ်မှာတဲ့ အခါကျတော့ တူထည့်ပေးဖို့ မေ့နေလို့ ရီနေရသေးတယ်။ ရှေးတုန်းကတော့ စိုက်ပျိုး မွေးမြူရေး နဲ့ အထည်စက် လုပ်ငန်းတွေ တွင်ကျယ်ခဲ့ပေမယ့် အခုတော့ မြို့စီးပွားရေးက ကောလိပ်ကိုပဲ အဓိက မှီတည်နေပါတော့တယ်။

အင်း .. ပြောရင်းပြောရင်း အထက်တန်းကျောင်းမှာ ပထ၀ီ ဆရာမကို စာဆိုပြရသလို ဖြစ်လာပြီ။ တနည်းပြောင်းဦးမှပါ။

အတော် သာယာတဲ့ မြို့လေးပါ။ အခုလို ရာသီပြောင်းချိန်မှာဆို ပိုပြီးတော့တောင် သာယာပါသေးတယ်။ (ဓါတ်ပုံတွေတော့ မကြာမီ လာမည် ... မျှော် .. ) စာရေးသူကလည်း နယူးယောက်တို့လို မြို့ကြီးတွေထက်စာရင် အမေရိကန် မြို့သေးသေးလေးတွေကို သဘောကျတတ်တော့ ဟန်ကျနေတာပေါ့။ ရောက်ခါစ ညတုန်းကဆို တိတ်ဆိတ်လွန်းတော့ မနေတတ်အောင်ဖြစ်ရတယ်။ ကျောင်းအားရင် ဒီဘက်လာပြီး ဘလောက် အခန်းဆက် ၀တ္ထုလေး ဘာလေး ရေးမလားစဉ်းစားမိတယ်။ ကုန်ကြမ်းပေးကြပါဦး။

နောက်နေ့တော့ ဟိုနားဒီနား ခြေရှည်ကြတဲ့ အကြောင်း ဆက်ပါဦးမယ်။ ယနေ့တော့ ဤမျှသာ။

(၃) သို့

စာကိုး

ဝီလီယံမြို့ ၀က်ဆိုဒ်
ဓါတ်ပုံ - မက်ဆာချူးဆက်ပြည်နယ် ကောလိပ်ကျောင်းများ ၀က်ဆိုဒ်

Read More...

Thursday, October 25, 2007

A visit to New England (1)

၂၅၊ ၁၀၊ ၂၀၀၇

အင်္ဂလန်ပြည်သစ် သို့ အလည်တစ်ခေါက် (၁)

စာရေးသူလည်း စာမေးပွဲတစ်ခု ပြီးသွားလို့ တက်မ ထောင်လိုက်ဦးမဟ ဆိုပြီး ခရီးတစ်ခုထွက်ဖြစ်ပါတယ်။ သွားခဲ့တဲ့ နေရာကတော့ အင်္ဂလန်ပြည်သစ် (New England) ရယ်လို့အမည်ရတဲ့ အမေရိကန်နိုင်ငံ အရှေ့မြောက်ဘက်က ဒေသတစ်ခုပါ။ အမေရိကန်နိုင်ငံရယ်လို့ ဖြစ်မလာခင်က အင်္ဂလန်နိုင်ငံသားတွေ စတင် အခြေချ နေထိုင်ခဲ့တဲ့ နေရာပေါ့။ အခုဆိုရင် အင်္ဂလန်ပြည်သစ်လို့ ခေါ်တဲ့ဒေသမှာ ပြည်နယ် ၆-ခု ပါရှိပါတယ်။ မိန်း၊ နယူးဟမ်ပ်ရှိုင်းယား၊ ဗားမောင့်၊ မက်ဆာချူးဆက်၊ ရုဒ်အိုင်လန်း နဲ့ ကွန်နက်တီကက် ပြည်နယ်တွေပါ။ မြို့တွေ၊ လမ်းတွေရဲ့ အမည်တွေက အင်္ဂလန် အောင်းမေ့ဖွယ် ပေးထားတာ တွေ့ရပါတယ်။ မှတ်မိသလောက်ဆိုရင် အောက်စ်ဖို့ဒ်၊ ကိန်းဘရစ်ခ်ျ စသဖြင့်ပေါ့။


ခရီးစတဲ့နေရာကတော့ စာရေးသူနေတဲ့ ဘော်လ်တီးမိုးမြို့ပဲ ဆိုကြပါစို့ရဲ့။ တကယ်တန်း ကတော့ ရစ်ခ်ျမွန်မြို့ (ရဲမွန်မြို့ မဟုတ်ပါ ဓါတ်တူနာမ်တူ ဖြစ်နေခြင်းမျှသာ) နေသူငယ်ချင်းနဲ့ ၀ါရှင်တန်ဒီစီမြို့နေ သူငယ်ချင်း လင်မယားတို့လဲ အတူလိုက်ပါလာကြပါတယ်။ ဘော်လ်တီးမိုးက ရစ်ခ်ျမွန်နဲ့ မိုင်-၁၅၀ ဝေးပြီး၊ ၀ါရှင်တန်ဒီစီနဲ့ မိုင်-၅၀ ဝေးပါတယ်။ ခရီးဆုံးဖြစ်တဲ့ ၀ီလီယံမြို့ကတော့ ဘော်လ်တီးမိုးနဲ့ ၃၇၆-မိုင် ဝေးပါတယ်။ ရန်ကုန် နဲ့ မန္တလေးလောက်ပေါ့။ (မြို့တည်နေရာများကို မြေပုံတွင်ရှု)

ရစ်ခ်ျမွန်က သူငယ်ချင်းက ခွေးတံဆိပ် ဘတ်စကားကို စီးပြီး ၀ါရှင်တန်ဒီစီကို လာပါတယ်။ ပြီးတော့မှ ဒီစီကသူငယ်ချင်း လင်မယားနဲ့အတူ ဘော်လ်တီးမိုးမှာ လာဆုံကြပြီး ခရီးစပါတယ်။ သောကြာနေ့မနက် ၉ နာရီခွဲလောက်မှာ ဘော်လ်တီးမိုးကနေ ထွက်ဖြစ်ပါတယ်။ အင်တာနက် မြေပုံခန့်မှန်းခြေအရ ဆိုရင် ကားမောင်းချိန် ၆ နာရီခွဲပဲ ကြာသင့်ပြီး ညနေ ၄ နာရီလောက်ဆို ရောက်သင့်တာပေါ့။ ဒါပေမယ့် စာရေးသူတို့လည်း မသွားဖူးတဲ့ ခရီးဆိုတော့ ဟိုငေး ဒီမော့ ဟိုဝင် ဒီဝင် နဲ့ ခရီးမှာ အတော်ကြာသွားပါတယ်။ အိမ်ရှင် သူငယ်ချင်းလင်မယားကတော့ တမျှော်မျှော်နဲ့ပေါ့။ နောက်ဆုံး ၀ီလီယံမြို့ရောက်တော့ ညနေ ၆နာရီခွဲ နေပြီ။

သူငယ်ချင်းတွေလည်းစုံ၊ ညစာကလည်းကောင်း၊ ၀ီစကီကလည်းလောင်း ဆိုတော့ ဘယ်ပြောကောင်းမလဲ။

x - x - x - x - x (ဆင်ဆာဖြတ်ထားသည်)

ဒါနဲ့ပဲ ည ၂-နာရီထိုးမှ အိပ်ရာဝင်ဖြစ်ကြပါတယ်။

(၂) သို့

Read More...

Thursday, August 2, 2007

U Nar Auk's Ship

၂၊ ၈၊ ၂၀၀၇

စဥ့်ကူးမင်း သင်္ဘော

ဗြိတိသျှ နယ်ချဲ့လက်ထက်တုန်းက ဧရာဝတီ သင်္ဘောကုမ္ပဏီကို သူနိုင် ကိုယ်နိုင် အပြိုင်ကျဲခဲ့တဲ့ မွန်သူဌေးကြီး ဦးနာအောက် ကို မှတ်မိကြဦးမလားတော့ မသိဘူး။

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ကို သွားရင်း သူပိုင်ဆိုင်ခဲ့တဲ့ သင်္ဘော တစ်စီးကို တွေ့ရလို့ ဓါတ်ပုံ ရိုက်ခဲ့ပါတယ်။ သင်္ဘောအမည်က စဥ့်ကူးမင်း။


Read More...

Friday, January 5, 2007

Loikaw (or) Second Switzerland

၅၊ ၁၊ ၂၀၀၇

လွိုင်ကော် (သို့မဟုတ်) ဒုတိယ ဆွစ်ဇာလန်


ကျွန်တော့် ကို ရန်ကုန်မှာ မွေးခဲ့ ပေမယ့် တောင်ပေါ် ဒေသရဲ့ မွေးစားခြင်း ကို ကျေကျေနပ်နပ်ကြီး ခံခဲ့ ရပါတယ်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့ ကို ဆယ်ကျော်သက် အရွယ်မှာ ခြေချခဲ့ ရပြီး အခု အချိန်အထိ သံယောဇဉ်တွယ်နေတုန်းပါ။ လွိုင်ကော်မြို့ ကနေ ပြောင်းရခါနီး ဘီလူးချောင်း မှာ ရေသွားချိုးတာ ကို မှတ်မိပါသေးတယ်။ ဘီလူးချောင်းရေ ချိုးရင် ပြန်လာ ရတတ်တယ် လို့ အဆိုရှိတာကိုး။ တကယ်လည်း အကြိမ်ကြိမ် ပြန်သွားခဲ့ရပါတယ်။

လွိုင်ကော်မြို့ က ပင်လယ် ရေမျက်နှာပြင် အထက် ၂၉၅၀ ပေ မှာ ရှိပြီး၊ နာမည်နဲ့ လိုက်အောင် တောင်တွေ ပတ်လည်ဝိုင်းနေတဲ့ မြို့လေးပေါ့။ ကျွန်တော့် အခင်ဆုံး သူငယ်ချင်း၊ စာဂျပိုး၊ လွိုင်ကော်သား ရှမ်း-ပဒေါင် လေးကတော့ လွိုင်ကော်မြို့ဟာ ဒုတိယ ဆွစ်ဇာလန်ပါ ပဲတဲ့။ ဆွစ်ဇာလန် ကို မရောက်ဖူးတော့ ကိုယ်တွေ့ အနေနဲ့ မသိဘူးပေါ့ဗျာ။ ဒါပေမယ့် တကယ်ကို သာယာတဲ့ ဒေသလေးပါ။

ကျွန်တော် နေခဲ့တဲ့ အိမ် က မြို့ ရဲ့ အရှေ့ဘက်စွန်း တောင်ကုန်းလေးပေါ်မှာ ရှိတယ်။ အိမ်ထဲကနေ အရှေ့ ဘက် ကို လှမ်းကြည့်လိုက်ရင် လူလုပ်အဆောက်အဦ တစ်ခုမှ မမြင်ရပဲ မြက်ခင်းစိမ်းစိမ်း ကွင်းပြင်နဲ့ အဲဒီ ကွင်းပြင်ရဲ့ အဆုံးမှာတော့ တောင်လှိုင်း တွေကိုပဲ မြင်နေရတယ်။ မိုးတွင်းများ ဆိုရင် ပြေးလာတဲ့ တိမ်နဲ့ မိုး တွေ ကိုကြည့်ရတာ တကယ့် အရသာပါ။

သြော်. . . လွိုင်ကော်အကြောင်းပြောရင် မပါမဖြစ်တာ ကတော့ ကယားခေါင်ရည် နဲ့ ကယားဝက် အူချောင်းပါ။ အကို ကာလသားများ အကြိုက်ပေါ့။ (ကာလသမီးများလည်း သုံးဆောင်ကြပါတယ်) ကျွန်တော် မြည်းစမ်းခဲ့ ဖူးသမျှ ခေါင်ရည်တွေ (ချင်း၊ ကချင်၊ ကယား) ထဲမှာ အကြိုက်ဆုံးကတော့ ကယားပြည်နယ် ဆီးဘူး ဒေသက ခေါင်ရည် ပါပဲ။ ကယားဝက်အူချောင်း က ရိုးရိုး ၀က်အူချောင်းနဲ့ မတူပါ။ တကယ့် ၀က်အူနဲ့ လုပ်ထားပြီး အထဲမှာ အဆီများများ ၀က်သားနဲ့ အတူ ပင်စိမ်းရွက်နိုင်နိုင်ထည့်ထားပါတယ်။ ပြီးတော့ ကင်ပြီးကျွေးတာ။ ခေါင်နဲ့ ဘာ လိုက်သလဲ မမေးနဲ့။

ဒီးကူပွဲ ကတော့ လူပျိုတွေ အကြိုက်ပေါ့။ ရွာထဲ က ဘယ်အိမ်ကို မဆို သိသိ မသိသိ သွားလည်လို့ ရတယ်။ အိမ်ရှင် သမီးပျိုလေးတွေ က ဒီးကူဖက် နဲ့ ထုပ်ထားတဲ့ ကောက်ညှင်းထုပ် ရယ် ခေါင်ရည် ရယ်နဲ့ ဧည့်ခံကြတယ်။ ရေးရင်း၊ ရေးရင်းနဲ့ သွားရည်တောင် ကျလာပြီ။ ထမင်းသွားစားလိုက် ဦးမယ်။ (ပြောလို့ ပြောတာ မဟုတ်ဖူး၊ ကျွန်တော်တို့ နိုင်ငံ က တော်တော်လှတာဗျ)


Read More...