Friday, October 26, 2007

A visit to New England (2)

၂၆၊ ၁၀၊ ၂၀၀၇

အင်္ဂလန်ပြည်သစ် သို့ အလည်တစ်ခေါက် (၂)
ဝီလီယံမြို့

စာရေးသူရဲ့ သူငယ်ချင်း လင်မယားက ဒီမြို့လေးကို ပြောင်းလာတာ ၂-နှစ်လောက်ရှိပါပြီ။ သူ့အလုပ်ဌာနက ၅ မိုင်သာသာလောက် ဝေးတဲ့ မြောက်အာဒမ် ဆိုတဲ့ မြို့မှာ ဖြစ်ပေမယ့် ၀ီလီယံမြို့လေးက ပိုပြီး အေးဆေးလို့ ဒီမှာပဲ အခြေချနေဖို့ ဆုံးဖြတ်လိုက်ပါသတဲ့။ ကောလိပ်ကျောင်း တစ်ခု (၀ီလီယံ ကောလိပ် - ဓါတ်ပုံ) ရှိပြီး ကျောင်းသူကျောင်းသား ဦးရေက မြို့လူဦးရေရဲ့ လေးပုံတစ်ပုံလောက်တောင် ရှိပါတယ်။ ဒါနဲ့ စကားမစပ် အဲဒီ ကောလိပ်ကျောင်းက ကျောင်းသူလေးတွေ တယ်ချော ဆိုပဲ။ ငယ်ဂုဏ်လေးတွေကလည်း ရှိ ဆိုတော့ ဒီမြို့ကို လာတဲ့ အကို ကာလသားတွေ စက်ဘီးစီးပြီး သွားသွား ပိုးကြသတဲ့။ စာရေးသူကတော့ ... စိတ်မ၀င်စားပါဘူး။ သူငယ်ချင်းတွေနဲ့ တွေ့ရဖို့က အဓိကပဲလေ (ယုံလိုက်နော် .. )။

မြို့လေးက သေးပေမယ့် ရာဇ၀င်ကတော့ မသေးလှပါဘူး။ မြို့စတည်တာ ၁၇၅၃ ဆိုတော့ သက်တမ်း ၂၅၀ ကျော်နေပြီလေ။ မြို့အကျယ်အ၀န်းကတော့ လူဦးရေ ၈၀၀၀ နဲ့လိုက်အောင် ခပ်သေးသေးပါပဲ။ တစ်မိုင်ပတ်လည်ကို လူ ၂၀၀ နှုန်းလောက်နေတယ်ဗျ။ ရန်ကုန်က စာရေးသူ အလုပ်လုပ်ခဲ့ဖူးတဲ့ သာကေတမြို့နယ်နဲ့ စိတ်ထဲမှာ ယှဉ်ကြည့်မိတယ်။ သာကေတမှာ လူဦးရေ ဘယ်လောက်ရှိတယ်လို့ စာရှုသူ ထင်ပါလဲ။ တစ်သိန်း ကျော်ပါတယ် ခင်ဗျာ။ ၀ီလီယံမြို့ ၁၀ မြို့စာထက် လူပိုများသေးတယ်။ မြို့သေးတာကို ပိုသေချာသွားစေတာကတော့ စာရေးသူတို့ ဈေးထွက်ဝယ်တုန်းမှာ အိမ်ရှင်သူငယ်ချင်းက သူ့အသိမိတ်ဆွေ ၃-၄ယောက်လောက်နဲ့ တိုးတာကို တွေ့ရတာပါပဲ။ အသားဝါ ရှားတော့ စာရေးသူတို့တွေကို ကွက်ကြည့်ကွက်ကြည့် နဲ့ပေါ့။ တရုတ်စားသောက်ဆိုင် တစ်ဆိုင်တော့ရှိလေရဲ့။ အစားအသောက် မဆိုးပါ။ ဆိုင်နာမည်က “တူ” (Chopsticks) တဲ့။ ပါဆယ်မှာတဲ့ အခါကျတော့ တူထည့်ပေးဖို့ မေ့နေလို့ ရီနေရသေးတယ်။ ရှေးတုန်းကတော့ စိုက်ပျိုး မွေးမြူရေး နဲ့ အထည်စက် လုပ်ငန်းတွေ တွင်ကျယ်ခဲ့ပေမယ့် အခုတော့ မြို့စီးပွားရေးက ကောလိပ်ကိုပဲ အဓိက မှီတည်နေပါတော့တယ်။

အင်း .. ပြောရင်းပြောရင်း အထက်တန်းကျောင်းမှာ ပထ၀ီ ဆရာမကို စာဆိုပြရသလို ဖြစ်လာပြီ။ တနည်းပြောင်းဦးမှပါ။

အတော် သာယာတဲ့ မြို့လေးပါ။ အခုလို ရာသီပြောင်းချိန်မှာဆို ပိုပြီးတော့တောင် သာယာပါသေးတယ်။ (ဓါတ်ပုံတွေတော့ မကြာမီ လာမည် ... မျှော် .. ) စာရေးသူကလည်း နယူးယောက်တို့လို မြို့ကြီးတွေထက်စာရင် အမေရိကန် မြို့သေးသေးလေးတွေကို သဘောကျတတ်တော့ ဟန်ကျနေတာပေါ့။ ရောက်ခါစ ညတုန်းကဆို တိတ်ဆိတ်လွန်းတော့ မနေတတ်အောင်ဖြစ်ရတယ်။ ကျောင်းအားရင် ဒီဘက်လာပြီး ဘလောက် အခန်းဆက် ၀တ္ထုလေး ဘာလေး ရေးမလားစဉ်းစားမိတယ်။ ကုန်ကြမ်းပေးကြပါဦး။

နောက်နေ့တော့ ဟိုနားဒီနား ခြေရှည်ကြတဲ့ အကြောင်း ဆက်ပါဦးမယ်။ ယနေ့တော့ ဤမျှသာ။

(၃) သို့

စာကိုး

ဝီလီယံမြို့ ၀က်ဆိုဒ်
ဓါတ်ပုံ - မက်ဆာချူးဆက်ပြည်နယ် ကောလိပ်ကျောင်းများ ၀က်ဆိုဒ်

6 comments:

စိုးထက် - Soe Htet ! said...

လေ့လာရေးခရီး ဖတ်ရင်း လိုက် ခဲ့တယ် ... :P

Ye-Mon said...

ဟုတ်ပြီဗျာ။ ဆက်ရေးရဦးမှာပေါ့။

P.Ti said...

`စာရေးသူကတော့ ... စိတ်မ၀င်စားပါဘူး။ သူငယ်ချင်းတွေနဲ့ တွေ့ရဖို့က အဓိကပဲလေ (ယုံလိုက်နော် .. )။ ´
ယုံဘူး..

မြို့လေးက တော်တော်လှမယ့်ပုံလေးပဲ။ စိတ်ဝင်စားတယ် ဆက်ရေးပါ။ ဓာတ်ပုံတွေတင်ပေးပါ။ ဟို ကောလိပ်က ပုံလေးတွေများများတင်။ :D

Ye-Mon said...

မယုံလည်း မတတ်နိုင်ဘူး ကိုယ့်လူ။ ကျုပ်တို့ကတော့ ရိုးရိုးပဲ။ ကောလိပ်ဖက်ကို ယောင်လို့တောင် မသွားခဲ့ဘူး။

Anonymous said...

ဟုတ်တယ် ဂျစ် လည်း ကိုပီတိပြောသလို ၊ ယုံဘူးးးးး

အခန်းဆက် ဘလောဂ့်ဝတ္ထုရှည်ကို အလွန်စိတ်ဝင်စားသည် ။ ရေးပါဦးဗျို့ ။ ကုန်ကြမ်းကို ကိုပီတိဆီကယူ သူ့ မှာ အများကြီး ဟဲဟဲ

P.Ti said...

ကိုမင်း ယောင်လို့သာမသွားတာ တမင်ရောက်အောင်ပဲသွားတာလား။ ဟီး..

ဂျစ်ရေ.. ကျွန်တော်က ကိုမင်းလောက် ကုန်ကြမ်းမများဘူး။ သူက ခရီးတခါသွား တယောက်ပဲ။ ဟီး ဟီး