Monday, December 31, 2007

New Year Wish 2008


အားလုံး
ပျော်ရွှင် အောင်မြင် ငြိမ်းချမ်းသော
နှစ်သစ် ဖြစ်ပါစေကြောင်း
ဆုမွန်တောင်းလျက်


ရဲမွန်

Read More...

Tuesday, December 18, 2007

Let's prevent Birds from getting Flu

Read More...

First Human Bird Flu Case in Myanmar

၁၈၊ ၁၂၊ ၂၀၀၇

မြန်မာနိုင်ငံတွင် ကြက်ငှက်တုပ်ကွေးရောဂါ လူကို ကူးစက်ကြောင်း တွေ့ရှိ

မြန်မာနိုင်ငံတွင် ကြက်ငှက်တုပ်ကွေး ရောဂါပိုး လူကိုကူးစက်ကြောင်း ကျန်းမာရေး ၀န်ကြီးဌာနက အတည်ပြုပြောကြားသည်။ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်ရှိ အသက် ၇-နှစ်အရွယ် အမျိုးသမီးတစ်ဦး ကူးစက်ခံရခြင်း ဖြစ်ကြောင်း သိရှိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလလယ်ခန့်က ကြက်များတွင် တုပ်ကွေးရောဂါ ကျရောက်ပြီးနောက် ဆက်လက် စောင့်ကြည့်လေ့လာမှုများ ပြုလုပ်စဉ် အဆိုပါ လူနာကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ထိုအမျိုးသမီးငယ်သည် ၂၀၀၇ ခုနှစ်၊ နိုဝင်ဘာ ၂၁ ရက်တွင် အဖျားတက်ခြင်း၊ ခေါင်းကိုက်ခြင်း စသည့် ဝေဒနာများ စတင်ခံစားရပြီး နိုဝင်ဘာ ၂၇ ရက်တွင် ဆေးရုံတင်ရသည်။ ယခုအခါတွင် ပြန်လည် သက်သာလာပြီဖြစ်သည်။ မြန်မာနိုင်ငံ အမျိုးသား ကျန်းမာရေး ဓါတ်ခွဲခန်း နှင့် ထိုင်းနိုင်ငံရှိ အမျိုးသား ကျန်းမာရေး ဌာနတို့၏ စမ်းသပ်ချက်များတွင် ကြက်ငှက်တုပ်ကွေး ရောဂါပိုး (H5N1 ဗိုင်းရပ်စ်ပိုး) တွေ့ရှိသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ နှင့် လက်တွဲလုပ်ကိုင်နေသည့် ဂျပန်နိုင်ငံ အမျိုးသား ကူးစက်ရောဂါ ဌာနကလည်း အဆိုပါ စမ်းသပ်ချက်ကို ထပ်မံအတည်ပြုပေးသည်။

ကျန်းမာရေး ၀န်ကြီးဌာန၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဌာန နှင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့တို့မှ ပုဂ္ဂိုလ်များ ပါဝင်သော အဖွဲ့က ရောဂါဖြစ်ပွားရခြင်း အကြောင်းရင်းကို သိရှိနိုင်ရန် ကွင်းဆင်း စုံစမ်းလျှက်ရှိသည်။ ကနဦး တွေ့ရှိချက်များအရ ရောဂါလက္ခဏာများ မပြမီ အချိန်တွင် ထိုအမျိုးသမီး၏ အိမ်ပတ်ဝန်းကျင်၌ ကြက်များသေဆုံးမှု ရှိခဲ့သည်။ ယနေ့အချိန်အထိ ထိုအမျိုးသမီး နှင့် တွေ့ထိမှုရှိသော လူများမှာ ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း နှင့် စောင့်ကြည့်လေ့လာမှုများ ဆက်လက်ပြုလုပ်ရာတွင် ရောဂါကူးစက်ခံရသူ ထပ်မံ မတွေ့ရှိကြောင်း သိရှိရသည်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ ၁၄ ဒီဇင်ဘာ ၂၀၀၇ ရက်စွဲပါ ထုတ်ပြန်ချက် ကို ဘာသာပြန် ဖော်ပြခြင်း ဖြစ်ပါသည်။

Read More...

Monday, December 17, 2007

Burmese Genealogical Terms

၁၈၊ ၁၂၊ ၂၀၀၇

ဗမာ ဆွေမျိုးစပ်နည်း

ဗမာ ဆွေမျိုးစပ်နည်းများမှာ အနောက်တိုင်း ဆွေမျိုးစပ်နည်းများနှင့် နှိုင်းယှဉ်လျှင် အတော်ပင် တိကျသည်ဟု ဆိုသော် ရနိုင်၏။ ဘိုလို “အန်ကယ်” (Uncle) ဆိုသည်မှာ မိခင် (သို့) ဖခင်၏ ညီ (သို့) အစ်ကို (သို့) မောင် တစ်ဦးဦး ဖြစ်နိုင်ပေသည်။ ဗမာလို ဆိုလျှင် “ဦးကြီး” ဟု ပြောလိုက်သည်နှင့် မိခင်၏ “အစ်ကို” မှန်း သိ၏။ ထို့အတူ “ဘဒွေး” ဟု ပြောလျှင် ဖခင်၏ “ညီ” မှန်း သိ၏။ ကွက်ကွက်ကွင်းကွင်း ရှိသည်။

ယနေ့ အင်တာနက် ခေတ်တွင် လူငယ်များ အနောက်တိုင်း ယဉ်ကျေးမှုကို လေ့လာ၊ လိုက်စား၊ ပြောင်းလဲ ကျင့်သုံးကြရာ၌ မိရိုးဖလာ ယဉ်ကျေးမှုများထဲမှ မှန်ကန်တိကျ အသုံးဝင်သော ကိစ္စများကို မပစ်ပယ်ကြစေရန် အလို့ငှာ ဤပို့စ်ကို တင်ပါသည်။

အဖေတူ အမေတူ သားသမီးများ

မိမိသည် အမျိုးသမီး ဖြစ်ပါက ...
မိမိထက် အသက်ငယ်သော ယောက်ျားလေး ဆိုလျှင် ... မောင်

မိမိသည် အမျိုးသား ဖြစ်ပါက ...
မိမိထက် အသက်ငယ်သော ယောက်ျားလေး ဆိုလျှင် ... ညီ

အမျိုးသား၊ အမျိုးသမီး မဟူ ...
မိမိထက် အသက်ကြီးသော မိန်းကလေး ဆိုလျှင် ... အစ်မ
မိမိထက် အသက်ကြီးသော ယောက်ျားလေး ဆိုလျှင် ... အစ်ကို
မိမိထက် အသက်ငယ်သော မိန်းကလေး ဆိုလျှင် ... ညီမ၊ နှမ

ဖခင်ဖက်မှ အမျိုးအဆွေများ

ဖခင်၏ အစ်မ ... ဒွေးကြီး
ဖခင်၏ ညီမ ... ဒွေးလေး
ဖခင်၏ အစ်ကို ... ဘကြီး
ဖခင်၏ ညီ ... ဘဒွေး

မိခင်ဖက်မှ အမျိုးအဆွေများ

မိခင်၏ အစ်မ ... ဒေါ်ကြီး
မိခင်၏ ညီမ ... ဒေါ်လေး
မိခင်၏ အစ်ကို ... ဦးကြီး
မိခင်၏ မောင် ... ဦးလေး

ဘိုး - ဘွားများ

ဖခင်၊ မိခင် တို့၏ အဖေအမေ ... အဘိုး(ကျား)၊ အဘွား (မ)
အဘိုး၊ အဘွား တို့၏ အဖေအမေ ... ဘေး (ကျား၊မ ခွဲပုံမရ)
ဘေး တို့၏ အဖေအမေ ... ဘီ (ကျား၊မ ခွဲပုံမရ)
ဘီ တို့၏ အဖေအမေ ... ဘင် (ကျား၊မ ခွဲပုံမရ)

မြေး - မြစ်များ

မိမိ၏ သားသမီးက မွေးသော ကလေးများ ... မြေး(ကျား)၊ မြေးမ(မ)
မိမိ၏ မြေးများက မွေးသော ကလေးများ ... မြစ် (ကျား၊ မ ခွဲပုံမရ)
မိမိ၏ မြစ်များက မွေးသော ကလေးများ ... တီ (ဟုတ်ကော ဟုတ်ရဲ့လား မသိပါဘူးဗျာ)
မိမိ၏ တီများက မွေးသော ကလေးများ ... တွတ် (ဟုတ်ကော ဟုတ်ရဲ့လား မသိပါဘူးဗျာ)

တူ - တူမများ

မိမိ၏ ညီအစ်ကို မောင်နှစ်မ များကမွေးသော ကလေးများ ... တူ(ကျား)၊ တူမ(မ)

ဝမ်းကွဲများ

ဖိုး-ဖွား ချင်း တူသူများ ... တစ်ဝမ်းကွဲ
ဘေး ချင်း တူသူများ ... နှစ်ဝမ်းကွဲ
ဘီ ချင်း တူသူများ ... သုံးဝမ်းကွဲ

အဖေနှင့် အမေ တစ်ဦးသာတူသော သားသမီးများ

အဖေတူ၊ အမေကွဲ ... အကို၊ မောင်၊ နှမ၊ ညီ၊ ညီမ
အမေတူ၊ အဖေကွဲ ... အကို၊ မောင်၊ နှမ၊ ညီ၊ ညီမ
(မှတ်ချက်။ ။ ဘိုလို ဆိုလျှင် ... half cousin ဟု တစ်မျိုးတည်းသာ သုံးသည်။)

အိမ်ထောင်အသစ် ထူထောင်ခြင်း

မိမိသည် အမျိုးသမီး ဖြစ်ပြီး နောက်အိမ်ထောင်ပြုပါက ...
ထိုအမျိုးသား၏ မူလ အိမ်ထောင်မှ ကလေးများမှာ ... လင်ပါ သား၊ သမီး

မိမိသည် အမျိုးသား ဖြစ်ပြီး နောက်အိမ်ထောင်ပြုပါက ...
ထိုအမျိုးသမီး၏ မူလ အိမ်ထောင်မှ ကလေးများမှာ ... မယားပါ သား၊ သမီး

မိမိ၏ မိခင်မှ နောက်အိမ်ထောင်ပြုပါက ...
ထိုအမျိုးသားမှာ ... ပထွေး

မိမိ၏ ဖခင်မှ နောက်အိမ်ထောင်ပြုပါက ...
ထိုအမျိုးသမီးမှာ ... မိထွေး

မိမိ အိမ်ထောင်ဖက်၏ အမျိုးအဆွေများ

အိမ်ထောင်ဖက်၏ အဖေအမေ ... ယောက္ခမ

မိမိသည် အမျိုးသမီးဖြစ်ပါက ...
ခင်ပွန်း၏ အစ်မ၊ နှမ ... ယောင်းမ
ခင်ပွန်း၏ အစ်ကို ... ခဲအို
ခင်ပွန်း၏ ညီ ... မတ်

မိမိသည် အမျိုးသား ဖြစ်ပါက ...
ဇနီး၏ အစ်မ ... မရီး
ဇနီး၏ နှမ ... ခယ်မ
ဇနီး၏ အစ်ကို၊ မောင် ... ယောက်ဖ

ဝန်ခံချက်။

စာရေးသူ ငယ်စဉ်က ဖတ်ဖူးသော “ဗမာဆွေမျိုးစပ်နည်း” (စာရေးသူအမည်မေ့၊ စာပေဗိမာန်က ထုတ်သည်ထင်) စာအုပ်ထဲမှ အကြောင်းအရာများ ကို မှတ်မိသရွေ့ ရေးသားခြင်း ဖြစ်ပါသည်။ စာရှုသူ မိတ်ဆွေအများ လိုအပ်ချက်များ တွေ့ရှိပါက ဖြည့်စွက်ပေးကြပါရန် ပန်ကြားလိုက်ပါသည်။

Read More...

Online Family Tree

၁၇၊ ၁၂၊ ၂၀၀၇

အင်တာနက်ပေါ်က ဆွေစဉ်မျိုးဆက် ဇယား

စာရေးသူ မိခင်ထံမှ အမွေရသော အကျင့်များထဲမှာ မိမိရဲ့ ဘိုးဘေးဘီဘင်တွေ၊ အမျိုးအဆွေတွေက ဘယ်သူတွေ ဆိုတာကို စိတ်ဝင်စားတာလဲ တစ်ခုအပါအ၀င်ပါ။ ငယ်စဉ်က စာအုပ်တစ်အုပ်နဲ့ ရေးမှတ်ဖူးပါတယ်။

ဒေတာဘေ့စ် ပရိုဂရမ်တွေ (database softwares) ကို လေ့လာဖြစ်တဲ့ အခါမှာတော့ ကွန်ပျူတာမှာ ဆွေစဉ်မျိုးဆက်ဇယား လုပ်နိုင်တယ်ဆိုတာ သတိထားမိပေမယ့် ကိုယ်တိုင် ပရိုဂရမ် မရေးတတ်တာက တစ်ကြောင်း အင်တာနက်မှာ အခမဲ့ သုံးလို့ရမယ့် ပရိုဂရမ်မရှိတာက တစ်ကြောင်းကြောင့် မလုပ်ဖြစ်ပါ။ ဒီအတိုင်း မေ့မေ့လျော့လျော့နဲ့ နေရင်းက လွန်ခဲ့တဲ့ နှစ်ပတ်လောက်မှာ မျက်နှာစာအုပ် (facebook) ထဲက ကြော်ငြာလေးတစ်ခုကို သွားပြီး သတိထားမိပါတယ်။ အွန်လိုင်း ဆွေစဉ်မျိုးဆက်ဇယား ဆိုပဲ။ အတော် စိတ်ဝင်စားသွားပြီး လက်တွေ့ စမ်းသပ်ကြည့်ပါတယ်။


စာရေးသူက အစပျိုးပြီး အင်တာနက်နဲ့ အထိအတွေ့ရှိတဲ့ ဦးလေး၊ အဒေါ်တွေရဲ့ ဖြည့်စွက်မှုနဲ့ ၁၂ ရက်အတွင်းမှာ ဆွေမျိုးညာတက ၃၀၀ ကျော်လောက်ကို စာရင်းပြုစုပြီး ဖြစ်သွားပါတယ်။ အသေးစိတ် အချက်အလက်တွေ လိုနေသေးပေမယ့် ဆွေစဉ်မျိုးဆက် ဇယားက တော်တော် ရုပ်လုံးပေါ်လာပါပြီ။ အသုံးပြုရတာလည်း လွယ်ကူပါတယ်။

နိုင်ငံတကာမှာ ရောက်နေတဲ့ ဗမာတွေ မိမိတို့ အမျိုးအဆွေ အချင်းချင်း ဆက်သွယ်ဖို့၊ မျိုးဆက်သစ် ကလေးများ ၄င်းတို့ရဲ့ ဗမာ့အဆက်အနွယ်ကို လေ့လာနိုင်ဖို့ မှတ်တမ်းမှတ်ရာ ထားနိုင်သည့် ၀က်ဆိုဒ်ကောင်းတစ်ခု ဖြစ်ကြောင်း လက်တို့လိုက်ပါရစေ။ သွားကြည့်မယ်ဆိုရင်တော့ ...



Read More...

Tuesday, December 11, 2007

A Bachelor, A Van , and A Child-seat

Bachelor

A man who is not married.

Van
It is a car with seven or so seats with at least one sliding door on the side. Much more like a TownAce or HighAce in Myanmar.

Child-seat
In the United States, it is mandatory to use child seats for children under 6 years of age or 40 pounds of body weight. We can neither let those children sit on driver's lap nor sit in the lover seat. I was surprised when I learned about that law because as a kid I used to sit on my dad's lap while he was driving. Besides, lover seat is the privilege spot in the car and only the VIP in the family is allowed to sit there.

But, there are reasons behind this child-seat law. Statistics showed that lover seat is the most dangerous place in a car followed by the driver seat. Why is that? Because drivers love themselves more so than their lovers who sit in lover seats. When accident happens, driver tries to save his/her own ass and it could inadvertently hurt the person in the lover seat more. Too bad, huh? Another fair reason is that driver has more time, though it may be a split of a second, than other passengers in the car right before the accident. So, s/he can prepare her/himself to a safer posture. On the contrary, the person in lover seat may be unaware of the situation and unprepared. As a result, s/he suffers more.

Then, air bags came along to save those beautiful souls. While air bags save lives, they can also hurt people. If it is a child, they can even kill. That's why kids are not allowed to sit in any of the front seats of a car.

They all come together
About a month ago, my friend's family arrived from Myanmar. Maung Min Thant is a bright and yet talkative 2 year old son of my friend. To pick him up from the airport I had to find a child-seat. We were fortunate that another friend of mine whose kids were grown up gave me a child-seat. From then on, that child-seat occupies my car's back seat. Then, the van came. A Burmese couple had their van broke down and they didn't want to bother fixing it. So, they said they would give it away. Me and two other friends decided to fix it though we were not so sure what would come next. Luckily, the car became usable after spending $600 or so. We swapped vehicles and I ended up using the van. My close friend - father of two - commented that even he didn't use a van because it is a trade mark (in the US) that you have many kids. OMG .... I didn't know that.

Now, I have a van with a child-seat in it. How could people believe that I am a bachelor? :(

Read More...

Wednesday, December 5, 2007

Snow Princess

၅၊ ၁၂၊ ၂၀၀၇

နှင်းမင်းသမီး




ဓါတ်ပုံရိုက်သူ လက်ရှိ နေထိုင်ရာအိမ်၏ အနောက်ဖက် ခြံထဲရှိ ပန်းပင်လေး ဦးဦးဖျားဖျားကျသော နှင်းများကြား မြုပ်နေပုံ။

Read More...

First Anniversary

၅၊ ၁၂၊ ၂၀၀၇

အခါလည် အတွေးစများကို လိုက်ဖမ်းခြင်း

ဒီနေ့ ဘာနေ့တုန်း။ ဟိုက် ... ဒီဇင်ဘာ ၅ ရက်။
ဟာ .. သွား .. ပါ .. ပြီ။ မနေ့က ဒီဘလောက် တစ်နှစ်ပြည့်တဲ့နေ့။
မေ့လျော့ခြင်းတွေနဲ့ ကိုယ်ပါလား။
ဘယ်မှာလဲ အခါလည် ကိတ်မုန့်နဲ့ ဖယောင်းတိုင်။ ကိတ်မုန့်ရှိလဲ ဘယ်သူမှမ မရှိတာ။ ဘာလုပ်မှာလဲ။ ဘလောက်ကလည်း ဖယောင်းတိုင်ကို ငြိမ်းအောင် မှုတ်နိုင်မှာမှ မဟုတ်တာ။
ဘာပဲ ဖြစ်ဖြစ် ဒါနဲ့ဆို ပို့စ် ၁၀၀ လည်း ပြည့်လေပြီ။
တစ်ပတ်ကို ပို့စ် နှစ်ခုနှုန်းကျပေါ့လေ။ ပျမ်းမျှခြင်း ရှာတာက အကျင့်ပါနေတယ်။
ကာဖီ သောက်ချင်လိုက်တာ။ ဗိုက်ထဲက တဂွီဂွီမြည်နေပြီ။ အပြင်ထွက်စားရင် ကောင်းမယ်။
ဒါနဲ့ အခုရက်ပိုင်း တော်တော်အေးနေတယ်။
သူများတွေ ဘယ်လောက် ထူထူဝတ်ကြလဲ အပြင်ကို ကြည့်လိုက်ဦးမှ။
ဟာ အပြင်မှာ နှင်းတွေ ကျနေပါလား။ ခပ်ဖွဲဖွဲပဲ။
မြေကြီးနဲ့ ထိတော့ နှင်းတွေ အရည်ပျော်ကုန်တယ်။ ဒါဆို ကားကို နှင်းထဲက ကော်ထုတ်စရာမလိုတော့ဘူး။
ဒီနှစ် နှင်း စောတယ်။ မနှစ်ကဆို ဖေဖော်ဝါရီလောက်မှ။
အဖြူရောင် ခရစ္စမတ် (White X-mas) ဖြစ်နိုင်တယ်။
အပြင်မသွားခင် အီးမေးလေး စစ်လိုက်ဦးမှပါ။
ဟော ကျမ်းပြုကြီးကြပ် ဆရာမ နဲ့ တခြား ပါမောက္ခတွေ ဆီက အီးမေးတွေက တစ်စောင်ပြီး တစ်စောင်။
တော်သေးရဲ့ နောက်ဆုံးတော့ ပါမောက္ခ ၇ ယောက် ဆီက ရက်ချိန်းရပြီ။
ဇန္န၀ါရီ ၉ ရက်နေ့တဲ့။
ဖြေရချေသေး။

ပထမဦးဆုံးပို့စ်လေးကို မဖတ်ဖူးတဲ့ ဘလောက် ဧည့်သည်များအတွက် ...


i started blogging on a cold winter day



I am such a late adopter since I am thinking of blogging six years after the blogging revolution begins. Anyway, I will try my best to blog.

I woke up early today and the first thing I remembered was I had to move my car from left side of the road to the right side of the road. There is a long story behind this ritual. The Baltimore City cleans the street in front of my house (ie. Calvert Street) on Mondays & Tuesdays. Thus, cars are not allowed to park on left side of the street on Mondays and right side of the street on Tuesdays. What would happen if you forgot and parked on the wrong side of the road on a particular day of the week? Simple. Fine of $ 42. Now, you may guess did I ever pay any fine. Yea, you are right. I had to pay fine some months ago. From then on, I add moving my car in my to do list.

Actually, what I really wanted to tell you today was it was a terribly cold day in Baltimore. Temperature is 32 degree Fahrenheit - yea , freezing point. I was too lazy to wear a shoe so I went out with a pair of flipflop (that's what Americans call our slippers) to move my car. It was freezing cold and I had to run back into my house. Hopefully we will see snow soon.

This weather reminds me of Min-Dat and Aye-Sa-Khan during our trips to Mt. Victoria. Wouldn't it be nice if we have snow in Aye-Sa-Khan? I wish.

Read More...

Thursday, November 29, 2007

NGOs in the Golden Land

၂၉၊ ၁၁၊ ၂၀၀၇

ရွှေနိုင်ငံမှအန်ဂျီအိုများ (ကြော်ငြာ)

အခုတလော ဘလောက်ရေးဖို့ရာ ဦးနှောက် ဂျမ်းဖြစ်ပြီး သော့တ်ဘလောက် (thought block) ဖြစ်နေလို့ ဆားပဲ ချက်နေရတယ်။ ခွေးလွှတ်ကြပါ ကွယ်ရို့။ တကယ်ကိုက်တဲ့ ခွေးတော့ မလွှတ်နဲ့နော်။

ဒီဘလောက်မှာက ကိုယ်ရေးချင်တာတွေ နောက်နောက်ပြောင်ပြောင်တွေ ရေးနေကျ ဆိုတော့ ကျွန်တော် စေတနာ့ ၀န်ထမ်း လုပ်ပေးနေတဲ့ ၀က်ဆိုဒ် အကြောင်း တစ်ခါမှ မပြောဖြစ်ဘူး။ ဘေးမှာတော့ လင့်ပေးထားပါတယ်။ ၀က်ဆိုဒ်ကို “ရွှေနိုင်ငံမှအန်ဂျီအိုများ” လို့ ကင်ပွန်းတတ်ထားတယ်။ ဗုဒ္ဓဟူးသားလေးပေါ့။ အသက်က တစ်နှစ်ကျော်လောက် ရှိပြီ။ ပါဝင်တဲ့ အကြောင်းအရာတွေကတော့ ...

NGO Directory
မြန်မာနိုင်ငံတွင်းမှာ အလုပ်လုပ်နေတဲ့ အန်ဂျီအို၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ကြက်ခြေနီအဖွဲ့များ နဲ့ တခြား လူမှု အဖွဲ့အစည်းတွေ အကြောင်း အဓိကပေါ့။ သူတို့ ဘာတွေလုပ်နေလဲ၊ ရုံးတွေ ဘယ်နားမှာ ရှိလဲ၊ ၀က်ဆိုဒ် လိပ်စာက ဘာလဲ အစရှိသဖြင့်ပေါ့။ စာရင်းထဲမှာ ရုံးလိပ်စာပေါင်း ၂၃၀ ကျော်ရှိပါတယ်။ ရန်ကုန်လမ်းညွှန်၊ မန္တလေး လမ်းညွှန်တွေတောင် ဒီလောက် စုံပါ့မလားပဲ။

Job Vacancies in NGO, INGO, UN, & Red Cross
အဲဒီ အဖွဲ့တွေက ခေါ်နေတဲ့ အလုပ်တွေအကြောင်း။ ဒါကတော့ အတော့်ကို ပြည့်စုံပါတယ်။ အွန်လိုင်းမှာ မြန်မာပြည်က အန်ဂျီအို အလုပ်တွေနဲ့ ပတ်သက်လာရင် အစုံဆုံး၊ အပ်ဒိတ် အဖြစ်ဆုံး နေရာလို့ ပြောရင် ကြွားရာမကျပါဘူး။ ပီဒီအက်ဖ် ဒေါင်းလုပ် လုပ်နိုင်ပါတယ်။

Conferences & Professional Meetings
ဖွံ့ဖြိုးရေး လုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ ညီလာခံတွေ၊ နိုင်ငံတကာ အစည်းအဝေးတွေ ဘယ်တော့ ဘယ်မှာ လုပ်မယ် ဆိုတာတွေကိုလည်း ဖော်ပြထားပါတယ်။ သူများပေးတဲ့ စရိတ်နဲ့ နိုင်ငံခြားသွားရတာ ဟန်ကျပါတယ်။ အချိန်မှီ လျောက်လွှာတင်ဖို့ စာတမ်းတင်ဖို့ အတွက်တော့ ကာယကံရှင်က နည်းနည်းလေး ညှစ်လိုက်ပါ။ ၀မ်းနှုတ်ဆေးကိုပဲ ပုံအပ်ထားလို့ မရဘူးလေ။

Scholarships
ဂူဂဲလ် မှာ စကောလားရှစ် ဆိုပြီး ရိုက်လိုက်ရင် ထောင်ချီပြီး ထွက်လာပေမယ့် မြန်မာ လူငယ်တွေနဲ့ ကိုက်ညီတဲ့ စကောလားရှစ်တွေကတော့ အတော့်ကို ပြူးပြဲ ရှာရမယ့် အလုပ်ပါ။ ဒီဆိုဒ်မှာတော့ မြန်မာတွေ တကယ်တန်း ရဖူးတဲ့ စကောလားရှစ်တွေ အကြောင်းကို အဓိက တင်ထားပါတယ်။ ဘာတွေ ရှိလဲ၊ ဘယ်တော့ လျှောက်ရမလဲ၊ ရဖူးသူ မြန်မာတွေရဲ့ အတွေ့အကြုံ စတာတွေ ရေးထားပါတယ်။ တိုင်ပင်ချင်ရင် ဖိုရမ်မှာလည်း အခန်းဖွင့်ထားပေးပါတယ်။

Useful links for development works
ဒါကတော့ အသုံးတဲ့မယ်ထင်တဲ့ ၀က်ဆိုဒ်လင့်တွေ ပေးထားတာပါ။ အန်ဂျီအိုဆိုတာ ဘာလဲ ဆိုတဲ့ မေးခွန်းမျိုးတွေအတွက် ဒီလင့်တွေမှာ အဖြေ အပြည့်ရှိနေပါတယ်။

Myanmar Development Community Forum
မြန်မာ့ဖွံ့ဖြိုးရေး ဖိုရမ် ကတော့ ပြောခဲ့ပြီးတဲ့ အကြောင်းအရာတွေ နဲ့ ပတ်သက်ပြီးတော့ ဖြစ်ဖြစ်၊ ဖွံ့ဖြိုးရေးနဲ့ ပတ်သက်ပြီးတော့ ဖြစ်ဖြစ် အပြန်အလှန် ဆွေးနွေးလို့ ရတဲ့နေရာပါ။ မြန်မာ-အင်္ဂလိပ် နှစ်ဘာသာ နဲ့ ဆွေးနွေးလို့ ရပါတယ်။ နဲနဲတော့ ဟဲဗီး ဖြစ်တယ်လို့ ဘလောက်ဂါ လောကသား တစ်ဦးက မှတ်ချက်ပြုဖူးပါတယ်။ ဒါကတော့ အက်ဒမင် ရဲ့ ကိုယ်အလေးချိန် အငွေ့အသက် ပါသွားလို့ ဖြစ်နိုင်ပါတယ်။ ဟာသဥာဏ်ရှိသူ ဖိုရမ်မာ တချို့ကတော့ ရယ်စရာလေးတွေ ပြောတတ်ကြပါတယ်။ မည်သို့ပင် ဆိုစေကာမူ တိုင်းပြည်ဖွံ့ဖြိုးရေး ပြန်လည် ထူထောင်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး အစရှိသည်တို့ကို တည်တည်တံ့တံ့ ပြောလိုသူတွေအတွက် နေရာ အဆင်သင့်ရှိကြောင်း အသိပေးလိုပါတယ်။

Interactivity
နောက်ဆုံးမှ ပြောပေမယ့် ဒါကတော့ အနှစ်ပါ။ ယနေ့ အင်တာနက် လောကမှာ အပြန်အလှန်ဆက်သွယ်မှု (interactivity) ဟာ အတော့်ကို လူပြောများလာပါတယ်။ အင်တာနက် ခေတ်ဦးပိုင်းတုန်းက ဆိုရင် ၀က်ဆိုဒ်တွေဟာ ပျင်းစရာကောင်းတဲ့ ဆရာနဲ့ စာသင်ရသလိုပါပဲ။ သူကချည်းပဲ ပြောနေတာ။ ဖတ်ရှုသူဖက်က အမြင်ကို ပြန်ပြီး ပြောခွင့် သိပ်မရခဲ့ကြဘူး။ အခုတော့ စာရှုသူတွေဖက်က မှတ်ချက်ပေးလို့ရတယ်၊ ကောင်းသင့်ညံ့ အကဲဖြတ်ခွင့်ရှိတယ်၊ မဲပေးလို့ရတယ်၊ စုံလို့ပါပဲ။ အခု ကျွန်တော်တို့ဝက်ဆိုဒ်လို CMS (Content Management System) ကို သုံးတဲ့ ၀က်ဆိုဒ်မျိုးတွေမှာ ဆိုရင် စာရှုသူကနေ ၀က်ဆိုဒ်အတွက်လိုအပ်တဲ့ သတင်းတွေ အချက်အလက်တွေကို တိုက်ရိုက် တင်ပြလို့ ရလာပါတယ်။ ဆိုလိုတာက အက်ဒမင်တွေ မော်ဒရေတာတွေက ရေးတဲ့ ၀က်ဆိုဒ် မဟုတ်တော့ပဲ မင်ဘာ (အဖွဲ့ဝင်) တွေကရေးတဲ့ ၀က်ဆိုဒ် ဖြစ်လာပါတယ်။ ခေတ်စကားနဲ့ ဆိုရင်တော့ “ပြည်သူမှ ပြည်သူ့ အတွက်” လို့ ဆိုရင် ရမယ်ထင်ရဲ့။ အယ်ဒီတာတွေက စာလုံးပေါင်းသတ်ပုံ၊ ဘာသာပြန် နဲ့ ကျမ်းကိုးစာရင်း အစရှိသည် တို့ကို အနည်းငယ် တည်းဖြတ်တာတော့ ရှိပါမယ်။

ကဲ ကြော်ငြာလည်း အတော်ရှည်သွားပြီ။ ပြောတာတွေ ဟုတ်မဟုတ် မဆိုင်းမတွပဲ သွားကြည့်လိုက်ရအောင်နော် ...
www.NGOinMyanmar.org

အန်ဂျီအိုမှာ အလုပ် လုပ်ချင်သူတွေ နဲ့ အမေးအဖြေခန်းလေးကို နမူနာ ဖတ်ချင်ရင်တော့ အောက်မှာ ဆက်လက် ရှုစားပါ။

မေး
I am a house surgeon worked at insein hospital. My house surgeon training course will be ended on 31st December. After that, i want to work at NGO but i don't know how to do. I have no other qualification except my education.Now i'm studying english. Please advise me how can i get the job.
ဖြေ
The followings are the things that you can do as a start:
  • do a little bit of research on NGOs working in Myanmar. Who they are? What they do? Where they do it? (you can find a list and website links in our NGO directory)
  • then, decide what kind of NGOs that you want to work with.
  • find out whether they need any interns/volunteers
  • check job vacancy page from this website regularly and apply
Computer skills (Microsoft Word, Excel, Power Point) will be helpful in addition to English.
မေး
I'd like to know what is more important to get NGO job; the CV form or the interview. What would they ask me in the interview not concerning the theory . I've told that I've no experience even to face interview and what would I prepare for this. Hope your answer and advice later.
ဖြေ
ကိုယ်ရေးရာဇ၀င် နဲ့ လူတွေ့ မေးတာ ဘယ်ဟာ ပိုအရေးကြီးလဲ လို့ မေးထားပါတယ်။ နှစ်မျိုးလုံး တူတူပဲ အရေးကြီးပါတယ်။ ဒီဟာတွေထက် ပိုပြီး အရေးကြီးတာက ခေါ်တဲ့ အလုပ်မှာ လုပ်ရမှာတွေကို ကျွမ်းကျွမ်းကျင်ကျင် တတ်နေဖို့ နဲ့ အလားတူ အလုပ်မျိုး လုပ်ဖူးတဲ့ အတွေ့အကြုံပါ။ ကိုယ်ရေးရာဇ၀င်ဘက် ပြန်လှည့်ရရင်။ အန်ဂျီအို အလုပ် ခေါ်တဲ့အခါမှာ ကိုယ်ရေးရာဇ၀င်ကို ပထမ အဆင့် ဇကာတင်ရွေးချယ်ဖို့အတွက် သုံးပါတယ်။ တနည်းပြောရရင် ကိုယ်ရေးရာဇ၀င်မှာ ပါတဲ့ အချက်အလက်တွေကို ကြည့်ပြီး လူတွေ့ မေးမယ် မမေးဘူး စဉ်းစားပါတယ်။ လူတွေ့ မှာတော့ အလုပ်လျှောက်ထားသူဟာ ခန့်မယ့် အလုပ်ကို လုပ်နိုင်တဲ့လူ ဖြစ်မဖြစ်ကို ကြည့်ပါတယ်။ ပြီးတော့ အလုပ်မှာ စိတ်ပင်ပန်းခံနိုင် မခံနိုင်ကို လေ့လာပါတယ်။ ကျန်တာကတော့ လူပုံပန်းကို အကဲခတ်တာပါပဲ။

နောက်တစ်ချက်က မိမိလျှောက်တဲ့ အလုပ် နဲ့ အဖွဲ့အစည်းအကြောင်းကို သေသေချာချာ လေ့လာထားဖို့ လိုပါတယ်။ မိတ်ဆွေတစ်ဦး ( အန်ဂျီအို အလုပ် အင်တာဗျူးမေးသူ ) ပြောဖူးတာကတော့ တချို့ အလုပ်လာလျှောက်သူတွေဟာ မိမိ လျှောက်တဲ့ ရာထူး ကိုတောင် မှန်အောင် မပြောနိုင်ကြဘူးလို့ ဆိုပါတယ်။ ဒါမျိုးကတော့ လုံးဝ မဖြစ်သင့်ပါ။ အင်တာနက် ခေတ်မှာ အဖွဲ့အစည်း အမည် သိရင် ဒီအဖွဲ့ အကြောင်းကို အလွယ်တကူ ရှာလို့ ရနိုင်ပါတယ်။ မိမိဖက်က ပြင်ဆင်ဖို့တော့ လိုမှာပါ။

အားလုံး အဆင်ပြေကြပါစေ။
ခင်မင်စွာဖြင့်
ရဲမွန်

ဝက်ဆိုဒ် ဖြစ်မြောက်ရေးအတွက် ဘက်စုံကူညီခဲ့ ကူညီဆဲ ဖြစ်သော အမည်တွင် “ပ” ဖြင့်စ၍ “တ” ဖြင့်ဆုံးသည့် မိတ်ဆွေသူငယ်ချင်းကြီးအား ရွှေနိုင်ငံမှအန်ဂျီအိုများ ၀က်ဆိုဒ်ကိုယ်စား အထူးကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါသည်။

Read More...

Tuesday, November 27, 2007

World AIDS Day 2007

Take the Lead.

Stop AIDS. Keep the Promise.


1 December 2007




Reduce stigma and discrimination, all are human beings.

အေအိုင်ဒီအက်စ် တိုက်ဖျက်ဖို့၊ အားလုံးပါဝင်ဆောင်ရွက်စို့။
ကိုယ်ချင်းစာနာ နားလည်ပါ၊ သင်လည်း လူသားပါ။

Read More...

Wednesday, November 14, 2007

Twenty Years Before

၁၄၊ ၁၁၊ ၂၀၀၇

လွန်ခဲ့သော အနှစ် - ၂၀

တိတိကျကျ ဆိုရပါလျှင် လွန်ခဲ့သော ၂၁-နှစ် ဆောင်းတွင်း။ တီတီစီ (ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်း) ကျောင်းသားဟောင်းများ အသင်း၏ မိတ်ဆုံ စားပွဲနှင့် အသင်းဝင်များ၏ သားသမီးများ အတွက် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားတွင်ဖြစ်သည်။ ကျွန်တော့်မိခင်မှာ တီတီစီ ကျောင်းသူဟောင်း ဖြစ်၍ ထိုနှစ်က ၁၀ တန်း အောင်မြင်ခဲ့သော ကျွန်တော်တစ်ယောက် ဆု သွားယူရပေသည်။ ၁၀ တန်း အတူ အောင်မြင်ခဲ့ကြသော အခြား သူငယ်ချင်းများ (သူတို့၏ မိဘများကလည်း ကျောင်းသားဟောင်း အသင်းဝင်များ ဖြစ်ကြသည်) နှင့် ဓါတ်ပုံ တစ်ပုံ ရိုက်ခဲ့လေသည်။ ဖြစ်ချင်တော့ ကျွန်တော့်တွင် ထိုဓါတ်ပုံ မရှိ။ ဓါတ်ပုံ ရိုက်မိမှန်းပင် အမှတ်မရမိ။ တမြန်နေ့ကမှ ပုံပါ သူငယ်ချင်းတစ်ဦးက ထိုဓါတ်ပုံကို လူကြုံပါးလာသောကြောင့် ပြန်ကြည့်ရင်း ငယ်မူပြန်ကာ ဘလောက်တွင် ဖော်ပြရသော် ကောင်းပေစွဟု ဖာသာ တွေးမိသည်။ ပြသာပြရသည် ရောင်းရင်းတို့ ကျွန်တော့် ငယ်ရုပ်ကို ဖမ်းနိုင်ပါ့မလား ဆိုသည်ကတော့ သိပ်မသေချာ။ ရှုလော့ ...

Read More...

Tuesday, November 13, 2007

A visit to New England (5)

၁၃၊ ၁၁၊ ၂၀၀၇

အင်္ဂလန်ပြည်သစ် သို့ အလည်တစ်ခေါက် (၅)
ဘော်စတွန်မြို့

တောင်းပန်ခြင်း
အခုရက်ပိုင်းတွေမှာ ပို့စ်အသစ် မတင်ဖြစ်တဲ့အတွက် အလည်ရောက်လာတဲ့ မိတ်ဆွေအများကို တောင်းပန်ပါတယ်။ အခုတော့ လက်ကျန်ရှင်းတမ်းအနေနဲ့ အင်္ဂလန်ပြည်သစ် ခရီးသွားဆောင်းပါး နောက်ဆုံးပိုင်းကို တင်လိုက်ပါတယ်။

ထောပတ်ထမင်းစားပြီး သကာလ ထုံးစံအတိုင်း ၀ိုင်းထိုင်ကြကာ သန်းခေါင်တိုင်အောင် စကားဖောင်ဖွဲ့ကြပြန်သည်။ ဒီတစ်ခါ ပြောဖြစ်ကြတာကတော့ ဒီနိုင်ငံမှာ အမြဲတမ်းနေထိုင်တော့မယ် ဆိုရင် မိမိတို့ရဲ့ သားသမီးတွေကို ဗမာယဉ်ကျေးမှု ဓလေ့ထုံးစံတွေအတိုင်း ပြုစုပျိုးထောင်မှာလား ဒါမှမဟုတ် ဒီက ယဉ်ကျေးမှု ထုံးစံတွေအတိုင်း လိုက်လျောလိုက်မှာလား ဆိုတာပါပဲ။ စာရေးသူမှာ ကိုယ်ပိုင်ကလေး မရှိသေးတော့ ကလေးရှိသူ၊ ရှိနိုင်ချေ များသူတွေကို အချွန်နဲ့ မ ပေးလိုက်ရုံပ။ အမြင်တွေကတော့ အမျိုးမျိုးပါ။ သားယောက်ျားလေး ဆိုရင် တစ်မျိုး၊ မိန်းကလေး ဆိုရင် တစ်မျိုး။ ဘယ်လို အပြုအမူမျိုး ဆိုရင် လက်ခံမယ်။ ဘယ်လိုဆိုရင်တော့ လုံးဝပဲ ဆိုတာမျိုးပေါ့။ ယတိပြတ်အဖြေတော့ ထွက်မလာပါ။ မိသားစု တစ်စုချင်း ကိစ္စ ပေပဲကိုး။ စာရေးသူ သတိထားမိတာကတော့ မြန်မာမိဘတွေဟာ မြန်မာပြည်မှာတုန်းက လုံးဝလက်မခံနိုင်လောက်တဲ့ အပြုအမူတွေကို ဒီနိုင်ငံရောက်လာတဲ့အခါမှာ ကျေနပ် လက်ခံလာကြတာပါ။ ဆိုတော့ လူတစ်ယောက်ရဲ့ အပြုအမူ တစ်ခုဟာ နေရာဒေသပေါ်လိုက်ပြီး ယဉ်ကျေး၏ မယဉ်ကျေး ဆိုတာမျိုး ဖြစ်သွားပါတယ်။ လောကကြီးမှာ “နှိုင်းရအမှန်” (relative truth) တွေ အများကြီးပါလားလို့ သဘောပေါက်မိပါတယ်။

ဒီလိုနဲ့ တနင်္ဂနွေနေ့ မနက်မှာတော့ အိပ်ရာထကတည်းက ဘော်စတွန်သွားဖို့ လုံးပမ်းကြပါတယ်။ ကားငှားတဲ့ ဆိုင်က တနင်္ဂနွေမဖွင့်တော့ ခက်နေပါလေရော။ သူငယ်ချင်းရဲ့ကားက လူ ၇ ယောက် ကျပ်ကျပ်သပ်ထိုင်ရင် ရပေမယ့် ခရီးဝေးမှာတော့ သိပ်မသက်သာလှ။ ဘော်စတွန်ကလည်း ၀ီလီယံမြို့ကနေ မိုင် ၁၅၀ ကျော် ဝေးသေးတယ် မဟုတ်လား။ ဒါနဲ့ပဲ စာရေးသူက အကြံပေးလိုက်ပါတယ်။ ကားနောက်ဖက် ပစ္စည်းတင်တဲ့နေရာမှာ တစ်ယောက်ထိုင်လိုက်ရင် မကောင်းဘူးလားပေါ့။ တကယ်လုပ်ဖြစ်သွားတော့ ပထမဆုံး အလှည့်ကျသူက အကြံပေးသူ ကျွန်တော်မျိုးပါ။ ဘေးပတ်ဝန်းကျင် ရှုခင်းမမြင်ရတာကလွဲလို့ သိပ်တော့မဆိုးပါ။ အိပ်ငိုက်လို့တောင် ရသေး။

အသွားမှာတော့ ပြည်နယ်တွင်း အဝေးပြေးလမ်း အမှတ်-၂ ကနေ သွားကြပါတယ်။ နေ့လည်စာကို မက်ဒေါ်နယ်ဆိုင်မှာပဲ ကမန်းကတန်း စားကြပြီး ခရီးဆက်ကြပြန်ပါတယ်။ နာမည်ကြီး ဟားဗတ် တက္ကသိုလ်က ဘော်စတွန် မရောက်ခင် ကိန်းဘရစ်ခ်ျ ဆိုတဲ့ နေရာမှာ ရှိတော့ အဲ့ဒီကို အရင် ၀င်ကြပါတယ်။ ရာသီဥတုကလည်းသာယာ တနင်္ဂနွေကလည်းဖြစ်ပြန် ဆိုတော့ ကိန်းဘရစ်ခ်ျ မှာ ကြက်ပျံမကျ စည်ကားနေပါတယ်။ စာရေးသူတို့လည်း ဟိုဟိုသည်သည် လျှောက်သွားရင်း ဟားဗတ်တက္ကသိုလ်ကို တည်ထောင်သူလို့ လူသိများတဲ့ John Harvard ရဲ့ ရုပ်တုရှေ့မှာ ဓါတ်ပုံ ရိုက်ကြပါတယ်။ နောက်မှ ၀ိကီကနေတဆင့် သိရတာက မစ္စတာ ဟားဗတ်ဟာ တက္ကသိုလ်ကို တည်ထောင်သူ တစ်ယောက်မဟုတ်ပဲ အလှူရှင်တစ်ဦးမျှသာ ဖြစ်ကြောင်းပါ။ မည်သို့ပင် ဆိုစေကာမူ စာရေးသူတို့ သူငယ်ချင်း တသိုက် ဓါတ်ပုံရိုက်လာတာကိုတော့ ဘေးမှာ ရှုစားနိုင်ပါတယ်။

ကိန်းဘရစ်ခ်ျမှာ လည်ပြီးတော့ MIT (Massachusetts Institute of Technology) ကိုသွားမယ် ဆိုပြီး ထွက်လာလိုက်တာ ကံဆိုးချင်တော့ လမ်းမှားပြီး မရောက်ခဲ့ပါ။ ဒါပေမယ့် ကံကောင်းချင်တော့ ချားလ်စ် မြစ်ထဲမှာ လှေလှော်ပြိုင်ပွဲ လုပ်ဖို့ ပြင်ဆင်နေတာ တွေ့ခဲ့ရပါတယ်။ ၄ ယောက်လှော်၊ ၈ ယောက်လှော် ရောင်စုံလှေတွေပေါ်က ရောင်စုံအင်္ကျီ ဆင်တူဝတ် လှေလှော်သားတွေဟာ စိမ်းမြတဲ့ မြစ်ပြင် နဲ့ ပနံရနေကြပါတယ်။ အားလုံး အစီး ၂၀ လောက်ရှိမယ် ထင်ရဲ့။ အားပေးနေတဲ့ ပရိတ်သတ်ကလည်း ကမ်းလုံးညွတ်မျှပါပဲ။ စာရေးသူ တက္ကသိုလ် ရောက်စက ရန်ကုန်တက္ကသိုလ်များ လှေလှော်အသင်းမှာ လှေလှော်ခဲ့ချိန်တွေကို ပြန်သတိရမိပါရဲ့။ အချိန်နည်းနေလို့ လှေပြိုင်ပွဲကို ကားပေါ်ကနေပဲ ကမန်းကတန်း ကြည့်ပြီး ခရီးဆက်ခဲ့ကြပါတယ်။

ကဲ .. ရောက်ပါပြီ။ ဘော်စတွန်မြို့။ အဆောက်အဦမြင့်တွေ ပြည့်နေတဲ့ မြို့ထဲကို ကားလျောက်မောင်း ကြည့်ရှုပြီး ကမ်းနားကို အလည်သွားကြပါတယ်။ အပျော်စီးသင်္ဘောတွေ၊ ဇင်ယော်တွေ၊ လေညှင်းခံသူတွေ နဲ့ စည်ကားတဲ့နေရာ တစ်ခုပါ။ စာရေးသူတို့တွေလည်း လေညှင်းခံရင်း ဓါတ်ပုံတွေ ဟိုရိုက်ဒီရိုက်၊ သူများတွေကို ဟိုငေးဒီငေး လုပ်နေရင်း နေစောင်းလာတော့ ကမ်းနားက ဆိုင်လေးတစ်ဆိုင်ကို ခဏ၀င်ပြီး ဘီယာသောက်ကြပါတယ်။ သဘာဝရှုခင်း ကို ကြည့်ပြီး ဘီယာသောက်ရတာ အရသာတစ်မျိုးပါ။

အားလုံး ဗိုက်ဆာလာကြတော့ အိမ်ရှင်သူငယ်ချင်း ညွှန်းတဲ့ တရုတ်ဆိုင်ကို သွားစားဖြစ်ပါတယ်။ ညွှန်းသလောက်လဲကောင်း၊ ကောင်းသလောက်လဲစားကြတော့ မှာသမျှ တက်တက် ပြောင်ပါရော။ မိုးလည်း ချုပ်လာပြီဆိုတော့ ၀ီလီယံမြို့ကို အမြန်ရောက်မယ့် အဝေးပြေး လမ်းအမှတ်-၉၀ အတိုင်း အသော့နှင်ခဲ့ကြပါတယ်။ တည်းအိမ်ပြန်ရောက်တော့ မိုးအတော်ချုပ်နေပြီ။ ခရီးကလည်း ပမ်းလာတော့ သိပ်စကားမပြောနိုင်ကြပဲ အိပ်ရာဝင်ကြပါတယ်။

တနင်္လာနေ့မှာတော့ အိမ်ရှင်သူငယ်ချင်းတို့ကို နှုတ်ဆက်ပြီး ပြန်လာခဲ့ကြပါတယ်။ အပြန်လမ်းမှာ တွေ့ခဲ့တဲ့ Pontoosuc Lake အမည်ရ ရေကန်မှာ ခဏနားရင်း အရောင်ပြောင်းတောအုပ်၊ အိမ်နဲ့ ကောင်းကင်ပြာပြာတွေ ရေကန်မှာ အရောင်ပြန်နေတာကို မှတ်တမ်းတင်ခဲ့ပါတယ်။

အမှတ်တရ ခရီးတစ်ခု ဖြစ်မြောက်ခဲ့တဲ့အတွက် သူငယ်ချင်းအားလုံးကို ကျေးဇူး အထူးတင်ရှိပါတယ်။

ပြီးပါပြီ။


Read More...

Tuesday, October 30, 2007

A visit to New England (4)

၃၀၊ ၁၀၊ ၂၀၀၇

အင်္ဂလန်ပြည်သစ် သို့ အလည်တစ်ခေါက် (၄)
စားကြမယ်ဟေ့ ကောင်းကောင်း

ဗားမောင့်ကနေ ပြန်လာတော့ ညနေစာ စားဖို့ စောနေသေးတာနဲ့ စာရေးသူက လှုံ့ဆော်လိုက်ပါတယ် “ထောပတ်ထမင်း နဲ့ ကြက်သားဟင်း ချက်စားကြရအောင်” ဆိုပြီးတော့ပေါ့။ အားလုံးပဲ ငြင်းပါတယ် “ဟုတ်ကဲ့” တဲ့။ ဒါနဲ့ပဲ စာရေးသူ ဟော့ပ်ကင်း မှာ အနှစ်နှစ်အလလ သင်ယူလာတာလေးတွေ လက်စွမ်းပြခွင့် ကြုံတာပေါ့။
ကဲ ချက်နည်းလေး ရေးပေးဦးမှပါ။ ဒါမှ စာရှုသူတို့ စမ်းကြည့်လို့ရမှာ။

လိုတာတွေကတော့ ...
  • ဆန် (ပါစမာတီ) - ၄ ဗူး
  • ထောပတ် (ရိုးရိုး သို့မဟုတ် ဟင်းချက်ထောပတ်) - ထမင်းစားဇွန်း ၄ ဇွန်း
  • ကရဝေးရွက် - ၄-၅ ရွက်ခန့်
  • သစ်ဂျပိုးခေါက် - ၁ ခု
  • ကုလားပဲ - ၁ ဗူး
  • ကြက်သွန်နီ - ၄-၅ လုံးခန့်
  • ကြက်သွန်ဖြူ - ၁ ဥ
  • အရောင်တင်မှုန့် - သင်ရုံ
  • မဆလာ - သင့်ရုံ
  • ငံပြာရည် - သင့်ရုံ
  • ကြက်သား - ၁ ကီလို
  • အချိုမှုန့် - သင့်ရုံ
  • ဆား - သင့်ရုံ
  • ဆီ - သင့်ရုံ
ပါစမာတီ ဆန်ကို ရေစိမ်မယ်။ ကုလားပဲကိုလည်း သတ်သတ် ရေစိမ်ထားမယ်။ ပြီးရင် ကုလားပဲကို မကျက်တကျက် ပြုတ်မယ်။ ဆားနည်းနည်းထည့်မယ်။ မဝေအောင် သတိထားရမယ်။

ကဲ ထမင်း ချက်ရအောင်။ ထမင်းကို ပေါင်းအိုးနဲ့ ချက်ရင် သိပ်အဆင်မပြေပါ။ အိုးမကပ်တတ်တဲ့ အိုးတစ်လုံးကို သုံးရင် ပိုကောင်းတယ်။ ထောပတ်ကို အပူပေးပြီး ဆီဖြစ်လာပြီဆိုရင် ကရဝေးရွက် နဲ့ သစ်ဂျပိုးခေါက်လေး ထည့်ပြီး ခဏမွှေထားမယ်။ ကြည့်နေရင်းနဲ့ ဆီက အနီရောင်သမ်းလာပြီ ဆိုရင် ရေဆေးထားတဲ့ ပါစမာတီ ဆန်ကို ရေစစ်ပြီး ထည့်မယ်။ နည်းနည်း မွှေပေးလိုက်ပြီး မကျက်တကျက် ပြုတ်ထားတဲ့ ကုလားပဲပါ ရောပြီး သမအောင်မွှေမယ်။ ပြီးရင် ရေကို ၆-ဗူးလောက်ထည့်မယ်။ ဒါဆိုရပြီ အဖုံးဖုံးပြီး ထမင်းအိုးကို ဆက်တည်ထားမယ်။ ကြက်သားဖက် လှည့်ရအောင်။

အရေးထဲ ကြက်သားသွားဝယ်တဲ့ ပုဂ္ဂိုလ်တွေက ပြန်မလာသေးဘူး။ လုပ်လို့ရတာလေးတွေ လုပ်ထားဦးမှ။ ကြက်သွန်နီ၊ ဖြူ ထောင်းထားမယ်။ ငြုပ်ဆုံမရှိရင် စက်နဲ့ကြိတ်လို့ရပါတယ်။ ဒါမှမဟုတ်လဲ ဓါးနဲ့ နုတ်နုတ်စင်းပေါ့။ ပြီးရင် ဆီ (သင့်ရုံ - ဘယ်လောက်မှန်းမသိဘူး။ ခေါင်းထဲ အော်တို ရောက်လာသလောက်) ထည့်ပြီး ကြက်သွန်နီ ဆီသတ်မယ်။ ခဏလောက်ကြာမှ ကြက်သွန်ဖြူထည့်၊ တခါတည်း ငံပြာရည်ပါထည့် ပြီး ဆီဆက်သတ်မယ်။ ဟော ကြက်သားလာပြီ။ ကဲ မြန်မြန် ရေဆေး၊ ဓါးနဲ့မွှန်းပြီး ဆား၊ ဆနွင်းလေး နယ်ပါဦး။ အမှန်က စောစောကတည်းက ကြက်သားကို နယ်ထားရမှာ။ ထားပါလေ။ အမြဲတမ်း စာအုပ်ကြီးအတိုင်း လုပ်လို့ မဖြစ်ဘူး မဟုတ်လား။

ဟာ ကြက်သွန်ဆီသတ်တာ တူးတော့မယ်။ ကြက်သားတွေ မြန်မြန်ထည့်မှ။ နေဦး အရောင်တင်မှုန့်မေ့နေပြီ။ ကဲ မြန်မြန်ထည့်။ ဟုတ်ပြီ ကြက်သားတွေပါထည့်။ လုံးလိုက်။ ပြီးရင် ရေထည့်။ အိုကေ။ ဒါဆိုရပြီ။ ချခါနီးမှ မဆလာလေး၊ ဆား၊ အချိုမှုန့်လေး သင့်သလို ခတ်လိုက်ရုံပ။

ထမင်းအိုးကို လည်း သွားပြန်ကြည့်ဦး။ တူးနေဦးမယ်။ ကျက်ပြီထင်ရင် မီးဖိုပေါ်ကချလိုက်။

ဒါပဲ။ ရပြီ။ ချက်စားကြပေတော့။

ခရီးသွား ဆောင်းပါးလည်း တော်တော် ရှည်သွားပြီ။ နောက်တစ်ရက် ဘော်စတွန် သွားတဲ့ အကြောင်း ရေးပြီးရင်တော့ တော်ပါပြီ။ တစ်ခါတစ်ခါ ခရီးထွက်ရတာလည်း မလွယ်ပါလားနော်။

(၅) သို့


Read More...

Monday, October 29, 2007

Am I an Addict?

၂၉၊ ၁၀၊ ၂၀၀၇

ဘလောက် စွဲနေပြီလား

ရွှေဂျမ်းရဲ့ ဘလောက်ရောဂါ ကို ဖတ်ပြီး “ဘလောက် စွဲနေပြီလား” လို့ ကိုယ့်ဖာသာ ပြန်မေးမိတယ်။ ဒါနဲ့ အင်တာနက်ပေါ်က ဘလောက်ရောဂါ စမ်းသပ်ချက် မေးခွန်းများကို ဖြေကြည့်လိုက်တော့ ဒီလို အဖြေထွက်တယ် ခင်ဗျ။ စာရှုသူတို့ရော ...


78%How Addicted to Blogging Are You?

Read More...

A visit to New England (3)

၂၉၊ ၁၀၊ ၂၀၀၇

အင်္ဂလန်ပြည်သစ် သို့ အလည်တစ်ခေါက် (၃)
မန်ချက်စတာမြို့၊ ဗားမောင့်ပြည်နယ်
မူလအစီအစဉ်က မနက်စောစောထပြီး သောင်းအေးတို့ လှအေးတို့လို (TownAce, HighAce) ကားမျိုး တစ်စီးငှားပြီး ဘော်စတွန် (Boston) ကို သွားလည်ကြမလို့ပါ။ ဒါပေမယ့် ညက သူငယ်ချင်းတတွေ စကားကောင်းနေပြီး အတော်ညဉ့်နက်သွားတာနဲ့ မနက်ကို စောစော မနိုးကြပါ။ စာရေးသူက အိပ်ရာဝင်ပြီး ၆ နာရီကြာရင် အလိုလို နိုးလာတတ်တော့ မနက် ၈ နာရီလောက် နိုးနေပြီး ပြန်လည်း မနှပ်ချင်တော့တာနဲ့ မျက်နှာသစ်ပြုပြီး မီးဖိုထဲ အစာရှာထွက်ပါတယ်။ ထမင်းကြမ်းနဲ့ ကြက်ဥတွေ တွေ့တော့ ဟုတ်ပြီဟ ဆိုပြီး အားလုံးအတွက် ကြက်ဥထမင်းကြော် ကြော်နေတုန်းမှာပဲ တစ်ယောက်ပြီး တစ်ယောက် နိုးလာကြပြီး ရေနွေးတည်သူ၊ ကော်ဖီ ဖျော်သူ၊ ထမင်းစားပွဲပြင်သူနဲ့ မီးဖိုထဲမှာ စည်ကားလာပါတယ်။

မနက်စာ စားသောက်ပြီးစီးတော့ ၁၀ နာရီလောက် ရှိနေပြီ။ ဘော်စတွန်က မိုင် ၁၅၀ ကျော်လောက် ဝေးတော့ ၃ နာရီလောက် မောင်းရမယ်။ အသွားအပြန်ဆို ၆ နာရီ။ ကားငှားဖို့ကလည်း ရှိသေး ဆိုတော့ ဘော်စတွန်မှာ လည်ဖို့အချိန် နည်းနေမယ်ဆိုပြီး အစီအစဉ်ပြောင်းကာ ဗားမောင့်ကို သွားဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။

ဝီလီယံမြို့က မက်ဆာချူးဆက်ပြည်နယ်ရဲ့ အနောက်မြောက်ဘက်ထောင့်နားလေးမှာ ရှိတော့ ဗားမောင့် ပြည်နယ်နဲ့က ကပ်နေတာ။ ဒီရာသီကလည်း ဗားမောင့်ပြည်နယ်ရဲ့ အလှဆုံးအချိန်ဆိုတော့ အားလုံးသဘောတူ ဗားမောင့်ကိုပဲ ရွေ့ကြပါတယ်။

အိမ်ရှင်သူငယ်ချင်းရဲ့ RAV4 ထဲမှာ လူကြီး ၆ ယောက်နဲ့ ကလေး တစ်ယောက် ကျပ်ကျပ်သပ်သပ်ထိုင်ရင်း ပြည်နယ်တွင်း အဝေးပြေးလမ်း (Local Highway) အမှတ် ၇ အတိုင်း မြောက်ဘက်ကိုသွားကြပါတယ်။ လူဝတာ နာမည်သာဆိုးတာ ဤနေရာတွင် စားသာပါသည်။ အရှေ့ခန်း ထိုင်ခုံကို အပိုင်စား ရကာ ကားမောင်းခွင့် ရလေ၏။ စာရေးသူလည်း ကိုယ့်လက်ရှိဝင်ငွေ၊ နောင်လာမယ့် ၀င်ငွေတွေနဲ့ ဘယ်လိုမှ ၀ယ်စီးနိုင်မှာ မဟုတ်တဲ့ RAV4 ကို မြောက်ကြွမြောက်ကြွနဲ့ မောင်းလာပါတယ်။ လမ်းခရီးမှာ တစ်မိုင်ထက် တစ်မိုင် ပိုပိုလှလာတဲ့ ရှုခင်းတွေကို ကြည့်ရင်း မိုင် ၄၀ လောက်သွားလိုက်ရင်ပဲ ဗားမောင့်ပြည်နယ်က မန်ချက်စတာမြို့ကို ရောက်ပါတယ်။ (ဓါတ်ပုံ - စာရေးသူ၏ သူငယ်ချင်းကြီး နှင့် RAV4)

မန်ချက်စတာဆိုတာ စက်ရုံကနေ တိုက်ရိုက်လာရောင်းတဲ့ အ၀တ်အထည်နဲ့ လူသုံးကုန် ဆိုင်လေးတွေပြည့်နေတဲ့ မြို့သေးသေးလေးပါ။ မန်ချက်စတာ စီးတီးဘောလုံးအသင်းရဲ့ကွင်း ကို ရှာကြည့်ကြသေးတယ်။ မတွေ့ပါ။ စနေနေ့ဆိုတော့ အနီးပတ်ဝန်းကျင်မြို့တွေက ဈေးဝယ်လာသူတွေနဲ့ အတော်စည်ကားနေပါတယ်။ ရှမ်းပြည်က ငါးရက်တစ်ဈေး လုပ်လေ့ရှိတဲ့ ဈေးနေ့ကို မြင်ကြည့်လိုက်ပါ။ ထော်လာဂျီနဲ့ ဈေးကြို ရှေးဟောင်း ဘတ်စကားကြီးတွေ အစား ၂၀၀၆၊ ၂၀၀၇ ခုနှစ်မှာ ထုတ်လုပ်တဲ့ ဂျပန်၊ အမေရိကန် ကားတွေကို တွေ့ရတာကလွဲလို့ လူတွေ စည်ကားတာ၊ ကလေးတွေ ပျော်ရွှင်နေတာ၊ ဈေးသည်တွေ တက်ကြွနေတာ အတူတူပါပဲ။ စာရေးသူလည်း နတ်ကရာကျီးမော နဲ့ ဟိုဆိုင်ဝင်လိုက် ဒီဆိုင်ဝင်လိုက် ၀င်းဒိုးရှော့ပင်း လုပ်နေလိုက်ပါတယ်။ နောက်တော့ တစ်ဒေါ်လာတန်ဆိုင်မှာ ပရင်တာကြိုးရလို့ ၀မ်းသာအားရ တစ်ခုတိတိ ၀ယ်လိုက်ပါတယ်။ (ဓါတ်ပုံ - စာရေးသူ အိပ်ထဲ လက်နှိုက်ပြီး ဂိုက်ပေးနေပုံ။)

ဒီလိုနဲ့ ဗိုက်ထဲက တယ်လီဖုန်းမြည်လာပြီး နေ့လည်စာသွားစားကြပါတယ်။ ဘယ်ဆိုင်ရှိရမလဲ စာရေးသူတို့ရဲ့ ဆွေမျိုးပေါက်ဖော်ကြီး ဆိုင်မှာပေါ့။ ပေါက်ဖော်ကြီးကသာ မြန်မာပြည်အရေး လက်ရှောင်ချင်တာ။ စာရေးသူတို့က ပေါက်ဖော်ကြီးရဲ့ မျိုးဆက်တွေ ရောင်းတဲ့ စားသောက်ဆိုင်ဆိုရင် အားပေးပြီးသားပဲ။ ကွာတာလေးတွေ ပြောပါတယ်။ အမှန်ပြောရရင် အတော်စားလို့ကောင်းတဲ့ ဆိုင်ပါ။ ဘာတွေမှာစားမိလဲ .. ပြန်စဉ်းစားဦးမှ။ သြော် သတိရပြီ။ မာလာပင်လယ်စာ၊ ချဉ်စပ်ဟင်းချို၊ ကော်ပြန့်ကြော်၊ တိုဖူးအစပ်ချက်၊ အမည်းသားဟင်း နဲ့ ထမင်းဖြူ။ စားကောင်းကောင်းနဲ့ ထမင်းလိုက်ပွဲ ထပ်တောင်းရပါသေးတယ်။

အပြန်ခရီးမှာ အက်ကွီနော့စ် ဆိုတဲ့ တောင်ကြောလေး တစ်ခုပေါ်ကို ၀င်ခဲ့ကြပါသေးတယ်။ ဆောင်းဦးပေါက် ဆေးရောင်စုံ ရှုခင်းကို တောင်ပေါ်ကနေ ကြည့်လို့ရအောင်ပေါ့။ ဖြစ်ချင်တော့ စာရေးသူတို့ ရောက်တဲ့အချိန်မှာ မိုးကအုံ့လာပြီး လေပါရောလာတော့ အပြင်မှာတောင် ကြာကြာမနေနိုင်ပဲ ကားပေါ်ပြေးပြေး တက်လာကြရပါတယ်။ တောင်ကြောက ပေ-၃၀၀၀ ကျော်လောက်မြင့်မယ် မိုးသာ အုံ့မနေဘူး ဆိုရင် အတော်လှမယ့် ရှုခင်းသာ နေရာပါပဲ။ အခုလို မိုးအုံ့နေတာတောင် နေကွက်ကြားထိုးနေတဲ့ နေရာတွေကို ကြည့်ရတာ ကြည်နူးစရာပါ။ ဓါတ်ပုံထဲမှာတော့ သိပ်မပေါ်ဘူး။ တချို့ရှုခင်းတွေဟာ ဘယ်ပန်းချီရေးလို့ မမီ၊ ဘယ်ဓါတ်ပုံ ရိုက်လို့မမီ ဆိုသလို ကိုယ်တိုင် ကိုယ်ကျ မြင်ရမှ ခံစားလို့ ရတာမျိုး ဖြစ်နေတယ်။

တည်းအိမ်အပြန်မှာတော့ ညစာကို ထောပတ်ထမင်း နဲ့ ကြက်သားဟင်း ချက်စားဖို့ ကြံကြပါတယ်။ နောက်ရက်မှ အမြည်းကြွေးမယ်လေ။

(၄) သို့

Read More...

Saturday, October 27, 2007

Fall

၂၇၊ ၁၀၊ ၂၀၀၇

ဆောင်းဦး ရွက်ကြွေ

“ဆောင်းဦးရွက်ကြွေ ချစ်သက်သေ” တော့ မဟုတ်ပါ။ သမပိုင်း ရာသီဥတု အကြောင်း ပြောမလို့။

သမပိုင်းဒေသတွေမှာ ၄-ရာသီ ရှိပြီး နွေဦး၊ နွေ၊ ဆောင်းဦး နဲ့ ဆောင်း တို့ဖြစ်ကြပါတယ်။ ဆောင်းဦးရာသီ ကိုတော့ အင်္ဂလိပ်လို Autumn လို့ခေါ်ပြီး အမေရိကန်လို Fall လို့ အခေါ်များပါတယ်။ ကမ္ဘာ့မြောက်ဘက်ခြမ်းမှာ ရှိတဲ့ သမပိုင်း နိုင်ငံတွေမှာ စက်တင်ဘာ နဲ့ အောက်တိုဘာ လတွေဟာ ဆောင်းဦးရာသီဖြစ်ပြီး ကမ္ဘာ့တောင်ဘက်ခြမ်းက နိုင်ငံတွေမှာ ဆိုရင်တော့ မတ်လပတ်ဝန်းကျင်လောက်မှာ ဖြစ်ပါတယ်။

ဒီအချိန်မှာ နဂိုစိမ်းနေတဲ့ အရွက်တွေ ဘာကြောင့် ၀ါ - နီ - ညို - ကြွေကုန်ကြတယ် ဆိုတာ စပ်စုတတ်သူဆိုရင်တော့ စိတ်ဝင်စားစရာပါပဲ။ ဖတ်မိထားတာလေးတွေ ပြောပြမယ်နော်။

အဲဒီဖြစ်စဉ်ကို ဘိုလို abscission လို့ခေါ်ပါတယ်။ ဗမာလိုတော့ သစ်ရွက်တို့၏နေ၀င်ချိန် လို့ ပြောရမလားပဲ။ ဖြစ်စဉ်တစ်ခုလုံးက သုံးလေးငါး ပတ်လောက်ကြာပါတယ်။ သစ်ရွက်ညှာတံနဲ့ သစ်ပင်ကို ဆက်ထားတဲ့ နေရာမှာ ရှိတဲ့ ဆဲလ်တွေရဲ့ အခွံလေးတွေဟာ တဖြည်းဖြည်းမာကျောလာပြီး ရေအ၀င် အထွက်မရှိနိုင်တော့ပါဘူး။ တချိန်တည်းမှာပဲ သစ်ရွက်ညှာတံမှာ ရှိတဲ့ ဆဲလ်လေးတွေဟာ ယောင်ကိုင်းလာပြီး ပေါက်ထွက် ပျက်စီး ကုန်ပါတယ်။ ရလာဒ်ကတော့ သစ်ပင်အမြစ်ကနေ ပင်စည် အဲဒီကမှ တဆင့် အရွက်ဆီကို ရောက်လာရမယ့် ရေ နဲ့ အခြား အာဟာရဓါတ်တွေ ရောက်မလာတော့တာပါပဲ။ ရေနဲ့အာဟာရ ပြတ်လပ်လာတဲ့ သစ်ရွက်လေးတွေဟာ သူတို့ ထုတ်လုပ်နေကျဖြစ်တဲ့ ကလိုရိုဖီးဓါတ် (chlorophyll) - သစ်ရွက်များကို အစိမ်းရောင် ဖြစ်စေသော ဓါတ် - ကို မထုတ်နိုင်ကြတော့ပါဘူး။

နေ့တာကလည်း တဖြည်းဖြည်း တိုလာလေတော့ နေရောင်ခြည်ရနှုန်း နည်းလာပြီး သစ်ရွက်ကလေးတွေ အစာမချက်နိုင်တော့ပါဘူး။ တစ်နေ့ကြွေရတော့မှာကို သိလာတဲ့ သစ်ရွက်ကလေးတွေဟာ နောက်မျိုးဆက် သစ်ရွက်တွေအတွက် ပင်စည်နဲ့ အမြစ်တွေ အသက်ရှင်သန်နေဖို့ လိုအပ်တယ်ဆိုတာ ကောင်းကောင်း သဘောပေါက်ကြပါတယ်။ ဒါနဲ့ပဲ သူတို့ စုဆောင်းထားတဲ့ အရေးကြီးတဲ့ ဓါတ်ပစ္စည်းတွေကို ပင်စည်ကို ပြန်လွှဲပို့ပေးပြီး ဘ၀ နေ၀င်ချိန်ကို သတ္တိရှိရှိ ရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်ကြပါသတဲ့။

အစိမ်းရောင် ကလိုဖီးလ်ဓါတ်တွေ ပြယ်လာတာနဲ့ အမျှ အရင်ကတည်းကရှိနေပြီး အစိမ်းရောင် ရင့်ရင့်ရဲ့ အလွှမ်းမိုးခံနေခဲ့ရတဲ့ တခြား အရောင်တွေပိုပြီး ပေါ်လွင်လာကြပါတယ်။ ဒါနဲ့ပဲ ဆောင်းဦး သစ်ပင်တွေမှာ အ၀ါရောင်၊ အနီရောင်တောက်တောက် နဲ့ အညိုရောင်တွေ ဖုံးလွှမ်းလာခဲ့တော့တာပေါ့။

လူတွေက မြင်တွေ့နေကျ မဟုတ်တဲ့ ရောင်စုံသစ်ပင်တွေကို ကြည့်ရှု ကြည်နူးနေတဲ့အချိန်မှာပဲ ရောင်စုံသစ်ရွက်တွေဟာ မြေမှာ ခကြရလေတယ်။

ဝန်ခံချက်

ဓါတ်ပုံများမှာ မနှစ်က ဆောင်းဦးပေါက်မှာ ရှဲနန်ဒို အမျိုးသား ဥယျာဉ် (Shenandoah National Park) ကို သွားစဉ်က ရိုက်ထားသော ပုံများဖြစ်ပါသည်။

စာကိုး
Autumn leaves can fertilize the landscape, if we allow them
http://en.wikipedia.org/wiki/Autumn

Read More...

Friday, October 26, 2007

A visit to New England (2)

၂၆၊ ၁၀၊ ၂၀၀၇

အင်္ဂလန်ပြည်သစ် သို့ အလည်တစ်ခေါက် (၂)
ဝီလီယံမြို့

စာရေးသူရဲ့ သူငယ်ချင်း လင်မယားက ဒီမြို့လေးကို ပြောင်းလာတာ ၂-နှစ်လောက်ရှိပါပြီ။ သူ့အလုပ်ဌာနက ၅ မိုင်သာသာလောက် ဝေးတဲ့ မြောက်အာဒမ် ဆိုတဲ့ မြို့မှာ ဖြစ်ပေမယ့် ၀ီလီယံမြို့လေးက ပိုပြီး အေးဆေးလို့ ဒီမှာပဲ အခြေချနေဖို့ ဆုံးဖြတ်လိုက်ပါသတဲ့။ ကောလိပ်ကျောင်း တစ်ခု (၀ီလီယံ ကောလိပ် - ဓါတ်ပုံ) ရှိပြီး ကျောင်းသူကျောင်းသား ဦးရေက မြို့လူဦးရေရဲ့ လေးပုံတစ်ပုံလောက်တောင် ရှိပါတယ်။ ဒါနဲ့ စကားမစပ် အဲဒီ ကောလိပ်ကျောင်းက ကျောင်းသူလေးတွေ တယ်ချော ဆိုပဲ။ ငယ်ဂုဏ်လေးတွေကလည်း ရှိ ဆိုတော့ ဒီမြို့ကို လာတဲ့ အကို ကာလသားတွေ စက်ဘီးစီးပြီး သွားသွား ပိုးကြသတဲ့။ စာရေးသူကတော့ ... စိတ်မ၀င်စားပါဘူး။ သူငယ်ချင်းတွေနဲ့ တွေ့ရဖို့က အဓိကပဲလေ (ယုံလိုက်နော် .. )။

မြို့လေးက သေးပေမယ့် ရာဇ၀င်ကတော့ မသေးလှပါဘူး။ မြို့စတည်တာ ၁၇၅၃ ဆိုတော့ သက်တမ်း ၂၅၀ ကျော်နေပြီလေ။ မြို့အကျယ်အ၀န်းကတော့ လူဦးရေ ၈၀၀၀ နဲ့လိုက်အောင် ခပ်သေးသေးပါပဲ။ တစ်မိုင်ပတ်လည်ကို လူ ၂၀၀ နှုန်းလောက်နေတယ်ဗျ။ ရန်ကုန်က စာရေးသူ အလုပ်လုပ်ခဲ့ဖူးတဲ့ သာကေတမြို့နယ်နဲ့ စိတ်ထဲမှာ ယှဉ်ကြည့်မိတယ်။ သာကေတမှာ လူဦးရေ ဘယ်လောက်ရှိတယ်လို့ စာရှုသူ ထင်ပါလဲ။ တစ်သိန်း ကျော်ပါတယ် ခင်ဗျာ။ ၀ီလီယံမြို့ ၁၀ မြို့စာထက် လူပိုများသေးတယ်။ မြို့သေးတာကို ပိုသေချာသွားစေတာကတော့ စာရေးသူတို့ ဈေးထွက်ဝယ်တုန်းမှာ အိမ်ရှင်သူငယ်ချင်းက သူ့အသိမိတ်ဆွေ ၃-၄ယောက်လောက်နဲ့ တိုးတာကို တွေ့ရတာပါပဲ။ အသားဝါ ရှားတော့ စာရေးသူတို့တွေကို ကွက်ကြည့်ကွက်ကြည့် နဲ့ပေါ့။ တရုတ်စားသောက်ဆိုင် တစ်ဆိုင်တော့ရှိလေရဲ့။ အစားအသောက် မဆိုးပါ။ ဆိုင်နာမည်က “တူ” (Chopsticks) တဲ့။ ပါဆယ်မှာတဲ့ အခါကျတော့ တူထည့်ပေးဖို့ မေ့နေလို့ ရီနေရသေးတယ်။ ရှေးတုန်းကတော့ စိုက်ပျိုး မွေးမြူရေး နဲ့ အထည်စက် လုပ်ငန်းတွေ တွင်ကျယ်ခဲ့ပေမယ့် အခုတော့ မြို့စီးပွားရေးက ကောလိပ်ကိုပဲ အဓိက မှီတည်နေပါတော့တယ်။

အင်း .. ပြောရင်းပြောရင်း အထက်တန်းကျောင်းမှာ ပထ၀ီ ဆရာမကို စာဆိုပြရသလို ဖြစ်လာပြီ။ တနည်းပြောင်းဦးမှပါ။

အတော် သာယာတဲ့ မြို့လေးပါ။ အခုလို ရာသီပြောင်းချိန်မှာဆို ပိုပြီးတော့တောင် သာယာပါသေးတယ်။ (ဓါတ်ပုံတွေတော့ မကြာမီ လာမည် ... မျှော် .. ) စာရေးသူကလည်း နယူးယောက်တို့လို မြို့ကြီးတွေထက်စာရင် အမေရိကန် မြို့သေးသေးလေးတွေကို သဘောကျတတ်တော့ ဟန်ကျနေတာပေါ့။ ရောက်ခါစ ညတုန်းကဆို တိတ်ဆိတ်လွန်းတော့ မနေတတ်အောင်ဖြစ်ရတယ်။ ကျောင်းအားရင် ဒီဘက်လာပြီး ဘလောက် အခန်းဆက် ၀တ္ထုလေး ဘာလေး ရေးမလားစဉ်းစားမိတယ်။ ကုန်ကြမ်းပေးကြပါဦး။

နောက်နေ့တော့ ဟိုနားဒီနား ခြေရှည်ကြတဲ့ အကြောင်း ဆက်ပါဦးမယ်။ ယနေ့တော့ ဤမျှသာ။

(၃) သို့

စာကိုး

ဝီလီယံမြို့ ၀က်ဆိုဒ်
ဓါတ်ပုံ - မက်ဆာချူးဆက်ပြည်နယ် ကောလိပ်ကျောင်းများ ၀က်ဆိုဒ်

Read More...

Thursday, October 25, 2007

A visit to New England (1)

၂၅၊ ၁၀၊ ၂၀၀၇

အင်္ဂလန်ပြည်သစ် သို့ အလည်တစ်ခေါက် (၁)

စာရေးသူလည်း စာမေးပွဲတစ်ခု ပြီးသွားလို့ တက်မ ထောင်လိုက်ဦးမဟ ဆိုပြီး ခရီးတစ်ခုထွက်ဖြစ်ပါတယ်။ သွားခဲ့တဲ့ နေရာကတော့ အင်္ဂလန်ပြည်သစ် (New England) ရယ်လို့အမည်ရတဲ့ အမေရိကန်နိုင်ငံ အရှေ့မြောက်ဘက်က ဒေသတစ်ခုပါ။ အမေရိကန်နိုင်ငံရယ်လို့ ဖြစ်မလာခင်က အင်္ဂလန်နိုင်ငံသားတွေ စတင် အခြေချ နေထိုင်ခဲ့တဲ့ နေရာပေါ့။ အခုဆိုရင် အင်္ဂလန်ပြည်သစ်လို့ ခေါ်တဲ့ဒေသမှာ ပြည်နယ် ၆-ခု ပါရှိပါတယ်။ မိန်း၊ နယူးဟမ်ပ်ရှိုင်းယား၊ ဗားမောင့်၊ မက်ဆာချူးဆက်၊ ရုဒ်အိုင်လန်း နဲ့ ကွန်နက်တီကက် ပြည်နယ်တွေပါ။ မြို့တွေ၊ လမ်းတွေရဲ့ အမည်တွေက အင်္ဂလန် အောင်းမေ့ဖွယ် ပေးထားတာ တွေ့ရပါတယ်။ မှတ်မိသလောက်ဆိုရင် အောက်စ်ဖို့ဒ်၊ ကိန်းဘရစ်ခ်ျ စသဖြင့်ပေါ့။


ခရီးစတဲ့နေရာကတော့ စာရေးသူနေတဲ့ ဘော်လ်တီးမိုးမြို့ပဲ ဆိုကြပါစို့ရဲ့။ တကယ်တန်း ကတော့ ရစ်ခ်ျမွန်မြို့ (ရဲမွန်မြို့ မဟုတ်ပါ ဓါတ်တူနာမ်တူ ဖြစ်နေခြင်းမျှသာ) နေသူငယ်ချင်းနဲ့ ၀ါရှင်တန်ဒီစီမြို့နေ သူငယ်ချင်း လင်မယားတို့လဲ အတူလိုက်ပါလာကြပါတယ်။ ဘော်လ်တီးမိုးက ရစ်ခ်ျမွန်နဲ့ မိုင်-၁၅၀ ဝေးပြီး၊ ၀ါရှင်တန်ဒီစီနဲ့ မိုင်-၅၀ ဝေးပါတယ်။ ခရီးဆုံးဖြစ်တဲ့ ၀ီလီယံမြို့ကတော့ ဘော်လ်တီးမိုးနဲ့ ၃၇၆-မိုင် ဝေးပါတယ်။ ရန်ကုန် နဲ့ မန္တလေးလောက်ပေါ့။ (မြို့တည်နေရာများကို မြေပုံတွင်ရှု)

ရစ်ခ်ျမွန်က သူငယ်ချင်းက ခွေးတံဆိပ် ဘတ်စကားကို စီးပြီး ၀ါရှင်တန်ဒီစီကို လာပါတယ်။ ပြီးတော့မှ ဒီစီကသူငယ်ချင်း လင်မယားနဲ့အတူ ဘော်လ်တီးမိုးမှာ လာဆုံကြပြီး ခရီးစပါတယ်။ သောကြာနေ့မနက် ၉ နာရီခွဲလောက်မှာ ဘော်လ်တီးမိုးကနေ ထွက်ဖြစ်ပါတယ်။ အင်တာနက် မြေပုံခန့်မှန်းခြေအရ ဆိုရင် ကားမောင်းချိန် ၆ နာရီခွဲပဲ ကြာသင့်ပြီး ညနေ ၄ နာရီလောက်ဆို ရောက်သင့်တာပေါ့။ ဒါပေမယ့် စာရေးသူတို့လည်း မသွားဖူးတဲ့ ခရီးဆိုတော့ ဟိုငေး ဒီမော့ ဟိုဝင် ဒီဝင် နဲ့ ခရီးမှာ အတော်ကြာသွားပါတယ်။ အိမ်ရှင် သူငယ်ချင်းလင်မယားကတော့ တမျှော်မျှော်နဲ့ပေါ့။ နောက်ဆုံး ၀ီလီယံမြို့ရောက်တော့ ညနေ ၆နာရီခွဲ နေပြီ။

သူငယ်ချင်းတွေလည်းစုံ၊ ညစာကလည်းကောင်း၊ ၀ီစကီကလည်းလောင်း ဆိုတော့ ဘယ်ပြောကောင်းမလဲ။

x - x - x - x - x (ဆင်ဆာဖြတ်ထားသည်)

ဒါနဲ့ပဲ ည ၂-နာရီထိုးမှ အိပ်ရာဝင်ဖြစ်ကြပါတယ်။

(၂) သို့

Read More...

Wednesday, October 17, 2007

Changing car radiator

၁၇၊ ၁၀၊ ၂၀၀၇

ကား ရေတိုင်ကီ လဲခြင်း

စီးတော်ယာဉ်က ကိုယ့်ကို ပြန်စီးတဲ့အချိန်ပေါ့။ ကားတန်ဖိုးကတော့ သက်သာပါရဲ့ ထိခိုက်မှုအာမခံ နဲ့ ပြင်ဆင်စရိတ်ကတော့ ထောင်းလေတယ်။ လတ်တလော ပြဿနာကတော့ ကားရေတိုင်ကီ အပေါ်နားမှာရှိတဲ့ စွန်ကုတ်ကနေ ရေစိမ့်နေတာပါ။

ရွာမှာဆိုရင်တော့ ရွှေဝါ ဆပ်ပြာလောက်နဲ့ ကိစ္စပြီးပါတယ်။ ဒီမှာက ရွှေဝါဆပ်ပြာ ရှာမရဖူးလေ။ စက်ပြင်ဆရာက ရေတိုင်ကီ အသစ်လဲဖို့ အကြံပေးတယ်။ ခန့်မှန်း ကုန်ကျစရိတ် ဒေါ်လာ ၂၅၀ တဲ့။ ( မျက်လုံး နဲနဲ ပြူးသွား ) ဒါပေမယ့်လဲ သွားရင်းလာရင်း ကားထိုးရပ်သွားရင် ကရိန်းကား ခေါ်ဆွဲနေရမယ်။ ဒါဆို ကားဆွဲခ နဲ့ အရေးပေါ် ပြင်ခ အပိုထပ်ကုန်ဦးမယ်။ မဖြစ်သေးပါဘူး။ လဲဦးမှပါ။

သူငယ်ချင်းကြီးကတော့ မူလီ လေးလုံးလောက် ဖြုတ်ရမှာပဲ ကိုယ့်ဘာသာ လုပ်ပေါ့တဲ့။ ဟုတ်လောက်ပါတယ် လက်ခလဲ သက်သာမှာပေါ့။ ဈေးသက်သာတဲ့ ဆိုင်မှာ ပစ္စည်းရှာဝယ်ဦးမှပါ။ အင်တာနက်မှာ နာရီဝက်လောက် မွှေပြီးသကာလ လက်ကားဆိုင်တစ်ခုမှာ ၁၁၅ ဒေါ်လာ နဲ့ ရေတိုင်ကီ အသစ်တစ်ခုရတယ်။ ရေတိုင်ကီအသစ်ကို ဂိုဒေါင်မှာသွားယူ၊ ပြီးတော့ အိမ်နေရာကျယ်တဲ့ မိတ်ဆွေအိမ်ကိုသွား၊ နောက်သူငယ်ချင်းကြီး (သူက တကယ်ကြီး၏) တစ်ယောက်ကို ချောဆွဲပြီးသကာလ။ ဖြုတ်၊ ဖျက်၊ တပ် အစီအစဉ်ကြီး စပါတော့တယ်။

တကယ်လုပ်တော့ မူလီ လေးလုံးနဲ့မပြီးဘူး။ ရေတိုင်ကီအောက်မှာ ခံထားတဲ့ သဲကာ ပလပ်စတစ်ပြားကို ဖြုတ်ရတာနဲ့တင် တော်တော်ကြာတယ်။ မူလီ ၈ လုံး က သံချေးကိုက်နေတဲ့အပြင် မီလီမီတာဆိုဒ် ဖြစ်လိုက်၊ လက်မ ဆိုဒ် ဖြစ်လိုက်နဲ့။ ဒီကြားထဲ နပ်တစ်လုံးကလဲ လည်လိုက်နေတယ်။ နောက်ဆုံးမှာတော့ (WD-40 အားကိုးနဲ့) ရွှေဘ နိုင်တာပေါ့ ဘာရမလဲ။ ရေအ၀င်အထွက်ပိုက်နဲ့ ပန်ကာတွေကို ဖြုတ်ရတာတော့ လွယ်ပါတယ်။

ကိုင်း အပ်ချလောင်း .. လာလေရော့ ရေတိုင်ကီအသစ်။

ရေတိုင်ကီသာ ပြောတာ။ ရိုးရိုးရေ ထည့်လို့မရဘူး။ ရေခဲအမှတ်နိမ့်တဲ့ အီသိုင်လင်း ဂလိုက်ကော ရောထားတဲ့ ရေကိုထည့်ရပါတယ်။ ဒါမှလည်း ဆောင်းဝင်လာရင် ရေတိုင်ကီထဲမှာ ရေ ခဲမနေမှာ။

တစ်လက်စတည်း အင်္ဂျင်ဝိုင်နဲ့ ဆီစစ်ပါ လဲလိုက်ပါတယ်။ ဒါကတော့ လုပ်နေကျမို့ သိပ်မခက်ပါ။ အားလုံး လက်စသတ်တော့ ၄ နာရီလောက်ကြာသွားပါတော့တယ်။ ကိုယ်ဘာသာ လုပ်ပါလားလို့ အကြံပေးတဲ့ ဥာဏ်ကြီးရှင် သူငယ်ချင်းကတော့ မိုင် ၁၀၀ လောက်ဝေးတဲ့ နေရာမှာ နေသာသပ လေညာကပေါ့။

Read More...

Wednesday, October 10, 2007

To whom it may concern

၁၀၊ ၁၀၊ ၂၀၀၇
“မြန်မာအစစ်” ဆိုသူသိသာစေရန်

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို လေးစားပါသည်။ ထို့ကြောင့်ပင် ကျွန်တော့် Shout box တွင် လာရောက်ရေးသားသူများကို ဆင်ဆာဖြတ်ခြင်းမျိုး မလုပ်ဖူးပါ။ တင်ထားသော ပို့စ်များတွင်ပင် anonymous မှတ်ချက်ပေးနိုင်ရန် ပြင်ဆင်ပေးထားပါသည်။ ထိုသို့ လွတ်လပ်ခွင့်ရှိနေခြင်းကို သိက္ခာရှိရှိ အသုံးချကြမည်ဟုလည်း မျှော်လင့်မိသည်။

ယခုတွင်ကား ကျွန်တော့် မိတ်ဆွေတစ်ဦးက ဓမ္မပဒ လာ စာသားတစ်ချို့ကို ဖော်ပြလာသည်ကို “မြန်မာအစစ်” ဆိုသူက ၄င်းမိတ်ဆွေ၏ မိသားစုကို ထိခိုက်ကာ ပြန်လည်ပြောဆိုသည်ကို စိတ်မကောင်းစွာ တွေ့ရသည်။ မိမိ၏ စိတ်သဘော နှင့် မတိုက်ဆိုင်လျင် ထိုအကြောင်းချင်းရာကို ပြန်လည်ဆွေးနွေးသင့်သည်။ မဆိုင်သည့် မိသားစုကို ဆွဲထည့်ကာ နှုတ်အားဖြင့်အကြမ်းဖက်ခြင်းမျိုး (Verbal Abuse) မလုပ်ဆောင်သင့်ဟု ကျွန်တော်ယူဆသည်။

လွတ်လပ်စွာ ပြောဆိုခွင့်သည် အခြားလူများကို စော်ကားရန် မဟုတ်ပေ။

ထို့ကြောင့် “မြန်မာအစစ်” ဆိုသူ၏ ဤအပြုအမူကို ရှုံ့ချ၊ ဆန့်ကျင်၊ ကန့်ကွက်ကြောင်း ပြောလိုသည်။

ရဲမွန်မြင့်

Read More...

Wednesday, October 3, 2007

Infamous

၃၊ ၁၀၊ ၂၀၀၇

မကောင်းသတင်း ကျော်စောခြင်း

လွန်ခဲ့တဲ့ တစ်လလောက်အထိကို ကျွန်တော် မြန်မာနိုင်ငံကပါ လို့ မိတ်ဆက်ရင် တစ်ဖက်လူက သေသေချာချာ သိတာမျိုး ကြုံရခဲပါတယ်။ မြန်မာ .. ပြောလို့ မသိတော့ ဘားမား ဆိုသိမလား ပြောကြည့်ပါတယ် .. သြော် “ဘဟားမား” .. ကာရစ်ဘီယန်ထဲက ကျွန်းနိုင်ငံပေါ့လို့ ပြန်ပြောလေတယ်။ ကိုယ့်အိမ်နီးချင်းနိုင်ငံတွေ - ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ တရုတ်၊ အိန္ဒိယ အကုန်သိကြပြီး ကျွန်တော်တို့ နိုင်ငံကိုကျတော့ ဘာလို့ မသိတာရလဲဆိုပြီး အတော့်ကို အားမလိုအားမရ ဖြစ်မိတယ်။ တစ်နေ့ တို့တိုင်းပြည် တိုးတက်လာတဲ့အခါ ကမ္ဘာမှာ မြန်မာဟေ့ လို့ လူတိုင်း မော်ကြည့်ရစေ့မယ်လို့ စိတ်ထဲ ကြုံးဝါးမိတယ်။

ဒီလိုနဲ့ပဲ ဘ၀တစ်ဆစ် ချိုးအကွေ့ မှာတော့ မထင်မှတ်တဲ့ အဖြစ်တွေကြုံလာရပါတယ်။

နံနက်အိပ်ယာထလို့ NPR (National Public Radio) - အမေရိကန် နိုင်ငံ ပြည်သူ့အသံ ပဲ ဆိုပါစို့ - နားထောင်ရင် - မြန်မာပြည် သတင်း၊ စီအန်အန် တီဗွီဖွင့်ကြည့်လိုက်ရင် ကျိုးပဲ့နေသောသတင်း (Breaking News) ဆိုလဲ - မြန်မာပြည် သတင်း၊ နေသူရိန် သတင်းစာ (ဘော်လတီးမိုးမြို့ရဲ့ သတင်းစာ) ဖွင့်ဖတ်လိုက်ရင်လည်း - မြန်မာပြည် သတင်း။

ဒါတင်လား ဘယ်ဟုတ်မလဲ။ ကျောင်းရောက်ပြန်ရင် ကော်ရစ်ဒါမှာ တွေ့တဲ့ (တစ်ခါမှ နှုတ်မဆက်ဘူးတဲ့) သူငယ်ချင်းကတောင် မျက်နှာသေလေးနဲ့ .. “ဟဲ့ဟဲ့ နင်တို့ နိုင်ငံက သတင်းတွေကြားတယ်၊ မိသားစုတွေ ဘယ်လိုနေလဲ” .. မေးရှာတယ်။ ကျမ်းပြုကြီးကြပ် ပါမောက္ခနဲ့ သုတေသန စာတမ်းကိစ္စဆွေးနွေးဖို့သွားတော့ ပထမ ၁၅ မိနစ်လောက်က မြန်မာပြည်တိုင်းရေးပြည်ရာအကြောင်း ပြောဖြစ်ပြန်ရော။ တခြား ဆရာ။ ဆရာမတွေကလည်း တွေ့တာနဲ့ ဒီအကြောင်း စမေး၊ စပြောပြီး "Talk of the town" - သတင်းမွှေးနေလေရဲ့။

အင်း ... ဒါနဲ့ပဲ စဉ်းစားမိတယ် .. တိုင်းပြည်ကတော့ မတိုးတက်သေးဘူး။ ကမ္ဘာမှာ မြန်မာဟေ့ လို့တော့ ကျော်စောနေပြီ။ “၀မ်းသာရမှာလား ၀မ်းနည်းရမှာလား မသင်းကြည်” လို့ မေးရတော့မယ်။

မည်သို့ဖြစ်သွားသည်မသိ မှတ်သားမိတဲ့ အင်္ဂလိပ် စကားလုံး နှစ်လုံး ခေါင်းထဲ အလိုလို ရောက်လာတယ်။ Famous နဲ့ Infamous တဲ့။ အဲဒီ စကားလုံး နှစ်လုံးက Convenient နဲ့ Inconvenient လိုတော့ မကွာဘူး။ Convenient က လွယ်ကူခြင်း၊ Inconvenient က မလွယ်ကူခြင်း လို့ ဘာသာပြန်လို့ ရမယ်ထင်တယ်။ In- ဆိုတဲ့ စကားဆက်ကို ရှေ့ကထားလိုက်တော့ မ- ၊ မဟုတ် ဆိုတဲ့ အဓိပ္ပါယ် သက်ရောက်သွားပါတယ်။ သို့သော်လည်း Famous နဲ့ Infamous ကျတော့ အဲလို မဟုတ်ဘူး။ နှစ်ခုစလုံးက “နာမည်ကြီးခြင်း” လို့ အဓိပ္ပါယ်ရပါတယ်။ တိတိကျကျ ဆိုရရင်တော့ Famous ဆိုတာ “ကောင်းသတင်းဖြင့် နာမည်ကြီးခြင်း” ဖြစ်ပြီး Infamous ဆိုတာကတော့ “မကောင်းသတင်းဖြင့် နာမည်ကြီးခြင်း” ဖြစ်ပါတယ်။

ဒါဆို ကျွန်တော်တို့ ရွှေနိုင်ငံကြီး သတင်းကြီးနေတာ ဘာကြောင့်များပါလိမ့်။ ဟုတ်ပါတယ်ခင်ဗျား .. “မကောင်းသတင်းဖြင့် နာမည်ကြီး” နေတာပါ။ ကျွန်တော်ဖြင့် တတ်နိုင်ရင် အပြင်မထွက်ဘူး။ မဖြစ်မနေထွက်ရမယ် ဆိုရင် ကျောင်းမှာ လူသိပ်မသွားတဲ့ လှေခါး၊ ကော်ရစ်ဒါကို ရွေးသုံးတယ်၊ ပြီးရင် ရုံးခန်းထဲမှာ တံခါးပိတ်နေတယ်။ လူတွေ သတင်းလာမေးမှာ စိုးလို့။ ခေါင်းမော့ ရင်ကော့ပြီး မြန်မာပြည်မှာ ဘာတွေ ဖြစ်နေတယ်လို့ မပြောနိုင်ခဲ့ပါ။ သတင်းစာထဲက နာမည်ကြီး ဆောင်းပါးတစ်ပုဒ် ခေါင်းစဉ်ကို ယူသုံးရတော့မယ် ထင်တယ်။ ဆောင်းပါးရှင်ရေ ခွင့်ပြုပါ။ ကျွန်တော်တော့ ...

“လိပ်ဖြစ်ရင်တောင် ခေါင်းမပြူဝံ့ပါခင်ဗျား”

Read More...

Monday, September 24, 2007

Myanma Update News and Role of Blogs

၂၄၊ ၉၊ ၂၀၀၇

မြန်မာ့သတင်းဦးများ နှင့် ဘလောက်များ၏ အခန်းကဏ္ဍ

ယနေ့ မြန်မာနိုင်ငံ အခြေအနေကို သိနိုင်ရန် မြန်မာသတင်းဌာနများသာမက နိုင်ငံတကာ သတင်းဌာနများကပင် မြန်မာ ဘလောက်ဂါများနောက်ကို ကသောကမျော လိုက်နေရသည်။ အချို့က ဘလောက်ဂါကို ဓါတ်ပုံတောင်းသည့်သူကတောင်း၊ အချို့က မည်သည့်ဘလောက်တွင် ဖော်ပြထားသည်ကို ကိုးကားပါသည်ဟု ဆိုသူဆိုနှင့် ရှိကြသည်။

ဟုတ်မဟုတ် သင်ကိုယ်တိုင် ဖတ်ရှုကြည့်လိုပါက အောက်ပါ ဘလောက်များကို သွားရောက်ကြည့်ရှုရန် ညွှန်းဆိုလိုက်ရပေသည်။
http://www.ko-htike.blogspot.com/

http://mmedwatch.blogspot.com/

http://drlunswe.blogspot.com/

http://seinkhalote.blogspot.com/




Read More...

Thursday, September 20, 2007

Words in Public Health

၂၀၊ ၉၊ ၂၀၀၇

စကားလုံးရှိတဲ့ ကောင်းကင်

ထူးအိမ်သင်ကတော့ စကားလုံးများနဲ့ မပြောပဲ မျက်ဝန်းများနဲ့ ပြောခိုင်းခဲ့သည်။

သို့ရာတွင် ပြည်သူ့ကျန်းမာရေး ကိစ္စရပ်များ၌ကား စကားလုံးများကို မသုံးမဖြစ် တွင်တွင်ကျယ်ကျယ် သုံးရလေ့ရှိသည်။ လူတစ်ဦး နှင့် တစ်ဦး သို့တည်းမဟုတ် လူတစ်ဦး နှင့် အများ အပြန်အလှန် ဆက်သွယ်မှု (communication) ကို ဘာသာရပ် တစ်ခုအနေဖြင့်ပင် သင်ယူရလေသည်။ စာရှုသူ စဉ်းစားကြည့်ပါ .. အကယ်၍များ ကျန်းမာရေး ပညာပေးရာတွင် “မျက်ဝန်းများ” နဲ့သာ ပြောရလျင် ဘယ်သို့ ရှိချိန့်မည်နည်း။ ဆိုသူတစ်မျိုး နားလည်သူ တစ်ဖုံ ဖြစ်နေမည်။

မှတ်မိသေးတော့သည်။ ဆေးကျောင်းတွင် “ကာကွယ်ရေးနှင့်လူမှုရေးဆေးပညာ” (ပြည်သူ့ကျန်းမာရေး) ဘာသာရပ်ကို သင်ယူရလေသည်။ ဘိုလို ဆိုလျှင်တော့ "Preventive and Social Medicine" ဟု ခေါ်၏။ အတိုကောက် PSM ပေါ့။ ထို PSM ကိုပင် ကျွန်ုပ်တို့ ကျောင်းသားတစ်သိုက်က နာမည်ပြောင် ပေးထားသည် "potato and shwe-kyee medicine" ဟူ၏။ အာလူးဖုတ်နေသည်၊ ရွှေကျီးကဲ့သို့ တစာစာ အော်မြည်နေရသည့် ဘာသာရပ်ဟု ဆိုလိုသည်။ (ထိုအသက်အရွယ်က အမြင်ဖြင့် ပြောရလျင်) ပြောလည်း ပြောစရာပင်။ အယူအဆ၊ အတွေးအခေါ် တစ်ခု (an idea or concept) ကို ပင် စကားလုံးအမျိုးမျိုး သုံး၍ ဆွေးနွေးပြောဆိုခြင်းများ ရှိခဲ့သည်မဟုတ်လော။ ဆရာအများက ကျွန်ုပ်တို့ နားလည်စေရန် သိုင်းဝိုင်း ပြောသည်ကို ကျေးဇူးမတင်တတ်ခဲ့။ နောက်ပြောင်ရန်သာ သိခဲ့ကြသည်။

ပြည်သူ့ကျန်းမာရေး ဘာသာရပ်ကို ထဲထဲဝင်ဝင် လေ့လာမိစဉ်မှာတော့ “အာလူးဖုတ်သည်” ဟု မပြောလိုတော့။ ပြောတတ်လျှင် စကားလုံး တိုတိုတုတ်တုတ် ဖြင့် ကျစ်ကျစ်လစ်လစ် ပြောဆိုရနိုင်သည် ဆိုတာ သိလာသည်။ ထိုသို့ပြောဆိုနိုင်ရန် အသုံးများသော ပြည်သူ့ကျန်းမာရေးဆိုင်ရာ စကားလုံးများ၊ အယူအဆ၊ အတွေးအခေါ်များ ကို မြန်မာလို အဓိပ္ပါယ်ဖွင့်ဆိုရန် စိတ်ကူးမိသည်။ မိမိ နားလည်သလို ဝေမျှခြင်းသာဖြစ်၍ မိတ်ဆွေတို့ ဝေဖန် အကြံပြုကြပါကုန်။

ဒီတစ်ပတ်တော့ စကားလုံး ၃-လုံး ဖြင့် စပါမည်။ အေ သုံးလုံး ပဲ ဆိုပါစို့ရဲ့။ “ကျန်းမာရေးစောင့်ရှောက်မှု” ကို စိတ်တွင် မှတ်ပြီး ဖြည့်စွက်တွေးကြည့်ပါ။

Availability

ရှိခြင်းအဖြာဖြာ ဟု ဘာသာပြန်ရမည်လား မပြောတတ်။ ဆေးရုံ၊ ဆေးခန်း အဆောက်အဦရှိခြင်း၊ ရောဂါစစ်ဆေးနိုင်သည့် စက်ကိရိယာများ ရှိခြင်း၊ ဆေးဝါးပြည့်စုံခြင်း၊ ကုသပေးမည့် ဆရာဝန်၊ သူနာပြုများ ရှိခြင်းတို့ပင်ဖြစ်သည်။ အောက်ပါအခြေအနေများတွင် ကျန်းမာရေး စောင့်ရှောက်မှု ရနေသည်ဟု မပြောနိုင်။
  • ဆေးရုံရှိသော်လည်း ဆရာဝန် မမြဲခြင်း
  • ဆရာဝန်ရှိသော်ငြား ကုသရန် ဆေးမရှိခြင်း
  • ဓါတ်မှန်ရိုက်စက် ရှိပြီး ဖလင်ကုန်နေခြင်း (သို့) မီးမလာ၊ မီးအားမပြည့်ခြင်း
ထို့ကြောင့် နိုင်ငံတစ်နိုင်ငံတွင် ဆေးရုံဆေးခန်း မည်မျှ ရှိသည်ဟု ရေတွက်ပြရုံမျှဖြင့် ထိုနိုင်ငံတွင် ကျန်းမာရေး စောင့်ရှောက်မှု ရရှိနေသည်ဟု ပုံသေကားချ ပြော၍မရနိုင်ပေ။ တကယ်တန်း ၀န်ထမ်းအင်အား၊ ပစ္စည်းအင်အားပြည့်ဖြင့် လည်ပတ်နေသော ဌာနများ ဖြစ်ဖို့လိုသည်။ ရွှေကျောင်းပြောင်ပြောင် ၀မ်းခေါင်ခေါင် ဖြစ်မနေသင့်။

Accessibility

လွယ်လင့်တကူ ရရှိနိုင်ခြင်း ဟု ပြန်ဆိုလိုသည်။ ဤသည်ကိုတော့ Barriers of Access to Health Care တွင် အကျယ် ပြောပြီးပါပြီ။ ထိုအတားအဆီးများ မရှိလျင် လွယ်လင့်တကူ ရရှိနိုင်သည်၊ Accessible ဖြစ်သည်ပေါ့။ အောက်ပါမေးခွန်းများကို ဖြေကြည့်ပါ။
  • သွားရေးလာရေး လွယ်ပါသလား
  • လူတွေ သွားလာချင်စိတ်ရှိတဲ့ ဆေးရုံလား
  • အချိန်မရွေး သွားလို့ရသလား
  • ဗမာလို မပြောတတ်လျင်ရော ကုပေးနိုင်လား
  • ငွေမပါလည်း ကုပေးမှာလား
မေးခွန်းများ၏ အဖြေမှာ “ဟုတ်ကဲ့” ဟု ဆိုပါက အဆိုပါ ကျန်းမာရေးဌာန (၀ါ) ဆေးခန်းသည် accessible ဖြစ်သည်ဟု ဆိုရပေမည်။

စကားချပ်။
နယ်မြို့လေးတစ်မြို့၏ ဆေးရုံသည် အတန်မြင့်သော တောင်ကုန်းလေး တစ်ခုပေါ်တွင် ရှိသည်။ “လူနာသာ ဒီကို ရောက်ပါစေ ရောဂါပျောက်အောင် ကုနိုင်တယ်ဟု” ဆရာဝန်၊ သူနာပြုများက ဆိုစမှတ်ပြုကြသည်။ ပြောလည်းပြောစရာပင် တော်ရုံတန်ရုံ လူနာကတော့ ဒီတောင်ကုန်းကို တက်နိုင်မယ် မထင်။ တက်နိုင်သည့် လူနာဆိုလည်း ရောဂါ သိပ်မဆိုးလို့ပင်။ သေချာတာကတော့ လူနာများ လွယ်လွယ်ကူကူသွားလာ ရနိုင်သည့် နေရာမှာ မရှိသော ဆေးရုံပင်။

Affordability

ဒါကတော့ Financial barrier ၏ သံတူကြောင်းကွဲတစ်မျိုးပင်။ “တတ်နိုင်ပါ့မလား” ဆိုသည့်မေးခွန်းကို လူတိုင်းမေးဖူးကြပေမည်။ ရောဂါတစ်ခုပျောက်ဖို့၊ အသက်တစ်ချောင်းကို ဆွဲဆန့်ဖို့ ငွေကုန်ကြေးကျ ခံကြရသည်။ မည်မျှ အကုန်ခံမည်နည်း။ သင်သည် လူ့လောကတွင် နေရန် ၁-ရက်သာ ကျန်တော့သည် ဆိုပါစို့။ နောက်ထပ် ၁-နှစ် နေခွင့်ရအောင် ငွေမည်မျှ အကုန်ခံ ကုသမည်နည်း။ “ငွေဘယ်လောက်ကုန်ကုန်” ဟု လွှတ်ကနဲ ပြောချင်ပြောပေမည်။ အသေအချာ စဉ်းစားပါ။ တစ်သိန်း အကုန်ခံမှာလား၊ ၁၀ သိန်းလား၊ သိန်း တစ်ထောင်လား။ မိမိ မရှိတော့လျင် ကျန်ရစ်သူများ မည်သို့ ရင်းနှီးစားသောက်မည်နည်း။ စသည် စသည် တွေးစရာတွေ အများကြီးပင်။ ထို့ကြောင့် “ပေးကားပေး၏မရ” ဆိုသလို ကျန်းမာရေး စောင့်ရှောက်မှုသည်လည်း “ရှိကားရှိ၏မတတ်နိုင်” ဆိုသည်များ အများအပြားရှိပေသည်။ ထို့ကြောင့် Available, Accessible ဖြစ်ရုံဖြင့် မပြီး Affordable ဖြစ်ဖို့လည်း လိုပေသေးသည်။

လက်တွေ့အသုံးချခြင်း

ဒါဆိုရင် ကျန်းမာရေး ဌာနများ နှင့် ပြည်သူ့ကျန်းမာရေး စီမံချက်များ ကို သွားရောက်လေ့လာလျင် မေးစရာလေးတွေ၊ တွေးစရာလေးတွေ ရလာပြီပေါ့။ ဥပမာ အားဖြင့်
  • ဆရာတို့ ဆေးခန်းက ရုံးချိန်ပဲ ဖွင့်ပြီး လူနာတွေ အားတဲ့ ညနေခင်းမှာ ပိတ်ထားတော့ Accessible ဖြစ်ပါ့မလားဗျာ။
  • လူနာတွေကို စရိတ်မျှပေးခိုင်းတာတော့ ကောင်းပါတယ်။ Affordability လေးကိုလည်း ထည့်စဉ်းစားပေးပါဦး။
  • ကွန်ပျူတာဓါတ်မှန် (CT-Scan: Computed Tomography) ကတော့ ဆရာရေ ဒီမြို့မှာ Available ကို မဖြစ်တာ။
စသည်ဖြင့်ပေါ့။

ဒီတပတ်တော့ ဤမျှသာ။

အာရောဂျံပရမံလာဘံ

တက္ကသိုလ် လှမွန်

Read More...

Thursday, September 13, 2007

Call for abstracts: Investing in Young People’s Health and Development

CALL FOR ABSTRACTS: Investing in Young People’s Health and Development: Research that Improves Policies and Programs

An International Conference

April 27-29, 2008 (April 30 optional sessions)

Abuja, Nigeria

Primary sponsors: Bill and Melinda Gates Institute for Population and Reproductive Health, Johns Hopkins Bloomberg School of Public Health, USA; Institute of Public Health, Obafemi Awolowo University; and Center for Population and Reproductive Health, University of Ibadan; and Nigeria’s federal ministries of health, youth, and education; in partnership with a consortium of more than 20 international and national organizations

Dear Colleagues:

On behalf of the international and local organizing committees, we would like to bring this important upcoming international conference to your attention and ask that you circulate this announcement widely to interested persons.

The conference organizers invite the submission of research abstracts with direct program or policy implications for youth development programs in developing nations for review for oral or poster presentation. The attached files, Call for Abstracts and Abstract Submission Form and Guidelines, provide detail on the conference objectives and themes. The deadline for submission of abstracts to gates@jhsph.edu is November 15, 2007.

The conference will open the evening of Sunday, April 27, 2008 and be followed by two full days of conference sessions. April 30 program is reserved for optional follow-on, youth-friendly, translational activities that we anticipate partner organizations will be sponsoring. More information is available from the conference website: www.jhsph.edu/gatesinstitute/policy_practice/adolhealth. Shortly, travel support application forms will be available as well from the website.

Organizations interested in sponsoring skill-building or related workshops around the conference schedule are invited to contact Ms. Natalie Culbertson at gates@jhsph.edu. Sponsored workshops may be scheduled either for the daytime of April 27 or on April 30. Other questions about the conference may be directed to this email address as well.

As some of you may be aware, the 3rd African Conference on Sexual Health and Rights is also being convened in Abuja, Nigeria, in February 2008 (www.africasexuality.org). Although in the same location and covering related themes, the Investing in Youth Health and Development Conference will take place in April, is internationally oriented, focused on young people, and concentrates on the accumulated research and program evidence that can inform young people’s health and development programs.

We look forward to receiving your abstracts and thank you for sharing this e-mail broadly.

Sincerely,

Robert Blum, Amy Tsui, Johns Hopkins Bloomberg School of Public Health

Oladosu Ojengbede, University of Ibadan, Nigeria

Adesegun Fatusi, Obafemi Awolowo University, Nigeria

Read More...

Wednesday, September 5, 2007

Barriers of Access to Healthcare

၅၊ ၉၊ ၂၀၀၇

ကျန်းမာရေးစောင့်ရှောက်မှုရရှိရေး အတွက် အတားအဆီးများ

မြန်မာလိုတော့ “ပေးကားပေး၏မရ” ဟု ဆိုရိုးရှိသည်။ ထို့အတူ ကျန်းမာရေးစောင့်ရှောက်မှုတွင် ပေးကားပေး၏မရ ဆိုသော အဖြစ်များ များစွာရှိ၏။ မြန်မာနိုင်ငံတွင် ဆေးစွမ်းလှသည်ဟု နာမည်ကြီးသော ဆရာဝန်ကြီးနှင့် ပြသခွင့်ရမည်။ အကောင်းဆုံးဆိုသော ဆေးရုံတွင် လေအေးပေးစက်ဖွင့်ပေးထားသော အခန်း၌ ကိုယ်ပိုင်သူနာပြုဆရာမတစ်ဦးထားရှိ ကုသပေးမည်။ မည်သည့်ဆေးဆိုင်တွင်မှ ၀ယ်ယူမရနိုင်သည့် နိုင်ငံခြားမှ တိုက်ရိုက်တင်သွင်းလာသော ဆေးများဖြင့် သုံးစွဲကုသပေးမည်။ တခုသာလိုသည် တစ်ထောင်တန် ငွေစက္ကူများကို ဂုံနီအိတ်နှင့် ထမ်းပြီးသာ ယူလာခဲ့ပါ။

အစိုးရ ဆေးရုံ ဆေးခန်းများတွင် ဆရာဝန်များ၊ သူနာပြုများ၊ အခြားဝန်ထမ်းများ ခန့်ထားပေးသည်။ လူတွေက ဘာကြောင့်များ မသွားကြတာပါလိမ့်။ စဉ်းစားစရာပင်။

အရည်အသွေးမီ ကျန်းမာရေး စောင့်ရှောက်မှုများ မရှိမဟုတ်။ ရှိသည်။ ရနိုင်သည်။ သို့သော် ..

အများစုအတွက် လက်လှမ်းမမီနိုင်။ ဘာတွေကများ တားဆီးထားပါလိမ့်။ ထိုအတားအဆီးများကို လေးမျိုး ခွဲခြမ်းစိတ်ဖြာ ကြည့်နိုင်သည်။
  1. Psychological barrier
  2. Physical barrier
  3. Administrativ barrier
  4. Financial barrier
တို့ဖြစ်သည်။ တစ်ခုချင်းရှင်းအံ့။

1. Psychological barrier ( စိတ်တွင်း အတားအဆီး )
လူနာ နှင့် မိသားစု၏ စိတ်တွင်းမှ ဖြစ်နေသော အတားအဆီးဖြစ်သည်။ ဒီရောဂါကတော့ ဆေးမြီးတိုလေးနဲ့ဆို ပျောက်သွားမှာပဲ။ ဆေးရုံ ဆေးခန်းသွားပြလဲ ကောင်းမှာ မဟုတ်ပါဘူးဟု ထင်နေခြင်းမျိုးဖြစ်သည်။ ဆေးရုံ ဆေးခန်းများမှ အရည်အသွေးမီ ကုသမှု မပြုပေးခြင်းကြောင့် တိမ်းပါးသွားသည်များကို တွေ့မြင်ကြားသိရခြင်းကြောင့် ယုံကြည်မှု လျော့နည်းနေခြင်းသည်လည်း ဤခေါင်းစဉ်အောက်တွင် အကျုံးဝင်လေသည်။

2. Physical barrier ( နေရာဒေသ အတားအဆီး )
လူနာ့အိမ်နှင့် ဆေးရုံဆေးခန်း ဝေးနေခြင်းဖြစ်သည်။ ဥပမာ - အနီးဆုံး ဆေးရုံက ခြေလျင် ၂-ရက်လောက် လျောက်ရမည်ဆိုလျင် တော်ရုံတန်ရုံဖြင့်တော့ သွားလိမ့်မည်မဟုတ်။

3. Administrative barrier (အုပ်ချုပ်မှုဆိုင်ရာ အတားအဆီး)
ဆေးရုံ ဆေးခန်း၏ လုပ်ထုံး လုပ်နည်းများအရ ကြန့်ကြာခြင်း၊ ကုသမှု မပေးနိုင်ခြင်းတို့ဖြစ်သည်။ ဥပမာ - ဆေးကုသခွင့်ရဖို့အတွက် လူမှုဖူလုံရေးကဒ်ရှိရမည်၊ စက်ရုံမှ ဆရာဝန်၏ လွှဲပို့စာ ပါလာရမည် စသည့် အချက်အလက်များ မပြည့်စုံ၍ ဆေးကုသခွင့် မရရှိခြင်း။ အချို့သော အန်ဂျီအို ဆေးခန်းများတွင် ဆေးခန်းဖွင့်ရာ မြို့နယ်တွင် နေထိုင်ကြောင်းအထောက်အထားပါမှ ဆေးကုသပေးမည် ဆိုသည့် အချက်မျိုး ဖြစ်သည်။ အမျိုးသား သဘောတူကြောင်း ထောက်ခံစာပါရမည်၊ သက်ဆိုင်ရာ ရ၀တ ထံမှ ကလေး ၂ယောက်ရှိကြောင်း ထောက်ခံစာပါရမည်၊ သားကြောဖြတ် ဘုတ်အဖွဲ့၏ ခွင့်ပြုချက်ပါရမည်၊ သို့မှသာ သားကြောဖြတ်ပေးမည် ဆိုသည်မျိုးသည် ဤ Administrative barrier ( အုပ်ချုပ်မှုဆိုင်ရာ အတားအဆီး ) အမျိုးအစားတွင် အကျုံးဝင်လေသည်။ လူနာမိသားစုက ဒေသခံ ဘာသာစကားသာ ပြောတတ်သည်။ ဆရာဝန်ကလည်း ဗမာလိုသာ ပြောတတ်သည်။ ဘာသာပြန်ကမရှိ။ ဤသည်လည်း အုပ်ချုပ်မှု ဆိုင်ရာ အတားအဆီး တစ်မျိုးပင်။

4. Financial barrier ( ငွေကြေး အတားအဆီး )
ငွေကြေးမတတ်နိုင်ခြင်းပင်။ ဆေးဖိုး၊ ကုသခ၊ ခရီးစရိတ် စသည်များကို မတတ်နိုင်ခြင်းဖြစ်သည်။

ထို့ကြောင့် ကျန်းမာရေးစောင့်ရှောက်မှု မရရှိပါဟု ဆိုလာလျင် မည်သည့်အကြောင်းကြောင့် မရရှိသနည်း ဆိုသည်ကို စုံစမ်းဖို့လိုသည်။ လူနာ နှင့် မိသားစုတို့က ဆေးရုံဆေးခန်း ကြောက်တတ်ခြင်းကြောင့် ကုသမှု မခံယူခြင်းကို ဆေးရုံဆေးခန်း အရေအတွက် တိုးဖွင့်ပေးခြင်းဖြင့် ဖြေရှင်းမရနိုင်။ အလားတူပင် ငွေကြေးမတတ်နိုင်၍ လာရောက်ကုသခြင်း မပြုသူများကို ဆေးရုံတွင် ဆေးကုသခြင်းသည် ဆေးမြီးတိုဖြင့် ကုသခြင်းထက်ကောင်းကြောင်း တရားဟောနေ၍ အလကားပင်။ အနာသိမှဆေးရှိနိုင်မည် မဟုတ်ပါလား။

မိမိ၏ ပတ်ဝန်းကျင်တွင် ဆေးကုသမှုမရရှိသော အဖြစ်များ ကြုံလာပါက မည်သည့် အတားအဆီးက ဒုက္ခပေးနေသလဲ ဆိုတာကို အဖြေရှာကြည့်ပါ။ စိတ်ဝင်စားစရာ ကောင်းပါလိမ့်မည်။

အာရောဂျံပရမံလာဘံ

တက္ကသိုလ် လှမွန်

Read More...

Sunday, September 2, 2007

Moving House

၂၊ ၉၊ ၂၀၀၇

အိမ်ပြောင်းပြီ

ယနေ့ အိမ်ပြောင်းသည်။ သိပ်ကား မဝေးလှ။ သုံးဘလောက်ခန့်သာဝေးသည်။

စင်ဒီ ဆိုသည့် အမေရိကန် အမျိုးသမီးကြီး တစ်ဦးပိုင်သော အိမ်တစ်အိမ်ပင်။ သူမ ပြောပြချက်အရ ထိုအိမ်ကို သူမ စပြောင်းလာသည့်အချိန်က ကျွန်တော်မွေးသည့် နှစ် နှင့် တစ်နှစ်တည်းပင် (အတော် ကြာလေပြီ) ။ အိမ်က ၁၅ ပေ၊ ပေ ၄၀ ခန့်ရှိမည့် သုံးထပ် ဖြစ်သည်။ အောက်ဆုံးထပ်တွင် ဧည့်ခန်း၊ ထမင်းစားခန်း နှင် မီးဖိုတို့ ရှိပြီး အလည်ထပ်တွင် အိမ်ရှင် အမျိုးသမီးကြီးနေလေသည်။ အပေါ်ဆုံးထပ်ရှိ အိပ်ခန်း နှစ်ခန်းကို အငှားထားလေသည်။

အိမ်ကား အတော်ပင် ထိမ်းသိမ်းထားသည့်ပုံရှိသည်။ ဧည့်ခန်း၊ ထမင်းစားခန်း နှင့် မီးဖိုတို့ကား ဖိတ်ဖိတ်တောက်နေသည်။ ခေတ်ပေါ် ပရိဘောဂများဖြင့်ကားမဟုတ်။ ရှေးလက်ရာ ပရိဘောဂများ ကုန်ကုန်ပြောရလျှင် ဂက်စ် မီးဖိုတောင် ရှေးရှေးတုန်းက ဂက်စ်မီးဖိုနှင့် ဖြစ်လေသည်။ သဘောကောင်းပုံရသော အမျိုးသမီးကြီးကား စည်းကမ်းလည်း ကြီးပုံရသည်။ ဤအိမ်တွင် ဘယ်လို ဆီသတ်ရပါလိမ့်။ ငပိရည်များ ကြိုမိပါက ခေါင်းနှင့် ဆင်းရကိန်းရှိသည် ဟု ဖာသာတွေးမိသည်။

ကျွန်ုပ်အိပ်ခန်းကား အနောက်ဖက်လှည့် ဖြစ်ပြီး အကျယ်အ၀န်းအားဖြင့် ၁၀ ပေ၊ ၁၅ ပေခန့် ရှိပေမည်။ ကုတင်၊ မွေ့ရာ၊ အိပ်ယာခင်း၊ စာကြည့်စားပွဲ၊ အစရှိသည် အစုံအလင် ရှိပြီးသားဖြစ်၍ အတော်ပင် စရိတ်ငြိမ်းလေသည်။ ရေချိးခန်း နှင့် အိမ်သာကိုကား တထပ်တည်းရှိ အခြား အိမ်ငှား တစ်ဦးနှင့် တွဲသုံးရပေမည်။ ပြဿနာတော့ မရှိလှ။ အခန်းအားလျှင် သုံးရုံသာ။

အိမ်ငှားခက တစ်လလျှင် ၆၇၅ ဒေါ်လာနှုန်းဖြစ်သည်။ ဘော်လတီးမိုး ထုံးစံအရဆိုလျင် အနည်းငယ်များသည်ဟု ဆိုနိုင်သည်။ သို့သော် ပရိဘောဂများပါဝင်ခြင်း၊ မီးဖိုချောင်ပစ္စည်းများသုံးခွင့်ရခြင်း၊ မီတာခ၊ ရေဖိုးများ မစီစဉ်ရခြင်း စသည်တို့က အတော်ပင် အလုပ်ရှုပ်သက်သာစေသည်။

အိမ်ပြောင်းရသည်ကတော့ သိပ်မသက်သာလှ။ မြန်မာပြည်မှ ရောက်စဉ်က ခရီးဆောင် သေတ္တာ နှစ်လုံးသာပါသော်လည်း၊ သုံးနှစ်ကြာလာပြီးနောက် စာအုပ်စာတမ်းများနှင့် ပစ္စည်းများက အတော် စုမိဆောင်းမိရှိလာသည်။ သို့သော် ကံကောင်းချင်တော့ သူငယ်ချင်းများက အခြားမြို့တစ်မြို့မှနေ၍ တကူုးတက လာပြီး ပြောင်းကူကြသည်။ တစ်ယောက်တည်းသာ ပြောင်းရမည်ဆိုပါက ခေါက်တုန့်ခေါက်ပြန် သွားရမည့် အခြေအနေရှိသည်။ တော်သေး၏။

ယနေ့တော့ ဤမျှသာ။

Read More...

Saturday, September 1, 2007

Burmese Hours

၁၊ ၉၊ ၂၀၀၇

မြန်မာ့ဓလေ့ အချိန်နာရီများ

မှတ်သားထားဖူးသည့် မြန်မာ့ဓလေ့ အချိန်နာရီ အခေါ်အဝေါ်များကို ဖော်ပြလိုက်ပါသည်။ မူရင်း အညွန်းကို စာပိုဒ် အောက်ဆုံးတွင်ကြည့်ပါရန်။

နာရီ

မြန်မာအခေါ်

နံနက်ပိုင်း

၆ နာရီ

နေထွက်စပြု

၈ နာရီ

နေထန်းတဖျား

၁၀ နာရီ

ဆွမ်းခံပြန်

၁၂ နာရီ

နေမွန်းတည့်

နေ့လည်ပိုင်း

၁ နာရီ

နေမွန်းတိမ်း

၂ နာရီ

နေစောင်း

၃ နာရီ

နေကျ

၎ နာရီ

နေစွယ်ကျိုး

၅ နာရီ

နေအေး

၅ နာရီခွဲ - ၆ နာရီ

နေ၀င်ရီတရော၊

နေ၀င်ချိန်ဆည်းဆာ၊

နေ၀င်ဖျိုးဖျ

ညနေပိုင်း

၆ နာရီသာသာ

အိပ်တန်းတက်

၈ နာရီ

သူငယ်အိပ်ဆိတ်

၁၀ နာရီ

သက်ကြီးခေါင်းချ

၁၁ နာရီ

လုလင်ပြန်

၁၂ နာရီ

သန်းခေါင်ကြက်

နံနက်အစောပိုင်း

၃ နာရီကျော်

ကြက်ဦးတွန်

၅ နာရီ

လင်းကြက်ဆော်



မူရင်းအညွှန်း

ကိုတံငါ
ကြယ်နီ၏ ၀တ္ထုတိုပေါင်းချုပ်
၁ သြဂုတ် ၂၀၀၁
ရာပြည့်စာအုပ်တိုက်

Read More...

Tuesday, August 28, 2007

School Life (1)

၂၈၊ ၈၊ ၂၀၀၇

ကျောင်းတုန်းက ဘ၀ (၁)

မွန်းသက်ပန် က တက်လာသည် “ကျောင်းတုန်းက ဘ၀” ခေါင်းစဉ်ဖြင့်ရေးသားရန် ဟူ၏။ ကစိုးထက် ကလည်း သူရေးပြီးကြောင်း ဆိုလာသည်။ အစက စမှ ဇာတ်ရည်လည်မည်။ စကြစို့ရဲ့။

အတန်း ။ ။ မူကြို
ကျောင်း။ ။ တီချယ်မေမေ မူကြို၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့
ခုနှစ် ။ ။ ၇၀ ပြည့်လွန်နှစ်တစ်နှစ်

တီချယ်မေမေ မူကြိုစဖွင့်ရက်တွင် ကလေးများ၊ လိုက်ပို့သူ မိဘများ ပျားပန်းခတ်မျှ ရှိနေစဉ် ဆံပင်ကောက်ကောက် အသားညိုညိုဖြင့် ကောင်လေးတစ်ယောက် ဆူပုတ်ပုတ်ဖြင့် မူကြိုအခန်းထဲ ရောက်လာလေသည်။ ထိုကလေးကား စာရေးဆရာ တက္ကသိုလ် ဘုန်းနိုင်၏ နေ့သင့် နံသင့် ပေးထားချက်အရ “မောင်လှမွန်” မည်တွင်လေ၏။

ဆရာမက ကလေးများ စုံမစုံ စစ်ဆေးရန် နာမည် ခေါ်လေသည်။
“ခင်ချစ်ချစ်ချော”
“ရှိပါတယ်ရှင့်”
“ရဲမင်းပိုင်”
“ရှိပါတယ်ခင်ဗျာ့”
...
“မောင်လှမွန်”
..
“မောင်လှမွန်”
..

ကောင်ညိုလေးက မထူးပေ။ ဆရာမက လူသိနေသဖြင့် “ဟဲ့ .. မောင်လှမွန် နာမည်ခေါ်နေတာ ဘာလို့ မထူးတာလဲ” ဟု စိတ်မရှည်သံဖြင့် မေးလေသည်။
ကောင်ညိုလေး။ ။ ကျွန်တော့်နာမည် မောင်လှမွန် မဟုတ်ဘူး ဆရာမ။
ဆရာမ။ ။ဟဲ့ .. ဒါ မင်းအမေ ပြောတဲ့ နာမည်ပဲ။ မောင်လှမွန် မဟုတ်ရင် မင်းနာမည် က ဘာတုန်း။
ကောင်ညိုလေး။ ။ ကျွန်တော့်နာမည် “ရဲမွန်မြင့်” ပါ။

ဆရာမ မျက်စိရော နားရော ရှုပ်သွားကာ ကောင်ညိုလေး အမေထံ စာရေးလိုက်လေသည်။

“ကလေး အမေရှင့် ... ကလေးမှာ နာမည် နှစ်မျိုးရှိလျင် ပြောစေလိုပါတယ်။ မူကြိုကျောင်းတွင် မည်သည့် အမည်ကို သုံးမည် ဆိုသည်ကိုလည်း တစ်ပါတည်း ပြောပါရှင့်။ ကလေးက သူ့အမည်ကို “ရဲမွန်မြင့်” ဟု ပြောနေပါတယ်။ ကျောင်းအပ် စာရင်းထဲရှိ အမည်မှာ “မောင်လှမွန်” ဖြစ်ပါတယ်။”

ဒါနဲ့ပဲ ... မိဘများ စုံစမ်း စစ်ဆေးရေး ၀င်ရလေသည်။

မိခင်။ ။ သား ... မင်းနာမည်က မောင်လှမွန်လေ။
ကောင်ညိုလေး။ ။ ဟာ .. အမေကလည်း ဒီ “မောင်လှမွန်” ဆိုတာကြီး မကြိုက်ပါဘူး။ အခြောက်နာမည်နဲ့တူတယ်။ ဒါကြောင့် ကိုယ့်ဘာသာ “ရဲမွန်မြင့်” လို့ ပြောင်းလိုက်တာ။
မိခင် (အံ့သြသွားဟန်ဖြင့်)။ ။ အဲဒီ နာမည်ကရော ဘယ်လိုရတာတုန်း။
ကောင်ညိုလေး။ ။ သား သူငယ်ချင်းတွေထဲမှာ “ရဲ” နဲ့ စတဲ့သူတွေရှိတယ်။ နောက်ပြီး အဲဒီ စာလုံးက ယောက်ျားဆန်တယ်။ ပြီးတော့ အဖေ့နာမည်က “မြင့်” နဲ့ဆုံးတော့ အဲဒီစာလုံးကို ယူလိုက်တယ်။ နကို နာမည်က “မွန်” ကိုတော့ ဆက်သုံးထားတယ်လေ။ “ရဲမွန်မြင့်” ဖြစ်ရောပေါ့။

နောက်ဆုံးမတော့ မိဘများ အလျော့ပေးလိုက်ရကာ ကောင်ညိုလေး၏ အမည်မှာ ယနေ့တိုင် “ရဲမွန်မြင့်” ဟု တွင်လေတော့သည်။

ဝန်ခံချက်

မိခင်၏ ပြန်လည် ပြောပြချက်ကို ရေးသားထားခြင်း ဖြစ်၍ တကယ့် အဖြစ်မှန်နှင့် ကွဲလွဲမှု အနည်းငယ် ရှိနိုင်ပါသည်။

Read More...

Tuesday, August 21, 2007

3D Fund will use 21 million dollar in 2007-08

၂၁၊ ၈၊ ၂၀၀၇

သရီးဒီဖန် ၂၀၀၇-၀၈ ခုနှစ်တွင် ဒေါ်လာ ၂၁ သန်းသုံးမည်

မြန်မာနိုင်ငံတွင် ခုခံကျရောဂါ၊ တီဘီရောဂါ နှင့် ငှက်ဖျားရောဂါ တို့ကို တိုက်ဖျက်ရန် သြစတေးလျ နှင့် ဥပရောပသမဂ္ဂ (European Union) အဖွဲ့ဝင် နိုင်ငံများဖြစ်သော အင်္ဂလန်၊ နယ်သာလန်၊ နော်ဝေး၊ ဆွီဒင် တို့က 3DFund (Three Diseases Fund) ခေါ် ရန်ပုံငွေ တစ်ရပ်ကို ထူထောင်ခဲ့လေသည်။ စီမံကိန်း သက်တမ်း ၅ နှစ်အတွက် အမေရိကန် ဒေါ်လာ သန်းပေါင်း ၁၀၀ ခန့်ကို သုံးစွဲသွားမည်ဟု ဆိုလေသည်။ အဆိုပါ ရန်ပုံငွေသည် မြန်မာနိုင်ငံအနေဖြင့် လတ်တလော ရရှိနေသော လူမှုကူညီရေး အထောက်အပံ့များအနက် အများဆုံးဟု ဆိုနိုင်ပေမည်။

၂၀၀၇ ခုနှစ် စက်တင်ဘာတွင်စတင်သော ဘဏ္ဍာရေးနှစ်အတွက် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့များ၊ အန်ဂျီအိုများ စုစုပေါင်း ၂၅ ဖွဲ့ကို အမေရိကန်ဒေါ်လာ ၂၁ သန်းကျော် ထောက်ပံ့သွားမည်ဖြစ်ကြောင်း 3DFund ၀က်ဆိုက် တွင် ဖော်ပြထားသည်။

စာကိုး
Funding Round 1, Three Diseases Fund, retrieved from http://www.3dfund.org/funding.html on August 21, 2007.

Read More...

Monday, August 20, 2007

Mini Reunion

၂၀၊ ၈၊ ၂၀၀၇

ငယ်သူငယ်ချင်းများ ဆုံလေသည်

ဝါရှင်တန်၊ ဒီစီ မြို့၊ အမေရိကန် ပြည်ထောင်စု။

Read More...

Sunday, August 19, 2007

(Daw) Swe Zin Htaik

၁၉၊ ၈၊ ၂၀၀၇

(ဒေါ်) ဆွေဇင်ထိုက်လည်း ဘလောက်ရေးလေပြီ

ရုပ်ရှင်သရုပ်ဆောင် အဖြစ်မှ လူမှုကူညီရေးလုပ်ငန်းများကို အချိန်ပြည့် လုပ်ဆောင်နေသော (ဒေါ်) ဆွေဇင်ထိုက် တစ်ယောက် ဘလောက်လောက ကို ခြေချလာပြီဖြစ်ကြောင်း မောင်းထု အပ်ပါသည်။


Read More...

Touched (1)

၁၉၊ ၈၊ ၂၀၀၇

ရင်ကိုထိမှန်သော စာစုများ (၁)
“ကျနော်ကြီးလာရင် ဘာလုပ်မလဲဆိုတာ ကျနော်မပြောတတ်ဘူး။
အမှိုက်ပုံကြီးတွေ ရှိနေရင်တော့ ကျနော် ထမင်းမငတ်ဘူးလို့ ထင်တာပဲ။
ကျနော်ကြီးလာရင် ဒီထက်ပိုပြီးတော့ ပစ္စည်းတွေကောက်နိုင်မယ်။”
ကျော်စွာ

ကျော်စွာ (ခေါ်) အ၀ါလေးဆိုတာ ထိုင်းနိုင်ငံရဲ့ အမှိုက်ပုံ တစ်ခုမှာ လုပ်ကိုင်စားသောက်နေရတဲ့ ကလေးငယ်လေးတစ်ယောက်။ မုတ္တမက ဆိုတော့ မြန်မာ နိုင်ငံသားလို့ပဲ ဆိုရမယ်ထင်ပါတယ်။ ခိုင်မာကျော်ဇောရဲ့ ဒီဆောင်းပါး ကို ဖတ်ပြီး စိတ်မကောင်းဖြစ်လွန်းလို့ မျက်ရည်များတောင် ၀ိုင်းလာမိပါရဲ့။ ဒီလိုဘ၀တွေ ဘယ်လောက်များ များနေပါပြီလဲ။

ကျွန်တော်တို့ကတော့ လုံခြုံအေးချမ်းတဲ့ အခန်းထဲမှာ နောက်ဆုံးပေါ် အီလက်ထရွန်းနစ်ပစ္စည်းတွေနဲ့ ကမ္ဘာ့ကွန်ယက်ကြီးပေါ် လျောက်သွားနေလိုက်ကြတာ ကိုယ့်သွေးချင်း ညီအကို၊ မောင်နှစ်မတွေက တစ်ခြားနိုင်ငံမှာ အမှိုက်လုကောက်ပြီး အသက်မွေးနေရလေရဲ့။ ဒီအဖြစ်မျိုးတွေ မဖြစ်အောင် ကျွန်တော်တို့ မတားဆီးနိုင်ကြတော့ဘူးလား။ မတားဆီးချင်ကြတော့ဘူးလား။

အပေါ်က လင့်ကို မသွားနိုင်သူများအတွက် မူရင်းဆောင်းပါးကို ဖတ်ရန် “Read More” ကို နှိပ်ပါ။

ရသလွင်ပြင်
အ၀ါရောင် ခေါင်းစွပ်လေး
ခိုင်မာကျော်ဇော| သြဂုတ် ၇၊ ၂၀၀၇

ကျနော့် နာမည်ကျော်စွာကို လူတွေက ‘ငစွာ’လို့ ခေါ်လို့ခေါ် ‘အ၀ါလေး’လို့ ခေါ်လိုခေါ်နဲ့

ကျနော် မကြိုက်ပါဘူးလို့ ဘယ်လောက်ပဲပြောပြော ဘယ်လိုမှ ပြောမရဘူး။ ‘ငစွာ’လို့ခေါ်ကြတာက ကျနော်က စွာလို့တဲ့။ ‘အ၀ါလေး’ လို့ခေါ်ကြတာကတော့ ခေါင်းစွပ်အ၀ါရောင်လေးကို ကျနော်အမြဲတမ်းစွပ်ထားလို့ ‘ငစွာ’လို့ခေါ်တာ ကျနော် မကြိုက်ပါဘူး။ ကျနော်က စွာတာမှ မဟုတ်တာ။ ဒီအမှိုက်ပုံကြီးမှာ ကိုယ်လိုချင်တဲ့ပစ္စည်းရဖို့ သူ့ထက်ငါ လူတိုင်း တိုးဝှေ့နေကြတာပဲ။ ကျနော်လည်း သူများတွေလိုပဲ တိုးဝှေ့ကောက်တာပဲဟာ။ ဒီလိုမှ မတိုးရင် ကျနော်တို့ ဘယ်လို ထမင်းစားမလဲ။

အ၀ါရောင်ခေါင်းစွပ်လေးကို အမြဲတမ်းစွပ်ထားလို့ ‘အ၀ါလေး’လို့ခေါ်တာတော့ ခေါ်ပေါ့။ ဘာကြောင့်မှန်းတော့ မသိဘူး အဲဒီ ပလတ်စတစ် အ၀ါရောင် ခေါင်းစွပ် လေးကို ကျနော် သဘောကျတယ်။ အဲဒီခေါင်းစွပ်ကလေး စွပ်ထားရင် လေလည်း လုံတယ်။ မိုးလည်းလုံတယ်။ ကျနော့် ဆံပင်တွေ၊ မျက်စိတွေ၊ နားတွေထဲလည်း အမှိုက်တွေ၊ ရွှံ့တွေ မစင်တော့ဘူး။
အဲဒီခေါင်းစွပ်အ၀ါလေးက ကျနော်နဲ့လည်း လိုက်တယ်တဲ့။ အမှိုက်ကားကြီးတွေ လာချိန်နီးလို့ ဓားကောက်ကိုကိုင်၊ ပီနံအိတ်ကို သိုင်းလွယ်ပြီး အဲဒီခေါင်းစွပ်အ၀ါလေးကို စွပ်ပြီး အမှိုက်ကွင်းကြီးထဲ ကျနော်ဆင်းပြီဆို ‘ငစွာလေးလာပြီဟေ့’၊ ‘အ၀ါလေးလာပြီဟေ့’နဲ့ ကျနော့်ကို အမျိုးမျိုး ပြောင်ကြ နောက်ကြတယ်။

အဲဒီထဲမှာ ဟိုဘက်တဲက ရွှေကျင်လင်မယားက အဆိုးဆုံးပဲ။
သူတို့မှာ သားသမီးမရှိတော့ ကျနော့်ကို သူတို့ ချစ်လည်းချစ်လို့ ခေါ်တယ်ဆိုတာ ကျနော်သိပါတယ်။
ဒါပေမယ့် ကျနော့်ထက်ငယ်တဲ့ ကလေးတွေက လူကြီးတွေခေါ်သလို လိုက်လိုက်ခေါ်တာ ကျနော် မကြိုက်ပါဘူး။
‘သန်းထွန်းလေး’ဆို အဆိုးဆုံးပဲ။ မကြိုက်ဘူးလို့ ကျနော်ပြောတာ အခါတထောင်လောက်ရှိတော့မယ်။
ဒါလည်းမရဘူး။ သူက သူ့အဖေအားကိုးနဲ့ ကျနော့်ကို လိုက်လိုက်ပြီးတော့ ပြောင်နေတာ။
အဲဒီကောင်ကို ကျနော် တခါတခါ ဆွဲထိုးပစ်ချင်တယ်။

ကျနော်တို့ အမှိုက်ပုံမှာတော့ သန်းထွန်းလေးတို့ အမျိုးတွေ တော်တော်များတယ်။
အိမ် ၄၀ ကျော်မှာ သူတို့အမျိုးက တ၀က်လောက်ရှိတယ်။
ကျနော်တို့ အခုနေတဲ့ မဲဆောက်မြို့ ဘတ်စံကွင်းထဲက အမှိုက်ပုံကြီးကို
သန်းထွန်းလေးတို့ အဖေတွေ အရင်ဆုံးရောက်တာတဲ့။
သန်းထွန်လေးတို့က ပဲခူးဘက်ကလို့ ပြောတာပဲ။ သူတို့အမျိုးတွေက ပဲခူး၊ သနပ်ပင်၊ ဒိုက်ဦးစုံနေတာပဲ။
ကျနော်တို့က မုတ္တမ ကမ်းခြေစုက လာတာ။
ဒီအမှိုက်ပုံကြီးမှာ နယ်စုံက လူတွေရှိတယ်။
ကျနော်တို့ တဲနားက ရွှေကျင်လင်မယားဆိုရင် ရွှေကျင်ကလာလို့ ရွှေကျင်လင်မယားလို့ ခေါ်ကြတာလေ။
ကျနော်တို့ အမှိုက်ပုံကြီးမှာ မွန်၊ ကရင်၊ ဗမာ လူမျိုးလည်းစုံတယ်။
နယ်စုံ လူစုံဆိုတော့ ခဏခဏလည်း စကားများကြ၊ ရန်တွေဖြစ်ကြနဲ့။
အမှိုက်ကားကြီးတွေလာလို့ အမှိုက်တွေသွန်ချပြီဆို သူ့ထက်ငါ တိုးဝှေ့လုယက်ပြီဆိုရင်
စကားတွေများကြပြီ။ ရန်တွေဖြစ်ကြပြီ။
ကောက်ထားတဲ့ ပစ္စည်းတွေပျောက်လို့၊ ခိုးလို့ ရန်ဖြစ်ကြတာတွေလည်းရှိတယ်။
နောက်တော့လည်း ပြန်တည့်သွားကြ။ ပြန်ခေါ်ကြတာပဲ။

ကျနော်လည်း ၁ ခါ ၂ ခါ တော့ ရန်ဖြစ်ဖူးတယ်။
သန်းထွန်းလေးနဲ့ သန်းထွန်းလေးတို့ အမျိုးတွေနဲ့ပဲပေါ့။
သူတို့က အမျိုးတောင့်တယ်။ အရင်ရောက်တယ်ဆိုပြီး နေရာတကာ ဆရာလုပ်ချင်တယ်။
ကျနော်တို့လို ကလေးတွေဆိုရင်လည်း သူ့အဖေက အော်လိုက် ငေါက်လိုက် အမြဲလုပ်တယ်။
သူ့အဖေက ထိုင်းစကားလည်းတတ်တော့ ကျနော်တို့ အမှိုက်ပုံမှာတော့ ဆရာကြီးပေါ့။

ဒီအမှိုက်ပုံကို ချုပ်ထားတဲ့ ထိုင်းလင်မယားနဲ့လည်း သူက အဆင်ပြေတယ်။
အဆင်ပြေမှာပေါ့ ကျနော်တို့ ဘာလုပ်တယ်၊ ဘယ်မှာရောင်းတယ်ဆိုတာကို သူက သတင်းသွားသွားပေးတာကိုး။
အခုတော့ အဲဒီထိုင်းလင်မယားက ကျနော်တို့အမှိုက်ပုံမှာ သန်းထွန်းလေး အဖေကို လူကြီးတင်ထားပေးတယ်။
အမှိုက်ပုံကရတဲ့ ပစ္စည်းတွေကိုလည်း အရင်ကလို ကျနော်တို့ ရောင်းချင်တဲ့နေရာမှာ ရောင်းလို့မရတော့ဘူး။
အရင်ကလည်း ကျနော်တို့ ရောင်းချင်တဲ့နေရာမှာ ရောင်းလို့ရတာတော့ မဟုတ်ပါဘူး။
အဲဒီ ထိုင်းလင်မယားဆီမှာပဲ ရောင်းရတယ်။

သူတို့က ဒီအမှိုက်ပုံကြီးကို ချုပ်ထားတာဆိုတော့ ဈေးနှိမ်ပြီးတော့ ၀ယ်တာပေါ့။
ဒါပေမယ့်လည်း ဈေးပိုရမယ်ထင်တဲ့နေရာမှာ အဲဒီထိုင်းတွေမသိအောင် သွားသွားပြီးတော့ ခိုးရောင်းကြတယ်။
အခု သန်ထွန်းလေးတို့အဖေကို လူကြီးတင်ထားတော့ ဘယ်လိုလုပ်ပြီး ခိုးရောင်းလို့ရတော့မှာလဲ။
သူတို့က ကျနော်တို့နဲ့ပဲ အတူတူနေတာဆိုတော့ အကုန်သိတာပေါ့။
ပြီးတော့ သူတို့အမျိုးတွေကလည်း အများကြီးဆိုတော့ ဘယ်သူဘာလုပ်တယ်ဆိုတာ
သူတို့က မျက်လုံးဒေါက်ထောက် ကြည့်နေတာ။

ခေါင်းစွပ်အ၀ါလေးက ဒီအမှိုက်ပုံကြီးထဲကပဲ ကျနော်ရတာ။
ကျနော်ရတာ တနှစ်တောင်ကျော်သွားပြီ။
ခေါင်းစွပ်ကလေးရဲ့ အောက်ဘက်မှာ ကြယ်သီးပေါက်ကလေးတွေပါတော့
အဲဒီခေါင်းစွပ်ကလေးဟာ အင်္ကျီနဲ့တွဲပြီးဝတ်တာလို့ ကျနော်ထင်တယ်။
အရင်ကတော့ အဲဒီခေါင်းစွပ်ကလေးနဲ့တွဲဝတ်တဲ့ အင်္ကျီအ၀ါရောင်လေးများ
အမှိုက်ကားကြီးတွေနဲ့ ပါလာမလားလို့ ကျနော် မျှော်နေသေးတယ်။
အခုတော့ ကျနော် မမျှော်တော့ပါဘူး။

ဒီအမှိုက်ပုံကြီးကို ကျနော်ရောက်တာ ၂နှစ်ကျော် ၃ နှစ်ရှိပြီ။
အခုကျနော့်အသက် ၁၄ နှစ်ထဲဝင်ပြီဆိုတော့ ကျနော် ၁၁ နှစ်ကျော်အရွယ်လောက် စရောက်တာပေါ့။
ပျော်တော့ ဘယ်ပျော်မှာလဲ။
ဒါပေမယ့် ဒီအမှိုက်ပုံကြီးက ကျနော်တို့ကို ထမင်းကျွေးတာဆိုတော့ မပျော်လည်းနေ ပျော်လည်းနေပေါ့။
မုတ္တမမှာ နေတုန်းကဆို ကျနော်တို့ ထမင်းနပ်မှန်အောင် စားရတာမဟုတ်ဘူး။
အဖေကူလီ မထမ်းနိုင်တဲ့နေ့တွေဆိုရင် ရေသောက်ပြီးတော့ပဲ နေရတယ်။
အမေကတော့ ကျနော်ငယ်ငယ်လေးထဲက သေသွားတယ်လို့ အဖေကပြောတယ်။

အဖေဆုံးပြီးမှ ကျနော် ဒီအမှိုက်ပုံကို ရောက်လာတာ။
ကျနော့်ဦးလေးက ဒီအမှိုက်ပုံမှာ အလုပ်လုပ်တာ အဆင်ပြေတယ်လို့ပြောပြီး
ကျနော့်ကို ပြန်ခေါ်လို့ ကျနော်ရောက်လာတာ။

ကျနော်တခါမှ ကျောင်းမနေဖူးဘူး။ ကျနော့်အဖေလည်း ကျောင်းမနေဖူးဘူးတဲ့။
ဦးလေးကတော့ ကျနော်တို့ မွန်ရွာက ဘုန်းကြီးကျောင်းမှာ နေခဲ့ဖူးတယ်လို့ ပြောတာပဲ။
ကျောင်းတခါမှ မနေဘူးတော့ ကျောင်းနေချင်သလား မနေချင်ဘူးလားဆိုတာ ကျနော် မပြောတတ်ဘူး။
သန်းထွန်းလေးလည်း ကျနော့်လိုပဲ ကျောင်းမနေဖူးဘူး။

ဒီအမှိုက်ပုံကြီးထဲမှာ ကျနော်တို့အရွယ်တွေရှိတော့ရှိတယ်။ အများကြီးတော့ မဟုတ်ဘူး။
ကျနော်၊ သန်းထွန်းလေး၊ ကွာစိ၊ ငတိုးနဲ့ မိခက်တို့ပဲရှိတယ်။
ကျန်တဲ့ကလေးတွေကတော့ ကျောင်းနေပါတယ်။
ဒီအမှိုက်ပုံကြီးအနားမှာ ကျောင်းရှိတယ်။ သူတို့အဲဒီကျောင်းမှာ သွားတက်ကြတာပေါ့။
ကျနော် ကျောင်းမနေချင်ပါဘူး။ ကျနော်က အကောင်ကြီးနေပြီ ရှက်စရာကြီးဖြစ်နေမှာပေါ့။

ကျောင်းနေရင် ကျနော်တို့ ထမင်းဘယ်လို စားမလဲ။
အမှိုက်ကောက်တာက နေ့ရောညပါ ကောက်မှ တနေ့ကို ၁၅ ဘတ် ၂၀ ရတာ။
ကံမကောင်းတဲ့နေ့ဆိုရင် တနေ့ ၁၀ ဖိုးတောင် မရချင်ဘူး။

ပလတ်စတစ်၊ အချိုရည်ဘူး၊ ပုလင်း၊ ခွက်၊ နန်းကြိုး၊ အ၀တ်၊ ထီးစုတ်၊ ဖိနပ်စုတ် အစုံကောက်တယ်။
အာလူး၊ ကြက်သွန်၊ ကော်ဖီထုပ်၊ ပဲ၊ ငါးခြောက်၊ ပဲလှော်၊ မုန့်ခြောက်တွေလည်း ရတာရှိတယ်။
တခါတခါလည်း အသီးအရွက်တွေ၊ အသားတွေ၊ ငါးတွေလည်းရတယ်။
ပစ္စည်းတွေက တချို့လည်းကောင်းတယ်။ တချို့လည်း မကောင်းဘူး။
အစားအသောက်တွေရရင် ကျနော်တို့ ရေဆေးပြီးတော့စားတယ်။
အခြောက်လှန်းပြီးလည်း စားကြတယ်။
ဒီမှာ အားလုံး ဒီလိုပဲ စားကြတာပဲ။
ဒါတောင်မှ သူ့ ထက်ငါ လုယက်ကောက်ရတာ။
ဒါကြောင့်မို့လည်း ကျနော်တို့ ရန်ဖြစ်ကြတာပေါ့။

အခုဆိုရင် ရန်မဖြစ်အောင်လို့ ကိုယ့်အတန်းနဲ့ကိုယ်နေရာယူပြီး ကောက်ရတယ်။
ဒါလည်း သူနဲ့ငါ အလုအယက်ပဲ။ ဒါပေမယ့် အရင်လောက်တော့ မဆိုးတော့ဘူး။
တအားဆိုးတဲ့လူတွေကိုလည်း ဒီအမှိုက်ပုံကြီးကို ချုပ်ထားတဲ့ ထိုင်းလင်မယားက ပေးမကောက်ဘူး။
သူတို့ကို ရန်ဖြစ်လို့ မောင်းထုတ်ဖူးတာရှိတယ်။
အခုတော့ သူတို့ ဘယ်ရောက်သွားလဲ ကျနော်လည်း မသိဘူး။

ကျနော်တို့မှာ ကစားချိန်မရှိပါဘူး။
အမှိုက်ကားကြီးတွေက မနက်အစောကြီး တကြိမ်။ နေ့လည် တကြိမ်။ ညနေပိုင်းမှာ တကြိမ်လာတယ်။
တနေ့ (၃) ချိန်လာတာဆိုတော့ အဲဒါတွေကို တနေကုန် ကောက်ရောပဲ။
ကားကြီးတွေမလာခင် အမှိုက်ပုံကြီးထဲမှာပဲ အချင်းချင်း ပြောင်ကြ နောက်ကြ ကစားကြတာပဲရှိတယ်။
ကျနော်တို့ ကစားဖို့လည်း အမှိုက်ပုံကြီးပဲ ရှိတာကိုး။

ကျနော် မြို့ထဲကို တခါမှ မသွားဖူးဘူး။
ထိုင်းရဲတွေ ဖမ်းမှာစိုးလို့ သွားလည်း မသွားရဲဘူး။
ထိုင်းရဲတွေ ဖမ်းပြီး မြန်မာပြည်ကို ပြန်ပို့ရင် ဘယ်လိုလုပ်မလဲ။
မြန်မာပြည်ပြန်ပို့ခံရရင် ဒုက္ခရောက်မှာပေါ့။

ဒီအမှိုက်ပုံမှာနေရတာ အဆင်ပြေပါတယ်။
ပစ္စည်းရောင်းပြီးရင် ကိုယ်စားချင်တာလည်း ၀ယ်စားလို့ရတယ်။

မြ၀တီက ဈေးသည်တွေ ဒီမှာလာပြီး ဈေးရောင်းကြတာရှိတယ်။
ကိုယ်လိုချင်တာသူတို့နဲ့ မှာလို့ရတယ်။ စားချင်တာလည်း သူတို့နဲ့ မှာစားလို့ရတယ်။
သူတို့က နေ့တိုင်းလာရောင်းတာဆိုတော့ အဆင်ပြေတာပေါ့။
သူတို့လည်း မြို့ထဲလမ်းက မလာရဲဘူး။ ပုလိပ်ဖမ်းမှာကြောက်လို့ တောလမ်းကပဲ လာကြတယ်။

ကျနော်ကြီးလာရင် ဘာလုပ်မလဲဆိုတာ ကျနော်မပြောတတ်ဘူး။
အမှိုက်ပုံကြီးတွေ ရှိနေရင်တော့ ကျနော် ထမင်းမငတ်ဘူးလို့ ထင်တာပဲ။
ကျနော်ကြီးလာရင် ဒီထက်ပိုပြီးတော့ ပစ္စည်းတွေကောက်နိုင်မယ်။

ပိုက်ဆံများများရရင်တော့ ဖိနပ်တရံနဲ့ လက်အိတ်တခုလောက် ကျနော်ဝယ်ချင်တယ်။
အ၀ါရောင်အင်္ကျီလေးလည်း ကျနော် လိုချင်တာပဲ။
သူများတွေက ပြောကြတယ်လေ ‘အ၀ါလေး’က အ၀ါရောင်နဲ့ လိုက်တယ်တဲ့။ ။

ဧရာဝတီ အင်တာနက် မဂ္ဂဇင်း
http://www.irrawaddy.org/bur/ratha2007/August/02.html

Read More...