Tuesday, October 30, 2007

A visit to New England (4)

၃၀၊ ၁၀၊ ၂၀၀၇

အင်္ဂလန်ပြည်သစ် သို့ အလည်တစ်ခေါက် (၄)
စားကြမယ်ဟေ့ ကောင်းကောင်း

ဗားမောင့်ကနေ ပြန်လာတော့ ညနေစာ စားဖို့ စောနေသေးတာနဲ့ စာရေးသူက လှုံ့ဆော်လိုက်ပါတယ် “ထောပတ်ထမင်း နဲ့ ကြက်သားဟင်း ချက်စားကြရအောင်” ဆိုပြီးတော့ပေါ့။ အားလုံးပဲ ငြင်းပါတယ် “ဟုတ်ကဲ့” တဲ့။ ဒါနဲ့ပဲ စာရေးသူ ဟော့ပ်ကင်း မှာ အနှစ်နှစ်အလလ သင်ယူလာတာလေးတွေ လက်စွမ်းပြခွင့် ကြုံတာပေါ့။
ကဲ ချက်နည်းလေး ရေးပေးဦးမှပါ။ ဒါမှ စာရှုသူတို့ စမ်းကြည့်လို့ရမှာ။

လိုတာတွေကတော့ ...
  • ဆန် (ပါစမာတီ) - ၄ ဗူး
  • ထောပတ် (ရိုးရိုး သို့မဟုတ် ဟင်းချက်ထောပတ်) - ထမင်းစားဇွန်း ၄ ဇွန်း
  • ကရဝေးရွက် - ၄-၅ ရွက်ခန့်
  • သစ်ဂျပိုးခေါက် - ၁ ခု
  • ကုလားပဲ - ၁ ဗူး
  • ကြက်သွန်နီ - ၄-၅ လုံးခန့်
  • ကြက်သွန်ဖြူ - ၁ ဥ
  • အရောင်တင်မှုန့် - သင်ရုံ
  • မဆလာ - သင့်ရုံ
  • ငံပြာရည် - သင့်ရုံ
  • ကြက်သား - ၁ ကီလို
  • အချိုမှုန့် - သင့်ရုံ
  • ဆား - သင့်ရုံ
  • ဆီ - သင့်ရုံ
ပါစမာတီ ဆန်ကို ရေစိမ်မယ်။ ကုလားပဲကိုလည်း သတ်သတ် ရေစိမ်ထားမယ်။ ပြီးရင် ကုလားပဲကို မကျက်တကျက် ပြုတ်မယ်။ ဆားနည်းနည်းထည့်မယ်။ မဝေအောင် သတိထားရမယ်။

ကဲ ထမင်း ချက်ရအောင်။ ထမင်းကို ပေါင်းအိုးနဲ့ ချက်ရင် သိပ်အဆင်မပြေပါ။ အိုးမကပ်တတ်တဲ့ အိုးတစ်လုံးကို သုံးရင် ပိုကောင်းတယ်။ ထောပတ်ကို အပူပေးပြီး ဆီဖြစ်လာပြီဆိုရင် ကရဝေးရွက် နဲ့ သစ်ဂျပိုးခေါက်လေး ထည့်ပြီး ခဏမွှေထားမယ်။ ကြည့်နေရင်းနဲ့ ဆီက အနီရောင်သမ်းလာပြီ ဆိုရင် ရေဆေးထားတဲ့ ပါစမာတီ ဆန်ကို ရေစစ်ပြီး ထည့်မယ်။ နည်းနည်း မွှေပေးလိုက်ပြီး မကျက်တကျက် ပြုတ်ထားတဲ့ ကုလားပဲပါ ရောပြီး သမအောင်မွှေမယ်။ ပြီးရင် ရေကို ၆-ဗူးလောက်ထည့်မယ်။ ဒါဆိုရပြီ အဖုံးဖုံးပြီး ထမင်းအိုးကို ဆက်တည်ထားမယ်။ ကြက်သားဖက် လှည့်ရအောင်။

အရေးထဲ ကြက်သားသွားဝယ်တဲ့ ပုဂ္ဂိုလ်တွေက ပြန်မလာသေးဘူး။ လုပ်လို့ရတာလေးတွေ လုပ်ထားဦးမှ။ ကြက်သွန်နီ၊ ဖြူ ထောင်းထားမယ်။ ငြုပ်ဆုံမရှိရင် စက်နဲ့ကြိတ်လို့ရပါတယ်။ ဒါမှမဟုတ်လဲ ဓါးနဲ့ နုတ်နုတ်စင်းပေါ့။ ပြီးရင် ဆီ (သင့်ရုံ - ဘယ်လောက်မှန်းမသိဘူး။ ခေါင်းထဲ အော်တို ရောက်လာသလောက်) ထည့်ပြီး ကြက်သွန်နီ ဆီသတ်မယ်။ ခဏလောက်ကြာမှ ကြက်သွန်ဖြူထည့်၊ တခါတည်း ငံပြာရည်ပါထည့် ပြီး ဆီဆက်သတ်မယ်။ ဟော ကြက်သားလာပြီ။ ကဲ မြန်မြန် ရေဆေး၊ ဓါးနဲ့မွှန်းပြီး ဆား၊ ဆနွင်းလေး နယ်ပါဦး။ အမှန်က စောစောကတည်းက ကြက်သားကို နယ်ထားရမှာ။ ထားပါလေ။ အမြဲတမ်း စာအုပ်ကြီးအတိုင်း လုပ်လို့ မဖြစ်ဘူး မဟုတ်လား။

ဟာ ကြက်သွန်ဆီသတ်တာ တူးတော့မယ်။ ကြက်သားတွေ မြန်မြန်ထည့်မှ။ နေဦး အရောင်တင်မှုန့်မေ့နေပြီ။ ကဲ မြန်မြန်ထည့်။ ဟုတ်ပြီ ကြက်သားတွေပါထည့်။ လုံးလိုက်။ ပြီးရင် ရေထည့်။ အိုကေ။ ဒါဆိုရပြီ။ ချခါနီးမှ မဆလာလေး၊ ဆား၊ အချိုမှုန့်လေး သင့်သလို ခတ်လိုက်ရုံပ။

ထမင်းအိုးကို လည်း သွားပြန်ကြည့်ဦး။ တူးနေဦးမယ်။ ကျက်ပြီထင်ရင် မီးဖိုပေါ်ကချလိုက်။

ဒါပဲ။ ရပြီ။ ချက်စားကြပေတော့။

ခရီးသွား ဆောင်းပါးလည်း တော်တော် ရှည်သွားပြီ။ နောက်တစ်ရက် ဘော်စတွန် သွားတဲ့ အကြောင်း ရေးပြီးရင်တော့ တော်ပါပြီ။ တစ်ခါတစ်ခါ ခရီးထွက်ရတာလည်း မလွယ်ပါလားနော်။

(၅) သို့


Read More...

Monday, October 29, 2007

Am I an Addict?

၂၉၊ ၁၀၊ ၂၀၀၇

ဘလောက် စွဲနေပြီလား

ရွှေဂျမ်းရဲ့ ဘလောက်ရောဂါ ကို ဖတ်ပြီး “ဘလောက် စွဲနေပြီလား” လို့ ကိုယ့်ဖာသာ ပြန်မေးမိတယ်။ ဒါနဲ့ အင်တာနက်ပေါ်က ဘလောက်ရောဂါ စမ်းသပ်ချက် မေးခွန်းများကို ဖြေကြည့်လိုက်တော့ ဒီလို အဖြေထွက်တယ် ခင်ဗျ။ စာရှုသူတို့ရော ...


78%How Addicted to Blogging Are You?

Read More...

A visit to New England (3)

၂၉၊ ၁၀၊ ၂၀၀၇

အင်္ဂလန်ပြည်သစ် သို့ အလည်တစ်ခေါက် (၃)
မန်ချက်စတာမြို့၊ ဗားမောင့်ပြည်နယ်
မူလအစီအစဉ်က မနက်စောစောထပြီး သောင်းအေးတို့ လှအေးတို့လို (TownAce, HighAce) ကားမျိုး တစ်စီးငှားပြီး ဘော်စတွန် (Boston) ကို သွားလည်ကြမလို့ပါ။ ဒါပေမယ့် ညက သူငယ်ချင်းတတွေ စကားကောင်းနေပြီး အတော်ညဉ့်နက်သွားတာနဲ့ မနက်ကို စောစော မနိုးကြပါ။ စာရေးသူက အိပ်ရာဝင်ပြီး ၆ နာရီကြာရင် အလိုလို နိုးလာတတ်တော့ မနက် ၈ နာရီလောက် နိုးနေပြီး ပြန်လည်း မနှပ်ချင်တော့တာနဲ့ မျက်နှာသစ်ပြုပြီး မီးဖိုထဲ အစာရှာထွက်ပါတယ်။ ထမင်းကြမ်းနဲ့ ကြက်ဥတွေ တွေ့တော့ ဟုတ်ပြီဟ ဆိုပြီး အားလုံးအတွက် ကြက်ဥထမင်းကြော် ကြော်နေတုန်းမှာပဲ တစ်ယောက်ပြီး တစ်ယောက် နိုးလာကြပြီး ရေနွေးတည်သူ၊ ကော်ဖီ ဖျော်သူ၊ ထမင်းစားပွဲပြင်သူနဲ့ မီးဖိုထဲမှာ စည်ကားလာပါတယ်။

မနက်စာ စားသောက်ပြီးစီးတော့ ၁၀ နာရီလောက် ရှိနေပြီ။ ဘော်စတွန်က မိုင် ၁၅၀ ကျော်လောက် ဝေးတော့ ၃ နာရီလောက် မောင်းရမယ်။ အသွားအပြန်ဆို ၆ နာရီ။ ကားငှားဖို့ကလည်း ရှိသေး ဆိုတော့ ဘော်စတွန်မှာ လည်ဖို့အချိန် နည်းနေမယ်ဆိုပြီး အစီအစဉ်ပြောင်းကာ ဗားမောင့်ကို သွားဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။

ဝီလီယံမြို့က မက်ဆာချူးဆက်ပြည်နယ်ရဲ့ အနောက်မြောက်ဘက်ထောင့်နားလေးမှာ ရှိတော့ ဗားမောင့် ပြည်နယ်နဲ့က ကပ်နေတာ။ ဒီရာသီကလည်း ဗားမောင့်ပြည်နယ်ရဲ့ အလှဆုံးအချိန်ဆိုတော့ အားလုံးသဘောတူ ဗားမောင့်ကိုပဲ ရွေ့ကြပါတယ်။

အိမ်ရှင်သူငယ်ချင်းရဲ့ RAV4 ထဲမှာ လူကြီး ၆ ယောက်နဲ့ ကလေး တစ်ယောက် ကျပ်ကျပ်သပ်သပ်ထိုင်ရင်း ပြည်နယ်တွင်း အဝေးပြေးလမ်း (Local Highway) အမှတ် ၇ အတိုင်း မြောက်ဘက်ကိုသွားကြပါတယ်။ လူဝတာ နာမည်သာဆိုးတာ ဤနေရာတွင် စားသာပါသည်။ အရှေ့ခန်း ထိုင်ခုံကို အပိုင်စား ရကာ ကားမောင်းခွင့် ရလေ၏။ စာရေးသူလည်း ကိုယ့်လက်ရှိဝင်ငွေ၊ နောင်လာမယ့် ၀င်ငွေတွေနဲ့ ဘယ်လိုမှ ၀ယ်စီးနိုင်မှာ မဟုတ်တဲ့ RAV4 ကို မြောက်ကြွမြောက်ကြွနဲ့ မောင်းလာပါတယ်။ လမ်းခရီးမှာ တစ်မိုင်ထက် တစ်မိုင် ပိုပိုလှလာတဲ့ ရှုခင်းတွေကို ကြည့်ရင်း မိုင် ၄၀ လောက်သွားလိုက်ရင်ပဲ ဗားမောင့်ပြည်နယ်က မန်ချက်စတာမြို့ကို ရောက်ပါတယ်။ (ဓါတ်ပုံ - စာရေးသူ၏ သူငယ်ချင်းကြီး နှင့် RAV4)

မန်ချက်စတာဆိုတာ စက်ရုံကနေ တိုက်ရိုက်လာရောင်းတဲ့ အ၀တ်အထည်နဲ့ လူသုံးကုန် ဆိုင်လေးတွေပြည့်နေတဲ့ မြို့သေးသေးလေးပါ။ မန်ချက်စတာ စီးတီးဘောလုံးအသင်းရဲ့ကွင်း ကို ရှာကြည့်ကြသေးတယ်။ မတွေ့ပါ။ စနေနေ့ဆိုတော့ အနီးပတ်ဝန်းကျင်မြို့တွေက ဈေးဝယ်လာသူတွေနဲ့ အတော်စည်ကားနေပါတယ်။ ရှမ်းပြည်က ငါးရက်တစ်ဈေး လုပ်လေ့ရှိတဲ့ ဈေးနေ့ကို မြင်ကြည့်လိုက်ပါ။ ထော်လာဂျီနဲ့ ဈေးကြို ရှေးဟောင်း ဘတ်စကားကြီးတွေ အစား ၂၀၀၆၊ ၂၀၀၇ ခုနှစ်မှာ ထုတ်လုပ်တဲ့ ဂျပန်၊ အမေရိကန် ကားတွေကို တွေ့ရတာကလွဲလို့ လူတွေ စည်ကားတာ၊ ကလေးတွေ ပျော်ရွှင်နေတာ၊ ဈေးသည်တွေ တက်ကြွနေတာ အတူတူပါပဲ။ စာရေးသူလည်း နတ်ကရာကျီးမော နဲ့ ဟိုဆိုင်ဝင်လိုက် ဒီဆိုင်ဝင်လိုက် ၀င်းဒိုးရှော့ပင်း လုပ်နေလိုက်ပါတယ်။ နောက်တော့ တစ်ဒေါ်လာတန်ဆိုင်မှာ ပရင်တာကြိုးရလို့ ၀မ်းသာအားရ တစ်ခုတိတိ ၀ယ်လိုက်ပါတယ်။ (ဓါတ်ပုံ - စာရေးသူ အိပ်ထဲ လက်နှိုက်ပြီး ဂိုက်ပေးနေပုံ။)

ဒီလိုနဲ့ ဗိုက်ထဲက တယ်လီဖုန်းမြည်လာပြီး နေ့လည်စာသွားစားကြပါတယ်။ ဘယ်ဆိုင်ရှိရမလဲ စာရေးသူတို့ရဲ့ ဆွေမျိုးပေါက်ဖော်ကြီး ဆိုင်မှာပေါ့။ ပေါက်ဖော်ကြီးကသာ မြန်မာပြည်အရေး လက်ရှောင်ချင်တာ။ စာရေးသူတို့က ပေါက်ဖော်ကြီးရဲ့ မျိုးဆက်တွေ ရောင်းတဲ့ စားသောက်ဆိုင်ဆိုရင် အားပေးပြီးသားပဲ။ ကွာတာလေးတွေ ပြောပါတယ်။ အမှန်ပြောရရင် အတော်စားလို့ကောင်းတဲ့ ဆိုင်ပါ။ ဘာတွေမှာစားမိလဲ .. ပြန်စဉ်းစားဦးမှ။ သြော် သတိရပြီ။ မာလာပင်လယ်စာ၊ ချဉ်စပ်ဟင်းချို၊ ကော်ပြန့်ကြော်၊ တိုဖူးအစပ်ချက်၊ အမည်းသားဟင်း နဲ့ ထမင်းဖြူ။ စားကောင်းကောင်းနဲ့ ထမင်းလိုက်ပွဲ ထပ်တောင်းရပါသေးတယ်။

အပြန်ခရီးမှာ အက်ကွီနော့စ် ဆိုတဲ့ တောင်ကြောလေး တစ်ခုပေါ်ကို ၀င်ခဲ့ကြပါသေးတယ်။ ဆောင်းဦးပေါက် ဆေးရောင်စုံ ရှုခင်းကို တောင်ပေါ်ကနေ ကြည့်လို့ရအောင်ပေါ့။ ဖြစ်ချင်တော့ စာရေးသူတို့ ရောက်တဲ့အချိန်မှာ မိုးကအုံ့လာပြီး လေပါရောလာတော့ အပြင်မှာတောင် ကြာကြာမနေနိုင်ပဲ ကားပေါ်ပြေးပြေး တက်လာကြရပါတယ်။ တောင်ကြောက ပေ-၃၀၀၀ ကျော်လောက်မြင့်မယ် မိုးသာ အုံ့မနေဘူး ဆိုရင် အတော်လှမယ့် ရှုခင်းသာ နေရာပါပဲ။ အခုလို မိုးအုံ့နေတာတောင် နေကွက်ကြားထိုးနေတဲ့ နေရာတွေကို ကြည့်ရတာ ကြည်နူးစရာပါ။ ဓါတ်ပုံထဲမှာတော့ သိပ်မပေါ်ဘူး။ တချို့ရှုခင်းတွေဟာ ဘယ်ပန်းချီရေးလို့ မမီ၊ ဘယ်ဓါတ်ပုံ ရိုက်လို့မမီ ဆိုသလို ကိုယ်တိုင် ကိုယ်ကျ မြင်ရမှ ခံစားလို့ ရတာမျိုး ဖြစ်နေတယ်။

တည်းအိမ်အပြန်မှာတော့ ညစာကို ထောပတ်ထမင်း နဲ့ ကြက်သားဟင်း ချက်စားဖို့ ကြံကြပါတယ်။ နောက်ရက်မှ အမြည်းကြွေးမယ်လေ။

(၄) သို့

Read More...

Saturday, October 27, 2007

Fall

၂၇၊ ၁၀၊ ၂၀၀၇

ဆောင်းဦး ရွက်ကြွေ

“ဆောင်းဦးရွက်ကြွေ ချစ်သက်သေ” တော့ မဟုတ်ပါ။ သမပိုင်း ရာသီဥတု အကြောင်း ပြောမလို့။

သမပိုင်းဒေသတွေမှာ ၄-ရာသီ ရှိပြီး နွေဦး၊ နွေ၊ ဆောင်းဦး နဲ့ ဆောင်း တို့ဖြစ်ကြပါတယ်။ ဆောင်းဦးရာသီ ကိုတော့ အင်္ဂလိပ်လို Autumn လို့ခေါ်ပြီး အမေရိကန်လို Fall လို့ အခေါ်များပါတယ်။ ကမ္ဘာ့မြောက်ဘက်ခြမ်းမှာ ရှိတဲ့ သမပိုင်း နိုင်ငံတွေမှာ စက်တင်ဘာ နဲ့ အောက်တိုဘာ လတွေဟာ ဆောင်းဦးရာသီဖြစ်ပြီး ကမ္ဘာ့တောင်ဘက်ခြမ်းက နိုင်ငံတွေမှာ ဆိုရင်တော့ မတ်လပတ်ဝန်းကျင်လောက်မှာ ဖြစ်ပါတယ်။

ဒီအချိန်မှာ နဂိုစိမ်းနေတဲ့ အရွက်တွေ ဘာကြောင့် ၀ါ - နီ - ညို - ကြွေကုန်ကြတယ် ဆိုတာ စပ်စုတတ်သူဆိုရင်တော့ စိတ်ဝင်စားစရာပါပဲ။ ဖတ်မိထားတာလေးတွေ ပြောပြမယ်နော်။

အဲဒီဖြစ်စဉ်ကို ဘိုလို abscission လို့ခေါ်ပါတယ်။ ဗမာလိုတော့ သစ်ရွက်တို့၏နေ၀င်ချိန် လို့ ပြောရမလားပဲ။ ဖြစ်စဉ်တစ်ခုလုံးက သုံးလေးငါး ပတ်လောက်ကြာပါတယ်။ သစ်ရွက်ညှာတံနဲ့ သစ်ပင်ကို ဆက်ထားတဲ့ နေရာမှာ ရှိတဲ့ ဆဲလ်တွေရဲ့ အခွံလေးတွေဟာ တဖြည်းဖြည်းမာကျောလာပြီး ရေအ၀င် အထွက်မရှိနိုင်တော့ပါဘူး။ တချိန်တည်းမှာပဲ သစ်ရွက်ညှာတံမှာ ရှိတဲ့ ဆဲလ်လေးတွေဟာ ယောင်ကိုင်းလာပြီး ပေါက်ထွက် ပျက်စီး ကုန်ပါတယ်။ ရလာဒ်ကတော့ သစ်ပင်အမြစ်ကနေ ပင်စည် အဲဒီကမှ တဆင့် အရွက်ဆီကို ရောက်လာရမယ့် ရေ နဲ့ အခြား အာဟာရဓါတ်တွေ ရောက်မလာတော့တာပါပဲ။ ရေနဲ့အာဟာရ ပြတ်လပ်လာတဲ့ သစ်ရွက်လေးတွေဟာ သူတို့ ထုတ်လုပ်နေကျဖြစ်တဲ့ ကလိုရိုဖီးဓါတ် (chlorophyll) - သစ်ရွက်များကို အစိမ်းရောင် ဖြစ်စေသော ဓါတ် - ကို မထုတ်နိုင်ကြတော့ပါဘူး။

နေ့တာကလည်း တဖြည်းဖြည်း တိုလာလေတော့ နေရောင်ခြည်ရနှုန်း နည်းလာပြီး သစ်ရွက်ကလေးတွေ အစာမချက်နိုင်တော့ပါဘူး။ တစ်နေ့ကြွေရတော့မှာကို သိလာတဲ့ သစ်ရွက်ကလေးတွေဟာ နောက်မျိုးဆက် သစ်ရွက်တွေအတွက် ပင်စည်နဲ့ အမြစ်တွေ အသက်ရှင်သန်နေဖို့ လိုအပ်တယ်ဆိုတာ ကောင်းကောင်း သဘောပေါက်ကြပါတယ်။ ဒါနဲ့ပဲ သူတို့ စုဆောင်းထားတဲ့ အရေးကြီးတဲ့ ဓါတ်ပစ္စည်းတွေကို ပင်စည်ကို ပြန်လွှဲပို့ပေးပြီး ဘ၀ နေ၀င်ချိန်ကို သတ္တိရှိရှိ ရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်ကြပါသတဲ့။

အစိမ်းရောင် ကလိုဖီးလ်ဓါတ်တွေ ပြယ်လာတာနဲ့ အမျှ အရင်ကတည်းကရှိနေပြီး အစိမ်းရောင် ရင့်ရင့်ရဲ့ အလွှမ်းမိုးခံနေခဲ့ရတဲ့ တခြား အရောင်တွေပိုပြီး ပေါ်လွင်လာကြပါတယ်။ ဒါနဲ့ပဲ ဆောင်းဦး သစ်ပင်တွေမှာ အ၀ါရောင်၊ အနီရောင်တောက်တောက် နဲ့ အညိုရောင်တွေ ဖုံးလွှမ်းလာခဲ့တော့တာပေါ့။

လူတွေက မြင်တွေ့နေကျ မဟုတ်တဲ့ ရောင်စုံသစ်ပင်တွေကို ကြည့်ရှု ကြည်နူးနေတဲ့အချိန်မှာပဲ ရောင်စုံသစ်ရွက်တွေဟာ မြေမှာ ခကြရလေတယ်။

ဝန်ခံချက်

ဓါတ်ပုံများမှာ မနှစ်က ဆောင်းဦးပေါက်မှာ ရှဲနန်ဒို အမျိုးသား ဥယျာဉ် (Shenandoah National Park) ကို သွားစဉ်က ရိုက်ထားသော ပုံများဖြစ်ပါသည်။

စာကိုး
Autumn leaves can fertilize the landscape, if we allow them
http://en.wikipedia.org/wiki/Autumn

Read More...

Friday, October 26, 2007

A visit to New England (2)

၂၆၊ ၁၀၊ ၂၀၀၇

အင်္ဂလန်ပြည်သစ် သို့ အလည်တစ်ခေါက် (၂)
ဝီလီယံမြို့

စာရေးသူရဲ့ သူငယ်ချင်း လင်မယားက ဒီမြို့လေးကို ပြောင်းလာတာ ၂-နှစ်လောက်ရှိပါပြီ။ သူ့အလုပ်ဌာနက ၅ မိုင်သာသာလောက် ဝေးတဲ့ မြောက်အာဒမ် ဆိုတဲ့ မြို့မှာ ဖြစ်ပေမယ့် ၀ီလီယံမြို့လေးက ပိုပြီး အေးဆေးလို့ ဒီမှာပဲ အခြေချနေဖို့ ဆုံးဖြတ်လိုက်ပါသတဲ့။ ကောလိပ်ကျောင်း တစ်ခု (၀ီလီယံ ကောလိပ် - ဓါတ်ပုံ) ရှိပြီး ကျောင်းသူကျောင်းသား ဦးရေက မြို့လူဦးရေရဲ့ လေးပုံတစ်ပုံလောက်တောင် ရှိပါတယ်။ ဒါနဲ့ စကားမစပ် အဲဒီ ကောလိပ်ကျောင်းက ကျောင်းသူလေးတွေ တယ်ချော ဆိုပဲ။ ငယ်ဂုဏ်လေးတွေကလည်း ရှိ ဆိုတော့ ဒီမြို့ကို လာတဲ့ အကို ကာလသားတွေ စက်ဘီးစီးပြီး သွားသွား ပိုးကြသတဲ့။ စာရေးသူကတော့ ... စိတ်မ၀င်စားပါဘူး။ သူငယ်ချင်းတွေနဲ့ တွေ့ရဖို့က အဓိကပဲလေ (ယုံလိုက်နော် .. )။

မြို့လေးက သေးပေမယ့် ရာဇ၀င်ကတော့ မသေးလှပါဘူး။ မြို့စတည်တာ ၁၇၅၃ ဆိုတော့ သက်တမ်း ၂၅၀ ကျော်နေပြီလေ။ မြို့အကျယ်အ၀န်းကတော့ လူဦးရေ ၈၀၀၀ နဲ့လိုက်အောင် ခပ်သေးသေးပါပဲ။ တစ်မိုင်ပတ်လည်ကို လူ ၂၀၀ နှုန်းလောက်နေတယ်ဗျ။ ရန်ကုန်က စာရေးသူ အလုပ်လုပ်ခဲ့ဖူးတဲ့ သာကေတမြို့နယ်နဲ့ စိတ်ထဲမှာ ယှဉ်ကြည့်မိတယ်။ သာကေတမှာ လူဦးရေ ဘယ်လောက်ရှိတယ်လို့ စာရှုသူ ထင်ပါလဲ။ တစ်သိန်း ကျော်ပါတယ် ခင်ဗျာ။ ၀ီလီယံမြို့ ၁၀ မြို့စာထက် လူပိုများသေးတယ်။ မြို့သေးတာကို ပိုသေချာသွားစေတာကတော့ စာရေးသူတို့ ဈေးထွက်ဝယ်တုန်းမှာ အိမ်ရှင်သူငယ်ချင်းက သူ့အသိမိတ်ဆွေ ၃-၄ယောက်လောက်နဲ့ တိုးတာကို တွေ့ရတာပါပဲ။ အသားဝါ ရှားတော့ စာရေးသူတို့တွေကို ကွက်ကြည့်ကွက်ကြည့် နဲ့ပေါ့။ တရုတ်စားသောက်ဆိုင် တစ်ဆိုင်တော့ရှိလေရဲ့။ အစားအသောက် မဆိုးပါ။ ဆိုင်နာမည်က “တူ” (Chopsticks) တဲ့။ ပါဆယ်မှာတဲ့ အခါကျတော့ တူထည့်ပေးဖို့ မေ့နေလို့ ရီနေရသေးတယ်။ ရှေးတုန်းကတော့ စိုက်ပျိုး မွေးမြူရေး နဲ့ အထည်စက် လုပ်ငန်းတွေ တွင်ကျယ်ခဲ့ပေမယ့် အခုတော့ မြို့စီးပွားရေးက ကောလိပ်ကိုပဲ အဓိက မှီတည်နေပါတော့တယ်။

အင်း .. ပြောရင်းပြောရင်း အထက်တန်းကျောင်းမှာ ပထ၀ီ ဆရာမကို စာဆိုပြရသလို ဖြစ်လာပြီ။ တနည်းပြောင်းဦးမှပါ။

အတော် သာယာတဲ့ မြို့လေးပါ။ အခုလို ရာသီပြောင်းချိန်မှာဆို ပိုပြီးတော့တောင် သာယာပါသေးတယ်။ (ဓါတ်ပုံတွေတော့ မကြာမီ လာမည် ... မျှော် .. ) စာရေးသူကလည်း နယူးယောက်တို့လို မြို့ကြီးတွေထက်စာရင် အမေရိကန် မြို့သေးသေးလေးတွေကို သဘောကျတတ်တော့ ဟန်ကျနေတာပေါ့။ ရောက်ခါစ ညတုန်းကဆို တိတ်ဆိတ်လွန်းတော့ မနေတတ်အောင်ဖြစ်ရတယ်။ ကျောင်းအားရင် ဒီဘက်လာပြီး ဘလောက် အခန်းဆက် ၀တ္ထုလေး ဘာလေး ရေးမလားစဉ်းစားမိတယ်။ ကုန်ကြမ်းပေးကြပါဦး။

နောက်နေ့တော့ ဟိုနားဒီနား ခြေရှည်ကြတဲ့ အကြောင်း ဆက်ပါဦးမယ်။ ယနေ့တော့ ဤမျှသာ။

(၃) သို့

စာကိုး

ဝီလီယံမြို့ ၀က်ဆိုဒ်
ဓါတ်ပုံ - မက်ဆာချူးဆက်ပြည်နယ် ကောလိပ်ကျောင်းများ ၀က်ဆိုဒ်

Read More...

Thursday, October 25, 2007

A visit to New England (1)

၂၅၊ ၁၀၊ ၂၀၀၇

အင်္ဂလန်ပြည်သစ် သို့ အလည်တစ်ခေါက် (၁)

စာရေးသူလည်း စာမေးပွဲတစ်ခု ပြီးသွားလို့ တက်မ ထောင်လိုက်ဦးမဟ ဆိုပြီး ခရီးတစ်ခုထွက်ဖြစ်ပါတယ်။ သွားခဲ့တဲ့ နေရာကတော့ အင်္ဂလန်ပြည်သစ် (New England) ရယ်လို့အမည်ရတဲ့ အမေရိကန်နိုင်ငံ အရှေ့မြောက်ဘက်က ဒေသတစ်ခုပါ။ အမေရိကန်နိုင်ငံရယ်လို့ ဖြစ်မလာခင်က အင်္ဂလန်နိုင်ငံသားတွေ စတင် အခြေချ နေထိုင်ခဲ့တဲ့ နေရာပေါ့။ အခုဆိုရင် အင်္ဂလန်ပြည်သစ်လို့ ခေါ်တဲ့ဒေသမှာ ပြည်နယ် ၆-ခု ပါရှိပါတယ်။ မိန်း၊ နယူးဟမ်ပ်ရှိုင်းယား၊ ဗားမောင့်၊ မက်ဆာချူးဆက်၊ ရုဒ်အိုင်လန်း နဲ့ ကွန်နက်တီကက် ပြည်နယ်တွေပါ။ မြို့တွေ၊ လမ်းတွေရဲ့ အမည်တွေက အင်္ဂလန် အောင်းမေ့ဖွယ် ပေးထားတာ တွေ့ရပါတယ်။ မှတ်မိသလောက်ဆိုရင် အောက်စ်ဖို့ဒ်၊ ကိန်းဘရစ်ခ်ျ စသဖြင့်ပေါ့။


ခရီးစတဲ့နေရာကတော့ စာရေးသူနေတဲ့ ဘော်လ်တီးမိုးမြို့ပဲ ဆိုကြပါစို့ရဲ့။ တကယ်တန်း ကတော့ ရစ်ခ်ျမွန်မြို့ (ရဲမွန်မြို့ မဟုတ်ပါ ဓါတ်တူနာမ်တူ ဖြစ်နေခြင်းမျှသာ) နေသူငယ်ချင်းနဲ့ ၀ါရှင်တန်ဒီစီမြို့နေ သူငယ်ချင်း လင်မယားတို့လဲ အတူလိုက်ပါလာကြပါတယ်။ ဘော်လ်တီးမိုးက ရစ်ခ်ျမွန်နဲ့ မိုင်-၁၅၀ ဝေးပြီး၊ ၀ါရှင်တန်ဒီစီနဲ့ မိုင်-၅၀ ဝေးပါတယ်။ ခရီးဆုံးဖြစ်တဲ့ ၀ီလီယံမြို့ကတော့ ဘော်လ်တီးမိုးနဲ့ ၃၇၆-မိုင် ဝေးပါတယ်။ ရန်ကုန် နဲ့ မန္တလေးလောက်ပေါ့။ (မြို့တည်နေရာများကို မြေပုံတွင်ရှု)

ရစ်ခ်ျမွန်က သူငယ်ချင်းက ခွေးတံဆိပ် ဘတ်စကားကို စီးပြီး ၀ါရှင်တန်ဒီစီကို လာပါတယ်။ ပြီးတော့မှ ဒီစီကသူငယ်ချင်း လင်မယားနဲ့အတူ ဘော်လ်တီးမိုးမှာ လာဆုံကြပြီး ခရီးစပါတယ်။ သောကြာနေ့မနက် ၉ နာရီခွဲလောက်မှာ ဘော်လ်တီးမိုးကနေ ထွက်ဖြစ်ပါတယ်။ အင်တာနက် မြေပုံခန့်မှန်းခြေအရ ဆိုရင် ကားမောင်းချိန် ၆ နာရီခွဲပဲ ကြာသင့်ပြီး ညနေ ၄ နာရီလောက်ဆို ရောက်သင့်တာပေါ့။ ဒါပေမယ့် စာရေးသူတို့လည်း မသွားဖူးတဲ့ ခရီးဆိုတော့ ဟိုငေး ဒီမော့ ဟိုဝင် ဒီဝင် နဲ့ ခရီးမှာ အတော်ကြာသွားပါတယ်။ အိမ်ရှင် သူငယ်ချင်းလင်မယားကတော့ တမျှော်မျှော်နဲ့ပေါ့။ နောက်ဆုံး ၀ီလီယံမြို့ရောက်တော့ ညနေ ၆နာရီခွဲ နေပြီ။

သူငယ်ချင်းတွေလည်းစုံ၊ ညစာကလည်းကောင်း၊ ၀ီစကီကလည်းလောင်း ဆိုတော့ ဘယ်ပြောကောင်းမလဲ။

x - x - x - x - x (ဆင်ဆာဖြတ်ထားသည်)

ဒါနဲ့ပဲ ည ၂-နာရီထိုးမှ အိပ်ရာဝင်ဖြစ်ကြပါတယ်။

(၂) သို့

Read More...

Wednesday, October 17, 2007

Changing car radiator

၁၇၊ ၁၀၊ ၂၀၀၇

ကား ရေတိုင်ကီ လဲခြင်း

စီးတော်ယာဉ်က ကိုယ့်ကို ပြန်စီးတဲ့အချိန်ပေါ့။ ကားတန်ဖိုးကတော့ သက်သာပါရဲ့ ထိခိုက်မှုအာမခံ နဲ့ ပြင်ဆင်စရိတ်ကတော့ ထောင်းလေတယ်။ လတ်တလော ပြဿနာကတော့ ကားရေတိုင်ကီ အပေါ်နားမှာရှိတဲ့ စွန်ကုတ်ကနေ ရေစိမ့်နေတာပါ။

ရွာမှာဆိုရင်တော့ ရွှေဝါ ဆပ်ပြာလောက်နဲ့ ကိစ္စပြီးပါတယ်။ ဒီမှာက ရွှေဝါဆပ်ပြာ ရှာမရဖူးလေ။ စက်ပြင်ဆရာက ရေတိုင်ကီ အသစ်လဲဖို့ အကြံပေးတယ်။ ခန့်မှန်း ကုန်ကျစရိတ် ဒေါ်လာ ၂၅၀ တဲ့။ ( မျက်လုံး နဲနဲ ပြူးသွား ) ဒါပေမယ့်လဲ သွားရင်းလာရင်း ကားထိုးရပ်သွားရင် ကရိန်းကား ခေါ်ဆွဲနေရမယ်။ ဒါဆို ကားဆွဲခ နဲ့ အရေးပေါ် ပြင်ခ အပိုထပ်ကုန်ဦးမယ်။ မဖြစ်သေးပါဘူး။ လဲဦးမှပါ။

သူငယ်ချင်းကြီးကတော့ မူလီ လေးလုံးလောက် ဖြုတ်ရမှာပဲ ကိုယ့်ဘာသာ လုပ်ပေါ့တဲ့။ ဟုတ်လောက်ပါတယ် လက်ခလဲ သက်သာမှာပေါ့။ ဈေးသက်သာတဲ့ ဆိုင်မှာ ပစ္စည်းရှာဝယ်ဦးမှပါ။ အင်တာနက်မှာ နာရီဝက်လောက် မွှေပြီးသကာလ လက်ကားဆိုင်တစ်ခုမှာ ၁၁၅ ဒေါ်လာ နဲ့ ရေတိုင်ကီ အသစ်တစ်ခုရတယ်။ ရေတိုင်ကီအသစ်ကို ဂိုဒေါင်မှာသွားယူ၊ ပြီးတော့ အိမ်နေရာကျယ်တဲ့ မိတ်ဆွေအိမ်ကိုသွား၊ နောက်သူငယ်ချင်းကြီး (သူက တကယ်ကြီး၏) တစ်ယောက်ကို ချောဆွဲပြီးသကာလ။ ဖြုတ်၊ ဖျက်၊ တပ် အစီအစဉ်ကြီး စပါတော့တယ်။

တကယ်လုပ်တော့ မူလီ လေးလုံးနဲ့မပြီးဘူး။ ရေတိုင်ကီအောက်မှာ ခံထားတဲ့ သဲကာ ပလပ်စတစ်ပြားကို ဖြုတ်ရတာနဲ့တင် တော်တော်ကြာတယ်။ မူလီ ၈ လုံး က သံချေးကိုက်နေတဲ့အပြင် မီလီမီတာဆိုဒ် ဖြစ်လိုက်၊ လက်မ ဆိုဒ် ဖြစ်လိုက်နဲ့။ ဒီကြားထဲ နပ်တစ်လုံးကလဲ လည်လိုက်နေတယ်။ နောက်ဆုံးမှာတော့ (WD-40 အားကိုးနဲ့) ရွှေဘ နိုင်တာပေါ့ ဘာရမလဲ။ ရေအ၀င်အထွက်ပိုက်နဲ့ ပန်ကာတွေကို ဖြုတ်ရတာတော့ လွယ်ပါတယ်။

ကိုင်း အပ်ချလောင်း .. လာလေရော့ ရေတိုင်ကီအသစ်။

ရေတိုင်ကီသာ ပြောတာ။ ရိုးရိုးရေ ထည့်လို့မရဘူး။ ရေခဲအမှတ်နိမ့်တဲ့ အီသိုင်လင်း ဂလိုက်ကော ရောထားတဲ့ ရေကိုထည့်ရပါတယ်။ ဒါမှလည်း ဆောင်းဝင်လာရင် ရေတိုင်ကီထဲမှာ ရေ ခဲမနေမှာ။

တစ်လက်စတည်း အင်္ဂျင်ဝိုင်နဲ့ ဆီစစ်ပါ လဲလိုက်ပါတယ်။ ဒါကတော့ လုပ်နေကျမို့ သိပ်မခက်ပါ။ အားလုံး လက်စသတ်တော့ ၄ နာရီလောက်ကြာသွားပါတော့တယ်။ ကိုယ်ဘာသာ လုပ်ပါလားလို့ အကြံပေးတဲ့ ဥာဏ်ကြီးရှင် သူငယ်ချင်းကတော့ မိုင် ၁၀၀ လောက်ဝေးတဲ့ နေရာမှာ နေသာသပ လေညာကပေါ့။

Read More...

Wednesday, October 10, 2007

To whom it may concern

၁၀၊ ၁၀၊ ၂၀၀၇
“မြန်မာအစစ်” ဆိုသူသိသာစေရန်

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို လေးစားပါသည်။ ထို့ကြောင့်ပင် ကျွန်တော့် Shout box တွင် လာရောက်ရေးသားသူများကို ဆင်ဆာဖြတ်ခြင်းမျိုး မလုပ်ဖူးပါ။ တင်ထားသော ပို့စ်များတွင်ပင် anonymous မှတ်ချက်ပေးနိုင်ရန် ပြင်ဆင်ပေးထားပါသည်။ ထိုသို့ လွတ်လပ်ခွင့်ရှိနေခြင်းကို သိက္ခာရှိရှိ အသုံးချကြမည်ဟုလည်း မျှော်လင့်မိသည်။

ယခုတွင်ကား ကျွန်တော့် မိတ်ဆွေတစ်ဦးက ဓမ္မပဒ လာ စာသားတစ်ချို့ကို ဖော်ပြလာသည်ကို “မြန်မာအစစ်” ဆိုသူက ၄င်းမိတ်ဆွေ၏ မိသားစုကို ထိခိုက်ကာ ပြန်လည်ပြောဆိုသည်ကို စိတ်မကောင်းစွာ တွေ့ရသည်။ မိမိ၏ စိတ်သဘော နှင့် မတိုက်ဆိုင်လျင် ထိုအကြောင်းချင်းရာကို ပြန်လည်ဆွေးနွေးသင့်သည်။ မဆိုင်သည့် မိသားစုကို ဆွဲထည့်ကာ နှုတ်အားဖြင့်အကြမ်းဖက်ခြင်းမျိုး (Verbal Abuse) မလုပ်ဆောင်သင့်ဟု ကျွန်တော်ယူဆသည်။

လွတ်လပ်စွာ ပြောဆိုခွင့်သည် အခြားလူများကို စော်ကားရန် မဟုတ်ပေ။

ထို့ကြောင့် “မြန်မာအစစ်” ဆိုသူ၏ ဤအပြုအမူကို ရှုံ့ချ၊ ဆန့်ကျင်၊ ကန့်ကွက်ကြောင်း ပြောလိုသည်။

ရဲမွန်မြင့်

Read More...

Wednesday, October 3, 2007

Infamous

၃၊ ၁၀၊ ၂၀၀၇

မကောင်းသတင်း ကျော်စောခြင်း

လွန်ခဲ့တဲ့ တစ်လလောက်အထိကို ကျွန်တော် မြန်မာနိုင်ငံကပါ လို့ မိတ်ဆက်ရင် တစ်ဖက်လူက သေသေချာချာ သိတာမျိုး ကြုံရခဲပါတယ်။ မြန်မာ .. ပြောလို့ မသိတော့ ဘားမား ဆိုသိမလား ပြောကြည့်ပါတယ် .. သြော် “ဘဟားမား” .. ကာရစ်ဘီယန်ထဲက ကျွန်းနိုင်ငံပေါ့လို့ ပြန်ပြောလေတယ်။ ကိုယ့်အိမ်နီးချင်းနိုင်ငံတွေ - ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ တရုတ်၊ အိန္ဒိယ အကုန်သိကြပြီး ကျွန်တော်တို့ နိုင်ငံကိုကျတော့ ဘာလို့ မသိတာရလဲဆိုပြီး အတော့်ကို အားမလိုအားမရ ဖြစ်မိတယ်။ တစ်နေ့ တို့တိုင်းပြည် တိုးတက်လာတဲ့အခါ ကမ္ဘာမှာ မြန်မာဟေ့ လို့ လူတိုင်း မော်ကြည့်ရစေ့မယ်လို့ စိတ်ထဲ ကြုံးဝါးမိတယ်။

ဒီလိုနဲ့ပဲ ဘ၀တစ်ဆစ် ချိုးအကွေ့ မှာတော့ မထင်မှတ်တဲ့ အဖြစ်တွေကြုံလာရပါတယ်။

နံနက်အိပ်ယာထလို့ NPR (National Public Radio) - အမေရိကန် နိုင်ငံ ပြည်သူ့အသံ ပဲ ဆိုပါစို့ - နားထောင်ရင် - မြန်မာပြည် သတင်း၊ စီအန်အန် တီဗွီဖွင့်ကြည့်လိုက်ရင် ကျိုးပဲ့နေသောသတင်း (Breaking News) ဆိုလဲ - မြန်မာပြည် သတင်း၊ နေသူရိန် သတင်းစာ (ဘော်လတီးမိုးမြို့ရဲ့ သတင်းစာ) ဖွင့်ဖတ်လိုက်ရင်လည်း - မြန်မာပြည် သတင်း။

ဒါတင်လား ဘယ်ဟုတ်မလဲ။ ကျောင်းရောက်ပြန်ရင် ကော်ရစ်ဒါမှာ တွေ့တဲ့ (တစ်ခါမှ နှုတ်မဆက်ဘူးတဲ့) သူငယ်ချင်းကတောင် မျက်နှာသေလေးနဲ့ .. “ဟဲ့ဟဲ့ နင်တို့ နိုင်ငံက သတင်းတွေကြားတယ်၊ မိသားစုတွေ ဘယ်လိုနေလဲ” .. မေးရှာတယ်။ ကျမ်းပြုကြီးကြပ် ပါမောက္ခနဲ့ သုတေသန စာတမ်းကိစ္စဆွေးနွေးဖို့သွားတော့ ပထမ ၁၅ မိနစ်လောက်က မြန်မာပြည်တိုင်းရေးပြည်ရာအကြောင်း ပြောဖြစ်ပြန်ရော။ တခြား ဆရာ။ ဆရာမတွေကလည်း တွေ့တာနဲ့ ဒီအကြောင်း စမေး၊ စပြောပြီး "Talk of the town" - သတင်းမွှေးနေလေရဲ့။

အင်း ... ဒါနဲ့ပဲ စဉ်းစားမိတယ် .. တိုင်းပြည်ကတော့ မတိုးတက်သေးဘူး။ ကမ္ဘာမှာ မြန်မာဟေ့ လို့တော့ ကျော်စောနေပြီ။ “၀မ်းသာရမှာလား ၀မ်းနည်းရမှာလား မသင်းကြည်” လို့ မေးရတော့မယ်။

မည်သို့ဖြစ်သွားသည်မသိ မှတ်သားမိတဲ့ အင်္ဂလိပ် စကားလုံး နှစ်လုံး ခေါင်းထဲ အလိုလို ရောက်လာတယ်။ Famous နဲ့ Infamous တဲ့။ အဲဒီ စကားလုံး နှစ်လုံးက Convenient နဲ့ Inconvenient လိုတော့ မကွာဘူး။ Convenient က လွယ်ကူခြင်း၊ Inconvenient က မလွယ်ကူခြင်း လို့ ဘာသာပြန်လို့ ရမယ်ထင်တယ်။ In- ဆိုတဲ့ စကားဆက်ကို ရှေ့ကထားလိုက်တော့ မ- ၊ မဟုတ် ဆိုတဲ့ အဓိပ္ပါယ် သက်ရောက်သွားပါတယ်။ သို့သော်လည်း Famous နဲ့ Infamous ကျတော့ အဲလို မဟုတ်ဘူး။ နှစ်ခုစလုံးက “နာမည်ကြီးခြင်း” လို့ အဓိပ္ပါယ်ရပါတယ်။ တိတိကျကျ ဆိုရရင်တော့ Famous ဆိုတာ “ကောင်းသတင်းဖြင့် နာမည်ကြီးခြင်း” ဖြစ်ပြီး Infamous ဆိုတာကတော့ “မကောင်းသတင်းဖြင့် နာမည်ကြီးခြင်း” ဖြစ်ပါတယ်။

ဒါဆို ကျွန်တော်တို့ ရွှေနိုင်ငံကြီး သတင်းကြီးနေတာ ဘာကြောင့်များပါလိမ့်။ ဟုတ်ပါတယ်ခင်ဗျား .. “မကောင်းသတင်းဖြင့် နာမည်ကြီး” နေတာပါ။ ကျွန်တော်ဖြင့် တတ်နိုင်ရင် အပြင်မထွက်ဘူး။ မဖြစ်မနေထွက်ရမယ် ဆိုရင် ကျောင်းမှာ လူသိပ်မသွားတဲ့ လှေခါး၊ ကော်ရစ်ဒါကို ရွေးသုံးတယ်၊ ပြီးရင် ရုံးခန်းထဲမှာ တံခါးပိတ်နေတယ်။ လူတွေ သတင်းလာမေးမှာ စိုးလို့။ ခေါင်းမော့ ရင်ကော့ပြီး မြန်မာပြည်မှာ ဘာတွေ ဖြစ်နေတယ်လို့ မပြောနိုင်ခဲ့ပါ။ သတင်းစာထဲက နာမည်ကြီး ဆောင်းပါးတစ်ပုဒ် ခေါင်းစဉ်ကို ယူသုံးရတော့မယ် ထင်တယ်။ ဆောင်းပါးရှင်ရေ ခွင့်ပြုပါ။ ကျွန်တော်တော့ ...

“လိပ်ဖြစ်ရင်တောင် ခေါင်းမပြူဝံ့ပါခင်ဗျား”

Read More...