Saturday, June 30, 2007

Pain, tenderness, and empathy

၃၀၊ ၆၊ ၂၀၀၇


နာခြင်း နှစ်မျိုး နှင့် ကိုယ်ချင်းစာ တရား


တစ်ချိန်တုန်းက ဆေးတက္ကသိုလ် တစ်ခုမှာပေါ့ . . .

တတိယနှစ် ဆေးကျောင်းသားလေးတွေ ဆေးရုံ စဆင်းခါစ အချိန်။ ဂျူတီကုတ်ဖါးဖါး နဲ့ နားကျပ် အိတ်ထဲထည့်လို့ လူနာတွေကြား စတိုင်ထွားနေကြစဉ်ကပေါ့။

ပထမဆုံးရက်တွေထဲမှာ ဆရာတစ်ယောက်က လူနာ့ ဗိုက်ကို စမ်းသပ်နည်း သင်ပေးလာတယ်။ ဘယ်နားမှာ အသည်း၊ ဘယ်နားမှာ သရက်ရွက်၊ ဘယ်နားမှာ အူအတက် စသည်ဖြင့်မှတ်သားကြရပါတယ်။ ဆက်ပြီး သင်ယူရတာကတော့ နာခြင်း နှစ်မျိုးရှိတဲ့ အကြောင်းပါ။ ဘိုလိုတော့ Pain and Tenderness လို့ ခေါ်ပြီး မြန်မာလိုတော့ နာတယ် လို့ပဲ ခေါ်ပါတယ်။ Pain ဆိုတာက လူနာက နာတဲ့ အကြောင်းပြောတာပါ။ Tenderness ဆိုတာကတော့ လူနာက နာတယ်လို့ ပြောတာကို ဆရာဝန်က စမ်းသပ်ကြည့်လို့ အမှန်အကန် နာမှန်း ( ဥပမာ - လူနာ တွန့်သွားတာမျိုး၊ ကျွတ်ကျွတ်ကျွတ် နဲ့ ညည်းတာမျိုး ) သိတာမျိုးကို ခေါ်ပါတယ်။ ဒါနဲ့ စကားမစပ် နာတယ်လို့ လူနာကပြောလာရင်၊ ဘယ်နေရာ နာတာလဲ၊ ဘယ်လောက်ကြာပြီလဲ၊ ဘယ်အချိန်မှာ နာတာလဲ၊ ဘယ်လိုလုပ်လိုက်ရင် သက်သာလဲ၊ ဘာလုပ်ရင် ပိုဆိုးလာလဲ၊ ဘယ်လောက်လောက်နာလဲ၊ အစရှိသဖြင့် နာခြင်းဋီကာ ပြုစုရပါသေးတယ်။

ဆရာ စမ်းသပ်ပြတဲ့ လူနာက အသည်း နေရာမှာ နာနေပါတယ်။ ဆရာ့လက်က လူနာ့ အသည်း နေရာကို စမ်းပြတဲ့အချိန်မှာပဲ ဆရာက လူနာ့ မျက်နှာကိုကြည့်နေပါတယ်။ လူနာ မျက်နှာရှုံ့မဲ့သွားပြီဆိုတော့ Tenderness ရှိပြီပေါ့။ လူနာက ကျွတ်ကျွတ်ကျွတ်တော့ မအော်ပါဘူး။ ဒါပေမယ့် တော်တော် နာနေပုံပါပဲ။ ဆရာက စမ်းပြီးတော့ ကျောင်းသား တစ်ယောက်နှစ်ယောက် စမ်းကြည့်ဖို့ ပြောပါတယ်။ ဆရာ့နားမှာ ၀ိုင်းနေတာက ၁၀ ယောက် ၁၂ ယောက်လောက်ရှိမယ်။ အားလုံးလိုလိုကပဲ နာခြင်း စမ်းသပ်နည်း အတတ်ပညာကို လိုလိုချင်ချင် တတ်ချင်နေကြတော့ လူနာကို တစ်ယောက်တစ်လှည့် စမ်းသပ်ကြပါတယ်။ လူနာခမြာ နောင်လာနောက်သား လူနာတွေကောင်းစားဖို့အတွက် အံကြိတ်ပြီး ငါးကြိမ်ထက်မနည်း အစမ်းသပ်ခံရပါတော့တယ်။

ကျောင်းသား တစ်ယောက် နှစ်ယောက်ကတော့ လူနာကို မစမ်းတော့ပဲ ထွက်လာခဲ့ပါတယ်။ ပြီးမှ သူတို့ အချင်းချင်း ပြောမိတာက လူနာ နေရာကနေ ၀င်ကြည့်ရင် နာတဲ့နေရာကို ဘယ်သူက ၁၂ ခါလောက် အထိခံချင်မှာလဲ။ ကိုယ်တို့တွေ နောက်တစ်ခါမှပဲ စမ်းကြတာပေါ့တဲ့။

အတွေးနယ်ချဲ့မိတာက လူနာကို မိမိရရ စမ်းသပ်ကြတဲ့ သူငယ်ချင်းတွေဟာ လူနာကို နာစေချင်လို့တော့ ဟုတ်ဟန်မတူပါ။ ဆေးပညာကို ကျွမ်းကျွမ်းကျင်ကျင် တတ်ချင်ပြီး ဆရာဝန်ကောင်းတွေ ဖြစ်ချင်ကြတာသာ ဖြစ်ပါမယ်။ ဒါပေမယ့်လည်း ဆေးကျောင်းသားတွေကို လူနာ စမ်းသပ်နည်း မသင်ခင်မှာ ကိုယ်ချင်းစာနည်းကို အရင်သင်ရင် ကောင်းလေမလားလို့တော့ ကျွန်တော်တွေးမိခဲ့ပါတယ်။

Read More...

Wednesday, June 27, 2007

eradication?

၂၇၊ ၆၊၂၀၀၇


မျိုးဖြုတ် လိုက်ရမလား

စာရေးသူ လက်ရှိတက်နေတဲ့ကျောင်းရဲ့ ထုံးစံအတိုင်း နေ့ခင်းပိုင်း ထမင်းစား နားချိန်မှာ seminar တွေ လုပ်လေ့လုပ်ထ ရှိပါတယ်။ ယနေ့မှာတော့ ကျောင်းရဲ့ ပါချုပ်ဟောင်း Dr. Donald A. Henderson (ခင်မင်သူတွေက သူ့ကို DA လို့ခေါ်ကြပါတယ်) ကနေ ပိုလီယို ရောဂါ ပပျောက်ရေး စီမံကိန်းအကြောင်း ပြောမယ်ဆိုတော့ စာရေးသူလဲ မဖြစ်မနေသွားတက်ပါတယ်။

ဒေါက်တာဟင်ဒါဆင် ဆိုတာ တစ်ခြားလူ ဟုတ်ရိုးလား ကမ္ဘာပေါ်ကနေ ကျောက်ရောဂါ (smallpox) ပပျောက်သွားရေး စီမံကိန်းကို ဦးဆောင်ခဲ့သူပေါ့။ ၁၉၈၀ နောက်ပိုင်း မွေးတဲ့ စာရှုသူတွေရဲ့ လက်မောင်းမှာ ဘဲဥပုံ အမာရွတ်တွေ မရှိတော့တာဟာ ဒေါက်တာဟင်ဒါဆင်ရဲ့ စွမ်းဆောင်မှု ကျေးဇူးတွေပါလေရဲ့။

ပြည်သူ့ကျန်းမာရေး လုပ်ငန်းတွေ လုပ်ဆောင်ရာမှာ ကာကွယ်ဆေးထိုး လုပ်ငန်းဟာ တော်တော် တာသွားပါတယ်။ မျက်စိ နဲ့တောင် မမြင်နိုင်တဲ့ သတ္တ၀ါတွေက လူတွေကို ဒုက္ခပေးနေကြတာကိုး။ ဒါပေမယ့်လည်း ဒီလောက်သေးငယ်တဲ့ ရောဂါပိုးအားလုံး မပြောနဲ့ တစ်မျိုးကိုတောင် ကမ္ဘာပေါ်ကနေ အမြစ်ဖြတ် ဖို့ဆိုတာ သိပ်မလွယ်လှပါဘူး။ ပြည်သူ့ကျန်းမာရေး ခေါင်းဆောင်တွေ အနေနဲ့ ရောဂါပေါင်း ၇ မျိုးလောက်ကို ကမ္ဘာပေါ်ကနေ မျိုးဖြုတ်ဖို့ ကျိုးစားခဲ့၊ ကျိုးစားနေကြပါတယ်။ အဲဒီ ရောဂါတွေကတော့ Hookworm, Yellow Fever, Yaws, Malaria, Smallpox, Guinea Worm, and Poliomyelitis တို့ဖြစ်ကြပါတယ်။ ပထမ လေးမျိုး (malaria အထိ) မှာတော့ မဟာ လူသားတွေ နောက်ကောက် (Knock-out) ကျသွားပါတယ်။ Smallpox ကိုတော့ အောင်အောင်မြင်မြင် မျိုးဖြုတ်နိုင်ခဲ့ပြီး ကျန်တဲ့ နှစ်မျိုးအတွက်ကတော့ ဆောင်ရွက်ဆဲပါ။

စိတ်ဝင်စားစရာကောင်းတာက (စာရေးသူတို့ နိုင်ငံနဲ့လည်း သက်ဆိုင်တဲ့) ပိုလီယို ရောဂါ ပပျောက်ရေး စီမံချက်ပါ။ ငွေကုန်ကြေးကျကတော့ သောက်သောက်လဲပါပဲ။ ဒေါက်တာဟင်ဒါဆင့် အပြောအရဆိုရင် ပိုလီယို ပပျောက်ရေး စီမံကိန်းဟာ ကျောက်ရောဂါ ပပျောက်ရေး စီမံကိန်း ထက် ငွေကြေး အဆ ၄၀ လောက် ပိုသုံးပြီးနေပါပြီ။ ၁၉၈၈ မှာ ပိုလီယို ပပျောက်ရေး စီမံကိန်း စတင်ခဲ့ပြီး ၂၀၀၀ ခုနှစ်မှာ ပပျောက်မယ်လို့ ခန့်မှန်းခဲ့ပေမယ့် တဖြည်းဖြည်းနောက်ရွှေ့လာလိုက်တာ အခုဆိုရင် ၂၀၁၂ ခုနှစ်မှာ ပိုလီယိုရောဂါ ကမ္ဘာပေါ်ကနေ လုံးဝ ပပျောက်ရမယ်လို့ ဆိုနေပြန်ပါပြီ။

နိုင်ငံတစ်နိုင်ငံမှာ ပိုလီယိုရောဂါ ပပျောက်ပြီလို့ ဆိုနိုင်ဖို့ရာ ပိုလီယိုကြောင့်ဖြစ်လာတဲ့ အကြောပျော့ ရောဂါဖြစ်သူကလေး လုံးဝမရှိတာ ၃ နှစ် ရှိရပါမယ်။ စာရေးသူတို့ နိုင်ငံမှာ နှစ်အတော်ကြာကြာ ငုတ်လျှိုးနေခဲ့ပြီး ၃ နှစ်ပြည့်ခါနီးလေးမှ ကလေးတစ်ယောက်မှာ ပိုလီယို အကြောပျော့ရောဂါဖြစ်တာ တွေ့ရှိရပါတယ်။ တစ်ယောက်ထဲ တွေ့တာနဲ့ ဒီလောက်တောင် သဲနေရလားလို့ ပြောချင်နေမလားပဲ။ အကြောင်းရင်းက ဒီလိုပါ။ ပိုလီယို ရောဂါပိုး ရတိုင်း အကြောပျော့ရောဂါ မဖြစ်ပါဘူး။ ပညာရှင်တွေ တွက်ဆထားချက်အရ ပိုလီယို အကြောပျော့ ရောဂါရရှိသူ ကလေး တစ်ယောက်ရှိရင် ပိုလီယို ရောဂါပိုး ကူးစက်ခံထားရသူ ၂၀၀ ခန့် ရှိမယ်လို့ ဆိုပါတယ်။ ဒီ ၂၀၀ သော ကလေးငယ်တွေဟာ သူတို့ ကိုယ်တိုင် အကြောပျော့ ရောဂါ မခံစားရပေမယ့် အခြား ကလေးတွေကိုတော့ ပိုလီယို ရောဂါပိုးတွေ ဝေမျှပေးနိုင်ပါတယ်။ ဒါကြောင့်ပဲ ပိုလီယို ကာကွယ်ဆေး တိုက်ကျွေးဖို့ ကိစ္စတွေကို အထူးအာရုံစိုက်နေကြရတာပါ။

ဒေါက်တာဟင်ဒါဆင် ပြောသွားတဲ့ အထဲက ရှေ့လျောက် ဘာဆက်လုပ်ကြမလဲ ဆိုတာလေးကို တင်ပြရင်းနဲ့ အဆုံးသတ်ချင်ပါတယ်။
ဖွံ့ဖြိုးဆဲ နိုင်ငံတွေ အနေနဲ့ ပိုလီယို ကာကွယ်ဆေး (ထိုးဆေး) ကိုတော့ တတ်နိုင်ကြမယ်မထင်ဖူး။ ပိုလီယို ကာကွယ်ဆေး (တိုက်ဆေး) ကိုပဲ ကလေးသူငယ် ကာကွယ်ဆေးထိုး အစီအစဉ် ထဲမှာ ထည့်သွင်းနိုင်ခဲ့လျင် ရေရှည်မှာ အကျိုးများနိုင်စရာရှိတယ်။

စကားချပ်။
အနာသိပြီး ကာကွယ်ဆေးရှိတဲ့ ရောဂါကိုတောင် မျိုးဖြုတ်ဖို့ တော်တော်ခက်နေရင် ကာကွယ်ဆေး မရှိသေးတဲ့ HIV ကို တိုက်ဖျက်ဖို့ရာ တော်တော် ကျိုးစားရဦးမည်ဟု မြင်မိကြောင်းပါ။

Read More...

Saturday, June 23, 2007

apology

၂၃၊ ၆၊ ၂၀၀၇


တောင်းပန်ခြင်း


ဘော်ဘော် တို့ရေ . . . မောင်ရဲမွန် တစ်ယောက် ပျားတုပ်နေလေရဲ့။ ငါးဖမ်းလွန်နေတာတော့ မဟုတ်ပါ။ ဘွတ်ဖိနပ် အ၀တ်များတဲ့ အတွက် ခြေမပေသောကြောင့် ခြေဆေးစရာလည်း မလိုပါ။ နီးရာဓါး ကြောက်နေရခြင်းသာ ဖြစ်ပါတယ်။ မကြာခင်မှာတော့ ပြန်ဘလောက်ဖြစ်မယ် ထင်ပါ့။ ဘလောက် ဗကေးရှင်း ယူတယ်လို့ မှတ်ထားလဲ ရပါတယ်။

မှတ်ချက်။ ။ ဘလောက် ရှဲဒိုး ရေးပေးလိုသူများ ရှိပါက ဆက်သွယ်ပါရန်။

Read More...

Sunday, June 3, 2007

An Important Job

၃၊ ၆၊ ၂၀၀၇


ရေသာများ၍ ငါးမတွေ့


မှတ်သားဖူးသော စာပိုဒ်လေးတစ်ခုကို ပြန်လည် ဖော်ပြလိုပါတယ်။ မူရင်း စာရေးဆရာကိုတော့ မသိပါ။ အမည်မသိ စာဆို လို့ပဲ ဆိုပါရစေတော့။

တရံရော အခါက သူငယ်ချင်း လေးဦးရှိလေသည်။ လူတိုင်းတစ်ယောက်ယောက်ဘယ်သူမဆို နှင့် ဘယ်သူမှ တို့ ဖြစ်၏။
တစ်နေ့မှာတော့ အလွန် အရေးကြီးတဲ့ ကိစ္စ တစ်ခု ဆောင်ရွက်ဖို့ရာ ရှိလာပါသတဲ့။ လူတိုင်း က တစ်ယောက်ယောက် တော့လုပ်မှာပဲလို့ အပိုင်တွက်ထားတယ်။ တကယ်ကတော့ ဘယ်သူမဆို လုပ်လို့ရတဲ့ ကိစ္စပါ။ ဒါပေမယ့်လည်း ဘယ်သူမှ မလုပ်ပါဘူး။ လူတိုင်း လုပ်ရမယ့်အလုပ်ကို မလုပ်တော့ တစ်ယောက်ယောက် က တော်တော် စိတ်ဆိုးသွားပါသတဲ့။ ဘယ်သူမဆို လုပ်လို့ရတယ်လို့ လူတိုင်း ထင်ပါတယ်။ သို့သော် လူတိုင်း လုပ်မှာ မဟုတ်ဘူး ဆိုတာကိုတော့ ဘယ်သူမှ သတိမထားမိပါ။ ဘယ်သူမဆို လုပ်နိုင်တဲ့ ကိစ္စကို ဘယ်သူမှ မလုပ်လို့ လူတိုင်း က တစ်ယောက်ယောက် ကိုအပြစ်ဖို့တာနဲ့ပဲ အဆုံးသတ်ရပါတော့တယ်။

ဘာသာပြန်ဆိုသူ၏ အဓိပ္ပါယ် ဖွင့်ဆိုချက် ။ ။ တစ်ဦးချင်း မိမိတာဝန် မိမိ မကျေပွန်ကြ၍ အလုံးစုံ ပျက်စီးခြင်းသို့ ဆိုက်ရောက်လေသတည်း။

ဒါနဲ့ ဆက်စပ်ပြီး နောက်ထပ် အဆိုအမိန့်လေး တစ်ခု မျှပါရစေ။
ခင်ဗျား မလုပ်ရင် ဘယ်သူ လုပ်မလဲ။
အခု မလုပ်ရင် ဘယ်တော့ လုပ်မှာလဲ။



Original Text 1

This is a story about four people named Everybody, Somebody, Anybody and Nobody.

There was an important job to be done and Everybody was sure that Somebody would do it. Anybody could have done it, but Nobody did it. Somebody got angry about that, because it was Everybody's job. Everybody thought Anybody could do it, but Nobody realised that Everybody wouldn't do it. It ended up that Everybody blamed Somebody when Nobody did what Anybody could have.

Original Text 2
If not you . . . WHO?
If not now . . . WHEN?

Read More...