Wednesday, June 27, 2007

eradication?

၂၇၊ ၆၊၂၀၀၇


မျိုးဖြုတ် လိုက်ရမလား

စာရေးသူ လက်ရှိတက်နေတဲ့ကျောင်းရဲ့ ထုံးစံအတိုင်း နေ့ခင်းပိုင်း ထမင်းစား နားချိန်မှာ seminar တွေ လုပ်လေ့လုပ်ထ ရှိပါတယ်။ ယနေ့မှာတော့ ကျောင်းရဲ့ ပါချုပ်ဟောင်း Dr. Donald A. Henderson (ခင်မင်သူတွေက သူ့ကို DA လို့ခေါ်ကြပါတယ်) ကနေ ပိုလီယို ရောဂါ ပပျောက်ရေး စီမံကိန်းအကြောင်း ပြောမယ်ဆိုတော့ စာရေးသူလဲ မဖြစ်မနေသွားတက်ပါတယ်။

ဒေါက်တာဟင်ဒါဆင် ဆိုတာ တစ်ခြားလူ ဟုတ်ရိုးလား ကမ္ဘာပေါ်ကနေ ကျောက်ရောဂါ (smallpox) ပပျောက်သွားရေး စီမံကိန်းကို ဦးဆောင်ခဲ့သူပေါ့။ ၁၉၈၀ နောက်ပိုင်း မွေးတဲ့ စာရှုသူတွေရဲ့ လက်မောင်းမှာ ဘဲဥပုံ အမာရွတ်တွေ မရှိတော့တာဟာ ဒေါက်တာဟင်ဒါဆင်ရဲ့ စွမ်းဆောင်မှု ကျေးဇူးတွေပါလေရဲ့။

ပြည်သူ့ကျန်းမာရေး လုပ်ငန်းတွေ လုပ်ဆောင်ရာမှာ ကာကွယ်ဆေးထိုး လုပ်ငန်းဟာ တော်တော် တာသွားပါတယ်။ မျက်စိ နဲ့တောင် မမြင်နိုင်တဲ့ သတ္တ၀ါတွေက လူတွေကို ဒုက္ခပေးနေကြတာကိုး။ ဒါပေမယ့်လည်း ဒီလောက်သေးငယ်တဲ့ ရောဂါပိုးအားလုံး မပြောနဲ့ တစ်မျိုးကိုတောင် ကမ္ဘာပေါ်ကနေ အမြစ်ဖြတ် ဖို့ဆိုတာ သိပ်မလွယ်လှပါဘူး။ ပြည်သူ့ကျန်းမာရေး ခေါင်းဆောင်တွေ အနေနဲ့ ရောဂါပေါင်း ၇ မျိုးလောက်ကို ကမ္ဘာပေါ်ကနေ မျိုးဖြုတ်ဖို့ ကျိုးစားခဲ့၊ ကျိုးစားနေကြပါတယ်။ အဲဒီ ရောဂါတွေကတော့ Hookworm, Yellow Fever, Yaws, Malaria, Smallpox, Guinea Worm, and Poliomyelitis တို့ဖြစ်ကြပါတယ်။ ပထမ လေးမျိုး (malaria အထိ) မှာတော့ မဟာ လူသားတွေ နောက်ကောက် (Knock-out) ကျသွားပါတယ်။ Smallpox ကိုတော့ အောင်အောင်မြင်မြင် မျိုးဖြုတ်နိုင်ခဲ့ပြီး ကျန်တဲ့ နှစ်မျိုးအတွက်ကတော့ ဆောင်ရွက်ဆဲပါ။

စိတ်ဝင်စားစရာကောင်းတာက (စာရေးသူတို့ နိုင်ငံနဲ့လည်း သက်ဆိုင်တဲ့) ပိုလီယို ရောဂါ ပပျောက်ရေး စီမံချက်ပါ။ ငွေကုန်ကြေးကျကတော့ သောက်သောက်လဲပါပဲ။ ဒေါက်တာဟင်ဒါဆင့် အပြောအရဆိုရင် ပိုလီယို ပပျောက်ရေး စီမံကိန်းဟာ ကျောက်ရောဂါ ပပျောက်ရေး စီမံကိန်း ထက် ငွေကြေး အဆ ၄၀ လောက် ပိုသုံးပြီးနေပါပြီ။ ၁၉၈၈ မှာ ပိုလီယို ပပျောက်ရေး စီမံကိန်း စတင်ခဲ့ပြီး ၂၀၀၀ ခုနှစ်မှာ ပပျောက်မယ်လို့ ခန့်မှန်းခဲ့ပေမယ့် တဖြည်းဖြည်းနောက်ရွှေ့လာလိုက်တာ အခုဆိုရင် ၂၀၁၂ ခုနှစ်မှာ ပိုလီယိုရောဂါ ကမ္ဘာပေါ်ကနေ လုံးဝ ပပျောက်ရမယ်လို့ ဆိုနေပြန်ပါပြီ။

နိုင်ငံတစ်နိုင်ငံမှာ ပိုလီယိုရောဂါ ပပျောက်ပြီလို့ ဆိုနိုင်ဖို့ရာ ပိုလီယိုကြောင့်ဖြစ်လာတဲ့ အကြောပျော့ ရောဂါဖြစ်သူကလေး လုံးဝမရှိတာ ၃ နှစ် ရှိရပါမယ်။ စာရေးသူတို့ နိုင်ငံမှာ နှစ်အတော်ကြာကြာ ငုတ်လျှိုးနေခဲ့ပြီး ၃ နှစ်ပြည့်ခါနီးလေးမှ ကလေးတစ်ယောက်မှာ ပိုလီယို အကြောပျော့ရောဂါဖြစ်တာ တွေ့ရှိရပါတယ်။ တစ်ယောက်ထဲ တွေ့တာနဲ့ ဒီလောက်တောင် သဲနေရလားလို့ ပြောချင်နေမလားပဲ။ အကြောင်းရင်းက ဒီလိုပါ။ ပိုလီယို ရောဂါပိုး ရတိုင်း အကြောပျော့ရောဂါ မဖြစ်ပါဘူး။ ပညာရှင်တွေ တွက်ဆထားချက်အရ ပိုလီယို အကြောပျော့ ရောဂါရရှိသူ ကလေး တစ်ယောက်ရှိရင် ပိုလီယို ရောဂါပိုး ကူးစက်ခံထားရသူ ၂၀၀ ခန့် ရှိမယ်လို့ ဆိုပါတယ်။ ဒီ ၂၀၀ သော ကလေးငယ်တွေဟာ သူတို့ ကိုယ်တိုင် အကြောပျော့ ရောဂါ မခံစားရပေမယ့် အခြား ကလေးတွေကိုတော့ ပိုလီယို ရောဂါပိုးတွေ ဝေမျှပေးနိုင်ပါတယ်။ ဒါကြောင့်ပဲ ပိုလီယို ကာကွယ်ဆေး တိုက်ကျွေးဖို့ ကိစ္စတွေကို အထူးအာရုံစိုက်နေကြရတာပါ။

ဒေါက်တာဟင်ဒါဆင် ပြောသွားတဲ့ အထဲက ရှေ့လျောက် ဘာဆက်လုပ်ကြမလဲ ဆိုတာလေးကို တင်ပြရင်းနဲ့ အဆုံးသတ်ချင်ပါတယ်။
ဖွံ့ဖြိုးဆဲ နိုင်ငံတွေ အနေနဲ့ ပိုလီယို ကာကွယ်ဆေး (ထိုးဆေး) ကိုတော့ တတ်နိုင်ကြမယ်မထင်ဖူး။ ပိုလီယို ကာကွယ်ဆေး (တိုက်ဆေး) ကိုပဲ ကလေးသူငယ် ကာကွယ်ဆေးထိုး အစီအစဉ် ထဲမှာ ထည့်သွင်းနိုင်ခဲ့လျင် ရေရှည်မှာ အကျိုးများနိုင်စရာရှိတယ်။

စကားချပ်။
အနာသိပြီး ကာကွယ်ဆေးရှိတဲ့ ရောဂါကိုတောင် မျိုးဖြုတ်ဖို့ တော်တော်ခက်နေရင် ကာကွယ်ဆေး မရှိသေးတဲ့ HIV ကို တိုက်ဖျက်ဖို့ရာ တော်တော် ကျိုးစားရဦးမည်ဟု မြင်မိကြောင်းပါ။

2 comments:

ဂျစ်တူး - gyit_tu said...

ပိုလီယိုက ကူးစက်နိုင်တယ်ဆိုတာ မသိဘူး ။ အဲဒီအကြောင်းလေး အချိန်ရှိရင် ရေးပါဦး ။

Ye-Mon said...

ပိုလီယိုအကြောပျော့ ရောဂါက ဗိုင်းရပ်ပိုး တစ်မျိုးကြောင့်ဖြစ်တာပါ။ ရောဂါပိုး ရှိတဲ့ ကလေးရဲ့ မစင်ထဲမှာ အဲဒီ ဗိုင်းရပ်ပိုးပါနေပြီး အစားအသောက်ထဲကို မတော်တဆ ရောက်သွားရာကနေ အခြားကလေးကို ကူးစက်နိုင်တယ်။ ကာကွယ်ဆေး တိုက်ထားရင်တော့ ရောဂါကူးစက်ခံရတာကနေ ကာကွယ်နိုင်ပါတယ်။