Thursday, July 26, 2007

When you die

၂၆၊ ၇၊ ၂၀၀၇

သင်သေသွားသော် ...

သြော် လူ့ပြည်လောက၊ လူ့ဘ၀ကား၊
အိုရ နာရ၊ သေရ ဦးမည်၊
မှန်ပေသည်တည့်။

သို့တပြီကား၊ သင်သေသွားသော်၊
သင်ဖွားသောမြေ၊ သင်တို့မြေသည်၊
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။

သင်၏အမျိုးသား၊ စာစကားလည်း၊
ကြီးပွားတက်မြင့်၊ ကျန်ကောင်းသင့်၏။

သင်ဦးချ၍၊ အမျှဝေရာ၊
စေတီသာနှင့်၊ သစ္စာအရောင်၊
ဉာဏ်တန်ဆောင်လည်း၊
ပြောင်လျက် .. ၀င်းလျက် ကျန်စေသတည်း။

ဇော်ဂျီ

Read More...

Wednesday, July 25, 2007

Proactive and Reactive

၂၅၊ ၇၊ ၂၀၀၇

ကြိုတင်ပြင်ဆင်ခြင်း နှင့် တုံ့ပြန်ခြင်း

”မီးဘေးရှောင် မလောင်ခင်တားကြပါဗျ”
နွေရာသီဆို လော်စပီကာမှာ ကြားနေကျ နှိုးဆော်ချက်တစ်ခုပါ။ ဒီလိုမျိုး လောစပီကာကြီးနဲ့ မကြားကြားအောင် ဘာကြောင့်လုပ်ရပါလဲ။ အဲဒီလိုမှ မလုပ်ရင် လူတွေ အမှုမဲ့ အမှတ်မဲ့ ဖြစ်တတ်လွန်းလို့ပေါ့။

အဓိပ္ပါယ်ဖွင့်ဆိုချက်လေးတွေ ကြည့်ရအောင်

ကြိုတင်ပြင်ဆင်ခြင်း (Proactive)
ပြဿနာ တစ်ခုခု မပေါ်ပေါက်မီကပင် ကြိုတင်တွေးဆ ပြင်ဆင်ထားခြင်း။ စတီဗင်ကိုဗေး က သူ့ရဲ့ နာမည်ကြီးစာအုပ်ဖြစ်တဲ့ 7 habits of highly effective people မှာ ဒီလို ဆိုထားလေရဲ့ "to act before a situation becomes a source of confrontation or crisis"

တုံ့ပြန်ခြင်း (Reactive)

ပြဿနာ တစ်ခုခု ပေါ်ပေါက်လာမှ ဖြေရှင်းခြင်း။

ဒါဆို လူတွေက ဘာကြောင့် ကြိုတင်ပြင်ဆင်မှုတွေ မပြုလုပ်ပဲ ဖြစ်လာမှ ရှင်းကြတာပါလဲ။ ဥပမာ တစ်ခုနှစ်ခုပေး၍ ဆွေးနွေးလိုသည်။

ဥပမာ (၁) မီးဘေးကာကွယ်ခြင်း

အဆောက်အဦ ဆောက်လုပ်ရာတွင် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများရှိသည်။ လူအရေအတွက် မည်မျှဆိုလျင် အခန်းအကျယ် မည်မျှ၊ လှေကား ဘယ်နှစ်စင်း၊ မီးခံတံခါး ဘယ်နှစ်ချပ်၊ အရေးပေါ်ထွက်ပေါက် ဘယ်နှစ်ခု၊ အချက်ပေးခေါင်းလောင်း ဘယ်နှစ်လုံး၊ ရေပန်းဘယ်နှစ်ခု အစရှိသဖြင့် လိုအပ်သလို တပ်ဆင်ရသည်။ လူနေအိမ်တွေမှာ လောင်စာဆီ စုပုံထားခြင်းမပြုရ၊ သတ်မှတ်လူ အရေအတွက်ထက် ပိုမနေရ စသဖြင့် စည်းကမ်းများလည်း ရှိသေးသည်။

ဘယ်လိုလူတွေက ဒီစည်းကမ်းတွေ ချမှတ်ထားပါသလဲ။ အိုးအိမ်ဦးစီးဌာနရဲ့ ချောင်ကျကျစားပွဲ တစ်လုံးမှာ ထိုင်နေတဲ့ အင်ဂျင်နီယာ၊ ဒါမှမဟုတ် ဗျူရိုကရက် တစ်ဦးက လက်ဆော့လိုက်တာများလား။ ကိုလိုနီခေတ်ရဲ့ အမွေဆိုးတွေများလား။ ဘယ်လိုပဲဖြစ်ဖြစ် ဒီစည်းမျဉ်းစည်းကမ်းတွေကတော့ အမှန်တကယ် ရှိနေပါတယ်။

ဘာကြောင့်များ စည်းကမ်းတွေ ဒီလောက်များများ ချထားရပါသလဲ။ ငွေတောင်းလို့ ကောင်းအောင်လား။ လူအထင်ကြီးအောင်လား။ အလုပ်မရှိ အလုပ်ရှာတာလား။

မဟုတ်ရပါ။ လိုအပ်လို့ပါ။ လိုအပ်လို့ ဆိုတာထက် မဖြစ်သင့်တာတွေ မဖြစ်ရအောင်၊ အလေအလွင့်နည်းအောင် ကြိုတင်ကာကွယ်တာ ဖြစ်ပါတယ်။ ဟုတ်ပါတယ် ကြိုတင်ကာကွယ်ခြင်းပါ။

တကယ်လို့များ ဒီအဆောက်အဦမှာ မီး မတော်တဆမှုဖြစ်ခဲ့ရင် လွယ်လွယ်နဲ့ မီးမလောင်အောင်၊ လောင်ခဲ့ရင် လူတွေ ကြိုသိနိုင်အောင်၊ အလွယ်တကူ ထွက်လာလို့ရအောင်၊ မီးတောက်ကြီးမလာအောင် ကြိုတင်ပြင်ဆင်ထားခဲ့တာပါ။

သို့သော်လည်း ဒီလို ကြိုတင်ပြင်ဆင်သူတွေရဲ့ အလုပ်တွေကို လူတွေ သတိမထားမိပဲ မျက်စိ လျှံတတ်ပါတယ်။ ဘာကိုဆိုရင် သတိထားမိပါသလဲ။

မီးလောင်ပြီဟေ့ ဆိုရင် ဆွဲဆွဲငင်ငင်အော်မြည်ပြီး အပြေးရောက်လာတတ်တဲ့ မီးသတ်တပ်ဖွဲ့ကိုပေါ့။ ဟုတ်ပါတယ်။ မီးတောက်ကြီးကို ငြိမ်း၊ သက်စွန့်ဆံဖျား ၀င်ရောက်ကယ်ဆယ်တဲ့ မီးသတ်သမားတွေကို ပရိတ်သတ်ကြီးက ၀ှဲချီးသြဘာ ပေးကြပါတယ်။ သူရဲကောင်းတွေပဲကိုး။

ဥပမာ (၂) စစ်ပွဲများ

အထက်က ဥပမာနဲ့ အလားတူ စစ်ပွဲတွေမှာ အောင်နိုင်သူ စစ်သူကြီးများဟာလည်း စစ်ပွဲမဖြစ်အောင် စေ့စပ်နိုင်သူ ငြိမ်းချမ်းရေး သံတမန်တွေထက် ပိုပြီး ချီးမြောက်ခံရပါတယ်။ တိုင်းပြည်အတွက် အသက်ပေး ကာကွယ်နေကြသူတွေပဲကိုး။

ဆွေးနွေးချက်

လောကမှာ သူသူကိုယ်ကိုယ် မိမိ လုပ်ဆောင်မှုအတွက် ထိုက်တန်တဲ့ ချီးမြောက်မှုကို ရလိုကြပါတယ်။ တချိန်တည်းမှာပဲ လူ့သဘာဝဟာ မိမိ မျက်စိနဲ့ မြင်တွေ့ရမှ တန်ဖိုးထားတတ်ကြတယ်။ မီးသတ်တာကို မြင်လိုက်ရမှ၊ စစ်ပွဲကို အနိုင်တိုက်ပြလိုက်မှ တန်ဖိုးထားကြတယ်။ ကြိုတင်ကာကွယ်ထားနိုင်လို့ မီးလောင်မလာရင် စစ်ပွဲတွေ ဖြစ်မလာရင် လူတွေ မမြင်ရပေဘူး။ အဲဒီအခါ တန်ဖိုးလည်း မထားကြတော့ဘူးပေါ့။

တကယ်ကတော့ မီးကို မလောင်ခင် တားနိုင်သူ၊ စစ်ပွဲတွေမဖြစ်အောင် တားဆီးနိုင်သူတွေကိုလည်း တန်းတူ တန်ဖိုးထားတတ်ဖို့လိုပါတယ်။ လူမှုအသိုင်းအ၀ိုင်းတစ်ခုဟာ တုံ့ပြန်သူ (Reactive ဖြစ်သူ) တွေကိုသာ ချီးမြောက်နေခဲ့ရင် ကြိုတင်ကာကွယ်သူ (Proactive ဖြစ်သူ) တွေရဲ့ အခန်းကဏ္ဍမှေးမှိန်လာပြီး တိုင်းပြည်လည်း မီးသတ်ရ၊ စစ်တိုက်ရ နှင့် မအားလပ်အောင်ဖြစ်ကာ အောက်တန်း နောက်တန်း ရောက်သွားနိုင်ကြောင်းတွေးမိ ရေးသားလိုက်ရပေသည်။

စကားချပ်

မီးသတ်ခြင်း နှင့် စစ်ပွဲများကို ဥပမာပြခဲ့သော်လည်း၊ မီးသတ်တပ်ဖွဲ့ နှင့် စစ်တပ်တို့၏ အရေးပါမှုကို လျော့ပေါ့စဉ်းစားခြင်းမဟုတ်ကြောင်း သိစေအပ်ပါသည်။ မည်သို့ပင် ကြိုတင် ပြင်ဆင်ထားသည် ဆိုစေကာမူ မတော်တဆမှုများ ရှိလာနိုင်ကြောင်းနှင့် ထိုမတော်တဆမှုများ အတွက် အထက်ပါ အဖွဲ့အစည်း နှစ်ခုသည် အရေးပါလှကြောင်း ဖော်ပြလိုသည်။

စာကိုး

7 habits of highly effective people. Stephen Covey.
http://en.wikipedia.org/wiki/Proactive

Read More...

Monday, July 23, 2007

Grade Point Average (GPA)

၂၃၊ ၇၊ ၂၀၀၇

ပျမ်းမျှဂရိတ်
ပြုစုသူ။ ။ ရဲမွန်မြင့်

ပြည်သူ့ကျန်းမာရေး မဟာဘွဲ့ တက်ရာတွင် အတန်းများကို အောဒစ်၊ ခရက်ဒစ်၊ ဂရိတ် နှင့် အောင်ရှုံး ဟူ၍ အမျိုးမျိုး ရွေးချယ် တက်ရောက်နိုင်ကြောင်း ပြောခဲ့ပြီး ဖြစ်သည်။ ( ပြန်လည်ဖတ်ရှုရန် ) ယခု ဆက်လက်ပြောလိုသည်မှာ ပျမ်းမျှဂရိတ် (Grade Point Average -GPA) ၏ အဓိပ္ပါယ်၊ အသုံးဝင်ပုံ နှင့် မည်သို့ မည်ပုံတွက်ချက်သည် ဆိုသည်တို့ပင်ဖြစ်သည်။ ပထမဦးစွာ ပြောလိုသည်မှာ ပျမ်းမျှဂရိတ် (GPA) တွက်ရာတွင် ခရက်ဒစ်၊ ဂရိတ် အနေဖြင့် တက်ရောက်ခဲ့သော ဘာသာရပ်များသာ အကျုံးဝင်ပြီး၊ အောဒစ်၊ အောင်ရှုံး အနေဖြင့် တက်ရောက်ခဲ့သော ဘာသာရပ်များ အကျုံးမ၀င်ပါ။

အဓိပ္ပါယ်

Term သို့မဟုတ် Semester တစ်ခုတွင် သင်ယူခဲ့သော အတန်းများ၌ ရရှိသော ပျမ်းမျှဂရိတ် ကို ဆိုလိုသည်။

အသုံးဝင်ပုံ
  • ဆရာ၊ ဆရာမများ အနေဖြင့် ကျောင်းသား တစ်ဦး၏ စာလိုက်နိုင်မှုကို အကဲဖြတ်နိုင်သည်။
  • အချို့သော အလုပ်ရှင်များက အလုပ်ခန့်ထားရာတွင် အကဲဖြတ်သည့် အချက်တစ်ခုအနေဖြင့် ကြည့်သည်။
  • ပါရဂူဘွဲ့ ဆက်လက်တက်ရောက်လိုလျှင် မဟာဘွဲ့ တက်ရောက်ခဲ့စဉ် ပျမ်းမျှဂရိတ် မည်မျှ (ယေဘုယျအားဖြင့် - ၃.၅) ရှိရမည်ဟု သတ်မှတ်ထားသည်။
  • ပညာသင်ဆု လျှောက်ထားရာတွင် ပျမ်းမျှဂရိတ် ကောင်းပါက အားသာသည်။
တွက်ချက်ပုံ

အထက်တွင် ဖော်ပြပြီးသည့် အတိုင်း ခရက်ဒစ်၊ ဂရိတ် အနေဖြင့် ယူထားသော ဘာသာရပ်များသာ ပျမ်းမျှဂရိတ် တွက်ချက်ရာတွင် အကျုံးဝင်သည်။ ရရှိသော ဂရိတ်ပေါ် မူတည်၍ ပျမ်းမျှဂရိတ် တွက်ရန် အောက်ပါအတိုင်းသတ်မှတ်ထားသည်။
  • Grade A = 4
  • Grade B = 3
  • Grade C = 2
  • Grade D = 1
  • Grade F = 0
အတန်းတစ်တန်း ယူရာတွင် ရရှိသော ခရက်ဒစ် (စာသင်ချိန် နာရီပေါင်းကို ဖော်ပြသော အညွန်းကိန်း) ကိုလည်း ထည့်သွင်းတွက်ချက်သည်။ စာသင်ချိန် နည်းသောအတန်းမှာ ခရက်ဒစ် နည်းနည်းသာ ရပြီး စာသင်ချိန်များသော အတန်းမှာ ခရက်ဒစ် များများ ရသည်။

ဘာသာရပ် တစ်ခုစီ၏ ခရက်ဒစ် နှင့် ဂရိတ် တို့၏ မြှောက်လဒ် သည် Grade Point ဖြစ်သည်။ ထို Grade Point စုစုပေါင်းကို ခရက်ဒစ် စုစုပေါင်းဖြင့် စားခြင်းဖြင့် ပျမ်းမျှဂရိတ် (GPA) ကိုရရှိသည်။

တွက်ချက်ပုံကို ဇယားကွက်ဖြင့် ပြလျင် ပို၍ ရှင်းပေလိမ့်မည်။

Class

Credit

Grade

Calculation

Grade Point

Biostatistics 101

4

A (ie. 4)

4 X 4

16

Introduction to Health Policy

3

C (ie. 2)

3 X 2

6

Managing Health Organizations

5

B (ie. 3)

5 X 3

15

Total

12

37

GPA

= 37/12 = 3.08


အကြမ်းဖျဉ်း ပြောရလျင် ဘာသာအားလုံး ဂရိတ်အေ ရသူတစ်ယောက်၏ ပျမ်းမျှဂရိတ် မှာ ၄ ဖြစ်ပြီး၊ ဘာသာအားလုံး ဂရိတ်ဘီ ရသူတစ်ယောက်၏ ပျမ်းမျှဂရိတ် မှာ ၃ ဖြစ်သည်။

စကားချပ်

ကျောင်းတစ်ကျောင်း နှင့် တစ်ကျောင်း၊ နိုင်ငံတစ်နိုင်ငံ နှင့် တစ်နိုင်ငံ ကွာခြားမှုရှိနိုင်သည်။

စာကိုး

http://en.wikipedia.org/wiki/Grade_(education)

"ကြိုတင်ပြင်ဆင်အောင်ပွဲဝင်"

အားလုံး အဆင်ပြေကြပါစေ။
မောင်ရဲမွန်

Read More...

Sunday, July 22, 2007

Why did I start blogging?

၂၂၊ ၇၊ ၂၀၀၇

ဘဇာကြောင့် ဘလောက် လုပ်ဖြစ်သနည်း

ကိုဝေက ဘလောက်ဂါနေ့အတွက် ရှေ့ကင်းထွက် ရေးခိုင်းလေသည်။ ဘဇာကြောင့် ဘလောက် လုပ်ဖြစ်ပါသလဲ တဲ့။ အမေးရှိက အဖြေ ရှိရပေမည်။ ရေးချင်လျက် မောက်စ်တို့ ဖြစ်လေပြီ။

စာရေးရာတွင် ရေးချင်လို့ရေးသူ နှင့် ပြောချင်လို့ရေးသူ ဟူ၍ နှစ်မျိုး ရှိသတတ်။ ကျွန်ုပ်ကား ဒုတိယ အမျိုးအစားတွင် အကျုံးဝင်လေသည်။ ဘဇာတွေ ပြောချင်သနည်းဟု မပြောမီ ကျွန်ုပ်အကြောင်းကို အနည်းငယ်ရှင်းအံ့။ သို့မှသာ စာရှုသူတို့ ဇာတ်ရည်လည်ပေမည်။

ကျွန်ုပ်၏ ပင်ကိုယ်သဘာဝကိုက Hub ( ကွန်ပျူတာများကို ချိတ်ဆက်ပေးသည့်ဗူး ) နှင့်တူသည်။ ကျောင်းမှ သူငယ်ချင်းများကို အိမ်မှ သူငယ်ချင်းများနှင့်၎င်း၊ အိမ်မှ သူငယ်ချင်းများကို အလုပ်မှ သူငယ်ချင်းများနှင့်၎င်း၊ အလုပ်မှ သူငယ်ချင်းများကို ခြေလျင်တောင်တက်အသင်းမှ သူငယ်ချင်းများနှင့်၎င်း၊ ခြေလျင်တောင်တက်အသင်းမှ သူငယ်ချင်းများ ကို နိုင်ငံခြားမှ သူငယ်ချင်းများနှင့်၎င်း၊ နိုင်ငံခြားမှ သူငယ်ချင်းများကို ကျောင်းမှ သူငယ်ချင်းများနှင့်၎င်း၊ ချိတ်ဆက်ပေးတတ်သော သဘောရှိသည်။ ထို့ကြောင့် ပြည်ပတွင် ကာလအတန်ကြာနေထိုင်ရစဉ် ထိုထိုဤဤသော မိတ်ဆွေ၊ သူငယ်ချင်းများ နှင့် ဆွေမျိုးများကို အဆက်အသွယ်ပြုရန် ကိစ္စကို တာဝန်ဝတ္တရား တစ်ခုအနေဖြင့် မြင်မိလေသည်။ သို့ရာတွင် ကျောင်းစာပိခြင်း၊ ဗာဟီရ များခြင်း၊ စာရေးပျင်းခြင်း အစရှိသည့် ပျင်းရိခြင်း အဖြာဖြာတို့ကြောင့် အဆက်အသွယ် နည်းပါးနေရာ စိတ်မကောင်းခြင်း ကြီးစွာဖြစ်ရလေသည်။

အတန်းကျောင်း တက်စဉ်အချိန်ကိုလည်း အနည်းငယ် ပြောလို၏။ ငယ်စဉ်တောင်ကျေး ကလေးဘ၀က သင်္ချာ၊ သိပ္ပံ အစရှိသည့် ဘာသာရပ်များတွင် မဆိုးလှသော်လည်း မြန်မာစာအတွက် ဆိုလျင် သင်ကြားသူဆရာ၊ သင်အံသူကျွန်ုပ်အပြင်၊ ချစ်လှစွာသော မိဘနှစ်ပါးသာမက ကြီးဒေါ်များပါ စိတ်ဒုက္ခကြီးစွာ ရောက်ကြရသည်။ စာစီစာကုံးကို အဖြစ်ရှိအောင်မရေးမူ၍ ဖြစ်၏။ ဆရာ၊ မိဘတို့ကား ကျွန်ုပ်ကို ခြောက်ချီတခါ မာန်ချီတလှည့်ဖြင့် စာစီကုံးခိုင်းကြသည်။ ဆရာတစ်ဦးဆိုလျင် ရည်းစားသညာ ထားပါမည့်အကြောင်း တိုက်တွန်းလေသည်။ သို့မှသာ ဖွဲ့နွဲ့သီကုံး ချယ်မှုန်းတတ်လာမည်ဟု ဆို၏။ ဒို့ကျောင်းသား စာစီစာကုံးများ အတွဲလိုက်ဝယ်၏။ ဆရာ ဂုဏ်ထူးဦးသိန်းနိုင်ပြောသလို မှတ်တမ်းစာအုပ်ထား၍ မှတ်သား၏။ ရေးခိုင်းသမျှ ရေး၏။ ရည်းစားသညာကား အဖြစ်မရှိခဲ့။ အမှန်ကား ဆရာကသာ ရည်းစားထားရန် တိုက်တွန်းနေသည် ဆရာ၏ အမျိုးသမီး (ဆရာ ကတော်) က ကျွန်ုပ်၏ ပိုက်ဆံအိတ်ထဲရှိ ဟိုမရောက် ဒီမရောက် မိန်းကလေးသူငယ်ချင်း ဓါတ်ပုံကို သိမ်းယူကာ ဆိုဆဲခဲ့သောကြောင့် နောက်တွန့်သွားခဲ့ခြင်းပင်။ သို့နှင့် ပထမနှစ် ဆေးကျောင်းသားသာ ဖြစ်လာသည် စာစီစာကုံး နှင့် အကျွန်ုပ်ကား ဆားနှင့်တီ ပမာ ရှိနေသေးသည်။ ပထမနှစ်လွန်မြောက်၍ မြန်မာစာ ကို သင်ကြားရန်မလိုတော့သောအခါ ၀မ်းမြောက်သည်မှာ ဆိုဖွယ်ရာမရှိ။

ကံကြမ္မာဘီးရဟတ် တပတ်ပြန်လည်လာတတ်သည်ကို ထိုအချိန်က သတိမထားမိ။ ငယ်သေးသည် မဟုတ်တုံလော။ ဘ၀ရထားကြီးကို စီးနင်းပြီးသကာလ တဘူတာပြီးတဘူတာ ကျော်ဖြတ်ကာ မဟာဘွဲ့ တက်ရန် အကြောင်းဖန်လာ၏။ ဤတွင် သံတူကြောင်းကွဲ ပြဿနာ ပြန်စတော့သည်။ ဘိုလို စာစီကုံးရခြင်းပင်။ နဂိုကပင် မရှိလေတော့ နဂိုင်းကလည်း မပြောင်ရောင်။ စာလုံးရေ ၅၀၀ ရှိသော စာစီစာကုံးရေးခိုင်းလျင် အမေရိကန်ကျောင်းသားများက စာလုံးရေ ၅၀၀ နဲ့ ဘာသွားရေးရမည်နည်းဟု စိတ်တိုနေချိန်တွင် ကျွန်ုပ်ကား စာလုံးရေ ၄၅၀ လောက်ကို ဖြစ်ဖြစ်မည်အောင် ရေးတင်ခဲ့ရသည်။ ရှေးဘ၀ကုသိုလ် လက်ကျန်လေးကြောင့် မဟာဘွဲ့လေးတော့ ရသွားခဲ့သည်။ စာအရေးရ လွတ်ပြီလားဆို မလွတ်သေးပါ။ ပညာလောဘကြောင့် ပါရဂူဘွဲ့တက်ဖို့ ဆုံးဖြတ်က ပြည်ပကို ရောက်ခဲ့ရပြန်သည်။

အခုမှ ဒုက္ခလှလှ တွေ့တော့သည်။ စာတွေပိုဖတ်ရသည်။ ပိုရေးရသည်။ စာလုံးပေါင်း သဒ္ဒါလည်း အမှားမခံတော့။ သြော် … အရင်ဘ၀က အမှတ်ခြစ်ကြမ်းသော ဆရာ ဖြစ်ခဲ့လေသလား။ ဘာသာတွေးမိသည်။ လောက် ဖြစ်မှတော့ မစင် ကြောက်နေလို့ မဖြစ်တော့ပြီ။ ဓါတ်ကြမ်းတိုက်မှ ရတော့မည်ဟု စိတ်အချဉ်ပေါက်လာသည်။

ထိုအချိန်မှာပင် မီးလောင်ရာလေပင့် ဆိုသကဲ့သို့ ပြောချင်လာသော အကြောင်းများကလည်း စုပုံလာသည်။ သူများပြောတာချည်း နားထောင်ခဲ့ရတာ ဆယ်စုနှစ်ပေါင်း အတော် (အတိအကျတော့ မပြောလိုတော့) ကြာခဲ့ပြီ။ ပြည်သူ့ကျန်းမာရေး ဘာသာရပ်အကြောင်း ပြောလိုသည်။ လူငယ်များ ၀ိုင်းဝန်းကျိုးစားကြပါမည့် အကြောင်း ပြောလိုသည်။ တိုင်းပြည်တိုးတက်ရာ တိုးတက်ကြောင်းများ ဆွေးနွေးလိုသည်။ အတင်းတုတ်လိုသည်။ ဟာသများ ဝေမျှလိုသည်။
ရောက်တတ်ရာရာ ရေးလိုသည်။

ပြန်၍ အနှစ်ချုပ်ရလျင် ဆွေမျိုး၊ မိတ်သင်္ဂဟများကို အဆက်အသွယ်လုပ်လိုခြင်း၊ စာစီစာကုံးအရေး လေ့ကျင့်လိုခြင်း၊ ရင်ထဲမှ စကားများကို ဖွင့်အန်ထုတ်လိုခြင်း စသည့် အကြောင်း သုံးပါးကြောင့် ဘလောက်ရေးဖြစ်လာရပါသည်။

အချပ်ပို

ဘာကြောင့် ဆက်ရေးဖြစ်နေသလဲ။ ကိုဝေကတော့ မမေးပါ။ ဒါပေမယ့် ကျွန်ုပ်ကား ရေးစရှိလျင် ရပ်၍ မရတော့ပြီ။ ပြောရပေဦးမည်။ ပြောခွင့်ပြုပါ။

ကနဦးတွင် ကျွန်ုပ်ဘလောက်က ပေါက္ခ၀ဿ ဘလောက် ဖြစ်၏။ မြင်စေချင်သူများကိုသာ မြင်စေပြီး၊ မမြင်စေချင်သူများကို မမြင်စေအောင် စီမံထားရှိခဲ့သည်။ သို့ရာတွင် မြင်စေချင်သူများက တော်တော်နှင့် လာရောက် မကြည့်ကြပြီ။ သူတို့ကိုလည်း အဆိုးမဆိုသာ။ စာစီစာကုံးရေးရန် တဆွေလုံးတမျိုးလုံး ၀ိုင်းတွန်းခဲ့ရသူတစ်ယောက်၏ ဘလောက်ကို မည်သည့် အကြောင်းသိသူက မော်နီတာ အပွန်းခံ၊ ဇက်ကြောအတက်ခံ၍ လာဖတ်မည်နည်း။ ဓမ္မတာပင်။

သို့နှင့် နည်းဗျူဟာပြောင်းရပြန်သည်။ လူတိုင်းဖတ်ရှုရနိုင်အောင် ပြုလုပ်သည်။ ဆီပုံးတွင် ကြော်ငြာဝင်သည်။ ဓါတ်စာ စာရင်း (Email list) (ဓါတ်မီး၊ ဓါတ်ရထား၊ ဓါတ်တိုင်၊ ဓါတ်မှန် … စသည်တို့ကဲ့သို့ ဓါတ်ဖြင့် ပြုလုပ်ထားသော စာ ဖြစ်သဖြင့် ဓါတ်စာ ဟု ခေါ်သင့်သည်။) ထဲတွင် ပါသမျှ မိတ်ဆွေများထံ ဓါတ်စာပို့ အကြောင်းကြားသည်။ မိမိဓါတ်စာ၏ အောက်ပိုင်းကျကျလောက်တွင် ခေတ်မီသူတိုင်း ဤဘလောက်ကိုကြည့်ကြသည် ဟု ရေးသည်။

ရလာဒ်ကား မဆိုးတော့ပြီ။ အကြောင်းမသိသူတို့၊ မျက်စိလည် လမ်းမှားကာ ရောက်လာသူတို့၊ မောက်စ် ကလစ်အလုပ်မြန်သူတို့ ၀င်ရောက်ဖတ်ရှုကြသည်။ ဖတ်ရှုသူအချို့ကား အားလုံးကောင်းပါသည်၊ နောက်မဆုတ်နဲ့ ကိုကံချွန်၊ ဆက်လုပ် ကိုယ့်လူ စသည်ဖြင့် အဆင်းဘီးတတ် မှတ်ချက်များ ပေးသွားသည်။ မနုဿဗေဒ ပညာရှင်တို့က ထိုမှတ်ချက်မျိုးသည် လူအချင်းချင်း ပလဲနံပ သင့်ရန် ပြောခြင်းမျိုးဖြစ်ကြောင်း၊ အတည်ယူ၍မရနိုင်ကြောင်း ဆို၏။ ပညာရှင်တို့ မည်သို့ဆိုစေကာမူ ကျွန်ုပ်ကား ဘလောက်ဂါများကို များစွာ ယုံကြည်လေးစားခြင်း ဖြစ်မိပြီး ရှိရကား ထိုမှတ်ချက်များကို အထူးဂရုပြုလေ၏။

ထို့ပြင်တ၀ အကောင်အထည်မပေါ်သော မိတ်ဆွေ များစွာ တိုးလာသည်။ ရှည်သည်၊ တိုသည်၊ ပိန်သည်၊ ၀သည်၊ ညိုသည်၊ ဖြူသည်၊ ဘာမျှ မသိမူလည်း စိတ်ဝင်စားမှုခြင်းတူသူ၊ မိမိရေးသားသည်ကို မှတ်ချက်ပေးသူ၊ အပြန်အလှန်ဆွေးနွေးသူ စသည်ဖြင့် ခင်မင်နှစ်လိုဖွယ် လူများစွာနှင့် သိကျွမ်းလာသည်။ ကျွန်ုပ် ငယ်စဉ်ကပင် မြန်မာပြည်ရှိ မြို့တိုင်း၊ နယ်တိုင်းတွင် ခင်မင်ရင်းနှီးသော မိတ်ဆွေ သူငယ်ချင်း ရှိလိုသည်။ ရှိရန်လည်း ကျိုးစားခဲ့သည်။ အတော်လည်း ရှိလာသည်။ ယခုမူကား တကမ္ဘာလုံးရှိ တိုင်းပြည်တိုင်းတွင် ခင်မင်သော မိတ်ဆွေ ရှိချင်လာသည်။ ဤ ဘလောက်သည်ကား ထိုရည်ရွယ်ချက်ကို ဆောင်ကျဉ်းပေးနိုင်ပေတော့မည်။ ကောင်းပေစွ။

ကျွန်ုပ်၏ မိဘနှစ်ပါး၊ ကြီးဒေါ်များ နှင့် မြန်မာစာ ဆရာ ဆရာမ အပေါင်းတို့အား ဤစာဖြင့် ကန်တော့အပ်ပါ၏။

Read More...

Friday, July 20, 2007

Dorm Room Kitchen Prank

စားကြမယ်ဟေ့ ကောင်းကောင်း


Read More...

Tuesday, July 17, 2007

Driving while looking in the rear-view mirror

၁၇၊ ၇၊ ၂၀၀၇


နောက်ကြည့်မှန် ကို ကြည့်၍ကားမောင်းခြင်း

မော်တော်ယာဉ်များတွင် နောက်ကြည့်မှန် ကိုယ်စီ ရှိကြသည်။ ဘာအတွက်များပါလိမ့်။ မိမိကား၏နောက်မှာ ဘာတွေဖြစ်နေလဲ သိအောင် ကြည့်ဖို့ သုံးကြသည်။ နောက်က ရဲကား လိုက်လာသလား၊ နောက်ကားက လမ်းတောင်းနေလား၊ ကျော်တက်တော့မလား စသည်ဖြင့်ပေါ့။ သို့ပေမယ့်လည်း နောက်ကြည့်မှန်ထဲကို တချိန်လုံးကြည့်နေရုံနဲ့တော့ ရှေ့မှာ ဘာတွေဖြစ်နေလဲ ဆိုတာကိုမသိနိုင်သလို ဘယ်လို တုန့်ပြန်ရမယ်ဆိုတာကို လည်း မသိနိုင်။ ရှေ့မှာ ကားပိတ်နေလား၊ မီးပွိုင့် ၀ါနေပြီလား၊ လူကူးနေလား၊ လမ်း နှစ်ခွဖြစ်သွားပြီလား စသည်တို့ကို သိနိုင်ဖို့ရာ၊ သင့်လျော်သလို ဆောင်ရွက်ဖို့ရာ မိမိမော်တော်ယာဉ်၏ ရှေ့တူရူသို့ ကြည့်ရပေမည်။

မောင်ရဲမွန်တစ်ယောက် ကြောင်တောင်တောင်နဲ့ ဒီလောက်ရိုးစင်းတဲ့ သဘာဝကို ဘလောက်ရေးနေရလား လို့ တွေးနေပြီလား။ ဒါမှ မဟုတ် ချက်ပြန်ပြီဟဲ့ … ဆား လို့ ထင်နေလား။ မဟုတ်ရပါ။ သိလိုက ဆက်လက်ရှု …

ဒီလအတွင်းမှာ ဗမာတို့အဖို့ မမေ့နိုင်သော အတိတ်ကအရိပ် များစွာရှိသည်။ အမှတ်တရ စာ၊ ကဗျာတွေ ရေးကြသည်။ ဓါတ်ပုံ၊ မှတ်တမ်းများ ဝေမျှကြသည်။ လူကြီးများက လူလတ်များကို၊ လူလတ်များက လူငယ်များကို လက်ဆင့်ကမ်းစကား မှာကြားကြသည်။ မမေ့လျော့သင့်သည်ကို မမေ့တာ ကောင်းပါသည်။ တမ်းတတတ်ခြင်းသည်လည်း အပြစ်မဆိုသာ။

သို့ရာတွင် သီပေါမင်းသာ ပါတော်မမူခဲ့လျင်၊ ဗိုလ်ချုပ်သာ မကျဆုံးခဲ့လျင်၊ အာဏာသိမ်းမှုများ မရှိခဲ့လျင်၊ ကျောင်းသားသမဂ္ဂကြီး ဖြိုချမခံခဲ့ရလျင်၊ တိုင်းရင်းသားများ ညီညွတ်ခဲ့လျင် … စသည့် လျင်ပေါင်းများစွာ နှင့် အတိတ်၏ အရိပ်အောက်မှာ နေထိုင်နေကြရင်ဖြင့် ကျွန်တော်တို့ တတွေ နောက်ကြည့်မှန်ကို ကြည့်၍ ကားမောင်းနေသည် နှင့် တူပေမည်။ ဒါတွေကို တချိန်လုံး ပြန်လှည့်ကြည့်နေရုံဖြင့် ရှေ့မှာ ဘာတွေဖြစ်နေလဲ ဘယ်ကွေ့မှာ ဘယ်တက်နဲ့လှော်ရမလဲ ဆိုသည်များကို တွေးတော ကြံဆချိန်ရမည် မဟုတ်ပေ။

ဒါဆိုရင် အတိတ်က သင်ခန်းစာ မယူတော့ဘူးလား ဟု မေးလာစရာရှိသည်။ သင်ခန်းစာယူပါ။ ယူရပါမည်။ ယူကို ယူသင့်ပါသည်။ ထို့ပြင်တ၀ သတိရပါ၊ တမ်းတပါ၊ လွမ်းလို့လည်း ရပါသေးသည်။ ဒါထက်ပိုပြီး လုပ်သင့်တာက လက်ရှိအနေအထားကို သုံးသပ်ဖို့ ရှေ့ရေးကိုတွေး ပြင်ဆင်ဖို့ပင်ဖြစ်သည်။

ဗိုလ်ချုပ်ရယ် … ဗိုလ်ချုပ် ကျဆုံးတာ အနှစ် ၆၀ ရှိပေမယ့် တစ်နေ့မှ မေ့လို့မရပါ။ နှစ်စဉ်နှစ်တိုင်း ဒီနေ့ ဒီအချိန် ရောက်ရင်ဖြင့် အလှူဒါနပြုကြ၊ စာစီစာကုံးပြိုင်ကြ၊ ဗိုလ်ချုပ်ရဲ့ မိန့်ခွန်းတွေ နားထောင်ကြနှင့် အားလုံးရင်ထဲ ပူဆွေးတမ်းတကြပါသည် … ဟု ဆိုခဲ့လျင် တမလွန်မှ ဗိုလ်ချုပ်က …

… ခင်ဗျားတို့တွေ ကျုပ်ပြောခဲ့တဲ့ မိန့်ခွန်းတွေထဲက ဘယ်နှစ်ချက်ကို လက်တွေ့ ကျင့်သုံးကြပြီးပြီလဲ …

ဟု တစ်ခွန်းသာ ပြန်မေးပေလိမ့်မည်။

Read More...

Saya Zarrrrrrrrr

၁၇၊ ၇၊ ၂၀၀၇


ဆရာစား

  • တစ်ကွက်တော့ ချန်ထားမှပဲ မဟုတ်ရင် ငါ့ကို ကျော်ရိုက်သွားလိမ့်မယ်
  • ဆရာစား တော့ ချန်ထားကိုယ့်လူ မဟုတ်ရင် မင်းတပည့်က မင်းကို တက်နင်းသွားလိမ့်မယ်
  • ဟင်းစားသာပေးလိုက် မောင်ရင် ( ဘလောက်ဂါ မောင်ရင်ကို ပြောခြင်းမဟုတ် ) ကွန်ချက်တော့မပြနဲ့

ရင်းနှီးပြီးသား စကားလုံးလေးတွေ ဟုတ်။ ဒီလို စိတ်ဓါတ်တွေကပဲ ကျွန်ုပ်တို့ နိုင်ငံရဲ့ တိုင်းရင်းဆေးပညာများ တိမ်ကောလာရခြင်း၊ လူနေမှုအဆင့်အတန်းများ နိမ့်ကျလာရခြင်း၏ အကြောင်းရင်း တစ်ရပ်ပေပဲလား။ သံတူကြောင်းကွဲ ကိုယ်တွေ့လေးများလည်း ရှိသေးသည်။

ကျွန်ုပ် မဟာဘွဲ့ တက်ရန် ကြံစဉ်နေစဉ်အခါကဖြစ်သည်။ ပညာသင်ဆု ရဖူးသော မြန်မာ ပညာရှင်တစ်ယောက်ကို ချဉ်းကပ်၍ မည်သို့မည်ပုံ ကျိုးစားလျင် ရနိုင်ပါမည့်အကြောင်း မေးဖူးသည်။ ပြန်ဖြေသည်မှာ ... ဒီလိုပါပဲ လျောက်လိုက်တာ သူ့အလိုလို ရလာတာပဲ ... ဆိုတာကလွဲလို့ ဘာမှ ထပ်မထွက်လာပါ။

ဆေးကျောင်းမှာတုန်းကလည်း ရင်းနှီးသော စာတော်သည့် သူငယ်ချင်းတစ်ယောက် ရှိဖူးသည်။ သူ့ရှိသည့် မှတ်စုများကို ကျွန်ုပ်ကို ဝေမျှရှာသည်။ တခြား ဘယ်သူ့မှ မပေးရဖူး ... ဟု ခံဝန်ချက်တစ်ခုနှင့်ပေါ့။ သြော် ... တစ်ခြားဆေးကျောင်းသားတွေ ဆေးပညာ ပိုတတ်သွားရင် လူနာတွေ ရောဂါမြန်မြန် ပျောက်သွားမှာ စိုးလို့ထင့်။

နောက်တစ်ခါ ပညာသင်ဆု လျောက်လွှာလိုချင်၍ မိတ်ဆွေ တစ်ဦးထံ တောင်းမိပါသည်။ Diskette ( ရှေးခေတ် ကွန်ပျူတာများတွင် အချက်အလက်များ မှတ်ရာ၌ အသုံးပြုသော လက်တစ်ဝါးစာအရွယ် ပလတ်စတစ်ပြား ) တွင်ထည့်၍ တိုးတိုးတိတ်တိတ် ပေးလေသည်။ ပြီးတော့ ပြောသေးသည်။ တခြားလူတွေကို မပေးနဲ့နော် ... တဲ့။ တကယ်တော့ အင်တာနက် ( အဲဒီအချိန်က pre-Bagan era ပုဂံ ဆိုင်ဘာတက်တောင် မပေါ်သေးသောကာလ ) သာရှိလျင် မည်သူမဆို ဒေါင်းလုပ် လုပ်လို့ ရနိုင်သည့် ဖိုင်ဖြစ်သည်။

Information is Power လို့ လူတွေပြောကြသည်။ ဟုတ်မှာပါ။ သိတာတွေကို လျှိုထားတတ်တဲ့ လူမှုအသိုင်းအ၀ိုင်းမှာ သတင်းအချက်အလက်တွေ ရှိနေ၊ သိနေသူတွေက တန်ခိုးထွားကြပေတာကိုး။ အင်တာနက်ကို လူတိုင်း လွယ်လွယ်ကူကူ မသုံးနိုင်သေးတဲ့ အခါမှာ အင်တာနက်က အလကားရတဲ့ သတင်းကို ငွေနဲ့ပြန်ရောင်းလို့ ရနေတယ်လေ။

တစ်ယောက်ကို တစ်ကွက်လောက်ပဲ ချန်တာပါပဲ။ ဒါပေမယ့် မျိုးဆက် ၄ ဆက်လောက်လဲ ကျရော သုံးမရတဲ့ အကွက်တွေပဲ ကျန်လေတော့တယ်။ ကွန်ချက်မပြခဲ့တဲ့ အဖေတံငါ သေရွာသွားတော့ သားတွေ ငတ်ရောပေါ့။ တပည့်ကို အကုန်သင်မပေးတဲ့ ဆရာ နေမကောင်းတဲ့အခါ စင်္ကာပူ သွားကုရတော့မှာပေါ့။

နောက်မျိုးဆက်သာ တိုးတက်ပါစေ။ ကျွန်ုပ်ကတော့
ကွန်ချက်လည်းပြမယ်။
အကွက်လည်း အကုန်ပြောမယ်။
တက်နင်းသွားမယ်ဆိုလဲ ခံလိုက်ပါမယ်။


Read More...

Sunday, July 15, 2007

I can't type Burmese

၁၅၊ ၇၊ ၂၀၀၇

ဗမာလို မရိုက်တတ်ဘူး ... တဲ့

အင်တာနက်မှာ ဖြစ်ဖြစ်၊ အီးမေးလ်မှာ ဖြစ်ဖြစ်၊ ဘလောက်မှာ ဖြစ်ဖြစ် ဗမာလို ရေးပါလားလို့ အကြံပြုလိုက်ရင် ကြားနေကျ တုန့်ပြန်သံလေးတွေကတော့
  • “ဗမာလို မရိုက်တတ်ဘူး”
  • “ဗမာလို ရိုက်ရတာ နှေးတယ်”
  • “ဗမာဖောင့် မရှိဘူး”
အဲလိုပြောမှ ခေတ်မီတယ်များထင်နေလားမသိဖူး။ ဗမာလို ရိုက်တာများ လွယ်ပါတယ်။ နံပါတ်ဒုတ်ကို ဘယ်ညာရမ်းလို့ အုတ်ဆက်ကွဲအောင် လွှဲလိုက်ရုံပ။ အဲ ... နောက်တာပါ။

ကျွှန်ုပ်တို့ အများစုမှာ အသက် အတန်ငယ် ကြီးသည်အထိ ကွန်ပျူတာနဲ့ မရင်းနှီးပါ။ စတင်ရင်းနှီးချိန်တွင်လည်း အင်္ဂလိပ် ကီးဘုတ်သာ အသုံးများကြပါတယ်။ နောက်ပိုင်း ဗမာတွေ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းပြီး ဗမာကွန်ပျူတာ စာလုံးတွေထွင် ပရိုဂရမ်တွေ ထွင်လာကြတဲ့ အထိပေါ့။

ဒါတောင်မှ ပြဿနာက ကွန်ပျူတာသုံး မြန်မာ အတော်များများဟာ ဗမာစာကို မရိုက်တတ်ကြပါ။ မရိုက်တတ်ဖူး ဆိုတာထက် မလေ့ကျင့်ချင် မသင်ချင်ဘူးလို့ ပြောရပါလိမ့်မယ်။ ဘာလို့လဲ ဆိုတော့ ဒီနေ့ ဒီအချိန်မှာ ဗမာလို ကွန်ပျူတာ ရိုက်နေသူတွေဟာ မွေးလာတုန်းက ဗမာကီးဘုတ်ဖက်ပြီး မွေးလာသူများ မဟုတ်ကြပါ။ ထို့အတူ အင်္ဂလိပ်လိုသာ ကွန်ပျူတာ ရိုက်တတ်သော မြန်မာ့သားကောင်း သမီးပျိုများ ဟာလည်း အင်္ဂလိပ်ကီးဘုတ်ကိုဖက်ပြီး မွေးမလာပါ။ အဲလိုသာမွေးရိုး မှန်ရင်တော့ ကျွန်ုပ်ရဲ့ မွေးသမိခင် တော်တော် ဒုက္ခရောက်ပါမယ်။ ( ကျွန်ုပ်က ဗမာလိုရော အင်္ဂလိပ်လိုရော ကျွမ်းကျွမ်းကျင်ကျင် ရိုက်တတ်လေတော့ ကီးဘုတ် နှစ်ခု ကိုင်ပြီး မွေးလာရမှာကိုး )

ဘယ်သူကများ မွေးကတည်းက တတ်လာလို့ပါလဲ။ လေ့လာပါ။ ကျင့်ပါ။ မဟုတ်ရင် ဒီအင်တာနက် ခေတ်ကြီးမှာ စကားမပြောတတ်တဲ့ အ အ ကဲ့သို့သာရှိပါမယ်။ ဗမာလို ကွန်ပျူတာ မရိုက်တတ်လို့ကတော့ မြန်မာနိုင်ငံသားတွေကို မိမိတို့ရဲ့ နိုင်ငံတကာ စံချိန်မီ ပညာတွေ၊ အတွေ့အကြုံတွေ၊ ဘယ်လိုများ မျှဝေနိုင်ပါ့မလဲ။ မိမိသိတာတွေကို မျှဝေချင်စိတ် မရှိသူများ အတွက်တော့ အထူးတလည် တိုက်တွန်းမနေတော့ပါ။ မျှဝေချင်သူများကိုတော့ နည်းနည်း ထပ်ပြောလိုသည်။

ရှေးပဝေဏီက ရုံးများတွင် လက်နှိပ်စက်စာရေး ဆိုသူများ ခန့်ထားခဲ့ဖူးပေသည်။ ယနေ့ခေတ် တိုးတက်သော အခါသမယတွင် ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ရိုက် ဖြစ်လာပါသည်။ စီအီးအိုများ၊ ညွှန်ချုပ်များလောက်သာ လက်နှိပ်စက်စာရေး ရှိတော့သည်။ ထို့ကြောင့် မြန်မာ စီအီးအိုများ ဒီ စာပိုဒ် နှင့် အကျုံးမ၀င်ပါ။

ရုံးကွန်ပျူတာများတွင် ပရိုဂရမ် အသစ် ထည့်ခွင့်မပြုသည်မှာ မှန်ပါသည်။ ရုံးတိုင်း ဤသတ်မှတ်ချက်မျိုး ရှိတတ်ကြသည်။ အကြောင်းရင်းကို လိုက်ကြည့်ရအောင်။ (၁) ဗိုင်းရပ် ကူးမှာစိုး၍ (၂) မူပိုင်ခွင့် နှင့် ပတ်သက်၍ ကုမ္ပဏီ တရားစွဲခံရမှာ စိုး၍ ဟု နှစ်မျိုးတွေ့သည်။ ထို့ကြောင့် မိမိ၏ ဗမာဖောင့် ပရိုဂရမ်မှာ ဗိုင်းရပ်ကင်းစင်ကြောင်းနှင့် မူပိုင်ခွင့် ပြဿနာ မရှိကြောင်း ဖော်ပြနိုင်လျင် ရုံးကွန်ပျူတာ ဖြစ်စေကာမူ ဗမာဖောင့် သွင်း၍ ရနိုင်ပါသည်။

စာရှုသူများ ဒုံးမဝေးပါ။
ဥစ္စာရင်လို ဥစ္စာရင်ခဲ
လိုလျင်ကြံဆ နည်းလမ်းရ
တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ် ဖြစ်ရမည်
ဆိုသည့်စကားပုံများ အလကားပေါ်လာသည်မဟုတ်။

မြန်မာလူမျိုးဖြစ်ပြီး တိုင်းတပါး ဘာသာစကားကိုတော့ ကျွမ်းကျွမ်းကျင်ကျင် ရိုက်တတ်ကာ ဗမာစာကိုတော့ မရိုက်တတ် ဟု ဆိုခြင်းမှာ ရှက်တတ်သူဆိုလျင် . . .

သိလိုသည်များ ရှိပါက မြန်မာဘလောက်လောက ကို တစ်ခါတစ်ခေါက်လောက် လာလေ့လာလှည့်ပါ။ ဗမာလို ရိုက်တတ်ရန် လိုအပ်တဲ့ အကြံဥာဏ်များ စုံစိနေအောင် ရပါလိမ့်မယ်။
ဗမာပြည်သည် ဒို့ပြည်
ဗမာစာသည် ဒို့စာ
ဗမာစကားသည် ဒို့စကား

ဒို့ပြည်ကို ချစ်ပါ
ဒို့စာကို ချီးမြှင့်ပါ
ဒို့စကားကို လေးစားပါ

ပြီးတော့ . . .

ဘလောက်ကို ဗမာလို ရေးပါ

Read More...

Saturday, July 14, 2007

The Request

Many Burmese public health professionals are preaching contemporary public health practices and saving lives all over the world while many more professionals back home are sweeping the corners where they are.

Unfortunately,

  • these two groups rarely met
  • their experiences rarely exchanged
  • their invaluable wisdom rarely conveyed
What a waste.

These days, blogs have become the media of choice for connecting people and sharing information. Increasing number of breaking news reach their audience through blogs bypassing traditional mass media; TV, Radio, and Newspapers.

Thus, we would like to use this efficient media; blog, and provide a venue to present and discuss public health issues being faced in Myanmar and potential solutions for them. This blog will also serve as a place to share new breakthroughs in international public health arena. In order to reach wider audience, Burmese (Myanmar) language will mainly be used with occasional English language postings.

This is a sample blog just to demonstrate how the real blog will look like. Blog name and address provided here is a temporary one. A "real" blog will be developed based on this template and an appropriate blog address and name will be given.

I humbly request you - a Myanmar public health professional - to participate in this joint blog if you could provide at least two message postings per month.

sincerely,
Ye-Mon

note:
Please leave your name and contacts in the comment if you are interested to participate in this endeavor.

Read More...

Changing Skin


ဘာရယ်တော့ မဟုတ်ပါဘူး။ အပြောင်းအလဲလေးပေါ့။ ကော်ဖီပူလေး သောက်လိုက်ပါဦး။ မှတ်ချက်လေးများလဲ ထားသွားပေးပါ။ ကျေးဇူး။

Read More...

Friday, July 13, 2007

Taking courses for Audit and Credit

၁၃၊ ၇၊ ၂၀၀၇

အောဒစ် နှင့် ခရက်ဒစ်

ပြုစုသူ။ ။ ရဲမွန်မြင့်

ဝန်ခံချက်
ပြုစုသူ၏ ကိုယ်ပိုင်အတွေ့အကြုံ နှင့် ဘလွန်းဘတ် ပြည်သူ့ကျန်းမာရေးကျောင်း (Johns Hopkins Bloomberg School of Public Health) ၏ သတ်မှတ်ချက်များအပေါ် အခြေခံ ရေးသားခြင်းဖြစ်သည်။ ကျောင်း၊ ဘာသာရပ်အလိုက် ကွဲပြားမှုများ ရှိနိုင်ကြောင်း သတိချပ်ပါ။ လက်ရှိအနေအထားနှင့် လိုအပ်ချက်များကို သိရှိလိုပါက သက်ဆိုင်ရာ ကျောင်း၊ ဌာနများ၏ ၀က်ဆိုဒ်များကို လေ့လာဖတ်ရှုပါရန် တိုက်တွန်းလိုသည်။ ဤရေးသားချက်များမှာ နိဒါန်းသဘောမျှ ပြောပြလိုခြင်းသာဖြစ်သည်။

မိတ်ဆက်
ပြည်သူ့ကျန်းမာရေးမဟာဘွဲ့ တက်ရာတွင် မဖြစ်မနေ ယူရမည့်ဘာသာရပ်များ (Required Courses) ရှိသလို စိတ်ကြိုက်ယူနိုင်သော ဘာသာရပ်များ (Elective Courses) လည်း ရှိကြောင်းပြောခဲ့ပြီးဖြစ်သည်။ ထိုကဲ့သို့ ဘာသာရပ်များကို ရွေးချယ်နိုင်သလို ဘာသာရပ်တစ်ခုချင်းစီကို သင်ယူရာတွင် အောဒစ် (Audit) အနေဖြင့် ယူမည်လော သို့မဟုတ် ခရက်ဒစ် (Credit) အနေဖြင့် ယူမည်လော ဆိုသည်မှာ ကျောင်းသား၊သူ များ ဆုံးဖြတ်ရမည့် ကိစ္စ တစ်ခုပင်ဖြစ်သည်။ အရွေးအချယ်မှားလျင် နောက်ပိုင်း ဆက်လက်သင်ယူမည့် ဘွဲ့များ၊ သင်တန်းများတွင် အခက်အခဲ ရှိနိုင်သည်။

အောဒစ် (Audit) ဆိုသည်မှာ
လေ့လာလိုသည့် သဘောဖြင့် အတန်းသွားတက်ခြင်းကို ဆိုလိုသည်။ အိမ်စာများ၊ ကြိုတင်လေ့လာရန် စာတမ်းများကို လုပ်ဆောင်ရန် မလိုပေ။ အဖွဲ့လိုက် လုပ်ဆောင်ရသည့် စာတမ်းများ (Group work) တွင်လည်း တာဝန် သိပ်မယူရပေ။ ဆရာက ခွင့်ပြုဖို့တော့လိုသည်။ ကျောင်းလခ ပေးရန်မလို။ ထို့ကြောင့် ကျောင်းအနေဖြင့် ဤကျောင်းသားမျိုးအတွက် ၀င်ငွေမရပေ။
အားသာချက်
  • မိမိအနေဖြင့် ဘာသာရပ်တစ်ခုအကြောင်းကို လေ့လာလိုသည်။ အကြမ်းဖျဉ်းသိလိုသည်။ သို့သော် အိမ်စာလုပ်ရန် နှင့် စာလိုက်ဖတ်ရန် အချိန်မပေးနိုင်ပါက အောဒစ် အနေဖြင့်တက်လျင် အဆင်ပြေသည်။
  • ပွင့်ပွင့်လင်းလင်း ပြောရလျင် သူများ ဒီဘာသာရပ်အကြောင်းပြောနေလျင် နည်းနည်း လိုက်ရွှီး နိုင်သည်။ ဘာတွေပြောနေလဲ ဆိုတာ နားလည်သည်။ နှိုက်နှိုက်ချွတ်ချွတ် မေးလာလျင်ကား ကျွန်တော်၊ ကျွန်မ စာအုပ်ပြန်ကြည့်ပေးပါမည် ဟု ပြောရပေတော့မည်။
အားနည်းချက်
  • သင်ကြားသည့်ဆရာက ဒီကျောင်းသားဟာ မိမိဘာသာရပ်ကို အာပလာ ထင်ပြီး အပျော်လာတက်သည်ဟု ယူဆကာ သိပ်မကြိုက်လှ။ ဒါကလည်း ဆရာပေါ်မူတည်သည်။ လူတက်နည်းသော အတန်းတွင် မိမိက အောဒစ်ယူမည် ဆိုလျင်ပင် ဈေးသည် နမူနာပေးသည့် သဘောဖြင့် ဆရာက လိုလိုချင်ချင် လက်ခံတတ်သည်။ နောင်အခါ ခရက်ဒစ်ယူသည့် ကျောင်းသား ဖြစ်လာနိုင်သည် မဟုတ်လော။
  • မိမိ၏ အနီးကပ်ကြည့်ကြပ်သောဆရာ (Academic adviser) ကလည်း ဒီကျောင်းသားကတော့ဖြင့် စာကို ထဲထဲဝင်ဝင် မလေ့လာချင်ဘူးဟု အမြင်ရောက်စေသည်။ ထိုသို့မြင်လျင် နောက်နောင် ထိုဆရာထံမှ ထောက်ခံစာ တောင်းခံရာတွင် ပြဿနာ ရှိလာနိုင်သည်။
  • နောက်ပိုင်းတွင် ထိုဘာသာရပ်ကို ပိုပြီး စိတ်ဝင်စားလာကာ ထိုဘာသာနှင့် ဆက်စပ်သော အခြားအတန်းများကို ဆက်တက်ချင်လာမည်။ သင်တန်းလက်မှတ် (Certificate) ရအောင် သို့မဟုတ် ဘွဲ့ (Degree) ရအောင် ဆက်သွားမည်ဆိုလျင် အောဒစ် အနေဖြင့် တက်ထားခြင်းက မလုံလောက်ပါ။ ထိုအတန်းကိုပင် ခရက်ဒစ်အနေဖြင့် ပြန်လည်တက်ရပေမည်။ ယေဘူယျအားဖြင့် အတန်း (Course) တစ်ခုမှာ တစ်နှစ်လျင် တစ်ခါမျှသာ သင်ကြားသဖြင့် နောက်နှစ် ဒီအချိန်ရောက်သည်အထိ ပြန်လည် စောင့်စားရတတ်သည်။ ထိုအခါ အချိန် အလွန်ပုတ်ပါသည်။

ခရက်ဒစ် (Credit) ဆိုသည်မှာ
အတန်း (Course) တစ်ခုကို ပီပီပြင်ပြင် လေ့လာခြင်းပင်။ ဖတ်စရာရှိသည်များကို ဖတ်မည်၊ အိမ်စာလုပ်စရာရှိလုပ်မည်၊ အတန်းထဲတွင် ဦးဆောင်ဆွေးနွေးစရာရှိ ဆွေးနွေးမည်၊ အဖွဲ့လိုက် လုပ်ဆောင်စရာ ရှိသည်များတွင် မျှမျှတတ တာဝန်ယူမည်၊ စာမေးပွဲ ဖြေမည်
အစရှိသည်တို့ဖြစ်သည်။ ခရက်ဒစ်တွင်ပင် နှစ်မျိုးခွဲ ၍ ရနိုင်သေးသည်။
  1. အောင်၊ရှုံး (pass/fail) နှင့်
  2. ဂရိတ် (letter grade) တို့ဖြစ်သည်။
အောင်၊ရှုံး ဆိုသည်မှာ
စာမေးပွဲ (သို့) စာတမ်း လုပ်ဆောင်ပြီးလျင် ဤဘာသာရပ်ကို အောင်မြင်သည်၊ ကျရှုံးသည်ဟု သာ ထုတ်ပြန်ပေးသည်။ ရရှိသည့် အမှတ် အတိအကျကို မပြောပေ။

ဂရိတ် ဆိုသည်မှာ
စာမေးပွဲ (သို့) စာတမ်း လုပ်ဆောင်ပြီးလျင် အမှတ်မည်မျှ ရသည်ဟု ထုတ်ပြန်ပေးသည်။ သို့ရာတွင် ဂရိတ်ပေးပုံ ပေးနည်းမှာ ကျွန်တော်တို့ ရန်ကုန်ရှိ ဆေးတက္ကသိုလ်တွင် အမှတ်ပေးပုံနှင့် အနည်းငယ် ကွာခြား၍ နည်းနည်း ရှင်းလင်းလိုသည်။

ရန်ကုန်တွင် အမှတ် ၁၀၀ ပေးရာ၌် မိမိက မည်မျှရသည်ဟု ပြောသည်။ ထို့နောက် ရမှတ် ၉၀ ကျော်လျင် ဂရိတ်အေ (Grade-A) ရမှတ် ၈၀ မှ ၉၀ ကြား ရလျင် ဂရိတ်ဘီ (Grade-B) စသည်ဖြင့် ခွဲခြားလေ့ရှိသည်။ ထို့ကြောင့် အချို့ ဘာသာရပ်များ (ဥပမာ - မြန်မာစာ) ဆိုလျင် အမှတ် ၉၀ ကျော်သူ မရှိသလောက်ရှားရကား ဂရိတ်အေ ရသူ လုံးဝမရှိသည့် နှစ်များပင်ရှိသည်။

ဂျွန်စ်ဟော့ပ်ကင်း၏ အမှတ်ပေးပုံမှာ အမှတ် ၁၀၀ တွင် ဤကျောင်းသား မည်မျှရသည် ဆိုသည်အထိ ရန်ကုန်ကျောင်းနှင့် အတူတူပင်။ သို့ရာတွင် ဂရိတ်ခွဲပုံကွာခြားသည်။ ယခုနှစ် တက်သည့် ကျောင်းသားအားလုံးထဲမှ အမှတ်အများဆုံး ရသည့် ၁၀ ရာခိုင်နှုန်းသည် ဂရိတ်အေ (Grade-A) ရရှိပြီး ဒုတိယ အမှတ်အများဆုံး ကျောင်းသား ၁၀ ရာခိုင်နှုန်းက ဂရိတ်ဘီ (Grade-B) ရရှိလေသည်။ (မှတ်ချက်။ ။ ချွင်းချက်ရှိသော ဘာသာရပ်များ ရှိသည်။) တစ်ခါတစ်ရံ မေးခွန်းခက်သဖြင့် အမှတ်အများဆုံး ကျောင်းသားပင် ရမှတ် ၈၅ ခန့်သာ ရရှိသည် ဆိုပါစို့ ထိုကျောင်းသားသည် ရန်ကုန်မှ အမှတ်ပေးစနစ် အတိုင်းဆိုလျင် ဂရိတ်ဘီ ဖြစ်နေပေမည်။ သို့ရာတွင် ဂျွန်စ်ဟော့ပ်ကင်း ဂရိတ်သတ်မှတ်ပုံအရ ထိုကျောင်းသားမှာ ဂရိတ်အေ ကျောင်းသားပင်ဖြစ်သည်။ အနှစ်ချုပ်ရလျင် ဂရိတ်အေ (Grade-A) ဆိုသည်မှာ အတန်းထဲရှိ အမှတ် အများဆုံး ကျောင်းသား ၁၀% တွင် ပါဝင်သည်ဟု ဆိုလိုရင်းဖြစ်သည်။
အောင်၊ရှုံး (pass/fail)
အားသာချက်
  • စာအများကြီး ဖတ်ရန်မလို။ အောင်ရုံလောက်သာ ဖတ်ရန်လိုသည်။
  • အချိန်သိပ်မကုန်။
  • စာကို အော်ဒစ်ယူသည်ထက် ပိုနားလည်နိုင်။
  • ဘွဲ့(Degree) သို့မဟုတ် သင်တန်းလက်မှတ် (Certificate) ရရှိရန်လုံလောက်နိုင်သည်။ (မှတ်ချက်။ ချွင်းချက်များရှိသည်ကို သတိပြုပါ။)
  • အောင်၊ရှုံး သိရသဖြင့် မိမိ တကယ် သိမသိကို စမ်းစစ် ပြီးသားဖြစ်သည်။
အားနည်းချက်
  • တစ်ခါတစ်ရံ ဘွဲ့(Degree) သို့မဟုတ် သင်တန်းလက်မှတ် (Certificate) ရရှိရန် မလုံလောက် သဖြင့် ဂရိတ် (letter grade) အနေဖြင့် ထပ်မံ တက်ရသည်မျိုး ဖြစ်နိုင်သည်။ အချိန်ပုတ်သည်။
  • အလကား မရ။ ကျောင်းလခ ပေးရန်လိုသည်။
  • အနီးကပ်ကြည့်ကြပ်သောဆရာ (Academic adviser) က မကြည်မဖြူဖြစ်နိုင်သည်။ (မှတ်ချက်။ ဆရာပေါ်မူတည်။ ပုံသေမမှတ်ပါနှင့်။)
ဂရိတ် (letter grade)
အားသာချက်
  • ဘာသာရပ်ကို ထဲထဲဝင်ဝင် လေ့လာမိသည်။
  • မိမိ ဘယ်လောက် နားလည်သလဲ ဆိုသည်ကို စမ်းစစ်ပြီးသားဖြစ်သည်။
  • ဘွဲ့(Degree) သို့မဟုတ် သင်တန်းလက်မှတ် (Certificate) ရရှိရန်လုံလောက်သည်။ (မှတ်ချက်။ လိုအပ်သော ဂရိတ်ရရန် အရေးကြီးသည်။ ဂရိတ်စီ (Grade-C) ရနေပါက သိပ်မကောင်းပေ။ ထိုအတန်းကို ပြန်တက်ရတတ်သည်။)
  • ဂရိတ်ကောင်းလျင် အနီးကပ်ကြည့်ကြပ်သောဆရာ (Academic adviser) ရှေ့တွင် မျက်နှာပန်းလှသည်။ အလုပ်လျောက်ရန် ထောက်ခံခိုင်းလျင် အားသာသည်။
အားနည်းချက်
  • အချိန်တော်တော် ပေးရသည်။
  • ဂရိတ်ကောင်းကောင်း ရမှ ရပါ့မလားဟု စိတ်ပူပန်ရသည်။
  • အလကား မရ။ ကျောင်းလခ ပေးရန်လိုသည်။
ဤဆောင်းပါးနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းလိုပါက
Myanmar Development Community Forum (MDCF) တွင် လာရောက် မေးမြန်းပါရန် ဖိတ်ခေါ်အပ်ပါသည်။

"ကြိုတင်ပြင်ဆင်အောင်ပွဲဝင်"

အားလုံး အဆင်ပြေကြပါစေ။
မောင်ရဲမွန်

Read More...

Wednesday, July 11, 2007

Byine-1

၁၁၊ ၇၊ ၂၀၀၇


ဗျိုင်း (၁)
တောင်းထဲထည့် ခေါင်းပေါ်ရွက်ရောင်းသည့်အရာ

အမေရိကားရောက် မြန်မာမိသားတစ်စု၏အိမ်တွင် မြန်မာအများ စုဆုံကြစဉ်ကဖြစ်သည်။ မြန်မာနိုင်ငံတွင် တက္ကသိုလ် တတိယနှစ်အထိတက်ပြီး အကြောင်းကြောင်းကြောင့် အမေရိကားရောက်လာသူ လူငယ်တစ်ဦးနှင့် အခြား လူကြီးတစ်ဦးတို့ စကား လက်ဆုံကျနေကြသည်။

လူကြီး။ ။ အေးကွာ ဦးလည်း ဒီရောက်နေတာ အနှစ်သုံးဆယ်လောက် ရှိပြီ။ မြန်မာပြည်ကိုတော့ အရမ်းသတိရနေတုန်းပဲ။
လူငယ်။ ။ ဟုတ်တယ် အန်ကယ်ရာ ကျွန်တော်လည်း အရမ်းသတိရတာပဲ။ အထူးသဖြင့် အစားအသောက်ပေါ့။
လူကြီး။ ။ မောင်ရင်က ဘယ်အစားအသောက်ကို ပိုသတိရလဲ။
လူငယ်။ ။ (ခေါင်းအနည်းငယ်ကုတ်၍) ဟိုလေ . . . ဟိုဟာ . . . အန်ကယ်ရာ . . . ခေါင်းပေါ်မှာ တောင်းနဲ့ရွက်ပြီး မနက်မနက်ဆို လာရောင်းတဲ့ ဟာလေဗျာ။ ကျွန်တော် ပါးစပ်ဖျားတင် မေ့နေတယ်။
လူကြီး။ ။ (မျက်မှောင်ကျုပ်လျက်) နေပါဦး မောင်ရင်ရဲ့ ပဲပြုတ် ကိုပြောတာလား။
လူငယ်။ ။ အား . . . သက်စ်ရိုက် . . . ဟုတ်တယ် . . . ဟုတ်တယ်။ ပဲ . . ပြုတ် ။ ပဲ . . ပြုတ် . . . ဟု ပြန်မမေ့ရန် ဆီမန်းမန်းသကဲ့သို့ တတွတ်တွတ် ရေရွတ်နေလေတော့သည်။

Read More...

Tuesday, July 10, 2007

MPH in Johns Hopkins (2007)

၁၀၊ ၇၊ ၂၀၀၇


ပြည်သူ့ကျန်းမာရေး မဟာဘွဲ့ (အချိန်ပြည့်သင်တန်း)
ဘလွန်းဘတ် ပြည်သူ့ကျန်းမာရေးကျောင်း
ဂျွန်စ်ဟော့ပ်ကင်း တက္ကသိုလ်
မေရီလန်းပြည်နယ်၊ အမေရိကန်ပြည်ထောင်စု

Master of Public Health (MPH – Full Time)
Bloomberg School of Public Health
Johns Hopkins Unviersity
Maryland, USA

ပြုစုသူ ။ ။ ရဲမွန်မြင့်

ဝန်ခံချက်
ဤဆောင်းပါးမှာ ပြုစုသူ၏ ကိုယ်ပိုင် အတွေ့အကြုံ နှင့် အင်တာနက်ရှိ အချက်အလက်များပေါ် အခြေခံ၍ ရေးသားထားခြင်းဖြစ်ပြီး အထက်ဖော်ပြပါ တက္ကသိုလ်၏ တရားဝင် ဘာသာပြန်ဆိုမှု မဟုတ်ကြောင်းသိစေအပ်ပါသည်။
ကျောင်းအကြောင်း
ဂျွန်စ်ဟော့ပ်ကင်း တက္ကသိုလ်၏ ပြည်သူ့ကျန်းမာရေး သင်တန်းကျောင်းသည် ကမ္ဘာပေါ်တွင် ပထမဆုံး တည်ထောင်သော သင်တန်းကျောင်းဖြစ်သည်။ နိုင်ငံပေါင်း ၈၃ နိုင်ငံမှ ကျောင်းသား၊ ကျောင်းသူပေါင်း ၂၀၀၀ ကျော်ခန့် တက်ရောက် ပညာသင်ကြားလျက်ရှိပြီး မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံပေါင်း ၉၀ ကျော်တွင် သုတေသန လုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည်။ ၂၀၀၇ ခုနှစ်တွင် U.S. News & World Report က အမေရိကန်နိုင်ငံရှိ ပြည်သူ့ကျန်းမာရေး သင်တန်းကျောင်းများတွင် နံပါတ်-၁ အဆင့်ရှိသည်ဟု သတ်မှတ်ခံရပါသည်။ ဟားဗတ်တက္ကသိုလ် နှင့် မြောက်ကာရိုလိုင်းနားတက္ကသိုလ် ရှိ ပြည်သူ့ကျန်းမာရေး သင်တန်းကျောင်းများက နံပါတ်-၂ နှင့် ၃ နေရာတွင် အသီးသီး ရှိကြသည်။

သင်တန်းအကြောင်း
မိတ်ဆက်
ပြည်သူ့ကျန်းမာရေး ပညာရပ်အောက်တွင် ဘာသာခွဲပေါင်းများစွာ ရှိပြီး ၄င်းဘာသာခွဲများကို ဌာနများအဖြစ် စုစည်းထားသည်။ ဥပမာအားဖြင့် - ဖွံ့ဖြိုးဆဲနိုင်ငံများဆိုင်ရာ ပြည်သူ့ကျန်းမာရေး (International Health)၊ ဇီဝဗေဒဆိုင်ရာစာရင်းအင်းပညာ (Biostatistics)၊ ကူးစက်ရောဂါ ပျံ့ပွားခြင်းနှင့် ကာကွယ်ခြင်းဆိုင်ရာ ပညာရပ် (Epidemiology)၊ စိတ်ကျန်းမာရေး (Mental Health)၊ မျိုးဆက်ပွားကျန်းမာရေး (Reproductive Health)၊ စသည်တို့ဖြစ်သည်။ ပြည်သူ့ကျန်းမာရေးမဟာဘွဲ့မှာ ထိုသို့သော ဘာသာခွဲများကို ကျယ်ကျယ်ပြန့်ပြန့် ခြုံငုံ သိရှိနိုင်ရန် သင်ကြားပေးသော သင်တန်းဖြစ်သည်။ ဘာသာခွဲ တစ်ခုချင်းကို နှိုက်နှိုက်ချွတ်ချွတ် သင်ကြားပေးခြင်းမျိုးကား မဟုတ်ပေ။ ထို့ကြောင့် ဌာန တစ်ခုတည်းတွင် ပညာသင်ကြားရခြင်းမျိုးမဟုတ်ပဲ ဌာနစုံမှ သင်ကြားသော အတန်းများကို လိုက်လံ တက်ရောက်ရသည်။
သင်တန်းကာလ
ဤကျောင်းတွင် Term system ဖြင့် သင်ကြားသည်။ ဆိုလိုသည်မှာ စာသင်နှစ် တစ်နှစ်ကို ၂-လ စီ ပိုင်းခြားပြီး သင်ကြားခြင်းဖြစ်သည်။ (စကားချပ်။ အချို့ တက္ကသိုလ်များတွင် Semester system ဖြင့် သင်ကြားသည်။ စာသင်နှစ် တစ်နှစ်ကို ၄-လ စီ သို့မဟုတ် ၆-လ စီ ပိုင်းခြားပြီး သင်ကြားခြင်းဖြစ်သည်။) သင်တန်းကာလ ၁၁-လ ကို ၂-လ စီရှိ Term ၅-ခု (Summer, First, Second, Third, and Fourth) ခွဲခြားထားသည်။ ၁၁-လ ဖြစ်ရခြင်းမှာ ဇန္န၀ါရီ တစ်လ ကျောင်းပိတ်ရက် ပါသောကြောင့်ဖြစ်သည်။ အချိန်ပြည့်သင်တန်းများမှာ နှစ်စဉ် ဇူလိုင်လတွင် စတင်ပြီး မေလတွင် ပြီးဆုံးသည်။
သင်တန်းတွင် သင်ယူရမည့်ဘာသာရပ်များ
မဖြစ်မနေယူရမည့်ဘာသာများ
ဤဘာသာရပ်များမှာ မဟာဘွဲ့အတွက် မတက်မဖြစ် တက်ရမည့် ဘာသာများဖြစ်သည်။
စာတမ်းတိုပြုစုခြင်း
မဟာဘွဲ့ ရရှိရန် အထူးလိုအပ်ချက်အနေဖြင့် စာတမ်းတို တစ်စောင်ပြုစုရသည်။
စိတ်ကြိုက်ဘာသာများ
ဤဘာသာရပ်များ အနက်မှ မိမိ နှစ်သက်ရာကို ရွေးချယ် သင်ယူနိုင်သည်။
အထူးပြုကဏ္ဍ
မိမိနှစ်သက်ရာ ဌာန (သို့မဟုတ်) ကဏ္ဍ အလိုက် ဘာသာရပ် အတွဲများကို စိတ်ကြိုက် ရွေးချယ် သင်ယူနိုင်သည်။ မဟာဘွဲ့ ရရှိရန် လိုအပ်ချက်တစ်ခု မဟုတ်ပါ။
ကျောင်းဝင်ခွင့် လျောက်ထားခြင်း
လိုအပ်ချက်များ
  • ၀ိဇ္ဇာ၊ သိပ္ပံဘွဲ့ တစ်ခုခု (ဆရာဝန် ဖြစ်ရန် မလိုပါ)
  • ဘွဲ့ရပြီးနောက် လုပ်ကိုင်သော ကျန်းမာရေး နှင့်ပတ်သက်သည့် အလုပ်အတွေ့အကြုံ ၂-နှစ်
  • တက္ကသိုလ်တွင် အောက်ပါ ဘာသာရပ်များ သင်ကြားဖူးရမည်
သင်္ချာ
ဇီဝဗေဒ
ကျန်းမာရေးဆိုင်ရာဘာသာရပ် တစ်ခုခု ( အာဟာရ၊ အဏုဇီဝဗေဒ၊ ခန္ဓာဗေဒ၊ ဇီဝဗေဒ စသည် )
  • အင်္ဂလိပ်စာ (Paper-based TOEFL) အမှတ် အနည်းဆုံး ၆၀၀ ရရှိရမည်
  • ဂျီအာအီး (GRE) - အမှတ် ပါရှိရမည်
  • သင်တန်းတက်ရောက်လိုရခြင်း ရည်ရွယ်ချက် နှင့်ပတ်သက်သည့် စာစီစာကုံး
  • ကိုယ်ရေးရာဇ၀င် အကျဉ်း
  • တက္ကသိုလ်မှ အမှတ်စာရင်းများ နှင့် ဘွဲ့လက်မှတ်များ
  • ထောက်ခံစာ ၃ စောင် (တက္ကသိုလ်မှ ဆရာ၊ မိမိ အထက်အရာရှိ စသူတို့ထံမှ)
  • လျောက်လွှာပိတ်ရက် - ဒီဇင်ဘာ ၁ ရက်နေ့
မြန်မာများအတွက် ကျောင်းဝင်ခွင့်ရရှိနိုင်မှု အခြေအနေ
လိုအပ်ချက်များ ပြည့်စုံပါက ကျောင်းဝင်ခွင့်မှာ လွယ်လွယ်ကူကူ ရရှိနိုင်ပါသည်။ မြန်မာကျောင်းသား အနည်းစုသာ ရှိသဖြင့် အရည်အချင်း ပြည့်မီပါက မြန်မာကျောင်းသားကို လက်ခံလိုပါသည်။ ဆရာဝန်ဘွဲ့ ရရှိထားသော မြန်မာများမှာ USMLE ဖြေဆိုထားပြီး ဖြစ်ပါက ၄င်းအမှတ်ကို GRE အစား တင်ပြနိုင်သည်။ အရေးကြီးသော အချက် တစ်ခုမှာ ထောက်ခံစာရေးပေးသူ ပုဂ္ဂိုလ်များ၏ ထောက်ခံချက်ဖြစ်သည်။ အများနှင့် ဆင်တူနေလျင်၎င်း၊ သာမာန် ထောက်ခံစာမျှသာ ဖြစ်နေလျင်၎င်း သိပ်အသုံးမ၀င်လှပေ။
စရိတ်စကများ
ကျောင်းလခ
၂၀၀၇ ခုနှစ်တွင် Term တစ်ခု (၂-လ) အတွက် ကျောင်းလခမှာ - ၈၂၄၄ ဒေါ်လာ ဖြစ်၍ တစ်နှစ်စာ အတွက် ဒေါ်လာ ၄၁၂၂၀ ကုန်ကျသည်။
နေစရိတ်
ကျောင်းဆောင်တွင်နေလျင် တစ်လ ဒေါ်လာ ၄၀၀ ခန့် ကုန်ကျသည်။ အပြင်တွင် ငှားနေလျင် တစ်လ ဒေါ်လာ ၃၅၀ - ၇၀၀ ခန့် အထိ အိမ်၊ အခန်းအမျိုးအစားကို လိုက်၍ ကုန်ကျသည်။
စားစရိတ်
မိမိဘာသာ ချက်ပြုတ်စားသောက်လျင် တစ်လလျင် စားစရိတ် ဒေါ်လာ ၃၀၀ မှ ၄၀၀ ခန့် ကုန်ကျနိုင်သည်။
ခရီးစရိတ်
ကျောင်းဆောင်တွင်နေလျင် ကျောင်းကို လမ်းလျောက်သွား၍ ရပါသည်။ ပြင်ပတွင် ငှားနေပါကလည်း ကျောင်းကား ပြေးဆွဲသော လမ်းတလျောက် နေထိုင်ပါက ကျောင်းကား အခမဲ့ စီးနိုင်ပါသည်။ အခြားမြို့များသို့ အလည်အပတ်သွားလိုပါက မိမိသွားသလောက် ကုန်ကျမည်ဖြစ်သည်။
လျောက်လွှာကြေး
အင်တာနက်မှတဆင့် လျောက်လျင် ၄၅ ဒေါ်လာ၊ စာတိုက်မှတဆင့်လျောက်လျင် ဒေါ်လာ ၁၅၀ ပေးသွင်းရသည်။
ကျောင်းလခကြိုတင်သွင်းငွေ
ကျောင်းဝင်ခွင့် ရရှိပါက ကျောင်းလခအတွက် ကြိုတင်ငွေ ဒေါ်လာ ၆၀၀ ပေးသွင်းရသည်။
ပညာသင်ဆု
မြန်မာကျောင်းသားများအတွက် သီးသန့်ပေးသော ပညာသင်ဆု မရှိ။ အခြားနိုင်ငံများမှ ကျောင်းသားများနှင့် ယှဉ်ပြိုင်ပြီးမှ ရနိုင်သော ပညာသင်ဆု အချို့ရှိသည်။ အပြိုင်အဆိုင်များသဖြင့် ရရှိရန် ခက်ခဲသည်။ မိမိ၏ တက္ကသိုလ်တွင် ရရှိခဲ့သော အမှတ်များ၊ လုပ်ကိုင်ဖူးသော အလုပ်အကိုင် နှင့် အကြီးအကဲတို့ထံမှ ထောက်ခံချက်များ၊ မိမိ၏ ရည်မှန်းချက် ပန်းတိုင်ကို ရှင်းလင်း ပြောပြနိုင်မှုများ၊ နှင့် အခြား ဆုများ ရရှိခဲ့ဖူးခြင်းများ အပေါ်မူတည်သည်။ ထို့ကြောင့် အခြားသော ပညာသင်ဆုများ (ဥပမာ - ကမ္ဘာ့ဘဏ် ပညာသင်ဆု) ကိုလည်း တပြိုင်တည်း လျောက်ထားသင့်သည်။
ဘွဲ့ရပြီးလျင် ရရှိနိုင်သောအလုပ်များ
မိမိ၏ ယခင် အလုပ်အတွေ့အကြုံ၊ ကျောင်းတက်စဉ် ရမှတ်များ၊ ပါမောက္ခများ၏ ထောက်ခံချက် နှင့် အဆက်အသွယ်များပေါ် မူတည်သည်။ ဤကျောင်းမှ မဟာဘွဲ့ရသူများမှာ နေရာ၊ ဒေသ၊ ဌာန အစုံတွင် လုပ်ကိုင်နေကြသဖြင့် မည်သည့်အလုပ်မျိုး ရရှိနိုင်သည်ဟု အာမ မခံနိုင်ပေ။ ကျောင်းတက်နေစဉ် ကာလမှာပင် မိမိ ဆက်လက် လုပ်ကိုင်လိုသော အလုပ်ဌာနမျိုး နှင့် ပတ်သက်၍ စူးစမ်းလေ့လာ ဆက်သွယ်ထားရန်လိုသည်။
အချို့ကျောင်းသား၊ ကျောင်းသူများမှာ -
  • OPT (Optional Practical Training) ခေါ် တစ်နှစ်ယာယီ အလုပ်လုပ်ခွင့် လျောက်ထားပြီး မိမိစိတ်ဝင်စားသော ရုံးဌာနများတွင် အလုပ်သင် အနေဖြင့်သော်၎င်း၊ အရာရှိငယ်အနေဖြင့်သော်၎င်း ၀င်ရောက်လုပ်ကိုင်ကြသည်။ ထိုမှတဆင့် ပုံမှန် အလုပ်များကို လျောက်ထားကြသည်။
  • ပါရဂူဘွဲ့ သင်တန်းများကို ဆက်လက်တက်ရောက်ကြသည်။
  • ပါမောက္ခများ၏ သုတေသန စီမံချက်များတွင် ၀င်ရောက်လုပ်ကိုင်ကြသည်။
  • မိမိ မူရင်းအလုပ်ဌာနများတွင် ပြန်လည်လုပ်ကိုင်ကြသည်။
စကားချပ်
ပိုမို ပြည့်စုံ တိကျသော အချက်အလက်များ အတွက် အဆိုပါကျောင်း၏ ၀က်ဆိုဒ် ကိုသွားရောက် ကြည့်ရှုပါရန်။
ဤဆောင်းပါးနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းလိုပါက
Myanmar Development Community Forum (MDCF) တွင် လာရောက် မေးမြန်းပါရန် ဖိတ်ခေါ်အပ်ပါသည်။

"ကြိုတင်ပြင်ဆင်အောင်ပွဲဝင်"

အားလုံးအဆင်ပြေကြပါစေ။
မောင်ရဲမွန်

Read More...

Ma Byine

၁၀၊ ၇၊ ၂၀၀၇


ဆီးသီးသည် မဗျိုင်း

မဗျိုင်း လူဝင်စားများကို မကြာခဏ ကြုံဆုံရပြီးသကာလ ငယ်စဉ်က ဖတ်ဖူးတဲ့ ပုံပြင်လေးတစ်ပုဒ်ကို ပြန်ပြောလိုစိတ်ဖြစ်လာပါတယ်။

တရံရောအခါက ရွာတစ်ရွာမှာ အလွန်တရာမှ ဆင်းရဲတဲ့ မဗျိုင်းဆိုတဲ့ မိန်းကလေးတစ်ယောက်ရှိသတဲ့။ မိဘများလည်း ကွယ်လွန်ကုန်ကြ၍ ကြီးဒေါ်အပျိုကြီးနှင့် နေရရှာသတဲ့။ မဗျိုင်းလေးဟာ သူငယ်ချင်းတစ်စုနဲ့ ရွာထိပ်က ဆီးသီးပင်မှာ ဆီးသီးကောက်ပြီး မလှမ်းမကန်းက ရွာတွေမှာ သွားရောင်းကာ ကြီးဒေါ်ကြီးကို ၀င်ငွေလေးရအောင် ကူညီလေ့ရှိပါတယ်။ တစ်နေ့မှာတော့ ဆီးသီးရောင်းဖို့အလာ ရှင်ဘုရင်ကြီးတိုင်းခန်း လှည့်တာနဲ့ ကြုံပါလေရော။ မဗျိုင်းလေးဟာ ဆီးသီးသည်ဆိုပေမယ့် ရှေးပါရမီကြောင့် အလွန်တရာမှ ချောမောလှပတော့ ရှင်ဘုရင်ကြီးလည်း ပစ်လဲကျ . . ဘိုင်း . . . ဖြစ်သွားပါသတဲ့။ အဲဒါနဲ့ ရှင်ဘုရင်ကြီး က မဗျိုင်းလေးကို တော်ကောက်တော်မူပြီး မိဘုရားအရာ မြောက်လေသတဲ့။ ဒီလိုနဲ့ မိဘုရားလေး မဗျိုင်းဟာ ရွှေနန်းတော်ကြီးထဲမှာ ပျော်ရွှင်စွာ စံစားရပါလေရော။

နှစ်တွေ အတန်ကြာတဲ့အခါ မိဘုရား မဗျိုင်းလေးဟာ ရွှေနန်းတော်မှာ နေရတာ ညီးငွေ့လာတဲ့အတွက် ရှင်ဘုရင်ကြီးကို မိမိရွာကို အလည်ပြန်ခွင့်ပေးဖို့ ပန်ကြားသတဲ့။ ရှင်ဘုရင်ကြီးကလည်း အိမ်း ငါကိုယ်တော်မြတ်လည်း ဗကေးရှင်းမယူ တိုင်းခန်း မလှည့်လည်ဖြစ်တာကြာပြီ မိဘုရား မဗျိုင်းနဲ့အတူလိုက်ရင်း တိုင်းခန်းလှည့်လည်မှပဲလို့ အကြံဖြစ်သတဲ့။ ဒါနဲ့ပဲ မှူးမတ်တွေက စီးတော်ဆင်၊ မြင်း စတာတွေ ပြင်ဆင်ပြီး တိုင်းခန်းလှည့်ဖို့ အသင့်ပြုလုပ်ကြပါတယ်။ ဒီလိုနဲ့ မိဘုရားမဗျိုင်းက ဘုရင်ကြီးနဲ့အတူ စီးတော်ဆင်ကြီး စီးပြီး ရွာကို ကြွလာပါတော့တယ်။ ရွာထိပ်အ၀င်မှာတော့ မဗျိုင်းရဲ့ သူငယ်ချင်းမ တွေက ဆီးသီးတွေကောက် ဗန်းထဲ ထည့်ပြီး ဈေးမှာသွားရောင်းဖို့ ပြင်ဆင်နေကြပါတယ်။ ဗြုန်းဆို ဆင်မြင်းတွေ ရောက်လာတော့ ဆီးသီးသည်မလေးတွေလည်း ရုတ်ရုတ်သည်းသည်း ဖြစ်ကာ လမ်းဖယ်သူဖယ်၊ ဘေးကပ်သူကပ်နဲ့ ဖြစ်သွားကြပါတယ်။

မိဘုရား မဗျိုင်းလေးဟာ မိန်းကလေးတွေရဲ့ ဗန်းပေါ်မှာ တင်ထားတဲ့ နီညိုညို အလုံးလေးတွေကို ကြည့်ပြီး ဆင်တော်ကဲကို လှမ်းမေးလိုက်ပါတယ်။ ဟဲ့ . . . မောင်ရင် အဲဒီ နီညိုညို အလုံးလေးတွေဟာ ဘာတွေတုန်း။ ဆင်တော်ကဲက ဆီးသီးပါ မိဘုရားလို့ ပြန်ပြောမလို့ ပြင်တုန်း ရှင်ဘုရင်ကြီးက မဗျိုင်းရေ အဲဒါ ညည်းအရင်က ရောင်းခဲ့တဲ့ ဆီးသီး ဆိုတာပဲလို့ ဆိုကာ မိဘုရား အဆောင်ယောင်တွေ သိမ်းတော်မူပြီး ရွာမှာထားပစ်ခဲ့ပါတော့တယ်။

သင်ခန်းစာ
မောင်ညီမလေးတို့လည်း ဆီးသီးသည် မဗျိုင်းလို ကိုယ့်လာရင်း ဘ၀ကို မမေ့ကြဖို့ ဦးဦး မှာချင်ပါတယ်။
စကားချပ်
မူရင်း စာရေးဆရာကို မမှတ်မိ၍ မဖော်ပြနိုင်သည်ကို ခွင့်လွှတ်စေလိုပါသည်။ သိသူများ ရှိက ပြောပါရန်။ ဖန်တရာတေနေသော ပုံပြင်လေးကို မောင်ရဲမွန်တစ်ယောက် ဘာကြောင့် ဘလောက်တင်လာပါသလဲ ဟု အတွေးပေါက်လျင်တော့ . . . ရှေ့လျောက် ဘလောက်များတွင် အမေရိကားရောက် မဗျိုင်းများ နှင့် မောင်ဗျိုင်းများ အကြောင်း ကို အလျဉ်းသင့်သလို ရေးသွားရန် စိတ်ကူးရှိသဖြင့် ဤသို့ အစပျိုးထားကြောင်း အသိပေးလိုပါသည်။ ။

Read More...

Monday, July 9, 2007

Mg George and the Pilot

၉၊ ၇၊ ၂၀၀၇


မောင်ဂျော် နှင့် လေယာဉ်မှူး

ကျွန်ုပ်၏ ခင်လှစွာသော မိတ်ဆွေတစ်ဦးတွင် ချစ်လှစွာသော မောင်ဂျော်အမည်ရှိ သားတစ်ယောက်ရှိလေသည်။ ၄င်းသားမှာ မြန်မာမိဘနှစ်ပါးမှ အမေရိကန် နိုင်ငံတွင် မွေးဖွားသန့်စင်သည့် မြန်မာအမေရိကန်လေးပင်ဖြစ်ညား မြန်မာစကားကို ရေလည်စွာ ပြောဆိုတတ်လေသည်။

တစ်နေ့သ၌ မိခင်နှင့်အတူ တခြားမြို့တစ်မြို့သို့ လေယာဉ်ဖြင့်သွားရန်ရှိလာသည်။ လေယာဉ်ပေါ်တွင် ထိုင်ပြီးချိန်မှာပင်

လေယာဉ်မှူး
ခရီးသည်များ ခင်ဗျား . . . လေယာဉ်မှူး စကားပြောနေပါတယ်။ အနောက်တောင် လေကြောင်းလိုင်းကိုရွေးချယ်သည့် အတွက် အထူးကျေးဇူးတင်ရှိပါတယ်။ ခရီးသည်များ ဤခရီးစဉ်ဖြင့် လိုက်ပါဖို့ရာ အလွန်တရာမှ စိတ်လှုပ်ရှားနေမယ်လို့ ထင်ပါတယ်။ ကျွန်တော်လည်း ခရီးသည်များနဲ့ ထပ်တူစိတ်လှုပ်ရှားနေပါတယ်။ ဒီခရီးစဉ်ဟာ ကျွန်တော် လေယာဉ်မှူးအဖြစ် ပျံသန်းမယ့် ပထမဆုံး ခရီးစဉ်ဖြစ်ပါတယ် ခင်ဗျား။
ခရီးသည်များ ထံမှ လက်ခုပ်သံများ သောင်းသောင်းဖျဖျ ထွက်လာကြစဉ် . . .

မောင်ဂျော်
မေမေ သံဗုဒ္ဓေလေး လုပ်ပါဦး။ ။

Read More...

Friday, July 6, 2007

Recommendation

၆၊ ၇၊ ၂၀၀၇


ထောက်ခံစာ

ပြုစုသူ။ ။ ရဲမွန်မြင့်

တကယ်တန်းက ကျွန်တော်တို့ မြန်မာတွေ အနေနဲ့ ထောက်ခံစာဆိုတာ ရင်းနှီးပြီးသားပါ။ ဒီရပ်ကွက်မှာ နေကြောင်း ထောက်ခံစာ၊ အစိုးရ၀န်ထမ်း ဖြစ်ကြောင်း ထောက်ခံစာ၊ ကလေး နှစ်ယောက်ရှိကြောင်း ထောက်ခံစာ၊ ဟိုဟာဒီဟာနဲ့ မပတ်သက်ကြောင်း ထောက်ခံစာ၊ အကျင့်စာရိတ္တကောင်းကြောင်း ထောက်ခံစာ၊ ကျွန်ုပ်ဟာ လူသားစင်စစ်ဖြစ်ကြောင်း ထောက်ခံစာ၊ တစ်နေ့ ထမင်း နှစ်နပ်စားသည်မှာ မှန်ကန်ကြောင်း ထောက်ခံစာ အစရှိသဖြင့်ပေါ့လေ။

ဒါပေမယ့် ကျွန်တော် ဒီနေ့ပြောချင်တဲ့ ထောက်ခံစာက အဲဒီထောက်ခံစာတွေလို မည်ကာမတ္တ ချစ်တီးခေါင်း သန်းရှာတဲ့ ထောက်ခံစာမျိုး မဟုတ်ပါ။ နိုင်ငံတကာမှာ ဘွဲ့လွန်သင်တန်း လျောက်တဲ့အခါ၊ ပညာသင်ဆု လျောက်တဲ့အခါ၊ အလုပ်လျောက်တဲ့အခါ လိုအပ်တဲ့ ထောက်ခံစာ ကိစ္စပါ။ ဆွေမျိုးချီးမြောက် မင်္ဂလာတရားနဲ့ ပြည့်စုံတဲ့ ကုမ္ပဏီတွေ၊ အလုပ်ဌာနတွေ၊ လက်သိပ်ထိုး နီးစပ်ရာ ဆွဲပြီး ဘွဲ့လွန် တက်ခိုင်းတဲ့ ဌာနတွေ နဲ့တော့ တယ်မဆိုင်လှပါဘူး။ သူတို့က သူတို့ လမ်းကြောင်း ရှိပြီးသားလေ။ အဲလို လမ်းကြောင်းတွေ နဲ့ နေသားကျနေကြတဲ့အခါ တကယ်တန်း နိုင်ငံတကာက ကျောင်းသားတွေနဲ့ ယှဉ်ပြီ၊ အရည်အချင်း စစ်ပြီဆိုတော့ ကျားရှေ့မှောက်ရက်လဲတော့တာပေါ့။ တကယ်က မြန်မာတွေ မညံ့ပါ။ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်ပါတယ်။ အရေးကြီးတာက နိုင်ငံတကာ စံချိန် စံညွှန်းတွေ ဘယ်လိုရှိတယ် ဆိုတာ သိပြီး ပြင်ဆင်ထားဖို့ပါ။

ဇာတ်လမ်းအစက ဒီလို . . .

မကြာခင်ကပဲ အီးမေးလ် တစ်စောင် နှစ်စောင် ရတာနဲ့ ဒီအကြောင်းရေးချင်စိတ်လေး ပေါက်လာတာပါ။
ဆရာရှင့် ကျွန်မ ဆရာ့ကို နာမည်သာ ကြားဖူးပြီး လူကိုယ်တိုင် မသိပါ။ ဒါပေမယ့် ကျွန်မ ပြည်သူ့ကျန်းမာရေး (Public Health) ကိုတော့ အလွန်စိတ်ဝင်စားပါတယ်။ အခုလည်း မဟာဘွဲ့ သင်တန်းလျောက်ချင်တာနဲ့ ဆရာ့ကို ထောက်ခံစာ ရေးပေးဖို့ အကူအညီတောင်းတာပါ။ အားတော့ နာတယ် ဆရာ လျောက်လွှာ ပိတ်ရက်က မနက်ဖြန် ဖြစ်နေတော့ ဆရာ ဒီနေ့ ရေးပြီး ပို့ပေးမှ ဖြစ်လိမ့်မယ်။

ဆရာရှင့် ကျွန်မ ကတော့ စောစောက ဆရာဆီ အီးမေးလ် ပို့တဲ့ ဆရာဝန်မလေးရဲ့ အရင်းနှီးဆုံး သူငယ်ချင်း ဖြစ်ပါတယ်။ ကျွန်မလည်း သူလျောက်တဲ့ ကျောင်းကို လျောက်ပါတယ်။ ကျွန်မကိုလည်း ဆရာ ထောက်ခံစာ ရေးပေးနိုင်မယ်လို့ ထင်ပါတယ်။ မြန်မြန်လေးနော် ဆရာ။ သူ့ထက်ကောင်းအောင်လည်း ရေးပေးပါ။

ဆရာမ ကျွန်တော် မောင်ခ ပါ။ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က လှိုင်တက္ကသိုလ်မှာ ဆရာမရဲ့ သင်္ချာ အတန်း ကို တက်ခဲ့ဖူးပါတယ်။ အခု ကျွန်တော် ပြည်သူ့ကျန်းမာရေး မဟာဘွဲ့ လျောက်မှာ မို့လို့ ဆရာမ ကျွန်တော့်ကို ထောက်ခံစာလေး ရေးပေးနိုင်မလား။

ဘာအတွက်မှန်း မသိသော ထောက်ခံစာ
  • ဆရာ ကျွန်တော် အလုပ်ပြောင်းတော့မှာ မို့လို့ ဆရာဆီကနေ ထောက်ခံစာလေး လာတောင်းတာပါ။
  • ဘာအတွက်တုန်း။
  • ဘာအတွက်ရယ်တော့ မဟုတ်ပါဘူး။
  • တချိန်ချိန် လိုလားမလားလို့။
  • ဘာတွေ ရေးပေးရမတုန်း။
  • ဆရာ ကြည့်ကောင်းသလိုသာရေးလိုက်ပါဗျာ။
ဆရာမကတော့ မအားဖူး မနှင်းဆီရဲ့။ မနှင်းဆီ ကြိုက်သလိုသာ ရေးလာခဲ့ပါ။ ဆရာမ လက်မှတ်ထိုးပေးမယ်။
ဒါတွေကတော့ ကျွန်တော် ကြုံဖူး၊ ကြားဖူးသမျှ ထောက်ခံစာ တောင်းနည်းတွေနဲ့ အကြောင်းပြန်ပုံတွေ ထဲက တစ်ချို့ပါ။

ဘွဲ့လွန်သင်တန်း လျောက်ရင်ပဲ ဖြစ်ဖြစ် အလုပ်လျောက်ရင်ပဲ ဖြစ်ဖြစ် ထောက်ခံစာဟာ အင်မတန် တာသွားပါတယ်။ သမာသမတ်ရှိသူဆီက ထောက်ခံစာ ပါလာရင် တခြားလိုအပ်ချက်နည်းနည်း ရှိနေတာတောင် လျော့ပေါ့ စဉ်းစားတတ်ပါတယ်။ ဒါပေမယ့်လည်း ထောက်ခံစာကို သေသေချာချာ မပြင်ဆင်ပဲ လျောက်ထားနေကြတာတွေ ကို မကြာခဏတွေ့ရပါတယ်။ ဥစ္စာရင်လို ဥစ္စာရင်ခဲ ဆိုသလို မိမိရဲ့ လျောက်လွှာကို စိစစ်သူတွေ ရွေးချယ်အောင် အားစိုက်ထုတ်ဖို့လိုပါတယ်။ အချိန်ကပ်ခါမှ ကတိုက်ကရိုက် ထောက်ခံစာ တောင်းခြင်း၊ မိမိအကြောင်း သေသေချာချာ မသိသူ ထံမှ ထောက်ခံစာ တောင်းခြင်းတို့ဟာ ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ် တာနဲ့ တူပါတယ်။ အခြားလျောက်လွှာတွေနဲ့ ယှဉ်တဲ့ အခါမှာ မိမိ လျောက်လွှာဟာ သေချာပေါက် အားနည်းနေတော့မှာပါ။ ဒီတော့ ဆောင်ရန် ရှောင်ရန်လေးတွေ နည်းနည်းလောက် အကြံပေးချင်တယ်။ လိုက်လုပ်တာ မလုပ်တာကတော့ စာရှုသူတို့ သဘောပါ။

(သင်တန်း ဟု ဆိုသော်ညား၊ အလုပ်ဟု အစားထိုး ဖတ်ရှုနိုင်ပါသည်။)

ထောက်ခံစာ တောင်းခံသူများ အတွက် …

ဆောင်ရန်။
  • တချိန်ချိန်တွင် ထောက်ခံစာ တောင်းခံစရာ အကြောင်းရှိလာနိုင်သော ပုဂ္ဂိုလ်များကို မိမိ မည်သည့်အလုပ်အကိုင် လုပ်နေကြောင်း၊ ဘယ်ကျောင်း၊ သင်တန်း တက်ရန် စဉ်းစားနေကြောင်း စသည်တို့ကို အခါအားလျော်စွာ အသိပေးထားရန်။
  • မိမိ လျောက်ထားသည့် သင်တန်း၏ အဓိက ရည်ရွယ်ချက် ကို သိရှိရန်။
  • ထိုသင်တန်းတက်ရောက်ရန် လိုအပ်သော အရည်အချင်းများကို သိရှိရန်။
  • ထောက်ခံစာမှာ မည်သည့် ပုဂ္ဂိုလ်မျိုး ထံမှ တောင်းရမည်ဟု ဖော်ပြချက် ရှိ၊ မရှိလေ့လာရန်။ များသောအားဖြင့် မိမိကို စာသင်ကြားဖူးသော ဆရာ၊ ဆရာမ၊ အထက် အရာရှိ စသူတို့ဖြစ်သည်။
  • ထောက်ခံစာ ရေးပေးမည့် ပုဂ္ဂိုလ်သည် မိမိကို ကောင်းစွာ သိနေသူ ဖြစ်ရန်။ (လူချင်း ရင်းနှီးကျွမ်းဝင် ရမည်၊ အဆွေခင်ပွန်းဖြစ်ရမည်ဟု ဆိုလိုခြင်းမဟုတ်။ မိမိ၏ ကျောင်းတွင် စာလိုက်နိုင်မှုအခြေအနေ၊ အလုပ်တွင် လုပ်ကိုင်မှု အခြေအနေကို သိနေသူ ကို ဆိုလိုသည်။) လိုအပ်ပါက မိမိ၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ကျောင်းတွင်း ဆောင်ရွက်ချက်များကို ပြန်လည် အသိပေးရန်။ စာဖြင့် အတိုချုပ် ရေးသားပေးခဲ့လျင် ထောက်ခံစာရေးသူအတွက် အထောက်အပံ့ဖြစ်သည်။
  • မိမိ ထောက်ခံစာ တောင်းမည့် ပုဂ္ဂိုလ်မှာ ထို သင်တန်း၊ တက္ကသိုလ်တွင် တက်ရောက်ဖူးသူဖြစ်က အားသာသည်။
  • ထောက်ခံစာ ရေးပေးမည့် ပုဂ္ဂိုလ်ကို မိမိ၏ သင်တန်း အကြောင်း ဂဃနဏ ရှင်းပြရန်။ သင်တန်းခေါ်ခြင်းနှင့် ပတ်သက်သည့် စာရွက်စာတမ်းများ မိတ္တူပေးရန်။ မိမိ၏ ကိုယ်ရေးရာဇ၀င် ကိုလည်း ပူးတွဲ ပေးရန်။
  • ထောက်ခံစာ ရေးပေးမည့် ပုဂ္ဂိုလ်ကို လုံလောက်သော အချိန်ပေးရန်။
  • အင်တာနက်မှ တဆင့် ထောက်ခံရမည့် ကိစ္စများ ဆိုလျင် အင်တာနက် အသုံးပြုရ အဆင်ပြေအောင် ဆောင်ရွက်ပေးရန်။
  • တက္ကသိုလ်သင်တန်း လျောက်လွှာတွင် ကျောင်းဝင်ခွင့် ရရှိပြီးပါက မိမိကို ရေးပေးခဲ့သော ထောက်ခံစာများကို ပြန်လည် ဖတ်ရှုခွင့်ရှိသည်။ အကယ်၍ ထောက်ခံစာ ရေးမည့် ပုဂ္ဂိုလ် အနေဖြင့် စိတ်ရှင်းရှင်း ရေးစေလိုလျင်၊ ကျောင်းဝင်ခွင့် ရခဲ့လျင်ပင် ထိုပုဂ္ဂိုလ်ရေးပေးသော ထောက်ခံစာကို မဖတ်ရှုပါဟု ၀န်ခံ ကတိပြုရန်။
ရှောင်ရန်။
  • မိမိ ကို မသိကျွမ်းသူထံမှ ထောက်ခံစာတောင်းခြင်း။
  • အခြားသူ၏ ထောက်ခံစာကို ကူးယူဖော်ပြခြင်း။
  • မိမိတွင် မရှိသော အရည်အချင်း၊ အတွေ့အကြုံ တို့ကို လိမ်လည်ဖော်ပြခြင်း။
  • ထောက်ခံစာကို မိမိဘာသာ အစအဆုံး ရေးသားခြင်း။
  • လက်မှတ် အတုထိုးခြင်း။
  • ဖန်တရာတေနေသော ထောက်ခံစာပုံစံများကို သုံးခြင်း။
  • ဆွေမျိုး မိတ်သင်္ဂဟများထံမှ ထောက်ခံစာတောင်းခြင်း။

ထောက်ခံစာရေးပေးသူများ အတွက်…


အဲ … မိချောင်းမင်း ရေကင်းပြ၊ ဖျံကို ရေကူးသင်၊ ဘီလ်ဂိတ်ကို ၀င်းဒိုး ဘယ်လိုသုံးရတယ်လို့ပြောသလိုများ ဖြစ်နေမလားတော့မသိဘူး။ အမြင်မတော်ရင်လည်း ဒီပို့စ်ကို ကျော်သာဖတ်သွားကြပါ။ တစ်ချို့ လူငယ်တွေလည်း ထောက်ခံစာ တစာစာတောင်းရတဲ့ အရွယ်ကနေ ရေးပေးရတဲ့ အရွယ် ရောက်လာကြပြီဆိုတော့ အသုံးတဲ့ကောင်း တဲ့နိုင်ပါတယ်လေ။

ဘာသာစကား
ရှေ့မျက်နှာ နောက်ထားပြီး ပြောရရင်တော့ အချို့သော ထောက်ခံစာရေးပေးသူများဟာ ထောက်ခံစာကို ဘယ်လိုရေးရမယ် မသိပါ။ ဟန့်ကိုယ့်ဘို့နဲ့ ပြီးပြီးရော လုပ်တတ်ကြပါတယ်။ စာအိတ်ကလည်း ချိတ်ပိတ်ပေးလိုက်ရလေတော့ နေသာသပ လေညာကပေါ့။ ပြီးတော့ ထောက်ခံစာအများစုဟာ အင်္ဂလိပ်လို ရေးရတော့ ဘာသာစကား အခက်အခဲကလည်း ရှိပါတယ်။ တစ်သက်လုံး မြန်မာပြည်မှာ နေ၊ ပညာသင်၊ ကြီးပြင်း လာသူတွေအတွက် အင်္ဂလိပ်စာ မွှတ်မနေတာ အထူးအဆန်းမဟုတ်သလို ရှက်စရာလည်း မဟုတ်ပါ။ နောက်ပြီး ထောက်ခံစာဟာ ရေးပေးသူရဲ့ အင်္ဂလိပ်စာ အရည်အချင်းကို စစ်ဆေးတာ မဟုတ်ပါ။ လျောက်ထားသူအပေါ် မိမိရဲ့ အမြင်နဲ့ သုံးသပ်ချက်ကို ဖော်ပြပေးဖို့သာ ဖြစ်ပါတယ်။ အင်္ဂလိပ်လို မရေးချင်ရင် မြန်မာလိုရေးပေးပြီး တရားဝင် ဘာသာပြန်သူရဲ့ စာနဲ့ တွဲပေးလို့ ရပါတယ်။ ခက်တာက “ငါ အင်္ဂလိပ်လို ရေးရတာ တယ်မသွက်ဖူး” လို့ ၀န်မခံချင်တာပါ။
ထပ်မံရှင်းလင်းချက် ထည့်သွင်းရေးသားပေးရန်
ထောက်ခံစာကို ဖတ်သူများမှာ မြန်မာအကြောင်းမသိနိုင်ဟု ယူဆပြီး ရှင်းလင်းချက် ထည့်သွင်းရေးသားပေးရန်။
ဥပမာ - ဒီကလေးဟာ ၁၀ တန်းအောင်တုန်းက အမှတ်ကောင်းလို့ အစိုးရ ပညာသင်ဆုရတယ် … လို့ရေးပေးရုံနဲ့ မလုံလောက်ပါ။ အောက်ပါ ရှင်းလင်းချက်မျိုး ထည့်ပေးနိုင်မှ ဖတ်သူ နားလည်မှာဖြစ်ပါတယ်။
(စကားချပ်။ ၁၀ တန်းဆိုတာက တက္ကသိုလ်ဝင်တန်း စာမေးပွဲ အစိုးရစစ်ဖြစ်ပြီး၊ ဖြေဆိုသူ သိန်းချီရှိတဲ့ အထဲမှာ အောင်မြင်သူ ၅၀% ခန့်ရှိပါတယ်။ အစိုးရ ပညာသင်ဆုကိုတော့ အမှတ်အများဆုံး ကျောင်းသား၊ ကျောင်းသူ ၁၀၀ ကို ချီးမြှင့်ပါတယ်။)
ဆွေမျိုး၊ မိတ်သင်္ဂဟ များအတွက် ရေးပေးခြင်း
နောက်တစ်ချက်က အားနာသဖြင့် ရေးပေးခြင်း။ အဆွေခင်ပွန်း ဖြစ်သဖြင့် ရေးသားပေးခြင်း စသည်တို့ ဟာ လျောက်ထားသူအတွက် ကောင်းကျိုးထက် ဆိုးကျိုးဖြစ်စေနိုင်ပါတယ်။
ဥပမာ - ဒီလျောက်ထားသူကို ကျွန်မ သိတာ ကြာလှပါပြီ - သူမွေးကတည်းက ဆိုပါတော့။ ကျွန်မနဲ့ သူ့အမေက သူငယ်ချင်း အရင်းကြီးတွေလေ . . . လို့ အစချီတဲ့ ထောက်ခံစာမျိုးဟာ ကျောင်းဝင်ခွင့် စဉ်းစားသူတွေအနေနဲ့ သဘော တွေ့မယ်မဟုတ်ပါ။
သင်တန်းအကြောင်း မသိခြင်း
မိမိ ထောက်ခံစာရေးပေး ရမည့် အကြောင်းအရာ၊ သင်တန်းအကြောင်းကို လေ့လာဖို့ လိုအပ်ပါတယ်။ မဟုတ်ရင် ခုတ်ရာတခြား ရှရာတလွဲဖြစ်ပါမယ်။
နှိုင်းယှဉ်ချက်များကို အသုံးပြု ရေးသားပေးခြင်း
သာမာန်မျှသာ ချီးမွမ်းခြင်း
ဒီကျောင်းသားဟာ အတန်းထဲမှာ သိပ်ကိုတော်ပါတယ်။ အလွန့်အလွန်ကို တော်ပါတယ်။ ဒီလို တော်လွန်းတဲ့အတွက် လူကြီးမင်းတို့ရဲ့ ကျောင်းမှာ လက်ခံသင့်ပါတယ်။
ထိထိမိမိ ချီမွမ်းခြင်း
ဒီကျောင်းသားဟာ လူ ၅၀ ရှိတဲ့ အတန်းထဲမှာ အဆင့် ၁ ကနေ ၁၀ အတွင်း အမြဲရှိတယ်။ ပုစ္ဆာတွေ ပေးလိုက်ရင်လည်း ထိုးထွင်းဥာဏ် ရှိရှိနဲ့ ဘက်စုံကနေ စဉ်းစားလာတတ်ပါတယ်။ ဒီလို ချင့်ချိန် နိုင်စွမ်းရှိတဲ့ အတွက် လူကြီးမင်းတို့ ကျောင်းလို နိုင်ငံတကာ စံချိန်မီ ကျောင်းမှာ သင်ကြားတဲ့ နည်းစနစ်တွေနဲ့ သိပ်ပြီး စိမ်းနေမှာ မဟုတ်ပါဘူး။
အောင်မြင်မှုများကို မှန်မှန်ကန်ကန် ဖော်ပြပေးခြင်း
သာမာန်
ဒီအမျိုးသမီးလေးဟာ အလုပ်ထဲမှာ အများကြီးအောင်မြင်ပါတယ်။ ကျွန်မလည်း သူ့ကို တော်တော် သဘောကျပါတယ်။ ရှင်တို့ အလုပ်မှာလည်း အထောက်အကူ ဖြစ်ပါမယ်။
ထိထိမိမိ
ဒီအမျိုးသမီးလေးဟာ အလုပ်ဝင်ပြီး နှစ်ပတ်အတွင်းမှာပဲ တစ်ရုံးလုံးနဲ့ မိတ်ဆွေဖြစ်နေပါပြီ။ သူရှိနေတဲ့အတွက် စီမံချက် အသစ် ၃-ခု ကို အချိန်မီ တင်ပြနိုင်ခဲ့ပါတယ်။ လုပ်သက် ၃နှစ် အတွင်းမှာ အကျိုးစားဆုံး ၀န်ထမ်းဆုလည်း နှစ်ကြိမ်တိုင်တိုင် ချီးမြှင့်ခံရတယ်။ ကျွန်မအနေနဲ့ သူ့ကို လက်လွှတ်ရမှာ စိတ်မကောင်းပေမယ့် သူ့ရှေ့ရေးတိုးတက်ရာ တိုးတက်ကြောင်းနဲ့ ယှဉ်လိုက်တော့ ရှင်တို့ ကုမ္ပဏီရဲ့ အဓိက ရည်ရွယ်ချက်တွေနဲ့က ပိုကိုက်တယ်လေ။ ဒါကြောင့်ပဲ ဒီထောက်ခံစာကို စိတ်မကောင်းစွာနဲ့ ရေးပေးလိုက်ပါတယ်။ ရှင်တို့ သူ့ကို လက်မခံရင်တော့ ကျွန်မတို့က သူ့ကို တစ်ဆင့်မြင့် ရာထူးတိုးပေးဖို့ ပြောဆိုထားပြီးပါပြီ။
ငြင်းဆိုခြင်း
မိမိ မအားလပ်၍သော်၎င်း၊ မိမိနှင့် မသင့်လျော်၍သော်၎င်း ထောက်ခံစာ မရေးပေးလိုလျင် ပွင့်ပွင့်လင်းလင်းပြောပြီး အခြားသင့်လျော်သူထံ လမ်းညွှန်ပါ။
ထပ်မံလေ့လာရန်
ထောက်ခံစာရေးပေးသူ အနေဖြင့် ကမ္ဘာ့ဘဏ်ပညာသင်ဆု လျောက်လွှာတွင် ဖော်ပြထားသော မေးခွန်းများကို ဖြေဆိုခြင်းဖြင့်ပင် ထောက်ခံစာ ကောင်းတစ်ခု ရနိုင်ပါသည်။
သင်တန်းလျောက်သူ နှင့် မည်သို့မည်ပုံ သိကျွမ်းပါသနည်း။
သိကျွမ်းသည်မှာ မည်မျှကြာပြီနည်း။
လုပ်ငန်းခွင်မှ ထောက်ခံပေးသူဆိုလျင်
  • သင်တန်းလျောက်သူ၏ ဓလေ့စရိုက်ကို ပေါ်လွင်အောင် ဖော်ပြပေးပါ။
  • သင်တန်းလျောက်သူ၏ လုပ်ရည်ကိုင်ရည် နှင့် အောင်မြင်မှုများကို ဖော်ပြပေးပါ။
တက္ကသိုလ်မှ ဆရာ၊ ဆရာမကထောက်ခံပေးသူ ဆိုလျင်
  • အတန်းထဲတွင် စာလိုက်နိုင်မှု အခြေအနေ။
  • ပြည်ပတွင် အင်္ဂလိပ် ဘာသာဖြင့် သင်ကြားသော ဘွဲ့လွန်သင်တန်း တက်ရန် အရည်အချင်း ပြည့်မီခြင်း ရှိမရှိ။ နိုင်ငံတကာမှ ကျောင်းသားများဖြင့် ရင်ဘောင်တန်း သင်ယူနိုင်စွမ်းရှိမရှိ အကဲဖြတ်ပေးရန်။

"ကြိုတင်ပြင်ဆင်အောင်ပွဲဝင်"

အားလုံး အဆင်ပြေကြပါစေ။
မောင်ရဲမွန်


Read More...

Thursday, July 5, 2007

The US Constitution

၅၊ ၇၊ ၂၀၀၇
အမေရိကန်နိုင်ငံ အခြေခံဥပဒေ

မနေ့က အမေရိကန်နိုင်ငံ လွတ်လပ်ရေးနေ့ ဆိုတော့ တီဗွီမှာ လွတ်လပ်ရေး နဲ့ ပတ်သက်တဲ့ ရုပ်ရှင်တွေ၊ သတင်း မှတ်တမ်းကားတွေ တောက်လျောက် ပြနေလေရဲ့။ အဲဒီထဲမှာ အမေရိကန် နိုင်ငံရဲ့ အခြေခံ ဥပဒေ ရေးဆွဲခဲ့တဲ့ အကြောင်းလေးလည်း ပါလာတော့ နည်းနည်း စိတ်ဝင်စားသွားပြီး အင်တာနက်မှာ လိုက်ဖတ်မိတာလေးတွေ ပြန်ပြီး ရေးပြပါရစေ။ အမေရိကန်နိုင်ငံ ဖြစ်ပေါ်လာတဲ့ သမိုင်းနဲ့ တဆက်တစပ်တည်း ဆိုတော့ သမိုင်းကြောင်းလည်း နည်းနည်း ပါပါမယ်။

၁၇၇၅
အမေရိကန်ရယ်လို့ ဖြစ်လာမယ့် အရှေ့ခြမ်း ကိုလိုနီ ပြည်နယ် ၁၃ ခုက ဗြိတိသျှ အင်ပါယာကို စတင် ပုန်ကန်
၎ ဇူလိုင် ၁၇၇၆
အမေရိကန် လွတ်လပ်ရေးကြေငြာစာတမ်း ကို ထုတ်ပြန် (လွတ်လပ်ရေးနေ့ ဟု သတ်မှတ်)
၁၇၇၇
Articles of Confederation လို့ခေါ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ကိုကွန်ဂရက်က စတင်ကျင့်သုံး
၁၇၈၁
အမေရိကန် နိုင်ငံရဲ့ ပထမဆုံး ပြည်နယ် ၁၃ ခုစလုံးက Articles of Confederation လို့ခေါ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို အတည်ပြုပြီးတဲ့ အတွက် တရားဝင် အခြေခံ ဥပဒေ ဖြစ်လာ
မေ၊ ၁၇၈၇
Article of Confederation ကို ပြင်ဆင်ရန် ကွန်ဂရက် စည်းဝေး။ သို့သော် အစည်းအဝေး ဆုံးဖြတ်ချက်အရ အခြေခံဥပဒေ အသစ်ရေးဆွဲ
စက်တင်ဘာ၊ ၁၇၈၇
အခြေခံဥပဒေ ရေးဆွဲ ပြီးစီး။ ပြည်နယ် ၁၃ ခုတွင် အတည်ပြုရန်တင်ပြ
ဇွန်၊ ၁၇၈၈
အခြေခံဥပဒေ ကို အတည်ပြုပြီးစီး
၁၇၈၉ - ၂၀၀၇
အခြေခံဥပဒေ ပြင်ဆင်ခြင်း စုစုပေါင်း ၂၇ ကြိမ်ပြုလုပ်
ဘာသာပြန်ဆိုသူ မှတ်ချက်။
အမေရိကန်နိုင်ငံ၏ အခြေခံဥပဒေ မှာ ရေးဆွဲချိန် စုစုပေါင်း ၄-လ ခန့် ကြာမြင့်ပြီး ပြင်ဆင်ခြင်းများ ရှိသည်မှ အပ နှစ်ပေါင်း ၂၁၈ နှစ်အထိ တည်တံ့နေပါသည်။
စာကိုး။
Articles of Confederation
United States Declaration of Independence
United States Constitution
The United States Constitution – On Line

Read More...

Tuesday, July 3, 2007

Who really killed Aung San?

၃၊ ၇၊ ၂၀၀၇


ဗိုလ်ချုပ်ကို ဘယ်သူ လုပ်ကြံသလဲ


အတန်းကျောင်းမှာ သင်ခဲ့ရသလို ဦးစော နဲ့ အပေါင်းပါများက လုပ်ကြံခဲ့ပါတယ် လို့ လွယ်လွယ်ပြောရင်လည်း ရသလို မြန်မာ ခေတ်သစ် ရာဇ၀င်မှာ သွေးစွန်းခဲ့ရတဲ့ အဖြစ် ဇစ်မြစ်ကို လိုက်ချင်တယ် ဆိုရင်ဖြင့် ဘီဘီစီက ၁၉၉၇ မှာ ထုတ်လွှင့်ခဲ့ဖူးတဲ့ ဒီ အစီအစဉ်လေးကိုလည်း ကြည့်သင့်တယ်လို့ ထင်ပါတယ်။


Volume 1



Volume 2



Volume 3



Volume 4



Volume 5



Read More...

Sunday, July 1, 2007

Beyond Remembrance

၁၊ ၇၊ ၂၀၀၇


မမေ့လျော့ခြင်း ၏ ဟိုမှာဘက်တွင်

ထိုနေ့
သူတို့ ကျဆုံးခဲ့ကြတယ်။
ပြည်သူတို့ ငိုကြွေးခဲ့ကြတယ်။
အိပ်မက်တွေ ပျက်မလိုလို ဖြစ်ခဲ့ရတယ်။
သည်နေ့
ကျဆုံးသူတွေ ကျဆုံးနေကြတုန်း။
ငိုကြွေးသူတွေ ငိုကြွေးနေရတုန်း။
အိပ်မက်တွေလည်း လေမှာ ဝေ့နေတုန်း။
မနက်ဖြန်
ညီအကိုချင်း သတ်ဖြတ်မှုတွေ ရပ်ကြ။
မျက်ရည်စက်တွေ သုတ်ကြ။
အိပ်မက်တွေ လက်တွေ့ အကောင်အထည်ဖော်ကြ။

Read More...