Tuesday, July 17, 2007

Saya Zarrrrrrrrr

၁၇၊ ၇၊ ၂၀၀၇


ဆရာစား

  • တစ်ကွက်တော့ ချန်ထားမှပဲ မဟုတ်ရင် ငါ့ကို ကျော်ရိုက်သွားလိမ့်မယ်
  • ဆရာစား တော့ ချန်ထားကိုယ့်လူ မဟုတ်ရင် မင်းတပည့်က မင်းကို တက်နင်းသွားလိမ့်မယ်
  • ဟင်းစားသာပေးလိုက် မောင်ရင် ( ဘလောက်ဂါ မောင်ရင်ကို ပြောခြင်းမဟုတ် ) ကွန်ချက်တော့မပြနဲ့

ရင်းနှီးပြီးသား စကားလုံးလေးတွေ ဟုတ်။ ဒီလို စိတ်ဓါတ်တွေကပဲ ကျွန်ုပ်တို့ နိုင်ငံရဲ့ တိုင်းရင်းဆေးပညာများ တိမ်ကောလာရခြင်း၊ လူနေမှုအဆင့်အတန်းများ နိမ့်ကျလာရခြင်း၏ အကြောင်းရင်း တစ်ရပ်ပေပဲလား။ သံတူကြောင်းကွဲ ကိုယ်တွေ့လေးများလည်း ရှိသေးသည်။

ကျွန်ုပ် မဟာဘွဲ့ တက်ရန် ကြံစဉ်နေစဉ်အခါကဖြစ်သည်။ ပညာသင်ဆု ရဖူးသော မြန်မာ ပညာရှင်တစ်ယောက်ကို ချဉ်းကပ်၍ မည်သို့မည်ပုံ ကျိုးစားလျင် ရနိုင်ပါမည့်အကြောင်း မေးဖူးသည်။ ပြန်ဖြေသည်မှာ ... ဒီလိုပါပဲ လျောက်လိုက်တာ သူ့အလိုလို ရလာတာပဲ ... ဆိုတာကလွဲလို့ ဘာမှ ထပ်မထွက်လာပါ။

ဆေးကျောင်းမှာတုန်းကလည်း ရင်းနှီးသော စာတော်သည့် သူငယ်ချင်းတစ်ယောက် ရှိဖူးသည်။ သူ့ရှိသည့် မှတ်စုများကို ကျွန်ုပ်ကို ဝေမျှရှာသည်။ တခြား ဘယ်သူ့မှ မပေးရဖူး ... ဟု ခံဝန်ချက်တစ်ခုနှင့်ပေါ့။ သြော် ... တစ်ခြားဆေးကျောင်းသားတွေ ဆေးပညာ ပိုတတ်သွားရင် လူနာတွေ ရောဂါမြန်မြန် ပျောက်သွားမှာ စိုးလို့ထင့်။

နောက်တစ်ခါ ပညာသင်ဆု လျောက်လွှာလိုချင်၍ မိတ်ဆွေ တစ်ဦးထံ တောင်းမိပါသည်။ Diskette ( ရှေးခေတ် ကွန်ပျူတာများတွင် အချက်အလက်များ မှတ်ရာ၌ အသုံးပြုသော လက်တစ်ဝါးစာအရွယ် ပလတ်စတစ်ပြား ) တွင်ထည့်၍ တိုးတိုးတိတ်တိတ် ပေးလေသည်။ ပြီးတော့ ပြောသေးသည်။ တခြားလူတွေကို မပေးနဲ့နော် ... တဲ့။ တကယ်တော့ အင်တာနက် ( အဲဒီအချိန်က pre-Bagan era ပုဂံ ဆိုင်ဘာတက်တောင် မပေါ်သေးသောကာလ ) သာရှိလျင် မည်သူမဆို ဒေါင်းလုပ် လုပ်လို့ ရနိုင်သည့် ဖိုင်ဖြစ်သည်။

Information is Power လို့ လူတွေပြောကြသည်။ ဟုတ်မှာပါ။ သိတာတွေကို လျှိုထားတတ်တဲ့ လူမှုအသိုင်းအ၀ိုင်းမှာ သတင်းအချက်အလက်တွေ ရှိနေ၊ သိနေသူတွေက တန်ခိုးထွားကြပေတာကိုး။ အင်တာနက်ကို လူတိုင်း လွယ်လွယ်ကူကူ မသုံးနိုင်သေးတဲ့ အခါမှာ အင်တာနက်က အလကားရတဲ့ သတင်းကို ငွေနဲ့ပြန်ရောင်းလို့ ရနေတယ်လေ။

တစ်ယောက်ကို တစ်ကွက်လောက်ပဲ ချန်တာပါပဲ။ ဒါပေမယ့် မျိုးဆက် ၄ ဆက်လောက်လဲ ကျရော သုံးမရတဲ့ အကွက်တွေပဲ ကျန်လေတော့တယ်။ ကွန်ချက်မပြခဲ့တဲ့ အဖေတံငါ သေရွာသွားတော့ သားတွေ ငတ်ရောပေါ့။ တပည့်ကို အကုန်သင်မပေးတဲ့ ဆရာ နေမကောင်းတဲ့အခါ စင်္ကာပူ သွားကုရတော့မှာပေါ့။

နောက်မျိုးဆက်သာ တိုးတက်ပါစေ။ ကျွန်ုပ်ကတော့
ကွန်ချက်လည်းပြမယ်။
အကွက်လည်း အကုန်ပြောမယ်။
တက်နင်းသွားမယ်ဆိုလဲ ခံလိုက်ပါမယ်။


5 comments:

kay said...

တွေးစရာပဲ..ကိုရဲမွန်ရေ..လေးစားပါတယ်

စိုးထက် - Soe Htet ! said...

ကျွန်တော်က အင်တာနက်ကြောင့် ပညာသင်ဆု ရခဲ့တာပါ။ ရဘူးသူတွေကို မေးတိုင်း ဒီလိုပါပဲ လို့ ဖြေကြပါတယ်။ ကျေးဇူး ကိုရဲမွန်…

Ye-Mon said...

ကေ၊ စိုး
ကျေးဇူး။ မီးကူးခံရတဲ့ ဖယောင်းတိုင် မှိန်မသွားပါဘူးကွယ်။

ဘလူးဖီးနစ် said...

အဲ ကျွန်တော်ကြုံဖူးတာလေးတစ်ခုရှိပါတယ်။ ကျွန်တော့်ဆီ စာလာမေးတော့ ကျွန်တော်က အသေအချာ နဲ့ သိသင့်တာတွေ အကုန် ပေး၊ ရှင်းလုပ်လိုက်တာ နောက်ပြန်ကြားရတာက မဆိုင်တာတွေ ပါကွာတဲ့။ သူတို့က direct solution ကိုပဲ လိုချင်တာကိုး။ ဆရာစားချန်ဖို့နေနေသာသာ …..

s_potato said...

အဲဒါကြောင့်တချို့ပညာတွေက မတိမ်ကောသင့်ပဲတိမ်ကောလာတာထင်တယ်နော်