Wednesday, July 11, 2007

Byine-1

၁၁၊ ၇၊ ၂၀၀၇


ဗျိုင်း (၁)
တောင်းထဲထည့် ခေါင်းပေါ်ရွက်ရောင်းသည့်အရာ

အမေရိကားရောက် မြန်မာမိသားတစ်စု၏အိမ်တွင် မြန်မာအများ စုဆုံကြစဉ်ကဖြစ်သည်။ မြန်မာနိုင်ငံတွင် တက္ကသိုလ် တတိယနှစ်အထိတက်ပြီး အကြောင်းကြောင်းကြောင့် အမေရိကားရောက်လာသူ လူငယ်တစ်ဦးနှင့် အခြား လူကြီးတစ်ဦးတို့ စကား လက်ဆုံကျနေကြသည်။

လူကြီး။ ။ အေးကွာ ဦးလည်း ဒီရောက်နေတာ အနှစ်သုံးဆယ်လောက် ရှိပြီ။ မြန်မာပြည်ကိုတော့ အရမ်းသတိရနေတုန်းပဲ။
လူငယ်။ ။ ဟုတ်တယ် အန်ကယ်ရာ ကျွန်တော်လည်း အရမ်းသတိရတာပဲ။ အထူးသဖြင့် အစားအသောက်ပေါ့။
လူကြီး။ ။ မောင်ရင်က ဘယ်အစားအသောက်ကို ပိုသတိရလဲ။
လူငယ်။ ။ (ခေါင်းအနည်းငယ်ကုတ်၍) ဟိုလေ . . . ဟိုဟာ . . . အန်ကယ်ရာ . . . ခေါင်းပေါ်မှာ တောင်းနဲ့ရွက်ပြီး မနက်မနက်ဆို လာရောင်းတဲ့ ဟာလေဗျာ။ ကျွန်တော် ပါးစပ်ဖျားတင် မေ့နေတယ်။
လူကြီး။ ။ (မျက်မှောင်ကျုပ်လျက်) နေပါဦး မောင်ရင်ရဲ့ ပဲပြုတ် ကိုပြောတာလား။
လူငယ်။ ။ အား . . . သက်စ်ရိုက် . . . ဟုတ်တယ် . . . ဟုတ်တယ်။ ပဲ . . ပြုတ် ။ ပဲ . . ပြုတ် . . . ဟု ပြန်မမေ့ရန် ဆီမန်းမန်းသကဲ့သို့ တတွတ်တွတ် ရေရွတ်နေလေတော့သည်။

2 comments:

ဂျစ်တူး - gyit_tu said...

အဲလိုကောင်လေးမျိုးတွေ သောက်မြင်ကပ်လွန်းလို့ ။ ဒီမှာလည်း ရှိတယ်... အင်္ဂလိပ်လိုပြောရတာနဲ့ ဘာနဲ့.. ။

Ye-Mon said...

စင်္ကာပူက ဗျိုင်းတွေအကြောင်းလည်း လုပ်ပါဦး။ သိရတာပေါ့။