Tuesday, July 10, 2007

MPH in Johns Hopkins (2007)

၁၀၊ ၇၊ ၂၀၀၇


ပြည်သူ့ကျန်းမာရေး မဟာဘွဲ့ (အချိန်ပြည့်သင်တန်း)
ဘလွန်းဘတ် ပြည်သူ့ကျန်းမာရေးကျောင်း
ဂျွန်စ်ဟော့ပ်ကင်း တက္ကသိုလ်
မေရီလန်းပြည်နယ်၊ အမေရိကန်ပြည်ထောင်စု

Master of Public Health (MPH – Full Time)
Bloomberg School of Public Health
Johns Hopkins Unviersity
Maryland, USA

ပြုစုသူ ။ ။ ရဲမွန်မြင့်

ဝန်ခံချက်
ဤဆောင်းပါးမှာ ပြုစုသူ၏ ကိုယ်ပိုင် အတွေ့အကြုံ နှင့် အင်တာနက်ရှိ အချက်အလက်များပေါ် အခြေခံ၍ ရေးသားထားခြင်းဖြစ်ပြီး အထက်ဖော်ပြပါ တက္ကသိုလ်၏ တရားဝင် ဘာသာပြန်ဆိုမှု မဟုတ်ကြောင်းသိစေအပ်ပါသည်။
ကျောင်းအကြောင်း
ဂျွန်စ်ဟော့ပ်ကင်း တက္ကသိုလ်၏ ပြည်သူ့ကျန်းမာရေး သင်တန်းကျောင်းသည် ကမ္ဘာပေါ်တွင် ပထမဆုံး တည်ထောင်သော သင်တန်းကျောင်းဖြစ်သည်။ နိုင်ငံပေါင်း ၈၃ နိုင်ငံမှ ကျောင်းသား၊ ကျောင်းသူပေါင်း ၂၀၀၀ ကျော်ခန့် တက်ရောက် ပညာသင်ကြားလျက်ရှိပြီး မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံပေါင်း ၉၀ ကျော်တွင် သုတေသန လုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည်။ ၂၀၀၇ ခုနှစ်တွင် U.S. News & World Report က အမေရိကန်နိုင်ငံရှိ ပြည်သူ့ကျန်းမာရေး သင်တန်းကျောင်းများတွင် နံပါတ်-၁ အဆင့်ရှိသည်ဟု သတ်မှတ်ခံရပါသည်။ ဟားဗတ်တက္ကသိုလ် နှင့် မြောက်ကာရိုလိုင်းနားတက္ကသိုလ် ရှိ ပြည်သူ့ကျန်းမာရေး သင်တန်းကျောင်းများက နံပါတ်-၂ နှင့် ၃ နေရာတွင် အသီးသီး ရှိကြသည်။

သင်တန်းအကြောင်း
မိတ်ဆက်
ပြည်သူ့ကျန်းမာရေး ပညာရပ်အောက်တွင် ဘာသာခွဲပေါင်းများစွာ ရှိပြီး ၄င်းဘာသာခွဲများကို ဌာနများအဖြစ် စုစည်းထားသည်။ ဥပမာအားဖြင့် - ဖွံ့ဖြိုးဆဲနိုင်ငံများဆိုင်ရာ ပြည်သူ့ကျန်းမာရေး (International Health)၊ ဇီဝဗေဒဆိုင်ရာစာရင်းအင်းပညာ (Biostatistics)၊ ကူးစက်ရောဂါ ပျံ့ပွားခြင်းနှင့် ကာကွယ်ခြင်းဆိုင်ရာ ပညာရပ် (Epidemiology)၊ စိတ်ကျန်းမာရေး (Mental Health)၊ မျိုးဆက်ပွားကျန်းမာရေး (Reproductive Health)၊ စသည်တို့ဖြစ်သည်။ ပြည်သူ့ကျန်းမာရေးမဟာဘွဲ့မှာ ထိုသို့သော ဘာသာခွဲများကို ကျယ်ကျယ်ပြန့်ပြန့် ခြုံငုံ သိရှိနိုင်ရန် သင်ကြားပေးသော သင်တန်းဖြစ်သည်။ ဘာသာခွဲ တစ်ခုချင်းကို နှိုက်နှိုက်ချွတ်ချွတ် သင်ကြားပေးခြင်းမျိုးကား မဟုတ်ပေ။ ထို့ကြောင့် ဌာန တစ်ခုတည်းတွင် ပညာသင်ကြားရခြင်းမျိုးမဟုတ်ပဲ ဌာနစုံမှ သင်ကြားသော အတန်းများကို လိုက်လံ တက်ရောက်ရသည်။
သင်တန်းကာလ
ဤကျောင်းတွင် Term system ဖြင့် သင်ကြားသည်။ ဆိုလိုသည်မှာ စာသင်နှစ် တစ်နှစ်ကို ၂-လ စီ ပိုင်းခြားပြီး သင်ကြားခြင်းဖြစ်သည်။ (စကားချပ်။ အချို့ တက္ကသိုလ်များတွင် Semester system ဖြင့် သင်ကြားသည်။ စာသင်နှစ် တစ်နှစ်ကို ၄-လ စီ သို့မဟုတ် ၆-လ စီ ပိုင်းခြားပြီး သင်ကြားခြင်းဖြစ်သည်။) သင်တန်းကာလ ၁၁-လ ကို ၂-လ စီရှိ Term ၅-ခု (Summer, First, Second, Third, and Fourth) ခွဲခြားထားသည်။ ၁၁-လ ဖြစ်ရခြင်းမှာ ဇန္န၀ါရီ တစ်လ ကျောင်းပိတ်ရက် ပါသောကြောင့်ဖြစ်သည်။ အချိန်ပြည့်သင်တန်းများမှာ နှစ်စဉ် ဇူလိုင်လတွင် စတင်ပြီး မေလတွင် ပြီးဆုံးသည်။
သင်တန်းတွင် သင်ယူရမည့်ဘာသာရပ်များ
မဖြစ်မနေယူရမည့်ဘာသာများ
ဤဘာသာရပ်များမှာ မဟာဘွဲ့အတွက် မတက်မဖြစ် တက်ရမည့် ဘာသာများဖြစ်သည်။
စာတမ်းတိုပြုစုခြင်း
မဟာဘွဲ့ ရရှိရန် အထူးလိုအပ်ချက်အနေဖြင့် စာတမ်းတို တစ်စောင်ပြုစုရသည်။
စိတ်ကြိုက်ဘာသာများ
ဤဘာသာရပ်များ အနက်မှ မိမိ နှစ်သက်ရာကို ရွေးချယ် သင်ယူနိုင်သည်။
အထူးပြုကဏ္ဍ
မိမိနှစ်သက်ရာ ဌာန (သို့မဟုတ်) ကဏ္ဍ အလိုက် ဘာသာရပ် အတွဲများကို စိတ်ကြိုက် ရွေးချယ် သင်ယူနိုင်သည်။ မဟာဘွဲ့ ရရှိရန် လိုအပ်ချက်တစ်ခု မဟုတ်ပါ။
ကျောင်းဝင်ခွင့် လျောက်ထားခြင်း
လိုအပ်ချက်များ
  • ၀ိဇ္ဇာ၊ သိပ္ပံဘွဲ့ တစ်ခုခု (ဆရာဝန် ဖြစ်ရန် မလိုပါ)
  • ဘွဲ့ရပြီးနောက် လုပ်ကိုင်သော ကျန်းမာရေး နှင့်ပတ်သက်သည့် အလုပ်အတွေ့အကြုံ ၂-နှစ်
  • တက္ကသိုလ်တွင် အောက်ပါ ဘာသာရပ်များ သင်ကြားဖူးရမည်
သင်္ချာ
ဇီဝဗေဒ
ကျန်းမာရေးဆိုင်ရာဘာသာရပ် တစ်ခုခု ( အာဟာရ၊ အဏုဇီဝဗေဒ၊ ခန္ဓာဗေဒ၊ ဇီဝဗေဒ စသည် )
  • အင်္ဂလိပ်စာ (Paper-based TOEFL) အမှတ် အနည်းဆုံး ၆၀၀ ရရှိရမည်
  • ဂျီအာအီး (GRE) - အမှတ် ပါရှိရမည်
  • သင်တန်းတက်ရောက်လိုရခြင်း ရည်ရွယ်ချက် နှင့်ပတ်သက်သည့် စာစီစာကုံး
  • ကိုယ်ရေးရာဇ၀င် အကျဉ်း
  • တက္ကသိုလ်မှ အမှတ်စာရင်းများ နှင့် ဘွဲ့လက်မှတ်များ
  • ထောက်ခံစာ ၃ စောင် (တက္ကသိုလ်မှ ဆရာ၊ မိမိ အထက်အရာရှိ စသူတို့ထံမှ)
  • လျောက်လွှာပိတ်ရက် - ဒီဇင်ဘာ ၁ ရက်နေ့
မြန်မာများအတွက် ကျောင်းဝင်ခွင့်ရရှိနိုင်မှု အခြေအနေ
လိုအပ်ချက်များ ပြည့်စုံပါက ကျောင်းဝင်ခွင့်မှာ လွယ်လွယ်ကူကူ ရရှိနိုင်ပါသည်။ မြန်မာကျောင်းသား အနည်းစုသာ ရှိသဖြင့် အရည်အချင်း ပြည့်မီပါက မြန်မာကျောင်းသားကို လက်ခံလိုပါသည်။ ဆရာဝန်ဘွဲ့ ရရှိထားသော မြန်မာများမှာ USMLE ဖြေဆိုထားပြီး ဖြစ်ပါက ၄င်းအမှတ်ကို GRE အစား တင်ပြနိုင်သည်။ အရေးကြီးသော အချက် တစ်ခုမှာ ထောက်ခံစာရေးပေးသူ ပုဂ္ဂိုလ်များ၏ ထောက်ခံချက်ဖြစ်သည်။ အများနှင့် ဆင်တူနေလျင်၎င်း၊ သာမာန် ထောက်ခံစာမျှသာ ဖြစ်နေလျင်၎င်း သိပ်အသုံးမ၀င်လှပေ။
စရိတ်စကများ
ကျောင်းလခ
၂၀၀၇ ခုနှစ်တွင် Term တစ်ခု (၂-လ) အတွက် ကျောင်းလခမှာ - ၈၂၄၄ ဒေါ်လာ ဖြစ်၍ တစ်နှစ်စာ အတွက် ဒေါ်လာ ၄၁၂၂၀ ကုန်ကျသည်။
နေစရိတ်
ကျောင်းဆောင်တွင်နေလျင် တစ်လ ဒေါ်လာ ၄၀၀ ခန့် ကုန်ကျသည်။ အပြင်တွင် ငှားနေလျင် တစ်လ ဒေါ်လာ ၃၅၀ - ၇၀၀ ခန့် အထိ အိမ်၊ အခန်းအမျိုးအစားကို လိုက်၍ ကုန်ကျသည်။
စားစရိတ်
မိမိဘာသာ ချက်ပြုတ်စားသောက်လျင် တစ်လလျင် စားစရိတ် ဒေါ်လာ ၃၀၀ မှ ၄၀၀ ခန့် ကုန်ကျနိုင်သည်။
ခရီးစရိတ်
ကျောင်းဆောင်တွင်နေလျင် ကျောင်းကို လမ်းလျောက်သွား၍ ရပါသည်။ ပြင်ပတွင် ငှားနေပါကလည်း ကျောင်းကား ပြေးဆွဲသော လမ်းတလျောက် နေထိုင်ပါက ကျောင်းကား အခမဲ့ စီးနိုင်ပါသည်။ အခြားမြို့များသို့ အလည်အပတ်သွားလိုပါက မိမိသွားသလောက် ကုန်ကျမည်ဖြစ်သည်။
လျောက်လွှာကြေး
အင်တာနက်မှတဆင့် လျောက်လျင် ၄၅ ဒေါ်လာ၊ စာတိုက်မှတဆင့်လျောက်လျင် ဒေါ်လာ ၁၅၀ ပေးသွင်းရသည်။
ကျောင်းလခကြိုတင်သွင်းငွေ
ကျောင်းဝင်ခွင့် ရရှိပါက ကျောင်းလခအတွက် ကြိုတင်ငွေ ဒေါ်လာ ၆၀၀ ပေးသွင်းရသည်။
ပညာသင်ဆု
မြန်မာကျောင်းသားများအတွက် သီးသန့်ပေးသော ပညာသင်ဆု မရှိ။ အခြားနိုင်ငံများမှ ကျောင်းသားများနှင့် ယှဉ်ပြိုင်ပြီးမှ ရနိုင်သော ပညာသင်ဆု အချို့ရှိသည်။ အပြိုင်အဆိုင်များသဖြင့် ရရှိရန် ခက်ခဲသည်။ မိမိ၏ တက္ကသိုလ်တွင် ရရှိခဲ့သော အမှတ်များ၊ လုပ်ကိုင်ဖူးသော အလုပ်အကိုင် နှင့် အကြီးအကဲတို့ထံမှ ထောက်ခံချက်များ၊ မိမိ၏ ရည်မှန်းချက် ပန်းတိုင်ကို ရှင်းလင်း ပြောပြနိုင်မှုများ၊ နှင့် အခြား ဆုများ ရရှိခဲ့ဖူးခြင်းများ အပေါ်မူတည်သည်။ ထို့ကြောင့် အခြားသော ပညာသင်ဆုများ (ဥပမာ - ကမ္ဘာ့ဘဏ် ပညာသင်ဆု) ကိုလည်း တပြိုင်တည်း လျောက်ထားသင့်သည်။
ဘွဲ့ရပြီးလျင် ရရှိနိုင်သောအလုပ်များ
မိမိ၏ ယခင် အလုပ်အတွေ့အကြုံ၊ ကျောင်းတက်စဉ် ရမှတ်များ၊ ပါမောက္ခများ၏ ထောက်ခံချက် နှင့် အဆက်အသွယ်များပေါ် မူတည်သည်။ ဤကျောင်းမှ မဟာဘွဲ့ရသူများမှာ နေရာ၊ ဒေသ၊ ဌာန အစုံတွင် လုပ်ကိုင်နေကြသဖြင့် မည်သည့်အလုပ်မျိုး ရရှိနိုင်သည်ဟု အာမ မခံနိုင်ပေ။ ကျောင်းတက်နေစဉ် ကာလမှာပင် မိမိ ဆက်လက် လုပ်ကိုင်လိုသော အလုပ်ဌာနမျိုး နှင့် ပတ်သက်၍ စူးစမ်းလေ့လာ ဆက်သွယ်ထားရန်လိုသည်။
အချို့ကျောင်းသား၊ ကျောင်းသူများမှာ -
  • OPT (Optional Practical Training) ခေါ် တစ်နှစ်ယာယီ အလုပ်လုပ်ခွင့် လျောက်ထားပြီး မိမိစိတ်ဝင်စားသော ရုံးဌာနများတွင် အလုပ်သင် အနေဖြင့်သော်၎င်း၊ အရာရှိငယ်အနေဖြင့်သော်၎င်း ၀င်ရောက်လုပ်ကိုင်ကြသည်။ ထိုမှတဆင့် ပုံမှန် အလုပ်များကို လျောက်ထားကြသည်။
  • ပါရဂူဘွဲ့ သင်တန်းများကို ဆက်လက်တက်ရောက်ကြသည်။
  • ပါမောက္ခများ၏ သုတေသန စီမံချက်များတွင် ၀င်ရောက်လုပ်ကိုင်ကြသည်။
  • မိမိ မူရင်းအလုပ်ဌာနများတွင် ပြန်လည်လုပ်ကိုင်ကြသည်။
စကားချပ်
ပိုမို ပြည့်စုံ တိကျသော အချက်အလက်များ အတွက် အဆိုပါကျောင်း၏ ၀က်ဆိုဒ် ကိုသွားရောက် ကြည့်ရှုပါရန်။
ဤဆောင်းပါးနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းလိုပါက
Myanmar Development Community Forum (MDCF) တွင် လာရောက် မေးမြန်းပါရန် ဖိတ်ခေါ်အပ်ပါသည်။

"ကြိုတင်ပြင်ဆင်အောင်ပွဲဝင်"

အားလုံးအဆင်ပြေကြပါစေ။
မောင်ရဲမွန်

No comments: