Wednesday, July 25, 2007

Proactive and Reactive

၂၅၊ ၇၊ ၂၀၀၇

ကြိုတင်ပြင်ဆင်ခြင်း နှင့် တုံ့ပြန်ခြင်း

”မီးဘေးရှောင် မလောင်ခင်တားကြပါဗျ”
နွေရာသီဆို လော်စပီကာမှာ ကြားနေကျ နှိုးဆော်ချက်တစ်ခုပါ။ ဒီလိုမျိုး လောစပီကာကြီးနဲ့ မကြားကြားအောင် ဘာကြောင့်လုပ်ရပါလဲ။ အဲဒီလိုမှ မလုပ်ရင် လူတွေ အမှုမဲ့ အမှတ်မဲ့ ဖြစ်တတ်လွန်းလို့ပေါ့။

အဓိပ္ပါယ်ဖွင့်ဆိုချက်လေးတွေ ကြည့်ရအောင်

ကြိုတင်ပြင်ဆင်ခြင်း (Proactive)
ပြဿနာ တစ်ခုခု မပေါ်ပေါက်မီကပင် ကြိုတင်တွေးဆ ပြင်ဆင်ထားခြင်း။ စတီဗင်ကိုဗေး က သူ့ရဲ့ နာမည်ကြီးစာအုပ်ဖြစ်တဲ့ 7 habits of highly effective people မှာ ဒီလို ဆိုထားလေရဲ့ "to act before a situation becomes a source of confrontation or crisis"

တုံ့ပြန်ခြင်း (Reactive)

ပြဿနာ တစ်ခုခု ပေါ်ပေါက်လာမှ ဖြေရှင်းခြင်း။

ဒါဆို လူတွေက ဘာကြောင့် ကြိုတင်ပြင်ဆင်မှုတွေ မပြုလုပ်ပဲ ဖြစ်လာမှ ရှင်းကြတာပါလဲ။ ဥပမာ တစ်ခုနှစ်ခုပေး၍ ဆွေးနွေးလိုသည်။

ဥပမာ (၁) မီးဘေးကာကွယ်ခြင်း

အဆောက်အဦ ဆောက်လုပ်ရာတွင် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများရှိသည်။ လူအရေအတွက် မည်မျှဆိုလျင် အခန်းအကျယ် မည်မျှ၊ လှေကား ဘယ်နှစ်စင်း၊ မီးခံတံခါး ဘယ်နှစ်ချပ်၊ အရေးပေါ်ထွက်ပေါက် ဘယ်နှစ်ခု၊ အချက်ပေးခေါင်းလောင်း ဘယ်နှစ်လုံး၊ ရေပန်းဘယ်နှစ်ခု အစရှိသဖြင့် လိုအပ်သလို တပ်ဆင်ရသည်။ လူနေအိမ်တွေမှာ လောင်စာဆီ စုပုံထားခြင်းမပြုရ၊ သတ်မှတ်လူ အရေအတွက်ထက် ပိုမနေရ စသဖြင့် စည်းကမ်းများလည်း ရှိသေးသည်။

ဘယ်လိုလူတွေက ဒီစည်းကမ်းတွေ ချမှတ်ထားပါသလဲ။ အိုးအိမ်ဦးစီးဌာနရဲ့ ချောင်ကျကျစားပွဲ တစ်လုံးမှာ ထိုင်နေတဲ့ အင်ဂျင်နီယာ၊ ဒါမှမဟုတ် ဗျူရိုကရက် တစ်ဦးက လက်ဆော့လိုက်တာများလား။ ကိုလိုနီခေတ်ရဲ့ အမွေဆိုးတွေများလား။ ဘယ်လိုပဲဖြစ်ဖြစ် ဒီစည်းမျဉ်းစည်းကမ်းတွေကတော့ အမှန်တကယ် ရှိနေပါတယ်။

ဘာကြောင့်များ စည်းကမ်းတွေ ဒီလောက်များများ ချထားရပါသလဲ။ ငွေတောင်းလို့ ကောင်းအောင်လား။ လူအထင်ကြီးအောင်လား။ အလုပ်မရှိ အလုပ်ရှာတာလား။

မဟုတ်ရပါ။ လိုအပ်လို့ပါ။ လိုအပ်လို့ ဆိုတာထက် မဖြစ်သင့်တာတွေ မဖြစ်ရအောင်၊ အလေအလွင့်နည်းအောင် ကြိုတင်ကာကွယ်တာ ဖြစ်ပါတယ်။ ဟုတ်ပါတယ် ကြိုတင်ကာကွယ်ခြင်းပါ။

တကယ်လို့များ ဒီအဆောက်အဦမှာ မီး မတော်တဆမှုဖြစ်ခဲ့ရင် လွယ်လွယ်နဲ့ မီးမလောင်အောင်၊ လောင်ခဲ့ရင် လူတွေ ကြိုသိနိုင်အောင်၊ အလွယ်တကူ ထွက်လာလို့ရအောင်၊ မီးတောက်ကြီးမလာအောင် ကြိုတင်ပြင်ဆင်ထားခဲ့တာပါ။

သို့သော်လည်း ဒီလို ကြိုတင်ပြင်ဆင်သူတွေရဲ့ အလုပ်တွေကို လူတွေ သတိမထားမိပဲ မျက်စိ လျှံတတ်ပါတယ်။ ဘာကိုဆိုရင် သတိထားမိပါသလဲ။

မီးလောင်ပြီဟေ့ ဆိုရင် ဆွဲဆွဲငင်ငင်အော်မြည်ပြီး အပြေးရောက်လာတတ်တဲ့ မီးသတ်တပ်ဖွဲ့ကိုပေါ့။ ဟုတ်ပါတယ်။ မီးတောက်ကြီးကို ငြိမ်း၊ သက်စွန့်ဆံဖျား ၀င်ရောက်ကယ်ဆယ်တဲ့ မီးသတ်သမားတွေကို ပရိတ်သတ်ကြီးက ၀ှဲချီးသြဘာ ပေးကြပါတယ်။ သူရဲကောင်းတွေပဲကိုး။

ဥပမာ (၂) စစ်ပွဲများ

အထက်က ဥပမာနဲ့ အလားတူ စစ်ပွဲတွေမှာ အောင်နိုင်သူ စစ်သူကြီးများဟာလည်း စစ်ပွဲမဖြစ်အောင် စေ့စပ်နိုင်သူ ငြိမ်းချမ်းရေး သံတမန်တွေထက် ပိုပြီး ချီးမြောက်ခံရပါတယ်။ တိုင်းပြည်အတွက် အသက်ပေး ကာကွယ်နေကြသူတွေပဲကိုး။

ဆွေးနွေးချက်

လောကမှာ သူသူကိုယ်ကိုယ် မိမိ လုပ်ဆောင်မှုအတွက် ထိုက်တန်တဲ့ ချီးမြောက်မှုကို ရလိုကြပါတယ်။ တချိန်တည်းမှာပဲ လူ့သဘာဝဟာ မိမိ မျက်စိနဲ့ မြင်တွေ့ရမှ တန်ဖိုးထားတတ်ကြတယ်။ မီးသတ်တာကို မြင်လိုက်ရမှ၊ စစ်ပွဲကို အနိုင်တိုက်ပြလိုက်မှ တန်ဖိုးထားကြတယ်။ ကြိုတင်ကာကွယ်ထားနိုင်လို့ မီးလောင်မလာရင် စစ်ပွဲတွေ ဖြစ်မလာရင် လူတွေ မမြင်ရပေဘူး။ အဲဒီအခါ တန်ဖိုးလည်း မထားကြတော့ဘူးပေါ့။

တကယ်ကတော့ မီးကို မလောင်ခင် တားနိုင်သူ၊ စစ်ပွဲတွေမဖြစ်အောင် တားဆီးနိုင်သူတွေကိုလည်း တန်းတူ တန်ဖိုးထားတတ်ဖို့လိုပါတယ်။ လူမှုအသိုင်းအ၀ိုင်းတစ်ခုဟာ တုံ့ပြန်သူ (Reactive ဖြစ်သူ) တွေကိုသာ ချီးမြောက်နေခဲ့ရင် ကြိုတင်ကာကွယ်သူ (Proactive ဖြစ်သူ) တွေရဲ့ အခန်းကဏ္ဍမှေးမှိန်လာပြီး တိုင်းပြည်လည်း မီးသတ်ရ၊ စစ်တိုက်ရ နှင့် မအားလပ်အောင်ဖြစ်ကာ အောက်တန်း နောက်တန်း ရောက်သွားနိုင်ကြောင်းတွေးမိ ရေးသားလိုက်ရပေသည်။

စကားချပ်

မီးသတ်ခြင်း နှင့် စစ်ပွဲများကို ဥပမာပြခဲ့သော်လည်း၊ မီးသတ်တပ်ဖွဲ့ နှင့် စစ်တပ်တို့၏ အရေးပါမှုကို လျော့ပေါ့စဉ်းစားခြင်းမဟုတ်ကြောင်း သိစေအပ်ပါသည်။ မည်သို့ပင် ကြိုတင် ပြင်ဆင်ထားသည် ဆိုစေကာမူ မတော်တဆမှုများ ရှိလာနိုင်ကြောင်းနှင့် ထိုမတော်တဆမှုများ အတွက် အထက်ပါ အဖွဲ့အစည်း နှစ်ခုသည် အရေးပါလှကြောင်း ဖော်ပြလိုသည်။

စာကိုး

7 habits of highly effective people. Stephen Covey.
http://en.wikipedia.org/wiki/Proactive

4 comments:

စိုးထက် - Soe Htet ! said...

ကောင်းတယ်ဗျို့.. Proactive ကို ပိုမို နားလည် လာပါတယ်။ ကျေးဇူး ကိုရဲမွန်…

Anonymous said...

ကိုရဲမွန်ရေ.. proactive ကို ဗမာလိုပြန်ထားတာ အတော်လေး ဖတ်ကောင်းတယ် ။ ဒါပေမယ့် မီးကိုမလောင်ခင်တားနိုင်ဖို့ မီးဆိုတာကို အရင် identify လုပ်နိုင်ဖို့ လိုတယ်လေ ။ အဲလိုလုပ်နိုင်ဖို့ ဇင်းမြစ်ကို ရှာရမယ်လို့ ထင်တယ် ။

ဂျစ်ကတော့ မီးကိုမလောင်ခင်တားနိုင်ဖို့ ကြိုးစားနေရင်းနဲ့ပဲ ၊ နောက်ဆုံးတော့ reactive လူစား ဖြစ်၂နေလေရဲ့ ။

ထွန်း said...

မှားနေပြီနဲ့ တူတယ်။ မီးဘေးရှောင် မလောင်ခင် တားပါဆိုတာထက်

ရှို့ မီးလောင် ရေ (ငွေ)မြေ ရရမည်တဲ့
မြေကွက်ဖယ်စေချင်ရင် မီးရှို့ ပြီး ရပ်ကွက်ကို ပြောင်းလိုက်ရော

မီးလောင်လို့ ငွေမပေးရင်လည်း မီးသတ်ကားက မီးမငြိမ်းပေးဘူးတဲ့.

အဲဒါ .. အဲဒါ .. preactive and postactive ပါ

Ye-Mon said...

ကစိုးထက်
ကောင်းပါလေ့။

မဂျစ်ရေ
ကျွန်တော့်မှာလည်း proactive မဖြစ်မိတဲ့ ကိုယ်ပိုင် ကိစ္စတွေ များလှပေါ့။ ဒါကြောင့်လည်း ကိုယ့်ဘာသာ ပြန်သတိပေးချင်တာက proactive အကြောင်း ရေးဖြစ်ရတဲ့ အကြောင်းရင်းတစ်ခုပါ။

JJ
ကျွန်တော်လည်း အဲလိုပြောကြတာတွေ ကြားဖူးတယ်။ ကိုယ်တိုင်တော့ မကြုံဘူးပါ။