Tuesday, August 28, 2007

School Life (1)

၂၈၊ ၈၊ ၂၀၀၇

ကျောင်းတုန်းက ဘ၀ (၁)

မွန်းသက်ပန် က တက်လာသည် “ကျောင်းတုန်းက ဘ၀” ခေါင်းစဉ်ဖြင့်ရေးသားရန် ဟူ၏။ ကစိုးထက် ကလည်း သူရေးပြီးကြောင်း ဆိုလာသည်။ အစက စမှ ဇာတ်ရည်လည်မည်။ စကြစို့ရဲ့။

အတန်း ။ ။ မူကြို
ကျောင်း။ ။ တီချယ်မေမေ မူကြို၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့
ခုနှစ် ။ ။ ၇၀ ပြည့်လွန်နှစ်တစ်နှစ်

တီချယ်မေမေ မူကြိုစဖွင့်ရက်တွင် ကလေးများ၊ လိုက်ပို့သူ မိဘများ ပျားပန်းခတ်မျှ ရှိနေစဉ် ဆံပင်ကောက်ကောက် အသားညိုညိုဖြင့် ကောင်လေးတစ်ယောက် ဆူပုတ်ပုတ်ဖြင့် မူကြိုအခန်းထဲ ရောက်လာလေသည်။ ထိုကလေးကား စာရေးဆရာ တက္ကသိုလ် ဘုန်းနိုင်၏ နေ့သင့် နံသင့် ပေးထားချက်အရ “မောင်လှမွန်” မည်တွင်လေ၏။

ဆရာမက ကလေးများ စုံမစုံ စစ်ဆေးရန် နာမည် ခေါ်လေသည်။
“ခင်ချစ်ချစ်ချော”
“ရှိပါတယ်ရှင့်”
“ရဲမင်းပိုင်”
“ရှိပါတယ်ခင်ဗျာ့”
...
“မောင်လှမွန်”
..
“မောင်လှမွန်”
..

ကောင်ညိုလေးက မထူးပေ။ ဆရာမက လူသိနေသဖြင့် “ဟဲ့ .. မောင်လှမွန် နာမည်ခေါ်နေတာ ဘာလို့ မထူးတာလဲ” ဟု စိတ်မရှည်သံဖြင့် မေးလေသည်။
ကောင်ညိုလေး။ ။ ကျွန်တော့်နာမည် မောင်လှမွန် မဟုတ်ဘူး ဆရာမ။
ဆရာမ။ ။ဟဲ့ .. ဒါ မင်းအမေ ပြောတဲ့ နာမည်ပဲ။ မောင်လှမွန် မဟုတ်ရင် မင်းနာမည် က ဘာတုန်း။
ကောင်ညိုလေး။ ။ ကျွန်တော့်နာမည် “ရဲမွန်မြင့်” ပါ။

ဆရာမ မျက်စိရော နားရော ရှုပ်သွားကာ ကောင်ညိုလေး အမေထံ စာရေးလိုက်လေသည်။

“ကလေး အမေရှင့် ... ကလေးမှာ နာမည် နှစ်မျိုးရှိလျင် ပြောစေလိုပါတယ်။ မူကြိုကျောင်းတွင် မည်သည့် အမည်ကို သုံးမည် ဆိုသည်ကိုလည်း တစ်ပါတည်း ပြောပါရှင့်။ ကလေးက သူ့အမည်ကို “ရဲမွန်မြင့်” ဟု ပြောနေပါတယ်။ ကျောင်းအပ် စာရင်းထဲရှိ အမည်မှာ “မောင်လှမွန်” ဖြစ်ပါတယ်။”

ဒါနဲ့ပဲ ... မိဘများ စုံစမ်း စစ်ဆေးရေး ၀င်ရလေသည်။

မိခင်။ ။ သား ... မင်းနာမည်က မောင်လှမွန်လေ။
ကောင်ညိုလေး။ ။ ဟာ .. အမေကလည်း ဒီ “မောင်လှမွန်” ဆိုတာကြီး မကြိုက်ပါဘူး။ အခြောက်နာမည်နဲ့တူတယ်။ ဒါကြောင့် ကိုယ့်ဘာသာ “ရဲမွန်မြင့်” လို့ ပြောင်းလိုက်တာ။
မိခင် (အံ့သြသွားဟန်ဖြင့်)။ ။ အဲဒီ နာမည်ကရော ဘယ်လိုရတာတုန်း။
ကောင်ညိုလေး။ ။ သား သူငယ်ချင်းတွေထဲမှာ “ရဲ” နဲ့ စတဲ့သူတွေရှိတယ်။ နောက်ပြီး အဲဒီ စာလုံးက ယောက်ျားဆန်တယ်။ ပြီးတော့ အဖေ့နာမည်က “မြင့်” နဲ့ဆုံးတော့ အဲဒီစာလုံးကို ယူလိုက်တယ်။ နကို နာမည်က “မွန်” ကိုတော့ ဆက်သုံးထားတယ်လေ။ “ရဲမွန်မြင့်” ဖြစ်ရောပေါ့။

နောက်ဆုံးမတော့ မိဘများ အလျော့ပေးလိုက်ရကာ ကောင်ညိုလေး၏ အမည်မှာ ယနေ့တိုင် “ရဲမွန်မြင့်” ဟု တွင်လေတော့သည်။

ဝန်ခံချက်

မိခင်၏ ပြန်လည် ပြောပြချက်ကို ရေးသားထားခြင်း ဖြစ်၍ တကယ့် အဖြစ်မှန်နှင့် ကွဲလွဲမှု အနည်းငယ် ရှိနိုင်ပါသည်။

Read More...

Tuesday, August 21, 2007

3D Fund will use 21 million dollar in 2007-08

၂၁၊ ၈၊ ၂၀၀၇

သရီးဒီဖန် ၂၀၀၇-၀၈ ခုနှစ်တွင် ဒေါ်လာ ၂၁ သန်းသုံးမည်

မြန်မာနိုင်ငံတွင် ခုခံကျရောဂါ၊ တီဘီရောဂါ နှင့် ငှက်ဖျားရောဂါ တို့ကို တိုက်ဖျက်ရန် သြစတေးလျ နှင့် ဥပရောပသမဂ္ဂ (European Union) အဖွဲ့ဝင် နိုင်ငံများဖြစ်သော အင်္ဂလန်၊ နယ်သာလန်၊ နော်ဝေး၊ ဆွီဒင် တို့က 3DFund (Three Diseases Fund) ခေါ် ရန်ပုံငွေ တစ်ရပ်ကို ထူထောင်ခဲ့လေသည်။ စီမံကိန်း သက်တမ်း ၅ နှစ်အတွက် အမေရိကန် ဒေါ်လာ သန်းပေါင်း ၁၀၀ ခန့်ကို သုံးစွဲသွားမည်ဟု ဆိုလေသည်။ အဆိုပါ ရန်ပုံငွေသည် မြန်မာနိုင်ငံအနေဖြင့် လတ်တလော ရရှိနေသော လူမှုကူညီရေး အထောက်အပံ့များအနက် အများဆုံးဟု ဆိုနိုင်ပေမည်။

၂၀၀၇ ခုနှစ် စက်တင်ဘာတွင်စတင်သော ဘဏ္ဍာရေးနှစ်အတွက် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့များ၊ အန်ဂျီအိုများ စုစုပေါင်း ၂၅ ဖွဲ့ကို အမေရိကန်ဒေါ်လာ ၂၁ သန်းကျော် ထောက်ပံ့သွားမည်ဖြစ်ကြောင်း 3DFund ၀က်ဆိုက် တွင် ဖော်ပြထားသည်။

စာကိုး
Funding Round 1, Three Diseases Fund, retrieved from http://www.3dfund.org/funding.html on August 21, 2007.

Read More...

Monday, August 20, 2007

Mini Reunion

၂၀၊ ၈၊ ၂၀၀၇

ငယ်သူငယ်ချင်းများ ဆုံလေသည်

ဝါရှင်တန်၊ ဒီစီ မြို့၊ အမေရိကန် ပြည်ထောင်စု။

Read More...

Sunday, August 19, 2007

(Daw) Swe Zin Htaik

၁၉၊ ၈၊ ၂၀၀၇

(ဒေါ်) ဆွေဇင်ထိုက်လည်း ဘလောက်ရေးလေပြီ

ရုပ်ရှင်သရုပ်ဆောင် အဖြစ်မှ လူမှုကူညီရေးလုပ်ငန်းများကို အချိန်ပြည့် လုပ်ဆောင်နေသော (ဒေါ်) ဆွေဇင်ထိုက် တစ်ယောက် ဘလောက်လောက ကို ခြေချလာပြီဖြစ်ကြောင်း မောင်းထု အပ်ပါသည်။


Read More...

Touched (1)

၁၉၊ ၈၊ ၂၀၀၇

ရင်ကိုထိမှန်သော စာစုများ (၁)
“ကျနော်ကြီးလာရင် ဘာလုပ်မလဲဆိုတာ ကျနော်မပြောတတ်ဘူး။
အမှိုက်ပုံကြီးတွေ ရှိနေရင်တော့ ကျနော် ထမင်းမငတ်ဘူးလို့ ထင်တာပဲ။
ကျနော်ကြီးလာရင် ဒီထက်ပိုပြီးတော့ ပစ္စည်းတွေကောက်နိုင်မယ်။”
ကျော်စွာ

ကျော်စွာ (ခေါ်) အ၀ါလေးဆိုတာ ထိုင်းနိုင်ငံရဲ့ အမှိုက်ပုံ တစ်ခုမှာ လုပ်ကိုင်စားသောက်နေရတဲ့ ကလေးငယ်လေးတစ်ယောက်။ မုတ္တမက ဆိုတော့ မြန်မာ နိုင်ငံသားလို့ပဲ ဆိုရမယ်ထင်ပါတယ်။ ခိုင်မာကျော်ဇောရဲ့ ဒီဆောင်းပါး ကို ဖတ်ပြီး စိတ်မကောင်းဖြစ်လွန်းလို့ မျက်ရည်များတောင် ၀ိုင်းလာမိပါရဲ့။ ဒီလိုဘ၀တွေ ဘယ်လောက်များ များနေပါပြီလဲ။

ကျွန်တော်တို့ကတော့ လုံခြုံအေးချမ်းတဲ့ အခန်းထဲမှာ နောက်ဆုံးပေါ် အီလက်ထရွန်းနစ်ပစ္စည်းတွေနဲ့ ကမ္ဘာ့ကွန်ယက်ကြီးပေါ် လျောက်သွားနေလိုက်ကြတာ ကိုယ့်သွေးချင်း ညီအကို၊ မောင်နှစ်မတွေက တစ်ခြားနိုင်ငံမှာ အမှိုက်လုကောက်ပြီး အသက်မွေးနေရလေရဲ့။ ဒီအဖြစ်မျိုးတွေ မဖြစ်အောင် ကျွန်တော်တို့ မတားဆီးနိုင်ကြတော့ဘူးလား။ မတားဆီးချင်ကြတော့ဘူးလား။

အပေါ်က လင့်ကို မသွားနိုင်သူများအတွက် မူရင်းဆောင်းပါးကို ဖတ်ရန် “Read More” ကို နှိပ်ပါ။

ရသလွင်ပြင်
အ၀ါရောင် ခေါင်းစွပ်လေး
ခိုင်မာကျော်ဇော| သြဂုတ် ၇၊ ၂၀၀၇

ကျနော့် နာမည်ကျော်စွာကို လူတွေက ‘ငစွာ’လို့ ခေါ်လို့ခေါ် ‘အ၀ါလေး’လို့ ခေါ်လိုခေါ်နဲ့

ကျနော် မကြိုက်ပါဘူးလို့ ဘယ်လောက်ပဲပြောပြော ဘယ်လိုမှ ပြောမရဘူး။ ‘ငစွာ’လို့ခေါ်ကြတာက ကျနော်က စွာလို့တဲ့။ ‘အ၀ါလေး’ လို့ခေါ်ကြတာကတော့ ခေါင်းစွပ်အ၀ါရောင်လေးကို ကျနော်အမြဲတမ်းစွပ်ထားလို့ ‘ငစွာ’လို့ခေါ်တာ ကျနော် မကြိုက်ပါဘူး။ ကျနော်က စွာတာမှ မဟုတ်တာ။ ဒီအမှိုက်ပုံကြီးမှာ ကိုယ်လိုချင်တဲ့ပစ္စည်းရဖို့ သူ့ထက်ငါ လူတိုင်း တိုးဝှေ့နေကြတာပဲ။ ကျနော်လည်း သူများတွေလိုပဲ တိုးဝှေ့ကောက်တာပဲဟာ။ ဒီလိုမှ မတိုးရင် ကျနော်တို့ ဘယ်လို ထမင်းစားမလဲ။

အ၀ါရောင်ခေါင်းစွပ်လေးကို အမြဲတမ်းစွပ်ထားလို့ ‘အ၀ါလေး’လို့ခေါ်တာတော့ ခေါ်ပေါ့။ ဘာကြောင့်မှန်းတော့ မသိဘူး အဲဒီ ပလတ်စတစ် အ၀ါရောင် ခေါင်းစွပ် လေးကို ကျနော် သဘောကျတယ်။ အဲဒီခေါင်းစွပ်ကလေး စွပ်ထားရင် လေလည်း လုံတယ်။ မိုးလည်းလုံတယ်။ ကျနော့် ဆံပင်တွေ၊ မျက်စိတွေ၊ နားတွေထဲလည်း အမှိုက်တွေ၊ ရွှံ့တွေ မစင်တော့ဘူး။
အဲဒီခေါင်းစွပ်အ၀ါလေးက ကျနော်နဲ့လည်း လိုက်တယ်တဲ့။ အမှိုက်ကားကြီးတွေ လာချိန်နီးလို့ ဓားကောက်ကိုကိုင်၊ ပီနံအိတ်ကို သိုင်းလွယ်ပြီး အဲဒီခေါင်းစွပ်အ၀ါလေးကို စွပ်ပြီး အမှိုက်ကွင်းကြီးထဲ ကျနော်ဆင်းပြီဆို ‘ငစွာလေးလာပြီဟေ့’၊ ‘အ၀ါလေးလာပြီဟေ့’နဲ့ ကျနော့်ကို အမျိုးမျိုး ပြောင်ကြ နောက်ကြတယ်။

အဲဒီထဲမှာ ဟိုဘက်တဲက ရွှေကျင်လင်မယားက အဆိုးဆုံးပဲ။
သူတို့မှာ သားသမီးမရှိတော့ ကျနော့်ကို သူတို့ ချစ်လည်းချစ်လို့ ခေါ်တယ်ဆိုတာ ကျနော်သိပါတယ်။
ဒါပေမယ့် ကျနော့်ထက်ငယ်တဲ့ ကလေးတွေက လူကြီးတွေခေါ်သလို လိုက်လိုက်ခေါ်တာ ကျနော် မကြိုက်ပါဘူး။
‘သန်းထွန်းလေး’ဆို အဆိုးဆုံးပဲ။ မကြိုက်ဘူးလို့ ကျနော်ပြောတာ အခါတထောင်လောက်ရှိတော့မယ်။
ဒါလည်းမရဘူး။ သူက သူ့အဖေအားကိုးနဲ့ ကျနော့်ကို လိုက်လိုက်ပြီးတော့ ပြောင်နေတာ။
အဲဒီကောင်ကို ကျနော် တခါတခါ ဆွဲထိုးပစ်ချင်တယ်။

ကျနော်တို့ အမှိုက်ပုံမှာတော့ သန်းထွန်းလေးတို့ အမျိုးတွေ တော်တော်များတယ်။
အိမ် ၄၀ ကျော်မှာ သူတို့အမျိုးက တ၀က်လောက်ရှိတယ်။
ကျနော်တို့ အခုနေတဲ့ မဲဆောက်မြို့ ဘတ်စံကွင်းထဲက အမှိုက်ပုံကြီးကို
သန်းထွန်းလေးတို့ အဖေတွေ အရင်ဆုံးရောက်တာတဲ့။
သန်းထွန်လေးတို့က ပဲခူးဘက်ကလို့ ပြောတာပဲ။ သူတို့အမျိုးတွေက ပဲခူး၊ သနပ်ပင်၊ ဒိုက်ဦးစုံနေတာပဲ။
ကျနော်တို့က မုတ္တမ ကမ်းခြေစုက လာတာ။
ဒီအမှိုက်ပုံကြီးမှာ နယ်စုံက လူတွေရှိတယ်။
ကျနော်တို့ တဲနားက ရွှေကျင်လင်မယားဆိုရင် ရွှေကျင်ကလာလို့ ရွှေကျင်လင်မယားလို့ ခေါ်ကြတာလေ။
ကျနော်တို့ အမှိုက်ပုံကြီးမှာ မွန်၊ ကရင်၊ ဗမာ လူမျိုးလည်းစုံတယ်။
နယ်စုံ လူစုံဆိုတော့ ခဏခဏလည်း စကားများကြ၊ ရန်တွေဖြစ်ကြနဲ့။
အမှိုက်ကားကြီးတွေလာလို့ အမှိုက်တွေသွန်ချပြီဆို သူ့ထက်ငါ တိုးဝှေ့လုယက်ပြီဆိုရင်
စကားတွေများကြပြီ။ ရန်တွေဖြစ်ကြပြီ။
ကောက်ထားတဲ့ ပစ္စည်းတွေပျောက်လို့၊ ခိုးလို့ ရန်ဖြစ်ကြတာတွေလည်းရှိတယ်။
နောက်တော့လည်း ပြန်တည့်သွားကြ။ ပြန်ခေါ်ကြတာပဲ။

ကျနော်လည်း ၁ ခါ ၂ ခါ တော့ ရန်ဖြစ်ဖူးတယ်။
သန်းထွန်းလေးနဲ့ သန်းထွန်းလေးတို့ အမျိုးတွေနဲ့ပဲပေါ့။
သူတို့က အမျိုးတောင့်တယ်။ အရင်ရောက်တယ်ဆိုပြီး နေရာတကာ ဆရာလုပ်ချင်တယ်။
ကျနော်တို့လို ကလေးတွေဆိုရင်လည်း သူ့အဖေက အော်လိုက် ငေါက်လိုက် အမြဲလုပ်တယ်။
သူ့အဖေက ထိုင်းစကားလည်းတတ်တော့ ကျနော်တို့ အမှိုက်ပုံမှာတော့ ဆရာကြီးပေါ့။

ဒီအမှိုက်ပုံကို ချုပ်ထားတဲ့ ထိုင်းလင်မယားနဲ့လည်း သူက အဆင်ပြေတယ်။
အဆင်ပြေမှာပေါ့ ကျနော်တို့ ဘာလုပ်တယ်၊ ဘယ်မှာရောင်းတယ်ဆိုတာကို သူက သတင်းသွားသွားပေးတာကိုး။
အခုတော့ အဲဒီထိုင်းလင်မယားက ကျနော်တို့အမှိုက်ပုံမှာ သန်းထွန်းလေး အဖေကို လူကြီးတင်ထားပေးတယ်။
အမှိုက်ပုံကရတဲ့ ပစ္စည်းတွေကိုလည်း အရင်ကလို ကျနော်တို့ ရောင်းချင်တဲ့နေရာမှာ ရောင်းလို့မရတော့ဘူး။
အရင်ကလည်း ကျနော်တို့ ရောင်းချင်တဲ့နေရာမှာ ရောင်းလို့ရတာတော့ မဟုတ်ပါဘူး။
အဲဒီ ထိုင်းလင်မယားဆီမှာပဲ ရောင်းရတယ်။

သူတို့က ဒီအမှိုက်ပုံကြီးကို ချုပ်ထားတာဆိုတော့ ဈေးနှိမ်ပြီးတော့ ၀ယ်တာပေါ့။
ဒါပေမယ့်လည်း ဈေးပိုရမယ်ထင်တဲ့နေရာမှာ အဲဒီထိုင်းတွေမသိအောင် သွားသွားပြီးတော့ ခိုးရောင်းကြတယ်။
အခု သန်ထွန်းလေးတို့အဖေကို လူကြီးတင်ထားတော့ ဘယ်လိုလုပ်ပြီး ခိုးရောင်းလို့ရတော့မှာလဲ။
သူတို့က ကျနော်တို့နဲ့ပဲ အတူတူနေတာဆိုတော့ အကုန်သိတာပေါ့။
ပြီးတော့ သူတို့အမျိုးတွေကလည်း အများကြီးဆိုတော့ ဘယ်သူဘာလုပ်တယ်ဆိုတာ
သူတို့က မျက်လုံးဒေါက်ထောက် ကြည့်နေတာ။

ခေါင်းစွပ်အ၀ါလေးက ဒီအမှိုက်ပုံကြီးထဲကပဲ ကျနော်ရတာ။
ကျနော်ရတာ တနှစ်တောင်ကျော်သွားပြီ။
ခေါင်းစွပ်ကလေးရဲ့ အောက်ဘက်မှာ ကြယ်သီးပေါက်ကလေးတွေပါတော့
အဲဒီခေါင်းစွပ်ကလေးဟာ အင်္ကျီနဲ့တွဲပြီးဝတ်တာလို့ ကျနော်ထင်တယ်။
အရင်ကတော့ အဲဒီခေါင်းစွပ်ကလေးနဲ့တွဲဝတ်တဲ့ အင်္ကျီအ၀ါရောင်လေးများ
အမှိုက်ကားကြီးတွေနဲ့ ပါလာမလားလို့ ကျနော် မျှော်နေသေးတယ်။
အခုတော့ ကျနော် မမျှော်တော့ပါဘူး။

ဒီအမှိုက်ပုံကြီးကို ကျနော်ရောက်တာ ၂နှစ်ကျော် ၃ နှစ်ရှိပြီ။
အခုကျနော့်အသက် ၁၄ နှစ်ထဲဝင်ပြီဆိုတော့ ကျနော် ၁၁ နှစ်ကျော်အရွယ်လောက် စရောက်တာပေါ့။
ပျော်တော့ ဘယ်ပျော်မှာလဲ။
ဒါပေမယ့် ဒီအမှိုက်ပုံကြီးက ကျနော်တို့ကို ထမင်းကျွေးတာဆိုတော့ မပျော်လည်းနေ ပျော်လည်းနေပေါ့။
မုတ္တမမှာ နေတုန်းကဆို ကျနော်တို့ ထမင်းနပ်မှန်အောင် စားရတာမဟုတ်ဘူး။
အဖေကူလီ မထမ်းနိုင်တဲ့နေ့တွေဆိုရင် ရေသောက်ပြီးတော့ပဲ နေရတယ်။
အမေကတော့ ကျနော်ငယ်ငယ်လေးထဲက သေသွားတယ်လို့ အဖေကပြောတယ်။

အဖေဆုံးပြီးမှ ကျနော် ဒီအမှိုက်ပုံကို ရောက်လာတာ။
ကျနော့်ဦးလေးက ဒီအမှိုက်ပုံမှာ အလုပ်လုပ်တာ အဆင်ပြေတယ်လို့ပြောပြီး
ကျနော့်ကို ပြန်ခေါ်လို့ ကျနော်ရောက်လာတာ။

ကျနော်တခါမှ ကျောင်းမနေဖူးဘူး။ ကျနော့်အဖေလည်း ကျောင်းမနေဖူးဘူးတဲ့။
ဦးလေးကတော့ ကျနော်တို့ မွန်ရွာက ဘုန်းကြီးကျောင်းမှာ နေခဲ့ဖူးတယ်လို့ ပြောတာပဲ။
ကျောင်းတခါမှ မနေဘူးတော့ ကျောင်းနေချင်သလား မနေချင်ဘူးလားဆိုတာ ကျနော် မပြောတတ်ဘူး။
သန်းထွန်းလေးလည်း ကျနော့်လိုပဲ ကျောင်းမနေဖူးဘူး။

ဒီအမှိုက်ပုံကြီးထဲမှာ ကျနော်တို့အရွယ်တွေရှိတော့ရှိတယ်။ အများကြီးတော့ မဟုတ်ဘူး။
ကျနော်၊ သန်းထွန်းလေး၊ ကွာစိ၊ ငတိုးနဲ့ မိခက်တို့ပဲရှိတယ်။
ကျန်တဲ့ကလေးတွေကတော့ ကျောင်းနေပါတယ်။
ဒီအမှိုက်ပုံကြီးအနားမှာ ကျောင်းရှိတယ်။ သူတို့အဲဒီကျောင်းမှာ သွားတက်ကြတာပေါ့။
ကျနော် ကျောင်းမနေချင်ပါဘူး။ ကျနော်က အကောင်ကြီးနေပြီ ရှက်စရာကြီးဖြစ်နေမှာပေါ့။

ကျောင်းနေရင် ကျနော်တို့ ထမင်းဘယ်လို စားမလဲ။
အမှိုက်ကောက်တာက နေ့ရောညပါ ကောက်မှ တနေ့ကို ၁၅ ဘတ် ၂၀ ရတာ။
ကံမကောင်းတဲ့နေ့ဆိုရင် တနေ့ ၁၀ ဖိုးတောင် မရချင်ဘူး။

ပလတ်စတစ်၊ အချိုရည်ဘူး၊ ပုလင်း၊ ခွက်၊ နန်းကြိုး၊ အ၀တ်၊ ထီးစုတ်၊ ဖိနပ်စုတ် အစုံကောက်တယ်။
အာလူး၊ ကြက်သွန်၊ ကော်ဖီထုပ်၊ ပဲ၊ ငါးခြောက်၊ ပဲလှော်၊ မုန့်ခြောက်တွေလည်း ရတာရှိတယ်။
တခါတခါလည်း အသီးအရွက်တွေ၊ အသားတွေ၊ ငါးတွေလည်းရတယ်။
ပစ္စည်းတွေက တချို့လည်းကောင်းတယ်။ တချို့လည်း မကောင်းဘူး။
အစားအသောက်တွေရရင် ကျနော်တို့ ရေဆေးပြီးတော့စားတယ်။
အခြောက်လှန်းပြီးလည်း စားကြတယ်။
ဒီမှာ အားလုံး ဒီလိုပဲ စားကြတာပဲ။
ဒါတောင်မှ သူ့ ထက်ငါ လုယက်ကောက်ရတာ။
ဒါကြောင့်မို့လည်း ကျနော်တို့ ရန်ဖြစ်ကြတာပေါ့။

အခုဆိုရင် ရန်မဖြစ်အောင်လို့ ကိုယ့်အတန်းနဲ့ကိုယ်နေရာယူပြီး ကောက်ရတယ်။
ဒါလည်း သူနဲ့ငါ အလုအယက်ပဲ။ ဒါပေမယ့် အရင်လောက်တော့ မဆိုးတော့ဘူး။
တအားဆိုးတဲ့လူတွေကိုလည်း ဒီအမှိုက်ပုံကြီးကို ချုပ်ထားတဲ့ ထိုင်းလင်မယားက ပေးမကောက်ဘူး။
သူတို့ကို ရန်ဖြစ်လို့ မောင်းထုတ်ဖူးတာရှိတယ်။
အခုတော့ သူတို့ ဘယ်ရောက်သွားလဲ ကျနော်လည်း မသိဘူး။

ကျနော်တို့မှာ ကစားချိန်မရှိပါဘူး။
အမှိုက်ကားကြီးတွေက မနက်အစောကြီး တကြိမ်။ နေ့လည် တကြိမ်။ ညနေပိုင်းမှာ တကြိမ်လာတယ်။
တနေ့ (၃) ချိန်လာတာဆိုတော့ အဲဒါတွေကို တနေကုန် ကောက်ရောပဲ။
ကားကြီးတွေမလာခင် အမှိုက်ပုံကြီးထဲမှာပဲ အချင်းချင်း ပြောင်ကြ နောက်ကြ ကစားကြတာပဲရှိတယ်။
ကျနော်တို့ ကစားဖို့လည်း အမှိုက်ပုံကြီးပဲ ရှိတာကိုး။

ကျနော် မြို့ထဲကို တခါမှ မသွားဖူးဘူး။
ထိုင်းရဲတွေ ဖမ်းမှာစိုးလို့ သွားလည်း မသွားရဲဘူး။
ထိုင်းရဲတွေ ဖမ်းပြီး မြန်မာပြည်ကို ပြန်ပို့ရင် ဘယ်လိုလုပ်မလဲ။
မြန်မာပြည်ပြန်ပို့ခံရရင် ဒုက္ခရောက်မှာပေါ့။

ဒီအမှိုက်ပုံမှာနေရတာ အဆင်ပြေပါတယ်။
ပစ္စည်းရောင်းပြီးရင် ကိုယ်စားချင်တာလည်း ၀ယ်စားလို့ရတယ်။

မြ၀တီက ဈေးသည်တွေ ဒီမှာလာပြီး ဈေးရောင်းကြတာရှိတယ်။
ကိုယ်လိုချင်တာသူတို့နဲ့ မှာလို့ရတယ်။ စားချင်တာလည်း သူတို့နဲ့ မှာစားလို့ရတယ်။
သူတို့က နေ့တိုင်းလာရောင်းတာဆိုတော့ အဆင်ပြေတာပေါ့။
သူတို့လည်း မြို့ထဲလမ်းက မလာရဲဘူး။ ပုလိပ်ဖမ်းမှာကြောက်လို့ တောလမ်းကပဲ လာကြတယ်။

ကျနော်ကြီးလာရင် ဘာလုပ်မလဲဆိုတာ ကျနော်မပြောတတ်ဘူး။
အမှိုက်ပုံကြီးတွေ ရှိနေရင်တော့ ကျနော် ထမင်းမငတ်ဘူးလို့ ထင်တာပဲ။
ကျနော်ကြီးလာရင် ဒီထက်ပိုပြီးတော့ ပစ္စည်းတွေကောက်နိုင်မယ်။

ပိုက်ဆံများများရရင်တော့ ဖိနပ်တရံနဲ့ လက်အိတ်တခုလောက် ကျနော်ဝယ်ချင်တယ်။
အ၀ါရောင်အင်္ကျီလေးလည်း ကျနော် လိုချင်တာပဲ။
သူများတွေက ပြောကြတယ်လေ ‘အ၀ါလေး’က အ၀ါရောင်နဲ့ လိုက်တယ်တဲ့။ ။

ဧရာဝတီ အင်တာနက် မဂ္ဂဇင်း
http://www.irrawaddy.org/bur/ratha2007/August/02.html

Read More...

Thursday, August 16, 2007

U Nar Auk and my random thoughts

၁၆၊ ၈၊ ၂၀၀၇

ဦးနာအောက် နှင့် နောက်ဆက်တွဲ အတွေးများ

ခရီးသွားရင်း ရိုက်ခဲ့တဲ့ အမှတ်တရ ဓါတ်ပုံလေးတစ်ခုကို အကြောင်းပြု၍ ဘလောက်ဂါ မိတ်ဆွေအများ စိတ်ဝင်တစား ဆွေးနွေးကြတာတွေ့တော့ ၀မ်းသာမိပါတယ်။

ပြန်လည်ဖတ်ရှုလိုသူများအတွက် အညွှန်း
ပို့စ်တင်သူများ နှင့် မှတ်ချက်ပေး ဆွေးနွေးသူ အားလုံးစိတ်ထဲမှာ ဗမာတွေ မျိုးချစ်စိတ် ရှိစေချင်ကြတာခြင်း တူတယ်လို့ ခံစားမိပါတယ်။

ကျွန်တော့် အမြင်ကိုလည်း နည်းနည်း ဖြည့်စွက် ဆွေးနွေးချင်ပါတယ်။

ဦးနာအောက် အကြောင်းကို အတန်းကျောင်း ဖတ်စာထဲမှာ ပါသလောက်သာ ကျွန်တော် သိပါတယ်။ ဖတ်စာအုပ်ထဲမှာ ရေးထားတဲ့ အတိုင်း လုံးစေ့ပတ်စေ့ မမှတ်မိပေမယ့် ဦးနာအောက် မျိုးချစ်စိတ်ဓါတ်ရှိပုံကို ဇောင်းပေးရေးသားထားတယ်လို့ ယေဘုယျသဘော မှတ်မိပါတယ်။ ဒီရေးသားချက်ဟာ ဖတ်စာအုပ် ပြုစုသူရဲ့ ကောက်ချက် ဖြစ်နိုင်ပါတယ်။ ဦးနာအောက်ရဲ့ ကိုယ်ရေးရာဇ၀င် နှင့် စာနယ်ဇင်း အင်တာဗျူးများ ရှိသည်ဟု မကြားဘူးပါ။ ကြားဖူး ဖတ်ဖူးသူများ ရှိပါက ဝေမျှစေလိုပါတယ်။

ဒီလို အထောက်အထားများမရှိတဲ့ အတွက် ဦးနာအောက်အနေနဲ့ မည်သို့ရည်ရွယ်တွေးခေါ်ပြီး ဖတ်စာအုပ်ပါအတိုင်း ဧရာဝတီ သင်္ဘောကုမ္ပဏီကို ပြိုင်ဆိုင်ခဲ့သလဲ ဆိုတာကို အမှန်အတိုင်း သိဖို့ ခဲယဉ်းပါတယ်။ ဖတ်စာအုပ်ပါ အချက်များ မှန်သည်ဟု ယူဆလျင် တစ်မျိုး၊ မပြည့်စုံဟု ယူဆလျင် တစ်မျိုး လိုရာ ကောက်ချက်ချနိုင်ပါမယ်။ မှတ်ချက်များ နှင့် အပြန်အလှန်ဆွေးနွေးချက်များဟာ (ကျွန်တော် အပါအ၀င်) ဘလောက်ဂါများ၏ ဥပါဒါန်အစွဲများ ကင်းသည်ဟု မဆိုနိုင်ပါ။ မိမိတို့၏ ကိုယ်ပိုင်အမြင်၊ ဘ၀အတွေ့အကြုံများပေါ် အခြေခံပြီး ပြောဆိုကြခြင်းသာဖြစ်တယ်လို့ထင်ပါတယ်။

သမိုင်းကနေ သင်ခန်းစာ ယူသင့်တယ် ဆိုတဲ့ အချက်မှာလည်း ဘလောက်ဂါများ သဘောထားတူကြတယ်လို့ မြင်ပါတယ်။ ဘယ့်လောက် ပွင့်ပွင့်လင်းလင်း ဝေဖန်သင့်လဲ၊ ညှာတာထောက်ထားပြီး ဖော့တွေးသင့်သလား ဆိုရာမှာတော့ သဘောထား ကွဲလွဲမှုတွေ ရှိပါတယ်။

ကျွန်တော့်အနေနဲ့ကတော့ နောက်ဆုံး ရလာဒ် ကိုကြည့်ချင်ပါတယ်။ ပွင့်ပွင့်လင်းလင်း မညှာမတာ ဝေဖန်ချင်ပါတယ်။ နောက်ဆုံးမှာ ဗမာတွေ ဘာဖြစ်သွားသလဲ။ မျိုးချစ်စိတ်ဓါတ် ပိုတက်လာသလား။ ဦးနာအောက်ကို သူရဲကောင်းအနေနဲ့ အဲဒီခေတ်မှာ သတ်မှတ်ခဲ့ကြသလား။ အခြား စီးပွားရေး သမားများ ဤလမ်းစဉ်လိုက်ခဲ့ကြပါသလား။ ရေလမ်း ခရီးသွားလာရာမှာ ချောင်ချိသွားပါသလား။ နိုင်ငံလွတ်လပ်ရေး ရသွားပါသလား။ တစ်ခုမှ မဖြစ်ခဲ့ပါ။ စေတနာ ကောင်း၏ မကောင်း၏ ဆိုတာကို စောဒက မတက်လို။ ရလာဒ်ကတော့ မကောင်းတာ အမှန်ပင်။ ပြည်သူတွေ ပိုကျပ်သွားသည် မဟုတ်လော။ ဒီဇာတ်လမ်းကို ဖတ်စာတွင်ဖတ်ပြီး မျိုးချစ်စိတ်များ တဖွားဖွား ပေါ်လာခဲ့သည်ဆိုလျင်တော့ နှစ်ပေါင်းများစွာကြာမှ အာနိသင်ပြသော အပြုအမူတစ်ခုပင်ဖြစ်လို့နေသည်။

ထိုဇာတ်လမ်းမှ ပြည်သူလူထုမှာ ဗမာ တစ်နိုင်ငံလုံးကို ကိုယ်စားမပြုတာတော့ အမှန်ပင်။ ဒေသခံ သင်္ဘောစီးခရီးသည်များသာဖြစ်ပေမည်။ ထို့ကြောင့် ဗမာတစ်နိုင်ငံလုံးမှ ပြည်သူလူထု တစ်ရပ်လုံး မည်သို့ဖြစ်နေပါသည်ဟု ကောက်ချက်ချရန်မှာ အလှမ်းဝေးလှပေသည်။

ယနေ့ခေတ် အခါနှင့် ယှဉ်၍လည်း ဆွေးနွေးလိုသည်။ ယနေ့ ဗမာပြည်ကြီးတွင် လူသုံးကုန်ပစ္စည်းများ ၀ယ်ယူရာ၌ မည်သည့်အချက်အလက်များကို ကြည့်ပြီး ၀ယ်ယူကြပါသလဲ။ ဈေးနှုန်းလား၊ ထုတ်လုပ်သည့်နိုင်ငံလား၊ အရည်အသွေးလား။ ဗမာဖြစ်ဆိုပြီးရော ဆိုပြီး ၀ယ်ကြသူများ သိပ်မတွေ့မိပါ။ ဒါနဲ့ပဲ မျိုးချစ်စိတ် မရှိတော့ဟု ပြောနိုင်ပါသလား။ ကိုးရီးယား လူမျိုးများ ကိုးရီးယားလုပ်ကားကိုသာ စီးခြင်းဟာ မျိုးချစ်စိတ်လား။ ဒါမှမဟုတ် မိမိနိုင်ငံထုတ်ကားများကို နိုင်ငံတကာ အဆင့်မီအောင် ဈေးကွက်ဝင်အောင် လုပ်ခြင်းက မျိုးချစ်စိတ်လား။ အမေရိကန်လူမျိုးများ တရုတ်နိုင်ငံထုတ်ပစ္စည်းများ အများအပြား တင်သွင်းခြင်းက တရုတ်ချစ်စိတ်လား။ စားသုံးမှုနှင့် မျိုးချစ်စိတ်ကို ဘယ်လို ချိတ်ဆက်ရမည်ကို ကျွန်တော့်စိတ်တွင် မကွဲပြားတော့ပြီ။ ကမ္ဘာကြီးဟာ ရွာကြီးဖြစ်လာနေပြီမဟုတ်လော။

ဒုတိယကမ္ဘာစစ်အပြီးကာလတုန်းက ရှိခဲ့သော မိမိနိုင်ငံဖူလုံရေး (self-sufficiency) အဓိက အယူအဆသည် တဖြည်းဖြည်း တိမ်ကောလာနေပြီ။ AFTA ခေါ် အာဆီယံလွတ်လပ်စွာကုန်သွယ်မှုဒေသ ကိစ္စ နှင့် Globalization ခေတ်ရေစီးထဲမှာ ဗမာနိုင်ငံ ဆန်တက်နိုင်မည် ထင်ပါသလား။ တံခါးပိတ်ပြီး ပြန်နေလို့ ကလည်းမဖြစ်ပြန်။ ဈေးကွက်စီးပွားရေး စနစ်ကို ချီတက်မည်ဟုလည်း ကြွေးကြော်ထားသည်။ ရိုးရိုးကြီး ဇေယျ လုပ်နေလို့ မရတော့ပါ။ အခြားနိုင်ငံများကို မျက်စိဖွင့်ကြည့်ဖို့နှင့် နိုင်ငံတကာ နှင့်ရင်ဘောင်တန်း ယှဉ်နိုင်ဖို့ရာ ဗမာများ ပြင်ဆင်ရန်လိုနေပါပြီ။ ၀ါးလုံးခေါင်းကို ခွဲထွက်၍ ကောင်းကင်မှာ လ သာကြရန်လိုပါပြီ။
  • ပင်နီဖျဉ်ကြမ်းကို တစ်သက်လုံး ၀တ်တော့မည်လော။
  • ပင်နီဖျဉ်ချောဖြစ်အောင် မတီထွင်တော့ပြီလော။

  • နွားလှည်းစီး၍ လှေပြိုင်ပွဲများ လုပ်နေမည်လော။
  • စက်မှုဇုံမှ ရာနှုန်းပြည့်ထုတ်လုပ်သော ကားများ ဖြစ်လာအောင် ကြိုးစားမည်လော။

  • ကုန်ကြမ်းရောင်း၍ ကျေနပ်နေမည်လော။
  • ကုန်ချောထုတ်၍ ယှဉ်ပြိုင်မည်လော။

  • ရတနာ စိန် ကျောက် အရိုင်းတုံးများကို ဇယ်တောက်ကစားနေမည်လော။
  • ကမ္ဘာ့အဆင့်မီ သွေး၍ ရောင်းချမည်လော။

ပြည်သူအများ ဖြေကြရန်ပင်။

Read More...

Wednesday, August 15, 2007

To the highest peak

၁၅၊ ၈၊ ၂၀၀၇

အမြင့်ဆုံးသို့

အမြင့်ဆုံးရောက်ဖို့ရာ ခြေနာမောဟိုက်ခြင်းကို
မာကြောစွာ ဆက်ဆံနိုင်ရမယ်။

အမြင့်ဆုံးမရောက်ခင် သိမြင်လိုခြင်းဆန္ဒ ...
ရင်ထဲက လွင့်မကျဖို့လိုတယ်။

အမြင့်ဆုံးမှာ ရေပြာစမ်းမရှိပေမယ့်
ခြေရာလမ်းပြန်ကြည့် အားမာန်ဖြည့်တက်ရမယ်။

အမြင့်ဆုံးအောက် ပြန်အရောက်
ချွေးပေါက်ဟောင်းများအတွက်
ပြန်လည်ပေးဆပ်မှုရေကြည် ပညာအဆီအသွေး
တောင့်တသေးတယ်။

ငါတို့ရဲ့ ခြေဖ၀ါးများ
အနိမ့်ဆုံးအပါးမှာ ထာဝရမပျော်
တိမ်ပေါ်ကျော်လှမ်း နေကိုနမ်းလို့
အဝေးမြင်အားများ အတွေးဆင်ပွားရင်း
ခွန်အား ... ဇွဲ ... သတ္တိ ... စွဲငြိစေခဲ့ပြီဟေ့ ... ။

သစ်လွင် (ဘူမိ)

ရန်ကုန် တက္ကသိုလ် ခြေလျင်တောင်တက်အသင်း ၁၂-ကြိမ်မြောက် မိတ်ဆုံပွဲ အမှတ်တရ စာစောင်မှ

Read More...

Sunday, August 12, 2007

UNAIDS enrolls in blogosphere

၁၂၊ ၈၊ ၂၀၀၇

ယူအန်အေ့ဒ်စ် လည်း ဘလောက် လုပ်ရလေပြီ
  • ဘာ ... ဘလောက် ... အဲဒါ ဘာကြီးလဲ။
  • ဘလောက်ရေးနေမယ့် အစား အားကစားလေး ဘာလေး တစ်ခုခု လုပ်ပါလား။
  • ဘယ်သူကဖတ်မှန်းမသိ၊ ဘယ်သူကလာပြီး မှတ်ချက်ပေးသွားမှန်း မသိနဲ့ အချိန်ကုန်ခံပြီး ရေးနေသေးတယ်။
  • တော်တော်အားနေပုံရတယ်။
ကျွန်တော့် ဘလောက် လိပ်စာက ဒါလေ။ အားရင် လာဖတ်ပါလား လို့ဆိုလိုက်ရင် ရလာတတ်တဲ့ တုန့်ပြန်မှုလေးတွေပေါ့။

ဒါပေမယ့်လည်း ခေတ်ရေစီးကို လူတွေ မလွန်ဆန်နိုင်ကြပါ။ ဘလောက်ကို အထင်သေးသူများ အနေနဲ့ ရုပ်မြင်သံကြား ပေါ်ခါစမှာတုန်းက “တစ်နေ့နေ့ တချိန်ချိန်ကျရင် လူတွေ ဒီလေးထောင့်ပုံးလေးကို ထိုင်ကြည့်ချင်တော့မှာ မဟုတ်ဘူး” ... လို့ ဟောကိန်းထုတ်ခဲ့သူလို ဖြစ်နေကြပါလိမ့်မယ်။

မောင်ရဲမွန် တစ်ယောက် ဘာကြောင့်များ သိုင်းဝိုင်းနေပါလိမ့်။ အကြောင်းရင်းက ဒီလို ...

UNAIDS လို့ခေါ်တဲ့ ကုလသမဂ္ဂရဲ့ ခုခံကျရောဂါ ဆိုင်ရာ အဖွဲ့အနေနဲ့ ကိုယ်ပိုင် ဘလောက်တစ်ခုကို စတင် ထုတ်လွှင့်လိုက်ပြီ ဖြစ်လို့ပါပဲ။ ခွေးလှေးခုန်လို့ ဖုန် မထပေမယ့် UNAIDS ခုန်ရင်တော့ ဖုန်ထပါလိမ့်မယ်။ ခုခံကျ ရောဂါနဲ့ ပတ်သက်တဲ့ သုတေသနစာတမ်းတွေ လေ့လာချက်တွေဟာ နေ့စဉ်နှင့် အမျှ အများအပြားထွက်နေတာကြောင့် လူတွေကို မျက်စိလည်စေပါတယ်။ ဘယ်စာတမ်းကိုလေ့လာသင့်လဲ၊ ဘယ်စီမံချက်ကို နမူနာယူသင့်သလဲ ဆိုတာတွေကို လွယ်လွယ်ကူကူသိရှိ နိုင်အောင်လို့ ကုလသမဂ္ဂ ခုခံကျရောဂါဆိုင်ရာ အဖွဲ့က ဘလောက်တစ်ခုကို ၂၀၀၆ ခုနှစ်လောက်ကတည်းက စတင်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းကတော့ UNAIDS ၀န်ထမ်းတွေအတွက်သာ ဖြစ်ခဲ့ပြီး တဖြည်းဖြည်း လူကြိုက်များလာတဲ့ အတွက် အများပြည်သူများ လေ့လာနိုင်ရန် နဲ့ ပါဝင်ဆွေးနွေးနိုင်ရန် လွန်ခဲ့တဲ့နှစ်ရက် (သြဂုတ် ၁၀ရက်နေ့) က ဖွင့်ပေးခဲ့ပါတယ်။ HIV/AIDS နဲ့ပတ်သက်တဲ့ သိပ္ပံနည်းကျ လေ့လာချက်တွေကို အနှစ်ချုပ် ရေးသားထားတဲ့အတွက် အချိန်ကုန်နည်းနည်းနဲ့ အရေးကြီးတဲ့ အချက်အလက်တွေကို သိရှိနိုင်မှာဖြစ်ပါတယ်။

သွားရောက်လေ့လာချင်တယ် ဆိုရင်ဖြင့် http://hivthisweek.unaids.org/

စာကိုး
New Blog gets HIV science online ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

Read More...

Thursday, August 2, 2007

U Nar Auk's Ship

၂၊ ၈၊ ၂၀၀၇

စဥ့်ကူးမင်း သင်္ဘော

ဗြိတိသျှ နယ်ချဲ့လက်ထက်တုန်းက ဧရာဝတီ သင်္ဘောကုမ္ပဏီကို သူနိုင် ကိုယ်နိုင် အပြိုင်ကျဲခဲ့တဲ့ မွန်သူဌေးကြီး ဦးနာအောက် ကို မှတ်မိကြဦးမလားတော့ မသိဘူး။

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ကို သွားရင်း သူပိုင်ဆိုင်ခဲ့တဲ့ သင်္ဘော တစ်စီးကို တွေ့ရလို့ ဓါတ်ပုံ ရိုက်ခဲ့ပါတယ်။ သင်္ဘောအမည်က စဥ့်ကူးမင်း။


Read More...

Tipping point (1) - why did i go to med-school?

၂၊ ၈၊ ၂၀၀၇

ဘ၀ တဆစ်ချိုး (သို့) ကျွန်ုပ် ဆေးကျောင်း တက်ဖြစ်ရခြင်း အကြောင်း

သင်သည် ပလက်ဖောင်းတစ်ခုပေါ်တွင် လမ်းလျောက်လာသည် ဆိုပါစို့။ ညာဘက်ဘေးတွင် အဆောက်အဦမြင့်မြင့် တစ်ခုရှိကာ ရှေ့နားတွင် ပလက်ဖောင်းက ညာဘက်သို့ ၉၀ ဒီကရီ ထောင့်မှန် ချိုးကွေ့သွားသည်။ ရှေ့တဆစ်ချိုးတွင် မြင်တွေ့ရမည့် မြင်ကွင်းမှာ သင် လောလောလတ်လတ် မြင်နေရသော မြင်ကွင်း နှင့် အကွာကြီးကွာကောင်း ကွာနေပေမည်။ တစိမ်းနယ်ထဲမှာ ဆိုလျင် ကြိုတင်မသိနိုင်။ ချိုးကွေ့လိုက်မှသာ မြင်ကွင်းသစ်၊ ပတ်ဝန်းကျင်သစ်ကို ဘွားကနဲ မြင်ရပေမည်။

ထိုကဲ့သို့သော အဖြစ်မျိုး လူတိုင်း ဘ၀တွင် ရှိကာ ဘ၀ တဆစ်ချိုး ဟု မည်တွင်လေသည်။

ကျွန်ုပ် မှတ်မိသော ဘ၀တဆစ်ချိုးများထဲမှ တစ်ခုကို ပြောလိုသည်။ ဆေးကျောင်း တက်ဖြစ်ခဲ့ရခြင်း အကြောင်းပင်။

အထက်တန်း ကျောင်းသားအရွယ်က အင်္ဂျင်နီယာ အလွန်ဖြစ်ချင်ခဲ့သည်။ တိတိကျကျ ဆိုရသော် အီလက်ထရွန်နစ် အင်္ဂျင်နီယာ ဖြစ်ချင်သည်။ ၁၀ တန်းတွင် စာကျက်ဖော်ကျက်ဖက် အခင်ဆုံး သူငယ်ချင်း တစ်ယောက်နှင့် ညှိနှိုင်းထားကြသည်။ ဆေးကျောင်းဝင်သည့် အမှတ် ရလျင်ပင် စက်မှုတက္ကသိုလ် (ယခင် အခေါ် - အာအိုင်တီ) ကိုပဲ တက်ကြမည် ဟူ၏။

သို့နှင့် ၁၀ တန်းစာမေးပွဲဖြေအပြီး မိဘများရှိရာ လွိုင်ကော်မြို့သို့ သွားနေရလေသည်။ အောင်စာရင်းထွက်ရန် လအတန်ကြာ စောင့်ဆိုင်းရလေရာ လွိုင်ကော်မြို့တခွင် ပြဲပြဲစင်အောင် လည်ရာပြန်စားခြင်း နှင့် အချိန်ကုန်လေသည်။

မိဘများကမူ သားသမီး နှစ်ဦးအနက် အနည်းဆုံး တစ်ဦးကိုတော့ ဆရာဝန် ဖြစ်စေလိုသည်။ ကျွန်ုပ်မှာ သားကြီးသြရဿ ဖြစ်ရကား ပထမဆုံးရွေးချယ်ရတော့မည်။ မိဘတို့ကား အလွန်အကျွံမတိုက်တွန်းစေကာမူ သူတို့ ဖြစ်စေချင်သည်မှာတော့ သိသာပါသည်။

သို့နှင့်ပင် အချိန်တို့ ကုန်မှန်း မသိကုန်ကာ ၁၀ တန်း အောင်စာရင်းများထွက်၊ အမှတ်စာရင်းများ သိရပါလေတော့သည်။ ဖြစ်ချင်တော့ ဆေးကျောင်းအမှတ်မီသည်။ ရန်ကုန်ဆင်းကာ တက္ကသိုလ်ဝင်ခွင့် လျောက်လွှာများယူပြီး လွိုင်ကော်သို့ ပြန်လာချိန်အထိ ဆုံးဖြတ်ချက်က အင်္ဂျင်နီယာပင်။

တညသ၊ သန်းခေါင်ကျော် တချက်တီးခန့်ရှိမည် ဗိုက်နာလွန်း၍ အိပ်ရာမှ လန့်နိုးလာ၏။ အစားမှား၍ ဗိုက်ရစ်သည်ထင်ကာ ခဏအောင့်အည်းနေသေးသည်။ ဘယ်လိုမှ မရ။ ပိုပို အောင့်ကာလာသည်။ သို့နှင့် မိဘများ အိပ်ခန်းတံခါးကိုသွားခေါက်ကာ ပြောရတော့သည်။ ဖခင်ဖြစ်သူက ဗိုက်ကို စမ်းသပ်ပြီး ဆေးတစ်လုံး ထိုးပေးလိုက်သည်။ ၅ မိနစ်မျှပင် မကြာလိုက် အောင့်နေ နာနေသည်များ ယူပစ်သလို ပျောက်သွားသည်။ သို့နှင့် ဆရာဝန် ဆိုတာ အတော်ကောင်းတာပဲ ... လူတွေ နာကျင်နေတာတွေကို ပျောက်အောင်ကုသပေးနိုင်တယ် ... တယ်နိပ်တာပဲ ... ဟု စိတ်ထဲတွင် ဘာသာ တွေးမိသည်။

ထိုအဖြစ်အပျက်လေး တစ်ခုကပင် ကျွန်ုပ်ကို ဆေးကျောင်းလျှောက်ရန် တွန်းပို့လေတော့သည်။

စကားချပ်
မည်မျှသေးငယ်သော ကိစ္စလေးပင် ဖြစ်စေကာမူ
ဘ၀ တဆစ်ချိုးကွေ့စေရန် အကြောင်းဖန်လာနိုင်ပေသည်။ (ကျွန်ုပ် နှင့် ညှိနှိုင်းထားသော သူငယ်ချင်းလည်း ဆေးကျောင်း တက်ဖြစ်လေသည်။ ဘာကြောင့်ဟူမူ မသိရ။)

Read More...

Wednesday, August 1, 2007

How do I post via email?

၁၊ ၈၊ ၂၀၀၇

အီးမေးလ် မှ တဆင့် ဘလောက် ဘယ်လို လုပ်ရပါ့

မြန်မာနိုင်ငံမှာ အင်တာနက်ရှိနေပြီ ဆိုညား အင်တာနက်ကို မိမိအိမ်ကနေ အလွယ်တကူ သုံးနိုင်သူတွေကတော့ ရှားပါးနေပါသေးတယ်။ သုံးနိုင်ရင်တောင်မှာ အမြန်နှုန်းက သိပ်မကောင်းသေးပါ။ ဒါနဲ့ပဲ ရုံးမှာ ဒါမှမဟုတ် အင်တာနက်ကဖေး တွေမှာ သုံးကြရတာများပါတယ်။ အင်တာနက် လွယ်လွယ်ကူကူ မရနိုင်လို့ ဘလောက်လုပ်လို့ မရတော့ဘူးလို့ မထင်စေချင်ပါ။ အစောပိုင်းမှာတော့ ဘလောက်ကို လိုအပ်သလို ပြင်ဆင်ဖို့ အင်တာနက် လိုတာ မှန်ပေမယ့် နောက်ပိုင်း ပို့စ်တွေ တင်ဖို့ရာ အီးမေးလ် ရှိရုံနဲ့ ဖြစ်ပါတယ်။ အီးမေးလ်ကနေတဆင့် ဘလောက်ပို့စ် တင်နိုင်တဲ့ နည်းလမ်းကို နည်းနည်းပြောပြချင်ပါတယ်။

ပထမဆုံးအဆင့်တွေဖြစ်တဲ့ ဘလောက် ဒီဇိုင်းရွေးချယ်၊ မြန်မာဖောင့် ထည့်သွင်းနိုင်ရန်ပြုလုပ်၊ အခြား အပိုဆာဒါး ထည့်ချင်တာလေးတွေ ထည့်တာတွေကိုတော့ အကျယ်ချဲ့ မပြောတော့ပါ။ အခြားဘလောက်ဂါများ ရှင်းလင်းပြပြီးဖြစ်ပါတယ်။ ဒီအဆင့်ပြီးပြီဆိုရင် အီးမေးလ်ကနေတဆင့် ဘလောက်ပို့စ်တင်နိုင်ရန် ပြင်ဆင်ရပါမယ်။
  • Blogger ကိုဝင်ပြီးလျင် Settings ကနေတဆင့် Email tab ကို နှိပ်ပါ။ ဒီလိုမျိုး တွေ့ပါမယ်။



  • အဲဒီမှာ Mail-to-Blogger Address ဆိုတာကိုရှာပါ။ အဲဒီမှာ အီးမေးလ် လိပ်စာတစ်ခုဖြည့်ဖို့ ကွက်လပ်တစ်ခု ပေးထားပါတယ်။ နမူနာ အီးမေးလ် လိပ်စာကတော့ username.secretword@blogger.com ဖြစ်ပါတယ်။ အရှေ့ဆုံးက မိမိရဲ့ (ဘလောက်ဂါကို လော့ဂ်အင် လုပ်စဉ်သုံးသော) အမည်၊ ပြီးလျင် အစက် (full stop) တစ်ခု ခံပြီး မိမိ နှစ်သက်ရာ လျှို့ဝှက် စကားလုံးတစ်ခု ဖြည့်စွက်ပါ။၊ ပြီးလျင် အခြား အီးမေးလ် လိပ်စာတွေလို @ သင်္ကေတခံပြီး blogger.com နဲ့ အဆုံးသတ်ပါတယ်။ ဒါဆို အီးမေးလ်ကနေတဆင့် ဘလောက်ကို ပို့စ်တင်လို့ ရပါပြီ။
  • မိမိတင်လိုက်တဲ့ ပို့စ်ကို အင်တာနက်မှာ အလိုအလျောက် ပေါ်စေချင်တယ်ဆိုရင်တော့ publish ဆိုတဲ့ စကားလုံးနားက လေးထောင့်ကွက်ကလေးကို အမှန်ခြစ်ပေးပါ။
အီးမေးလ်ဖြင့် ပေးပို့ခြင်း
  • မိမိရေးလိုသော ပို့စ်ကို ရေးသားပါ။
  • အီးမေးလ်၏ subject လိုင်းတွင်ရေးသော ခေါင်းစဉ်မှာ မိမိပို့စ်၏ ခေါင်းစဉ်ဖြစ်သွားပါမည်။
  • အထက်တွင် ပြင်ဆင်ထားခဲ့ပြီးသော အီးမေးလ် လိပ်စာသို့ အီးမေးလ် ပို့နေကျအတိုင်းပို့ပါ။
  • မိမိ၏ပို့စ်မှာ ဘလောက်တွင် အလိုအလျောက် ပေါ်ပြီးသားဖြစ်နေပါမည်။
သတိပြုရန်
  • လျှို့ဝှက် စကားလုံးက အခရာကျပါတယ်။ အခြားသူ တစ်ဦးဦးက ဒီလျှို့ဝှက်စာလုံးကို သိသွားရင် မိမိ အမည်ကို အလွဲသုံးစားလုပ်ပြီး ပို့စ်တင်လို့ ရပါတယ်။
  • နောက်တစ်ချက်က တချို့ အီးမေးလ် တွေရဲ့ အောက်ဆုံးနားမှာ အလိုအလျောက် ထည့်သွင်းထားတဲ့ စကားစုများ (ဥပမာ - မိမိ၏ လိပ်စာ) ရှိတတ်ပါတယ်။ အဲဒီ စကားစုတွေဟာလည်း ဘလောက်မှာ သွားရောက်ပေါ်နေပါမယ်။ ဒီလို မပေါ်စေချင်ရင်ဖြင့် မိမိ ရေးပြီးသားပို့စ် ရဲ့ အဆုံးမှာ #end ကိုဖြည့်စွက်ပေးလိုက်ပါ။ ဒါဆို ဘယ်နေရာမှာ အဆုံးသတ်ရမလဲ ဘလောက်ဂါက သိပြီပေါ့။
  • အစုအဖွဲ့လိုက် ရေးသားသော ဘလောက်များ (joint-blog) တွင်လည်း ဤသို့ စီစဉ်ထားရှိနိုင်ပါသည်။ ဤအီးမေးလ် လိပ်စာသို့ ပို့သော စာတိုင်းမှာ မိမိအမည်ဖြင့် တင်သော ပို့စ်ဟု ပေါ်နေပေမည်။
  • အီးမေးလ်ဖြင့် ဘလောက်ပို့စ်တင်ရာတွင် လေဘယ် (label) များအလိုအလျောက်ထည့်သွင်း၍ မရပါ။ အင်တာနက် အသုံးပြုနိုင်သည့် အချိန်တွင်မှ ဘလောက်ဂါတွင် သွားရောက်ပြင်ဆင် ထည့်သွင်းရပါမည်။
  • မြန်မာစာ ဖြင့် ရေးသားမည် ဆိုပါက Word သို့မဟုတ် WordPad တွင် ရေးသားပြီးမှ ဖြတ်ညှပ်ကပ် (cut & paste) လုပ်ခြင်းက အီးမေးလ်ထဲတွင် တိုက်ရိုက် ရေးခြင်းထက် အဆင်ပြေပါသည်။
  • နောက်ဆုံးပေါ် Microsoft Word 2007 တွင်မူ ၄င်း ပရိုဂရမ် အတွင်းမှ နေ၍ တိုက်ရိုက် ပို့စ်တင်လို့ ရအောင် စီစဉ်ထားပါသည်။ အသေးစိတ် သိလိုက ဤနေရာတွင် ကြည့်ပါ။
စာကိုး

Blogger help တွင် ပါရှိသည့် “How do I post via Email?” ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

အားလုံး အဆင်ပြေကြပါစေ။
မောင်ရဲမွန်


Read More...