Thursday, August 2, 2007

Tipping point (1) - why did i go to med-school?

၂၊ ၈၊ ၂၀၀၇

ဘ၀ တဆစ်ချိုး (သို့) ကျွန်ုပ် ဆေးကျောင်း တက်ဖြစ်ရခြင်း အကြောင်း

သင်သည် ပလက်ဖောင်းတစ်ခုပေါ်တွင် လမ်းလျောက်လာသည် ဆိုပါစို့။ ညာဘက်ဘေးတွင် အဆောက်အဦမြင့်မြင့် တစ်ခုရှိကာ ရှေ့နားတွင် ပလက်ဖောင်းက ညာဘက်သို့ ၉၀ ဒီကရီ ထောင့်မှန် ချိုးကွေ့သွားသည်။ ရှေ့တဆစ်ချိုးတွင် မြင်တွေ့ရမည့် မြင်ကွင်းမှာ သင် လောလောလတ်လတ် မြင်နေရသော မြင်ကွင်း နှင့် အကွာကြီးကွာကောင်း ကွာနေပေမည်။ တစိမ်းနယ်ထဲမှာ ဆိုလျင် ကြိုတင်မသိနိုင်။ ချိုးကွေ့လိုက်မှသာ မြင်ကွင်းသစ်၊ ပတ်ဝန်းကျင်သစ်ကို ဘွားကနဲ မြင်ရပေမည်။

ထိုကဲ့သို့သော အဖြစ်မျိုး လူတိုင်း ဘ၀တွင် ရှိကာ ဘ၀ တဆစ်ချိုး ဟု မည်တွင်လေသည်။

ကျွန်ုပ် မှတ်မိသော ဘ၀တဆစ်ချိုးများထဲမှ တစ်ခုကို ပြောလိုသည်။ ဆေးကျောင်း တက်ဖြစ်ခဲ့ရခြင်း အကြောင်းပင်။

အထက်တန်း ကျောင်းသားအရွယ်က အင်္ဂျင်နီယာ အလွန်ဖြစ်ချင်ခဲ့သည်။ တိတိကျကျ ဆိုရသော် အီလက်ထရွန်နစ် အင်္ဂျင်နီယာ ဖြစ်ချင်သည်။ ၁၀ တန်းတွင် စာကျက်ဖော်ကျက်ဖက် အခင်ဆုံး သူငယ်ချင်း တစ်ယောက်နှင့် ညှိနှိုင်းထားကြသည်။ ဆေးကျောင်းဝင်သည့် အမှတ် ရလျင်ပင် စက်မှုတက္ကသိုလ် (ယခင် အခေါ် - အာအိုင်တီ) ကိုပဲ တက်ကြမည် ဟူ၏။

သို့နှင့် ၁၀ တန်းစာမေးပွဲဖြေအပြီး မိဘများရှိရာ လွိုင်ကော်မြို့သို့ သွားနေရလေသည်။ အောင်စာရင်းထွက်ရန် လအတန်ကြာ စောင့်ဆိုင်းရလေရာ လွိုင်ကော်မြို့တခွင် ပြဲပြဲစင်အောင် လည်ရာပြန်စားခြင်း နှင့် အချိန်ကုန်လေသည်။

မိဘများကမူ သားသမီး နှစ်ဦးအနက် အနည်းဆုံး တစ်ဦးကိုတော့ ဆရာဝန် ဖြစ်စေလိုသည်။ ကျွန်ုပ်မှာ သားကြီးသြရဿ ဖြစ်ရကား ပထမဆုံးရွေးချယ်ရတော့မည်။ မိဘတို့ကား အလွန်အကျွံမတိုက်တွန်းစေကာမူ သူတို့ ဖြစ်စေချင်သည်မှာတော့ သိသာပါသည်။

သို့နှင့်ပင် အချိန်တို့ ကုန်မှန်း မသိကုန်ကာ ၁၀ တန်း အောင်စာရင်းများထွက်၊ အမှတ်စာရင်းများ သိရပါလေတော့သည်။ ဖြစ်ချင်တော့ ဆေးကျောင်းအမှတ်မီသည်။ ရန်ကုန်ဆင်းကာ တက္ကသိုလ်ဝင်ခွင့် လျောက်လွှာများယူပြီး လွိုင်ကော်သို့ ပြန်လာချိန်အထိ ဆုံးဖြတ်ချက်က အင်္ဂျင်နီယာပင်။

တညသ၊ သန်းခေါင်ကျော် တချက်တီးခန့်ရှိမည် ဗိုက်နာလွန်း၍ အိပ်ရာမှ လန့်နိုးလာ၏။ အစားမှား၍ ဗိုက်ရစ်သည်ထင်ကာ ခဏအောင့်အည်းနေသေးသည်။ ဘယ်လိုမှ မရ။ ပိုပို အောင့်ကာလာသည်။ သို့နှင့် မိဘများ အိပ်ခန်းတံခါးကိုသွားခေါက်ကာ ပြောရတော့သည်။ ဖခင်ဖြစ်သူက ဗိုက်ကို စမ်းသပ်ပြီး ဆေးတစ်လုံး ထိုးပေးလိုက်သည်။ ၅ မိနစ်မျှပင် မကြာလိုက် အောင့်နေ နာနေသည်များ ယူပစ်သလို ပျောက်သွားသည်။ သို့နှင့် ဆရာဝန် ဆိုတာ အတော်ကောင်းတာပဲ ... လူတွေ နာကျင်နေတာတွေကို ပျောက်အောင်ကုသပေးနိုင်တယ် ... တယ်နိပ်တာပဲ ... ဟု စိတ်ထဲတွင် ဘာသာ တွေးမိသည်။

ထိုအဖြစ်အပျက်လေး တစ်ခုကပင် ကျွန်ုပ်ကို ဆေးကျောင်းလျှောက်ရန် တွန်းပို့လေတော့သည်။

စကားချပ်
မည်မျှသေးငယ်သော ကိစ္စလေးပင် ဖြစ်စေကာမူ
ဘ၀ တဆစ်ချိုးကွေ့စေရန် အကြောင်းဖန်လာနိုင်ပေသည်။ (ကျွန်ုပ် နှင့် ညှိနှိုင်းထားသော သူငယ်ချင်းလည်း ဆေးကျောင်း တက်ဖြစ်လေသည်။ ဘာကြောင့်ဟူမူ မသိရ။)

1 comment:

ဂျစ်တူး - gyit_tu said...

အယ်.. ဗိုက်သာမနာရင် ဂျစ်တူးလို အီလက်ထရွန်းနစ် အင်ပျင်နီယာ ဖြစ်ရချည်သေးရဲ့း)

ဂျစ်တူးကတော့ မောင်လေး မေးစေ့ကွဲတော့ ၊ သွေးတွေထွက်ပြီး မူးနောက်လာတဲ့အချိန် ၊ အမ၀မ်းကွဲက အစိမ်းချုပ်ရမယ်ဆိုပြီး အတင်း အပ်ကြီး ဆွဲလာတော့ ၊ လန့်ဖြန့်ပြီး ဆရာဝန်ဆိုတာ ငါဘယ်တော့မှ အဲလိုတွေ မလုပ်နိုင်ပါဘူးလို့ ကောက်ချက်ချ ၊ အင်ဂျင်နီယာလိုင်းသို့သာ ရွေးခဲ့သည်း)