Sunday, July 15, 2007

I can't type Burmese

၁၅၊ ၇၊ ၂၀၀၇

ဗမာလို မရိုက်တတ်ဘူး ... တဲ့

အင်တာနက်မှာ ဖြစ်ဖြစ်၊ အီးမေးလ်မှာ ဖြစ်ဖြစ်၊ ဘလောက်မှာ ဖြစ်ဖြစ် ဗမာလို ရေးပါလားလို့ အကြံပြုလိုက်ရင် ကြားနေကျ တုန့်ပြန်သံလေးတွေကတော့
  • “ဗမာလို မရိုက်တတ်ဘူး”
  • “ဗမာလို ရိုက်ရတာ နှေးတယ်”
  • “ဗမာဖောင့် မရှိဘူး”
အဲလိုပြောမှ ခေတ်မီတယ်များထင်နေလားမသိဖူး။ ဗမာလို ရိုက်တာများ လွယ်ပါတယ်။ နံပါတ်ဒုတ်ကို ဘယ်ညာရမ်းလို့ အုတ်ဆက်ကွဲအောင် လွှဲလိုက်ရုံပ။ အဲ ... နောက်တာပါ။

ကျွှန်ုပ်တို့ အများစုမှာ အသက် အတန်ငယ် ကြီးသည်အထိ ကွန်ပျူတာနဲ့ မရင်းနှီးပါ။ စတင်ရင်းနှီးချိန်တွင်လည်း အင်္ဂလိပ် ကီးဘုတ်သာ အသုံးများကြပါတယ်။ နောက်ပိုင်း ဗမာတွေ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းပြီး ဗမာကွန်ပျူတာ စာလုံးတွေထွင် ပရိုဂရမ်တွေ ထွင်လာကြတဲ့ အထိပေါ့။

ဒါတောင်မှ ပြဿနာက ကွန်ပျူတာသုံး မြန်မာ အတော်များများဟာ ဗမာစာကို မရိုက်တတ်ကြပါ။ မရိုက်တတ်ဖူး ဆိုတာထက် မလေ့ကျင့်ချင် မသင်ချင်ဘူးလို့ ပြောရပါလိမ့်မယ်။ ဘာလို့လဲ ဆိုတော့ ဒီနေ့ ဒီအချိန်မှာ ဗမာလို ကွန်ပျူတာ ရိုက်နေသူတွေဟာ မွေးလာတုန်းက ဗမာကီးဘုတ်ဖက်ပြီး မွေးလာသူများ မဟုတ်ကြပါ။ ထို့အတူ အင်္ဂလိပ်လိုသာ ကွန်ပျူတာ ရိုက်တတ်သော မြန်မာ့သားကောင်း သမီးပျိုများ ဟာလည်း အင်္ဂလိပ်ကီးဘုတ်ကိုဖက်ပြီး မွေးမလာပါ။ အဲလိုသာမွေးရိုး မှန်ရင်တော့ ကျွန်ုပ်ရဲ့ မွေးသမိခင် တော်တော် ဒုက္ခရောက်ပါမယ်။ ( ကျွန်ုပ်က ဗမာလိုရော အင်္ဂလိပ်လိုရော ကျွမ်းကျွမ်းကျင်ကျင် ရိုက်တတ်လေတော့ ကီးဘုတ် နှစ်ခု ကိုင်ပြီး မွေးလာရမှာကိုး )

ဘယ်သူကများ မွေးကတည်းက တတ်လာလို့ပါလဲ။ လေ့လာပါ။ ကျင့်ပါ။ မဟုတ်ရင် ဒီအင်တာနက် ခေတ်ကြီးမှာ စကားမပြောတတ်တဲ့ အ အ ကဲ့သို့သာရှိပါမယ်။ ဗမာလို ကွန်ပျူတာ မရိုက်တတ်လို့ကတော့ မြန်မာနိုင်ငံသားတွေကို မိမိတို့ရဲ့ နိုင်ငံတကာ စံချိန်မီ ပညာတွေ၊ အတွေ့အကြုံတွေ၊ ဘယ်လိုများ မျှဝေနိုင်ပါ့မလဲ။ မိမိသိတာတွေကို မျှဝေချင်စိတ် မရှိသူများ အတွက်တော့ အထူးတလည် တိုက်တွန်းမနေတော့ပါ။ မျှဝေချင်သူများကိုတော့ နည်းနည်း ထပ်ပြောလိုသည်။

ရှေးပဝေဏီက ရုံးများတွင် လက်နှိပ်စက်စာရေး ဆိုသူများ ခန့်ထားခဲ့ဖူးပေသည်။ ယနေ့ခေတ် တိုးတက်သော အခါသမယတွင် ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ရိုက် ဖြစ်လာပါသည်။ စီအီးအိုများ၊ ညွှန်ချုပ်များလောက်သာ လက်နှိပ်စက်စာရေး ရှိတော့သည်။ ထို့ကြောင့် မြန်မာ စီအီးအိုများ ဒီ စာပိုဒ် နှင့် အကျုံးမ၀င်ပါ။

ရုံးကွန်ပျူတာများတွင် ပရိုဂရမ် အသစ် ထည့်ခွင့်မပြုသည်မှာ မှန်ပါသည်။ ရုံးတိုင်း ဤသတ်မှတ်ချက်မျိုး ရှိတတ်ကြသည်။ အကြောင်းရင်းကို လိုက်ကြည့်ရအောင်။ (၁) ဗိုင်းရပ် ကူးမှာစိုး၍ (၂) မူပိုင်ခွင့် နှင့် ပတ်သက်၍ ကုမ္ပဏီ တရားစွဲခံရမှာ စိုး၍ ဟု နှစ်မျိုးတွေ့သည်။ ထို့ကြောင့် မိမိ၏ ဗမာဖောင့် ပရိုဂရမ်မှာ ဗိုင်းရပ်ကင်းစင်ကြောင်းနှင့် မူပိုင်ခွင့် ပြဿနာ မရှိကြောင်း ဖော်ပြနိုင်လျင် ရုံးကွန်ပျူတာ ဖြစ်စေကာမူ ဗမာဖောင့် သွင်း၍ ရနိုင်ပါသည်။

စာရှုသူများ ဒုံးမဝေးပါ။
ဥစ္စာရင်လို ဥစ္စာရင်ခဲ
လိုလျင်ကြံဆ နည်းလမ်းရ
တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ် ဖြစ်ရမည်
ဆိုသည့်စကားပုံများ အလကားပေါ်လာသည်မဟုတ်။

မြန်မာလူမျိုးဖြစ်ပြီး တိုင်းတပါး ဘာသာစကားကိုတော့ ကျွမ်းကျွမ်းကျင်ကျင် ရိုက်တတ်ကာ ဗမာစာကိုတော့ မရိုက်တတ် ဟု ဆိုခြင်းမှာ ရှက်တတ်သူဆိုလျင် . . .

သိလိုသည်များ ရှိပါက မြန်မာဘလောက်လောက ကို တစ်ခါတစ်ခေါက်လောက် လာလေ့လာလှည့်ပါ။ ဗမာလို ရိုက်တတ်ရန် လိုအပ်တဲ့ အကြံဥာဏ်များ စုံစိနေအောင် ရပါလိမ့်မယ်။
ဗမာပြည်သည် ဒို့ပြည်
ဗမာစာသည် ဒို့စာ
ဗမာစကားသည် ဒို့စကား

ဒို့ပြည်ကို ချစ်ပါ
ဒို့စာကို ချီးမြှင့်ပါ
ဒို့စကားကို လေးစားပါ

ပြီးတော့ . . .

ဘလောက်ကို ဗမာလို ရေးပါ

9 comments:

ဂျစ်တူး - gyit_tu said...

ဟီဟီ ကိုရဲမွန်ကြီး ဖတ်ပြီး ရီနေတယ်ဗျို့ ။ ဟာသမဟုတ်ပေမယ့် ရေးထားတာ သဘောကျလို့ ။

((ဗမာပြည်သည် ဒို့ပြည်
ဗမာစာသည် ဒို့စာ
ဗမာစကားသည် ဒို့စကား

ဒို့ပြည်ကို ချစ်ပါ
ဒို့စာကို မြတ်နိုးပါ
ဒို့စကားကို လေးစားပါ

ပြီးတော့ . . .

ဘလောက်ကို ဗမာလို ရေးပါ))

ဟီဟီ ဒါကိုအကြိုက်ဆုံးပဲ ။

PeTi said...

ကိုမင်း ပြောတဲ့ လူထဲမှာ ကျွန်တော်ပါ ပါသည်။ ကျွန်တော် blog တွေကို ဖတ်ပြီးမှ မြန်မာလို ရိုက်တတ်အောင် ဖြစ်ဖြစ်မြောက်မြောက် ကြိုးစားခြင်းပါ။ ကိုမင်းပြော သလို မြန်မာ ဖြစ်ပြီး မြန်မာလို မရိုက်တတ်တာကိုလည်း ရှက်လာတာလည်းပါတယ်။ ဒါပေမယ့် ကျွန်တော်ဟာ burglish ကို မထောက်ခံတဲ့ လူတစ်ယောက်ပါ။
ကျွန်တော် မြန်မာ လိုရိုက်တတ်ခြင်း အတွက် မြန်မာ Blogger တွေ၊ (အထူးသဖြင့် ကိုမင်း၊ ဂျစ်တူး နဲ့ ပန်ဒိုရာ) နဲ့ ဇော်ဂျီ အဖွဲ့ကို ကျေးဇူးတင်ရမှာပါ။

My name is Soe Htet ! said...

ကိုရဲမွန်ရေ မြန်မာလို မြန်မြန် ရေးနိုင်အောင် ကြိုးစား လေ့ကျင့်နေပါတယ်။

Ye-Mon said...

အဲ ... ဆန်ရင်း နာနာဖွတ်သလိုများ ဖြစ်သွားသလား ကွယ်ရို့။ ဘော်ဘော်တို့ကို နှိပ်ကွပ်သည် မထင်စေချင်ပါ။ ဗမာများ အင်တာနက်တွင် ဗမာစာ ပိုမိုသုံးလာကြစေရန် နိဗ္ဗာန်အကျိုး မြော်ကိုး၍ နိုးဆော်လိုက်ရခြင်း ဖြစ်ကြောင်းပါ။ လွန်တာရှိ ရင်တော့ ၀န်ဒါမိ ပါ ခင်ဗျာ။

နှင်းမိုးဝေ said...

((ဗမာပြည်သည် ဒို့ပြည်
ဗမာစာသည် ဒို့စာ
ဗမာစကားသည် ဒို့စကား

ဒို့ပြည်ကို ချစ်ပါ
ဒို့စာကို မြတ်နိုးပါ
ဒို့စကားကို လေးစားပါ

ပြီးတော့ . . .

ဘလောက်ကို ဗမာလို ရေးပါ))

အဲဒီစာသားကို အကြိုက်ဆုံးဘဲ .. အနှင်းဘဲ ဘားဂလိဂ်ကို အားမပေးပါဘူး .. ဒါပေမယ့် ၁ ချို့ကျ အဲလို ရိုက်မှ နားလည်တာရှိတော့ သုံးရပါတယ်။ များသောအားဖြင့်တော့ ဗမာအချင်းချင်းတောင် မြန်မာစာလုံးမရှိလို့ကတော့ အင်္ဂလိပ်လိုပြောတာပါဘဲ။ ကိုရဲမွန်ရေးတာ အရမ်းကောင်းတာဘဲ .. ဗမာဘလော့များ ယခုထက်ပိုမို ထွန်းတောက်ပါစေရှင်..

Ye-Mon said...

သာဓု သာဓု သာဓု ကျောင်းအမရေ

ဂျစ်တူး - gyit_tu said...

အပေါ်ဆုံးက ကွန်မန့်ကိုဆက်ထားခြင်း...

ဟာသမဟုတ်ပေမယ့် ရေးထားတာ သဘောကျရတဲ့အကြောင်းကတော့...

အဓိပ္ပါယ်ရှိတဲ့စာကြောင်းကို ရယ်သွမ်းသွေးပြီးပြောတာ
ဒါပေမယ့် အဓိပ္ပါယ်ပျောက်မသွားဘူး
ဖတ်ရတဲ့သူတွက် သဘောကျ ထိရောက်စေတယ်

Ye-Mon said...

ဂျစ်
အင်း ... ရယ်စရာနဲ့ တွဲပြောလို့ စကားပေါ့မသွားလောက်ဘူး ထင်ပါ့။ ကျွန်တော်က အပြင်မှာလည်း အစ အနောက်သန်တော့ စာရေးတဲ့အထဲမှာ အဖျားခတ်သွားတယ် ထင်တယ်။

စိုးဇေယျထွန်း said...

ဟုတ်တယ်ဗျ။ သူတို့ ပြောတဲ့ အင်္ဂလိပ်ကီးဘုတ်က မွေးကတည်းက တတ်လာမှ မဟုတ်ပဲ။ ကျွန်တော်လဲ ခဏခဏ ကြုံဖူးပါတယ်။
ကြုံတိုင်းလည်း အစ်ကို ပြောသလို ခံစားရတယ်