Sunday, July 22, 2007

Why did I start blogging?

၂၂၊ ၇၊ ၂၀၀၇

ဘဇာကြောင့် ဘလောက် လုပ်ဖြစ်သနည်း

ကိုဝေက ဘလောက်ဂါနေ့အတွက် ရှေ့ကင်းထွက် ရေးခိုင်းလေသည်။ ဘဇာကြောင့် ဘလောက် လုပ်ဖြစ်ပါသလဲ တဲ့။ အမေးရှိက အဖြေ ရှိရပေမည်။ ရေးချင်လျက် မောက်စ်တို့ ဖြစ်လေပြီ။

စာရေးရာတွင် ရေးချင်လို့ရေးသူ နှင့် ပြောချင်လို့ရေးသူ ဟူ၍ နှစ်မျိုး ရှိသတတ်။ ကျွန်ုပ်ကား ဒုတိယ အမျိုးအစားတွင် အကျုံးဝင်လေသည်။ ဘဇာတွေ ပြောချင်သနည်းဟု မပြောမီ ကျွန်ုပ်အကြောင်းကို အနည်းငယ်ရှင်းအံ့။ သို့မှသာ စာရှုသူတို့ ဇာတ်ရည်လည်ပေမည်။

ကျွန်ုပ်၏ ပင်ကိုယ်သဘာဝကိုက Hub ( ကွန်ပျူတာများကို ချိတ်ဆက်ပေးသည့်ဗူး ) နှင့်တူသည်။ ကျောင်းမှ သူငယ်ချင်းများကို အိမ်မှ သူငယ်ချင်းများနှင့်၎င်း၊ အိမ်မှ သူငယ်ချင်းများကို အလုပ်မှ သူငယ်ချင်းများနှင့်၎င်း၊ အလုပ်မှ သူငယ်ချင်းများကို ခြေလျင်တောင်တက်အသင်းမှ သူငယ်ချင်းများနှင့်၎င်း၊ ခြေလျင်တောင်တက်အသင်းမှ သူငယ်ချင်းများ ကို နိုင်ငံခြားမှ သူငယ်ချင်းများနှင့်၎င်း၊ နိုင်ငံခြားမှ သူငယ်ချင်းများကို ကျောင်းမှ သူငယ်ချင်းများနှင့်၎င်း၊ ချိတ်ဆက်ပေးတတ်သော သဘောရှိသည်။ ထို့ကြောင့် ပြည်ပတွင် ကာလအတန်ကြာနေထိုင်ရစဉ် ထိုထိုဤဤသော မိတ်ဆွေ၊ သူငယ်ချင်းများ နှင့် ဆွေမျိုးများကို အဆက်အသွယ်ပြုရန် ကိစ္စကို တာဝန်ဝတ္တရား တစ်ခုအနေဖြင့် မြင်မိလေသည်။ သို့ရာတွင် ကျောင်းစာပိခြင်း၊ ဗာဟီရ များခြင်း၊ စာရေးပျင်းခြင်း အစရှိသည့် ပျင်းရိခြင်း အဖြာဖြာတို့ကြောင့် အဆက်အသွယ် နည်းပါးနေရာ စိတ်မကောင်းခြင်း ကြီးစွာဖြစ်ရလေသည်။

အတန်းကျောင်း တက်စဉ်အချိန်ကိုလည်း အနည်းငယ် ပြောလို၏။ ငယ်စဉ်တောင်ကျေး ကလေးဘ၀က သင်္ချာ၊ သိပ္ပံ အစရှိသည့် ဘာသာရပ်များတွင် မဆိုးလှသော်လည်း မြန်မာစာအတွက် ဆိုလျင် သင်ကြားသူဆရာ၊ သင်အံသူကျွန်ုပ်အပြင်၊ ချစ်လှစွာသော မိဘနှစ်ပါးသာမက ကြီးဒေါ်များပါ စိတ်ဒုက္ခကြီးစွာ ရောက်ကြရသည်။ စာစီစာကုံးကို အဖြစ်ရှိအောင်မရေးမူ၍ ဖြစ်၏။ ဆရာ၊ မိဘတို့ကား ကျွန်ုပ်ကို ခြောက်ချီတခါ မာန်ချီတလှည့်ဖြင့် စာစီကုံးခိုင်းကြသည်။ ဆရာတစ်ဦးဆိုလျင် ရည်းစားသညာ ထားပါမည့်အကြောင်း တိုက်တွန်းလေသည်။ သို့မှသာ ဖွဲ့နွဲ့သီကုံး ချယ်မှုန်းတတ်လာမည်ဟု ဆို၏။ ဒို့ကျောင်းသား စာစီစာကုံးများ အတွဲလိုက်ဝယ်၏။ ဆရာ ဂုဏ်ထူးဦးသိန်းနိုင်ပြောသလို မှတ်တမ်းစာအုပ်ထား၍ မှတ်သား၏။ ရေးခိုင်းသမျှ ရေး၏။ ရည်းစားသညာကား အဖြစ်မရှိခဲ့။ အမှန်ကား ဆရာကသာ ရည်းစားထားရန် တိုက်တွန်းနေသည် ဆရာ၏ အမျိုးသမီး (ဆရာ ကတော်) က ကျွန်ုပ်၏ ပိုက်ဆံအိတ်ထဲရှိ ဟိုမရောက် ဒီမရောက် မိန်းကလေးသူငယ်ချင်း ဓါတ်ပုံကို သိမ်းယူကာ ဆိုဆဲခဲ့သောကြောင့် နောက်တွန့်သွားခဲ့ခြင်းပင်။ သို့နှင့် ပထမနှစ် ဆေးကျောင်းသားသာ ဖြစ်လာသည် စာစီစာကုံး နှင့် အကျွန်ုပ်ကား ဆားနှင့်တီ ပမာ ရှိနေသေးသည်။ ပထမနှစ်လွန်မြောက်၍ မြန်မာစာ ကို သင်ကြားရန်မလိုတော့သောအခါ ၀မ်းမြောက်သည်မှာ ဆိုဖွယ်ရာမရှိ။

ကံကြမ္မာဘီးရဟတ် တပတ်ပြန်လည်လာတတ်သည်ကို ထိုအချိန်က သတိမထားမိ။ ငယ်သေးသည် မဟုတ်တုံလော။ ဘ၀ရထားကြီးကို စီးနင်းပြီးသကာလ တဘူတာပြီးတဘူတာ ကျော်ဖြတ်ကာ မဟာဘွဲ့ တက်ရန် အကြောင်းဖန်လာ၏။ ဤတွင် သံတူကြောင်းကွဲ ပြဿနာ ပြန်စတော့သည်။ ဘိုလို စာစီကုံးရခြင်းပင်။ နဂိုကပင် မရှိလေတော့ နဂိုင်းကလည်း မပြောင်ရောင်။ စာလုံးရေ ၅၀၀ ရှိသော စာစီစာကုံးရေးခိုင်းလျင် အမေရိကန်ကျောင်းသားများက စာလုံးရေ ၅၀၀ နဲ့ ဘာသွားရေးရမည်နည်းဟု စိတ်တိုနေချိန်တွင် ကျွန်ုပ်ကား စာလုံးရေ ၄၅၀ လောက်ကို ဖြစ်ဖြစ်မည်အောင် ရေးတင်ခဲ့ရသည်။ ရှေးဘ၀ကုသိုလ် လက်ကျန်လေးကြောင့် မဟာဘွဲ့လေးတော့ ရသွားခဲ့သည်။ စာအရေးရ လွတ်ပြီလားဆို မလွတ်သေးပါ။ ပညာလောဘကြောင့် ပါရဂူဘွဲ့တက်ဖို့ ဆုံးဖြတ်က ပြည်ပကို ရောက်ခဲ့ရပြန်သည်။

အခုမှ ဒုက္ခလှလှ တွေ့တော့သည်။ စာတွေပိုဖတ်ရသည်။ ပိုရေးရသည်။ စာလုံးပေါင်း သဒ္ဒါလည်း အမှားမခံတော့။ သြော် … အရင်ဘ၀က အမှတ်ခြစ်ကြမ်းသော ဆရာ ဖြစ်ခဲ့လေသလား။ ဘာသာတွေးမိသည်။ လောက် ဖြစ်မှတော့ မစင် ကြောက်နေလို့ မဖြစ်တော့ပြီ။ ဓါတ်ကြမ်းတိုက်မှ ရတော့မည်ဟု စိတ်အချဉ်ပေါက်လာသည်။

ထိုအချိန်မှာပင် မီးလောင်ရာလေပင့် ဆိုသကဲ့သို့ ပြောချင်လာသော အကြောင်းများကလည်း စုပုံလာသည်။ သူများပြောတာချည်း နားထောင်ခဲ့ရတာ ဆယ်စုနှစ်ပေါင်း အတော် (အတိအကျတော့ မပြောလိုတော့) ကြာခဲ့ပြီ။ ပြည်သူ့ကျန်းမာရေး ဘာသာရပ်အကြောင်း ပြောလိုသည်။ လူငယ်များ ၀ိုင်းဝန်းကျိုးစားကြပါမည့် အကြောင်း ပြောလိုသည်။ တိုင်းပြည်တိုးတက်ရာ တိုးတက်ကြောင်းများ ဆွေးနွေးလိုသည်။ အတင်းတုတ်လိုသည်။ ဟာသများ ဝေမျှလိုသည်။
ရောက်တတ်ရာရာ ရေးလိုသည်။

ပြန်၍ အနှစ်ချုပ်ရလျင် ဆွေမျိုး၊ မိတ်သင်္ဂဟများကို အဆက်အသွယ်လုပ်လိုခြင်း၊ စာစီစာကုံးအရေး လေ့ကျင့်လိုခြင်း၊ ရင်ထဲမှ စကားများကို ဖွင့်အန်ထုတ်လိုခြင်း စသည့် အကြောင်း သုံးပါးကြောင့် ဘလောက်ရေးဖြစ်လာရပါသည်။

အချပ်ပို

ဘာကြောင့် ဆက်ရေးဖြစ်နေသလဲ။ ကိုဝေကတော့ မမေးပါ။ ဒါပေမယ့် ကျွန်ုပ်ကား ရေးစရှိလျင် ရပ်၍ မရတော့ပြီ။ ပြောရပေဦးမည်။ ပြောခွင့်ပြုပါ။

ကနဦးတွင် ကျွန်ုပ်ဘလောက်က ပေါက္ခ၀ဿ ဘလောက် ဖြစ်၏။ မြင်စေချင်သူများကိုသာ မြင်စေပြီး၊ မမြင်စေချင်သူများကို မမြင်စေအောင် စီမံထားရှိခဲ့သည်။ သို့ရာတွင် မြင်စေချင်သူများက တော်တော်နှင့် လာရောက် မကြည့်ကြပြီ။ သူတို့ကိုလည်း အဆိုးမဆိုသာ။ စာစီစာကုံးရေးရန် တဆွေလုံးတမျိုးလုံး ၀ိုင်းတွန်းခဲ့ရသူတစ်ယောက်၏ ဘလောက်ကို မည်သည့် အကြောင်းသိသူက မော်နီတာ အပွန်းခံ၊ ဇက်ကြောအတက်ခံ၍ လာဖတ်မည်နည်း။ ဓမ္မတာပင်။

သို့နှင့် နည်းဗျူဟာပြောင်းရပြန်သည်။ လူတိုင်းဖတ်ရှုရနိုင်အောင် ပြုလုပ်သည်။ ဆီပုံးတွင် ကြော်ငြာဝင်သည်။ ဓါတ်စာ စာရင်း (Email list) (ဓါတ်မီး၊ ဓါတ်ရထား၊ ဓါတ်တိုင်၊ ဓါတ်မှန် … စသည်တို့ကဲ့သို့ ဓါတ်ဖြင့် ပြုလုပ်ထားသော စာ ဖြစ်သဖြင့် ဓါတ်စာ ဟု ခေါ်သင့်သည်။) ထဲတွင် ပါသမျှ မိတ်ဆွေများထံ ဓါတ်စာပို့ အကြောင်းကြားသည်။ မိမိဓါတ်စာ၏ အောက်ပိုင်းကျကျလောက်တွင် ခေတ်မီသူတိုင်း ဤဘလောက်ကိုကြည့်ကြသည် ဟု ရေးသည်။

ရလာဒ်ကား မဆိုးတော့ပြီ။ အကြောင်းမသိသူတို့၊ မျက်စိလည် လမ်းမှားကာ ရောက်လာသူတို့၊ မောက်စ် ကလစ်အလုပ်မြန်သူတို့ ၀င်ရောက်ဖတ်ရှုကြသည်။ ဖတ်ရှုသူအချို့ကား အားလုံးကောင်းပါသည်၊ နောက်မဆုတ်နဲ့ ကိုကံချွန်၊ ဆက်လုပ် ကိုယ့်လူ စသည်ဖြင့် အဆင်းဘီးတတ် မှတ်ချက်များ ပေးသွားသည်။ မနုဿဗေဒ ပညာရှင်တို့က ထိုမှတ်ချက်မျိုးသည် လူအချင်းချင်း ပလဲနံပ သင့်ရန် ပြောခြင်းမျိုးဖြစ်ကြောင်း၊ အတည်ယူ၍မရနိုင်ကြောင်း ဆို၏။ ပညာရှင်တို့ မည်သို့ဆိုစေကာမူ ကျွန်ုပ်ကား ဘလောက်ဂါများကို များစွာ ယုံကြည်လေးစားခြင်း ဖြစ်မိပြီး ရှိရကား ထိုမှတ်ချက်များကို အထူးဂရုပြုလေ၏။

ထို့ပြင်တ၀ အကောင်အထည်မပေါ်သော မိတ်ဆွေ များစွာ တိုးလာသည်။ ရှည်သည်၊ တိုသည်၊ ပိန်သည်၊ ၀သည်၊ ညိုသည်၊ ဖြူသည်၊ ဘာမျှ မသိမူလည်း စိတ်ဝင်စားမှုခြင်းတူသူ၊ မိမိရေးသားသည်ကို မှတ်ချက်ပေးသူ၊ အပြန်အလှန်ဆွေးနွေးသူ စသည်ဖြင့် ခင်မင်နှစ်လိုဖွယ် လူများစွာနှင့် သိကျွမ်းလာသည်။ ကျွန်ုပ် ငယ်စဉ်ကပင် မြန်မာပြည်ရှိ မြို့တိုင်း၊ နယ်တိုင်းတွင် ခင်မင်ရင်းနှီးသော မိတ်ဆွေ သူငယ်ချင်း ရှိလိုသည်။ ရှိရန်လည်း ကျိုးစားခဲ့သည်။ အတော်လည်း ရှိလာသည်။ ယခုမူကား တကမ္ဘာလုံးရှိ တိုင်းပြည်တိုင်းတွင် ခင်မင်သော မိတ်ဆွေ ရှိချင်လာသည်။ ဤ ဘလောက်သည်ကား ထိုရည်ရွယ်ချက်ကို ဆောင်ကျဉ်းပေးနိုင်ပေတော့မည်။ ကောင်းပေစွ။

ကျွန်ုပ်၏ မိဘနှစ်ပါး၊ ကြီးဒေါ်များ နှင့် မြန်မာစာ ဆရာ ဆရာမ အပေါင်းတို့အား ဤစာဖြင့် ကန်တော့အပ်ပါ၏။

6 comments:

Soe Htet ! said...

ကျွန်တော့် အဖြစ်ကလဲ ကိုရဲမွန်လိုပါပဲ… ကွာတာတစ်ခုက ကျွန်တော် ကိုရဲမွန်မြှောက်ပေးလို့ (ဆောရီး.. အားပေးလို့) ဘလော့ဂ် ဆက်ရေးဖြစ် သွားတာပါ.. အတန်းစဉ် မြန်မာစာ အမှတ် အနည်းဆုံး ဖြစ်ပြီး စာစီစာကုံး သုံးမျက်နှာ ကျော်အောင် မရေးတတ်ပါ.. ဆက်သွယ် ကူညီတတ်လွန်းသဖြင့် ဆရာကြီး အလွန် လုပ်ချင်သူဟု မကြာခဏ ထောမနာ အပြုခံခဲ့ရ ဘူးပါသည်..:P

Ye-Mon said...

အင်း ... hub နှစ်ခု ချိတ်လိုက်ရင်တော့ ... မလွယ်ဘူး။
ဘလောက်တော့ ဆက်ရေးပါ ကစိုးထက်ရေ။ ကောင်းသော မြှောက်ပေးခြင်းပါ။
အမနာပ ပြောသူတွေကတော့ ဘာလုပ်လုပ် ပြောနေကြမှာပါပဲ။
ဂွတ်တယ်ထင်ရင် ဒူးသာဒူး။

Kay said...

ကိုရဲမွန်..ဒီပို့စ်လေးဖတ်ပီး..နှစ်နှစ်ခြိုက်ခြိုက်ပြုံးမိလိုက်တယ်..
စာစီစာကုံးသာမရေးတတ်ဘူးပြောတယ်..သိပ္ပံမောင်ဝ ရဲ့ သားတပည့်..သိပ္ပံမောင်ကွရဲ့လက်ရာအတိုင်းပဲ..
ကျမတောင်..ဘလော့နဲ့ပတ်သတ်ပီး..ဆာဗေးလို..ရီဗျူးလိုလေးတခုလုပ်ချင်လို့..ကိုရဲမွန်ကိုမေးခွန်းလေး ၃-၄ ခုလောက်မေးမလို့စဉ်းစားနေတာ..ကူညီမယ်ဆိုရင်တော့..အတိုင်းထက်အလွန်ပဲ..( အဆင်ပြေမယ်ဆိုရင်..ဓါတ်စာနဲ့မေးပါရစေ…) Feed and Reader သုံးတာအဆင်ပြေတယ်ဆိုလို့..၀မ်းသာပါတယ်..

Ye-Mon said...

အဟဲ…

အခုလို ချီးမွမ်းတာ ကျေးဇူးပါ မကေ။ ဘလောက်ဂါချင်း ချီးမြောက်ခြင်း သည်လည်း မင်္ဂလာတစ်ပါးပေပဲ။ ဒီနေ့မနက် အသက်ရှင်လျက် နိုးထရရုံတင်မက မင်္ဂလာလည်း ရှိပေစွ။

သိပ္ပံမောင်ကွ

ဂျစ်တူး - gyit_tu said...

ကိုရဲမွန်ကြီး.. အရမ်းကောင်းတဲ့ ပို့စ်ပဲ ။ serious stuff ကို ခပ်ပေါ့၂ပါး၂လေးဖြစ်အောင် ၊ ရည်ရွယ်ချက်မပျက်ဘဲ ရယ်သွမ်းသွေးရေးနိုင်တာ လွယ်တာမှတ်လို့ ။ ကိုရဲမွန်ကြီးက အဲဒီနေရာမှာ တော်၏ ။

အဟီး ဘလောဂ့်ကြေငြာတက်နည်းဖတ်ပြီး ပြုံးမိတယ် ။ နိုင်ငံရပ်ခြားက ဗမာတွေချင်း ဘယ်ပုံ ဘယ်အသိုင်းအ၀ိုင်း ဘယ်လိုနောက်ခံ ဖြစ်နေပါစေ.. ရင်းနှီးပြီး အတွေ့ အကြုံ အတွေးအခေါ် ဖလှယ်ရတာလည်း ကြိုက်ပ ။

ဆက်ရေးပါ အကိုကြီး ။ တခဲနက် အားပေးလျက် ။

ဟို ကိုပီတိကိုလည်း ဂျီရိပ်ထဲတောင် ဘိုလိုမရိုက်ဘဲ ဗမာပီသစွာ ဗာမာစာနဲ့ပဲရိုက်ဖို့ အားပေးထားတယ် အဟဲ ။ သူ့  learning curve ဘယ်လောက် gradient ရှိလဲဆိုတာ ရှုစားလိုက်ကြရအောင် ။

Kay said...

မေးခွန်းတွေလာပီဗျို့...ကျေးဇူးပြု၍ဖြေပေးပါ။ နဲနဲပါးပါးပါ။
မေးခွန်း၁-
အင်တာနက်ကွန်ယက်ကနေတဆင့်..NGO in golden land တို့.. Education for Myanmar Youth တို့လို..လူမူအထောက်အကူဖွံ့ဖြိုးရေးစာမျက်နှာတွေမှာ ပါဝင်လုပ်ကိုင်တဲ့အခါထိရောက်မူအတိုင်းအတာတခုအတွက်..ကျေနပ်စရာ
ကောင်းတယ်လို့ပြောလို့ရမလား။

မေးခွန်း၂ ပြည်သူ့ကျန်းမာရေးပါရဂူဘွဲ့လွန်တက်ရောက်နေသူ..တယောက်အတွက်..အချိန်ပေးရတဲ့ပညာရေးသုတေသနကိစ္စများနဲ့..ပုံမှန်ဘလော့ရေးသားခြင်း..ဘလော့
ပေါင်းသင်းဆက်ဆံရေးများနဲ့..အထက်ပါလူမူရေးများအပေါ်အချိန်ကိုဘယ်လိုစီမံခန့်ခွဲပါသလဲ။


kthwe31@yahoo.com ကိုဖြစ်ဖြစ်..ကျမဘလော့မှာလာပီးဖြစ်ဖြစ်ဖြေပေးပါနော်။ ကြိုတင်ကျေးဇူး။