Saturday, June 30, 2007

Pain, tenderness, and empathy

၃၀၊ ၆၊ ၂၀၀၇


နာခြင်း နှစ်မျိုး နှင့် ကိုယ်ချင်းစာ တရား


တစ်ချိန်တုန်းက ဆေးတက္ကသိုလ် တစ်ခုမှာပေါ့ . . .

တတိယနှစ် ဆေးကျောင်းသားလေးတွေ ဆေးရုံ စဆင်းခါစ အချိန်။ ဂျူတီကုတ်ဖါးဖါး နဲ့ နားကျပ် အိတ်ထဲထည့်လို့ လူနာတွေကြား စတိုင်ထွားနေကြစဉ်ကပေါ့။

ပထမဆုံးရက်တွေထဲမှာ ဆရာတစ်ယောက်က လူနာ့ ဗိုက်ကို စမ်းသပ်နည်း သင်ပေးလာတယ်။ ဘယ်နားမှာ အသည်း၊ ဘယ်နားမှာ သရက်ရွက်၊ ဘယ်နားမှာ အူအတက် စသည်ဖြင့်မှတ်သားကြရပါတယ်။ ဆက်ပြီး သင်ယူရတာကတော့ နာခြင်း နှစ်မျိုးရှိတဲ့ အကြောင်းပါ။ ဘိုလိုတော့ Pain and Tenderness လို့ ခေါ်ပြီး မြန်မာလိုတော့ နာတယ် လို့ပဲ ခေါ်ပါတယ်။ Pain ဆိုတာက လူနာက နာတဲ့ အကြောင်းပြောတာပါ။ Tenderness ဆိုတာကတော့ လူနာက နာတယ်လို့ ပြောတာကို ဆရာဝန်က စမ်းသပ်ကြည့်လို့ အမှန်အကန် နာမှန်း ( ဥပမာ - လူနာ တွန့်သွားတာမျိုး၊ ကျွတ်ကျွတ်ကျွတ် နဲ့ ညည်းတာမျိုး ) သိတာမျိုးကို ခေါ်ပါတယ်။ ဒါနဲ့ စကားမစပ် နာတယ်လို့ လူနာကပြောလာရင်၊ ဘယ်နေရာ နာတာလဲ၊ ဘယ်လောက်ကြာပြီလဲ၊ ဘယ်အချိန်မှာ နာတာလဲ၊ ဘယ်လိုလုပ်လိုက်ရင် သက်သာလဲ၊ ဘာလုပ်ရင် ပိုဆိုးလာလဲ၊ ဘယ်လောက်လောက်နာလဲ၊ အစရှိသဖြင့် နာခြင်းဋီကာ ပြုစုရပါသေးတယ်။

ဆရာ စမ်းသပ်ပြတဲ့ လူနာက အသည်း နေရာမှာ နာနေပါတယ်။ ဆရာ့လက်က လူနာ့ အသည်း နေရာကို စမ်းပြတဲ့အချိန်မှာပဲ ဆရာက လူနာ့ မျက်နှာကိုကြည့်နေပါတယ်။ လူနာ မျက်နှာရှုံ့မဲ့သွားပြီဆိုတော့ Tenderness ရှိပြီပေါ့။ လူနာက ကျွတ်ကျွတ်ကျွတ်တော့ မအော်ပါဘူး။ ဒါပေမယ့် တော်တော် နာနေပုံပါပဲ။ ဆရာက စမ်းပြီးတော့ ကျောင်းသား တစ်ယောက်နှစ်ယောက် စမ်းကြည့်ဖို့ ပြောပါတယ်။ ဆရာ့နားမှာ ၀ိုင်းနေတာက ၁၀ ယောက် ၁၂ ယောက်လောက်ရှိမယ်။ အားလုံးလိုလိုကပဲ နာခြင်း စမ်းသပ်နည်း အတတ်ပညာကို လိုလိုချင်ချင် တတ်ချင်နေကြတော့ လူနာကို တစ်ယောက်တစ်လှည့် စမ်းသပ်ကြပါတယ်။ လူနာခမြာ နောင်လာနောက်သား လူနာတွေကောင်းစားဖို့အတွက် အံကြိတ်ပြီး ငါးကြိမ်ထက်မနည်း အစမ်းသပ်ခံရပါတော့တယ်။

ကျောင်းသား တစ်ယောက် နှစ်ယောက်ကတော့ လူနာကို မစမ်းတော့ပဲ ထွက်လာခဲ့ပါတယ်။ ပြီးမှ သူတို့ အချင်းချင်း ပြောမိတာက လူနာ နေရာကနေ ၀င်ကြည့်ရင် နာတဲ့နေရာကို ဘယ်သူက ၁၂ ခါလောက် အထိခံချင်မှာလဲ။ ကိုယ်တို့တွေ နောက်တစ်ခါမှပဲ စမ်းကြတာပေါ့တဲ့။

အတွေးနယ်ချဲ့မိတာက လူနာကို မိမိရရ စမ်းသပ်ကြတဲ့ သူငယ်ချင်းတွေဟာ လူနာကို နာစေချင်လို့တော့ ဟုတ်ဟန်မတူပါ။ ဆေးပညာကို ကျွမ်းကျွမ်းကျင်ကျင် တတ်ချင်ပြီး ဆရာဝန်ကောင်းတွေ ဖြစ်ချင်ကြတာသာ ဖြစ်ပါမယ်။ ဒါပေမယ့်လည်း ဆေးကျောင်းသားတွေကို လူနာ စမ်းသပ်နည်း မသင်ခင်မှာ ကိုယ်ချင်းစာနည်းကို အရင်သင်ရင် ကောင်းလေမလားလို့တော့ ကျွန်တော်တွေးမိခဲ့ပါတယ်။

8 comments:

pandora said...

ဒါဆိုရင် ဒီလိုမျိုးလား..

Patient (lifting arm): Doctor, it hurts when I do this.

Doctor: Don't do that.

ဟဲ.. နောက်တာပါ.. အစ်ကိုကြီးပြောတာ သဘောတူပါတယ်။

Ye-Mon said...

don't forget that we have syringes with blunt needles. :D

PeTi said...

တော်သေးတယ်၊ တခါမှ ဆေးရုံမတက်ဘူးလို့။ မဟုတ်ရင် ရောဂါက နဲနဲ ဆရာဝန် လောင်းတွေကြောင့် လက်ရောင်လိုက်တာ များများ ဖြစ်နေမှ… :P .. စတာနော်…

Ye-Mon said...

ဆေးပညာ ဆိုတာ ဒီလိုပဲ လက်ဆင့်ကမ်းရတယ်လေ။ မဟုတ်ရင် ဆရာဝန်အသစ်တွေ လူနာ ဘယ်စမ်းသပ်တတ်တော့မလဲ။ မစမ်းခင် လူနာဆီက ခွင့်ပြုချက် တောင်းရတယ်။ တစ်ခါတစ်လေဆို လူနာက စမ်းခွင့်ပြုအောင် စိတ်ရှည်ရှည်နဲ့ စည်းရုံးရေးဆင်းရသေးတယ်။ လူနာကို စမ်းသပ်နည်း စာမေးပွဲကို တကယ့် လူနာနဲ့ ဖြေရတဲ့ အကြောင်း အချိန်ရမှ ပြောပြရဦးမယ်။

PeTi said...

ကျွန်တော်က နောက်တာပါ။ ကိုးမင်းပြောတာ ဟုတ်ပါတယ်။
ဒါပေမယ့် ၀မ်းနည်းစရာကောင်းတာက အဲဒီလို စမ်းသပ်ပြီး ဆရာဝန်ကြီး ဖြစ်လာတဲ့ လူတချို့က လူနာတယောက် ၅မိနစ် နဲ့ စစ်ဆေးပြီး ရောဂါကို ပြီးစလွယ် ခေါင်းစဉ်တပ်၊ အနာတခြား ဆေး တခြား ဖြစ်တာတွေကြားနေရတာပါပဲ။ ကိုမင်းရဲ့ မမေ့လျော့ခြင်း ၏ ဟိုမှာဘက်တွင် က မနက်ဖြန် ရောက်ရင် ဒီအဖြစ်တွေ နဲသွားမှာပါ။

Ye-Mon said...

နောက်ပါဗျား။ ယားပါတယ်။

ဂျစ်တူး - gyit_tu said...

ကိုရဲမွန်... တကယ်တော့ ဆရာဝန် နဲ့ အင်ဂျင်နီယာဆိုတာ ခပ်ဆင်ဆင်တူတဲ့အချက်က.. နှစ်ဦးလုံး troubleshoot လုပ်ပြီး အဖြေရှာကြရတယ် ။ ဒါပေမယ့် ဆရာဝန်ကတော့ အသက်တချောင်းနဲ့ လုပ်နေရတာဆိုတော့ ၊ စက်တလုံးကို စမ်းသပ်တဲ့ အင်ဂျင်နီယာထက် responsibility ပိုများမှာပေါ့ ။

responsiblity ပိုများလေ ၊ sense of satisfaction ပိုရလေ ဖြစ်မယ်လို့ ထင်ပါတယ် ။

နောက်လည်း ဒီလိုမျိုးလေးတွေ ရေးပါဦး ။ အားပေးတယ် ။

Ye-Mon said...

အဟဲ . . . မဂျစ်ရေ အင်ဂျင် အလုံးလိုက်လဲလို့ရတာမျိုးဆိုရင်တော့ တားတားတို့အကြိုက် မွန်းလိုက်ပဲပေါ့။ ဒါပေမယ့်လည်း ကျွန်တော် လျောက်နေတဲ့လမ်းက လူနာတွေနဲ့ တိုက်ရိုက်ထိတွေ့တာမျိုး မရှိသလောက်ဖြစ်သွားပါပြီ။ Problem solving skill ရခဲ့တာ ကိုတော့ နေရာတကာသုံးလို့ရလို့ ကြိုက်သဗျို့။