Tuesday, November 13, 2007

A visit to New England (5)

၁၃၊ ၁၁၊ ၂၀၀၇

အင်္ဂလန်ပြည်သစ် သို့ အလည်တစ်ခေါက် (၅)
ဘော်စတွန်မြို့

တောင်းပန်ခြင်း
အခုရက်ပိုင်းတွေမှာ ပို့စ်အသစ် မတင်ဖြစ်တဲ့အတွက် အလည်ရောက်လာတဲ့ မိတ်ဆွေအများကို တောင်းပန်ပါတယ်။ အခုတော့ လက်ကျန်ရှင်းတမ်းအနေနဲ့ အင်္ဂလန်ပြည်သစ် ခရီးသွားဆောင်းပါး နောက်ဆုံးပိုင်းကို တင်လိုက်ပါတယ်။

ထောပတ်ထမင်းစားပြီး သကာလ ထုံးစံအတိုင်း ၀ိုင်းထိုင်ကြကာ သန်းခေါင်တိုင်အောင် စကားဖောင်ဖွဲ့ကြပြန်သည်။ ဒီတစ်ခါ ပြောဖြစ်ကြတာကတော့ ဒီနိုင်ငံမှာ အမြဲတမ်းနေထိုင်တော့မယ် ဆိုရင် မိမိတို့ရဲ့ သားသမီးတွေကို ဗမာယဉ်ကျေးမှု ဓလေ့ထုံးစံတွေအတိုင်း ပြုစုပျိုးထောင်မှာလား ဒါမှမဟုတ် ဒီက ယဉ်ကျေးမှု ထုံးစံတွေအတိုင်း လိုက်လျောလိုက်မှာလား ဆိုတာပါပဲ။ စာရေးသူမှာ ကိုယ်ပိုင်ကလေး မရှိသေးတော့ ကလေးရှိသူ၊ ရှိနိုင်ချေ များသူတွေကို အချွန်နဲ့ မ ပေးလိုက်ရုံပ။ အမြင်တွေကတော့ အမျိုးမျိုးပါ။ သားယောက်ျားလေး ဆိုရင် တစ်မျိုး၊ မိန်းကလေး ဆိုရင် တစ်မျိုး။ ဘယ်လို အပြုအမူမျိုး ဆိုရင် လက်ခံမယ်။ ဘယ်လိုဆိုရင်တော့ လုံးဝပဲ ဆိုတာမျိုးပေါ့။ ယတိပြတ်အဖြေတော့ ထွက်မလာပါ။ မိသားစု တစ်စုချင်း ကိစ္စ ပေပဲကိုး။ စာရေးသူ သတိထားမိတာကတော့ မြန်မာမိဘတွေဟာ မြန်မာပြည်မှာတုန်းက လုံးဝလက်မခံနိုင်လောက်တဲ့ အပြုအမူတွေကို ဒီနိုင်ငံရောက်လာတဲ့အခါမှာ ကျေနပ် လက်ခံလာကြတာပါ။ ဆိုတော့ လူတစ်ယောက်ရဲ့ အပြုအမူ တစ်ခုဟာ နေရာဒေသပေါ်လိုက်ပြီး ယဉ်ကျေး၏ မယဉ်ကျေး ဆိုတာမျိုး ဖြစ်သွားပါတယ်။ လောကကြီးမှာ “နှိုင်းရအမှန်” (relative truth) တွေ အများကြီးပါလားလို့ သဘောပေါက်မိပါတယ်။

ဒီလိုနဲ့ တနင်္ဂနွေနေ့ မနက်မှာတော့ အိပ်ရာထကတည်းက ဘော်စတွန်သွားဖို့ လုံးပမ်းကြပါတယ်။ ကားငှားတဲ့ ဆိုင်က တနင်္ဂနွေမဖွင့်တော့ ခက်နေပါလေရော။ သူငယ်ချင်းရဲ့ကားက လူ ၇ ယောက် ကျပ်ကျပ်သပ်ထိုင်ရင် ရပေမယ့် ခရီးဝေးမှာတော့ သိပ်မသက်သာလှ။ ဘော်စတွန်ကလည်း ၀ီလီယံမြို့ကနေ မိုင် ၁၅၀ ကျော် ဝေးသေးတယ် မဟုတ်လား။ ဒါနဲ့ပဲ စာရေးသူက အကြံပေးလိုက်ပါတယ်။ ကားနောက်ဖက် ပစ္စည်းတင်တဲ့နေရာမှာ တစ်ယောက်ထိုင်လိုက်ရင် မကောင်းဘူးလားပေါ့။ တကယ်လုပ်ဖြစ်သွားတော့ ပထမဆုံး အလှည့်ကျသူက အကြံပေးသူ ကျွန်တော်မျိုးပါ။ ဘေးပတ်ဝန်းကျင် ရှုခင်းမမြင်ရတာကလွဲလို့ သိပ်တော့မဆိုးပါ။ အိပ်ငိုက်လို့တောင် ရသေး။

အသွားမှာတော့ ပြည်နယ်တွင်း အဝေးပြေးလမ်း အမှတ်-၂ ကနေ သွားကြပါတယ်။ နေ့လည်စာကို မက်ဒေါ်နယ်ဆိုင်မှာပဲ ကမန်းကတန်း စားကြပြီး ခရီးဆက်ကြပြန်ပါတယ်။ နာမည်ကြီး ဟားဗတ် တက္ကသိုလ်က ဘော်စတွန် မရောက်ခင် ကိန်းဘရစ်ခ်ျ ဆိုတဲ့ နေရာမှာ ရှိတော့ အဲ့ဒီကို အရင် ၀င်ကြပါတယ်။ ရာသီဥတုကလည်းသာယာ တနင်္ဂနွေကလည်းဖြစ်ပြန် ဆိုတော့ ကိန်းဘရစ်ခ်ျ မှာ ကြက်ပျံမကျ စည်ကားနေပါတယ်။ စာရေးသူတို့လည်း ဟိုဟိုသည်သည် လျှောက်သွားရင်း ဟားဗတ်တက္ကသိုလ်ကို တည်ထောင်သူလို့ လူသိများတဲ့ John Harvard ရဲ့ ရုပ်တုရှေ့မှာ ဓါတ်ပုံ ရိုက်ကြပါတယ်။ နောက်မှ ၀ိကီကနေတဆင့် သိရတာက မစ္စတာ ဟားဗတ်ဟာ တက္ကသိုလ်ကို တည်ထောင်သူ တစ်ယောက်မဟုတ်ပဲ အလှူရှင်တစ်ဦးမျှသာ ဖြစ်ကြောင်းပါ။ မည်သို့ပင် ဆိုစေကာမူ စာရေးသူတို့ သူငယ်ချင်း တသိုက် ဓါတ်ပုံရိုက်လာတာကိုတော့ ဘေးမှာ ရှုစားနိုင်ပါတယ်။

ကိန်းဘရစ်ခ်ျမှာ လည်ပြီးတော့ MIT (Massachusetts Institute of Technology) ကိုသွားမယ် ဆိုပြီး ထွက်လာလိုက်တာ ကံဆိုးချင်တော့ လမ်းမှားပြီး မရောက်ခဲ့ပါ။ ဒါပေမယ့် ကံကောင်းချင်တော့ ချားလ်စ် မြစ်ထဲမှာ လှေလှော်ပြိုင်ပွဲ လုပ်ဖို့ ပြင်ဆင်နေတာ တွေ့ခဲ့ရပါတယ်။ ၄ ယောက်လှော်၊ ၈ ယောက်လှော် ရောင်စုံလှေတွေပေါ်က ရောင်စုံအင်္ကျီ ဆင်တူဝတ် လှေလှော်သားတွေဟာ စိမ်းမြတဲ့ မြစ်ပြင် နဲ့ ပနံရနေကြပါတယ်။ အားလုံး အစီး ၂၀ လောက်ရှိမယ် ထင်ရဲ့။ အားပေးနေတဲ့ ပရိတ်သတ်ကလည်း ကမ်းလုံးညွတ်မျှပါပဲ။ စာရေးသူ တက္ကသိုလ် ရောက်စက ရန်ကုန်တက္ကသိုလ်များ လှေလှော်အသင်းမှာ လှေလှော်ခဲ့ချိန်တွေကို ပြန်သတိရမိပါရဲ့။ အချိန်နည်းနေလို့ လှေပြိုင်ပွဲကို ကားပေါ်ကနေပဲ ကမန်းကတန်း ကြည့်ပြီး ခရီးဆက်ခဲ့ကြပါတယ်။

ကဲ .. ရောက်ပါပြီ။ ဘော်စတွန်မြို့။ အဆောက်အဦမြင့်တွေ ပြည့်နေတဲ့ မြို့ထဲကို ကားလျောက်မောင်း ကြည့်ရှုပြီး ကမ်းနားကို အလည်သွားကြပါတယ်။ အပျော်စီးသင်္ဘောတွေ၊ ဇင်ယော်တွေ၊ လေညှင်းခံသူတွေ နဲ့ စည်ကားတဲ့နေရာ တစ်ခုပါ။ စာရေးသူတို့တွေလည်း လေညှင်းခံရင်း ဓါတ်ပုံတွေ ဟိုရိုက်ဒီရိုက်၊ သူများတွေကို ဟိုငေးဒီငေး လုပ်နေရင်း နေစောင်းလာတော့ ကမ်းနားက ဆိုင်လေးတစ်ဆိုင်ကို ခဏ၀င်ပြီး ဘီယာသောက်ကြပါတယ်။ သဘာဝရှုခင်း ကို ကြည့်ပြီး ဘီယာသောက်ရတာ အရသာတစ်မျိုးပါ။

အားလုံး ဗိုက်ဆာလာကြတော့ အိမ်ရှင်သူငယ်ချင်း ညွှန်းတဲ့ တရုတ်ဆိုင်ကို သွားစားဖြစ်ပါတယ်။ ညွှန်းသလောက်လဲကောင်း၊ ကောင်းသလောက်လဲစားကြတော့ မှာသမျှ တက်တက် ပြောင်ပါရော။ မိုးလည်း ချုပ်လာပြီဆိုတော့ ၀ီလီယံမြို့ကို အမြန်ရောက်မယ့် အဝေးပြေး လမ်းအမှတ်-၉၀ အတိုင်း အသော့နှင်ခဲ့ကြပါတယ်။ တည်းအိမ်ပြန်ရောက်တော့ မိုးအတော်ချုပ်နေပြီ။ ခရီးကလည်း ပမ်းလာတော့ သိပ်စကားမပြောနိုင်ကြပဲ အိပ်ရာဝင်ကြပါတယ်။

တနင်္လာနေ့မှာတော့ အိမ်ရှင်သူငယ်ချင်းတို့ကို နှုတ်ဆက်ပြီး ပြန်လာခဲ့ကြပါတယ်။ အပြန်လမ်းမှာ တွေ့ခဲ့တဲ့ Pontoosuc Lake အမည်ရ ရေကန်မှာ ခဏနားရင်း အရောင်ပြောင်းတောအုပ်၊ အိမ်နဲ့ ကောင်းကင်ပြာပြာတွေ ရေကန်မှာ အရောင်ပြန်နေတာကို မှတ်တမ်းတင်ခဲ့ပါတယ်။

အမှတ်တရ ခရီးတစ်ခု ဖြစ်မြောက်ခဲ့တဲ့အတွက် သူငယ်ချင်းအားလုံးကို ကျေးဇူး အထူးတင်ရှိပါတယ်။

ပြီးပါပြီ။


4 comments:

စိုးထက် - Soe Htet ! said...

အရောင်ပြောင်းတောအုပ်ဘေးက အရောင်ပြန်နေတဲ့ ရေကန်ဘေးမှာ ရောင်စုံ ပန်းခင်းလေး တွေ မရှိ ဘူးလားဗျ ... :)

thamudayanwe said...

္ကဤတွင်အခန်းဆက် အင်္ဂလန်ဇာတ်လမ်းပြီး၏
ကလေးတွေကြို..ဘ်ာလိုသွန်သင်မယ်ဆိုတဲ့ဆွေးနွေးတွေ့ရှိချက်လေး
မျှဝေပေးပါ..
စိတ်ဝင်စားလို့ပါ

PeTi said...

ဟုတ်တယ် ကိုမင်း အဲ့ဒါ တော်တော်ကောင်းတဲ့ ခေါင်းစဉ်ပဲ။ ဒီမှာလည်း ဒီပြဿနာရှိနေတာပဲ။
ကိုမင်းက ကိုယ်ပိုင်ကလေး မရှိသေးတော့ ဆိုတော့ ကိုယ်မပိုင့်တပိုင်ကလေးတော့ ရှိတယ်ထင်တယ် .. ဟီး စတာနော်။
ကိုမင်း ကားနောက်မှာထိုင်တဲ့ ဓာတ်ပုံလေးကြည့်ရင်ကောင်းမှာပဲ.. :P
ရှုခင်းလေးတွေကြည့်ပြီး ဘောလုံးမကန်ရတာကြာပြီနော်။ နောက်ခေါက်တွေ့ရင် ဘောလုံးကောင်းကောင်းကန်ကြရအောင်။

Ye-Mon said...

ကစိုးထက် -
ရောင်စုံပန်းခင်းလေးတော့ မတွေ့မိဘူးဗျ။ ရောင်စုံခြယ်ထားတဲ့ မိန်းကလေးတစ်ယောက် ကတော့ ဓါတ်ပုံ ရိုက်ခိုင်းလို့ ရိုက်ပေးလိုက်ရသဗျို့။း)

သမုဒယ နှင့် ပီတိ -
စိတ်မရှိပါနဲ့။ စာရေးသူက ကလေးကိစ္စတွေ သိပ်မသိလှဘူး။ မိသားစုအလိုက် ဆုံးဖြတ်ရမယ့် ကိစ္စလို့ ထင်ပါတယ်။

ပီတိ -
မောင်ရင်ဘာကို ပြေးမြင်တယ်ဆိုတာ သိတယ်နော။ ကိုယ်လည်း တချိန်တုန်းက ကန်ပက်လက်မြို့ရဲ့ တခုသော လက်ဖက်ရည်ဆိုင်မှာ ဘောလုံးကန်ကြတာကို ရည်ရွယ်ပြီး ရေးတာပဲ။ နောက်ထပ်တစ်ခေါက်လောက်တော့ ကြုံချင်သေးတယ်။