Sunday, September 2, 2007

Moving House

၂၊ ၉၊ ၂၀၀၇

အိမ်ပြောင်းပြီ

ယနေ့ အိမ်ပြောင်းသည်။ သိပ်ကား မဝေးလှ။ သုံးဘလောက်ခန့်သာဝေးသည်။

စင်ဒီ ဆိုသည့် အမေရိကန် အမျိုးသမီးကြီး တစ်ဦးပိုင်သော အိမ်တစ်အိမ်ပင်။ သူမ ပြောပြချက်အရ ထိုအိမ်ကို သူမ စပြောင်းလာသည့်အချိန်က ကျွန်တော်မွေးသည့် နှစ် နှင့် တစ်နှစ်တည်းပင် (အတော် ကြာလေပြီ) ။ အိမ်က ၁၅ ပေ၊ ပေ ၄၀ ခန့်ရှိမည့် သုံးထပ် ဖြစ်သည်။ အောက်ဆုံးထပ်တွင် ဧည့်ခန်း၊ ထမင်းစားခန်း နှင် မီးဖိုတို့ ရှိပြီး အလည်ထပ်တွင် အိမ်ရှင် အမျိုးသမီးကြီးနေလေသည်။ အပေါ်ဆုံးထပ်ရှိ အိပ်ခန်း နှစ်ခန်းကို အငှားထားလေသည်။

အိမ်ကား အတော်ပင် ထိမ်းသိမ်းထားသည့်ပုံရှိသည်။ ဧည့်ခန်း၊ ထမင်းစားခန်း နှင့် မီးဖိုတို့ကား ဖိတ်ဖိတ်တောက်နေသည်။ ခေတ်ပေါ် ပရိဘောဂများဖြင့်ကားမဟုတ်။ ရှေးလက်ရာ ပရိဘောဂများ ကုန်ကုန်ပြောရလျှင် ဂက်စ် မီးဖိုတောင် ရှေးရှေးတုန်းက ဂက်စ်မီးဖိုနှင့် ဖြစ်လေသည်။ သဘောကောင်းပုံရသော အမျိုးသမီးကြီးကား စည်းကမ်းလည်း ကြီးပုံရသည်။ ဤအိမ်တွင် ဘယ်လို ဆီသတ်ရပါလိမ့်။ ငပိရည်များ ကြိုမိပါက ခေါင်းနှင့် ဆင်းရကိန်းရှိသည် ဟု ဖာသာတွေးမိသည်။

ကျွန်ုပ်အိပ်ခန်းကား အနောက်ဖက်လှည့် ဖြစ်ပြီး အကျယ်အ၀န်းအားဖြင့် ၁၀ ပေ၊ ၁၅ ပေခန့် ရှိပေမည်။ ကုတင်၊ မွေ့ရာ၊ အိပ်ယာခင်း၊ စာကြည့်စားပွဲ၊ အစရှိသည် အစုံအလင် ရှိပြီးသားဖြစ်၍ အတော်ပင် စရိတ်ငြိမ်းလေသည်။ ရေချိးခန်း နှင့် အိမ်သာကိုကား တထပ်တည်းရှိ အခြား အိမ်ငှား တစ်ဦးနှင့် တွဲသုံးရပေမည်။ ပြဿနာတော့ မရှိလှ။ အခန်းအားလျှင် သုံးရုံသာ။

အိမ်ငှားခက တစ်လလျှင် ၆၇၅ ဒေါ်လာနှုန်းဖြစ်သည်။ ဘော်လတီးမိုး ထုံးစံအရဆိုလျင် အနည်းငယ်များသည်ဟု ဆိုနိုင်သည်။ သို့သော် ပရိဘောဂများပါဝင်ခြင်း၊ မီးဖိုချောင်ပစ္စည်းများသုံးခွင့်ရခြင်း၊ မီတာခ၊ ရေဖိုးများ မစီစဉ်ရခြင်း စသည်တို့က အတော်ပင် အလုပ်ရှုပ်သက်သာစေသည်။

အိမ်ပြောင်းရသည်ကတော့ သိပ်မသက်သာလှ။ မြန်မာပြည်မှ ရောက်စဉ်က ခရီးဆောင် သေတ္တာ နှစ်လုံးသာပါသော်လည်း၊ သုံးနှစ်ကြာလာပြီးနောက် စာအုပ်စာတမ်းများနှင့် ပစ္စည်းများက အတော် စုမိဆောင်းမိရှိလာသည်။ သို့သော် ကံကောင်းချင်တော့ သူငယ်ချင်းများက အခြားမြို့တစ်မြို့မှနေ၍ တကူုးတက လာပြီး ပြောင်းကူကြသည်။ တစ်ယောက်တည်းသာ ပြောင်းရမည်ဆိုပါက ခေါက်တုန့်ခေါက်ပြန် သွားရမည့် အခြေအနေရှိသည်။ တော်သေး၏။

ယနေ့တော့ ဤမျှသာ။

6 comments:

Dr. Junior said...

အိမ်သစ်မှာ ပျော်ရွှင်နိုင်ပါစေ။

စိုးထက် - Soe Htet ! said...

ဟုတ်တယ် ငါးပိရည်က ပြဿနာ ... :P

ထွန်း said...

အိမ်ပြောင်းရတဲ့ ဒွတ်ခက မသေးပါ . နေရာချထားရန် အချိန်အတော်ယူရအုန်းမည် ထင်ပါသည်။ ကံကောင်းစေသော အိမ်သစ်လေးဖြစ်ပါစေ

P.Ti said...

ဟုတ်တယ်.. အိမ်ပြောင်းရတာ စိတ်အညစ်ဆုံးပဲ… ဒီမှာတော့ ပျမ်းမျှ ၁ နှစ်ကို ၁ခါလောက်တော့ ပြောင်းနေရတယ်…
အားလုံးအဆင်ပြေပါစေ။

Anonymous said...

အိမ်တက်ပွဲကို ဘလောဂ့်ကနေ လုပ်ဦးလေ :)

နောက်ဆို မြို့ပါပြောင်းရတော့မယ် ထင်တယ်ဗျို့

Ye-Mon said...

ဘော်ဘော်တို့ရေ
မှတ်ချက်တွေထားသွားတာ ကျေးဇူးပါ။ အိမ်သစ်မှာက ပစ္စည်းသိမ်းစရာ နေရာသိပ်မရှိလို့ တချို့ ပစ္စည်းတွေကို တခြား သူငယ်ချင်းတစ်ယောက်အိမ်မှာ သွားထားနေရတယ်။ ပြောင်းပြီးသား ပစ္စည်းပုံးတွေတောင် အကုန်မဖောက်ရသေးပါ။ အိမ်တက်ကို ဘလောက်ကနေ ဘယ်လို လုပ်ရပါ့။