Showing posts with label hiking. Show all posts
Showing posts with label hiking. Show all posts

Monday, February 23, 2009

Mt. Saramati Trip

၂၃၊ ၂၊ ၂၀၀၉

တက္ကသိုလ်များ ခြေလျင်တောင်တက်အသင်း၏ ၂၀၀၉ ခုနှစ် စာရာမေတိ ခရီး




အမြင့်ပေ ၁၂၅၅၃ ပေ (၃၈၂၅ မီတာ) ရှိ စာရာမေတိတောင်ထိပ်သည် မြန်မာနိုင်ငံ စစ်ကိုင်းတိုင်း နှင့် အိန္ဒိယ နိုင်ငံ နာဂပြည်နယ် တို့၏ နယ်ခြား၊ မြန်မာ ပိုင်နက်အတွင်းတွင် တည်ရှိသည်။ ၁၉၇၁ ခုနှစ်တွင် ဗိုလ်မှူးကြီးလှအောင် (မြန်မာနိုင်ငံ ခြေလျင်တောင်တက်အသင်း တည်ထောင်သူ၊ ပထမ ဥက္ကဋ္ဌ) ပါဝင်သော အဖွဲ့က ထိုတောင်ထိပ်တွင် မြန်မာ-အိန္ဒိယ နယ်ခြားမှတ်တိုင် ကို စိုက်ထူခဲ့သည်။ ထိုနောက်ပိုင်း နှစ်ပေါင်း ၃၀ ကျော်ကြာသည်အထိ မြန်မာပြည်မှ မည်သူမျှ ထပ်မံတက်ရောက်နိုင်ခဲ့ခြင်း မရှိပဲ ၂၀၀၃ ခုနှစ် ဖေဖော်ဝါရီလ ၂၈ရက်တွင်မှ ဒေါက်တာပိုင်စိုး ဦးဆောင်သော မြန်မာနိုင်ငံ ခြေလျင်တောင်တက်အသင်းက အောင်မြင်စွာ တက်ရောက်နိုင်ခဲ့လေသည်။


ယခုနှစ် ဇန်န၀ါရီလ ၂၆ရက်တွင် ဆရာဦးမျိုးသန့် ဦးဆောင်သော တက္ကသိုလ်များ ခြေလျင်တောင်တက် အသင်းကလည်း စာရာမေတိတောင်ထိပ်ကို အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ကြောင်း သိရှိရသဖြင့် မိတ်ဆွေများ ဗဟုသုတဖြစ်စေရန် သတင်းစာ ဖြတ်ပိုင်းနှင့်တကွ အမှတ်တရ ဓါတ်ပုံများကို တင်လိုက်ရပေသည်။

သတင်းမှာ ဖေဖော်ဝါရီလ ၁၅ ရက်ထုတ် မြန်မာ့အလင်း သတင်းစာမှ ဖြစ်ပြီး ဓါတ်ပုံများမှာ ခြေလျင်တောင်တက်အသင်းဝင် ကိုအောင်မျိုး၏ ဓါတ်ပုံများဖြစ်ပါသည်။


စာရာမေတိတောင်ကို အောင်နိုင်ကြသူများ


တွေ့ဆုံမေးမြန်းသူ - မောင်မောင်မြင့်ဆွေ


တောင်တက်ခြင်းကား ကျန်းမာခြင်း၊ ကြံ့ခိုင်ခြင်းတို့ကို အထောက်အကူ ပြုသည့်အပြင် စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ခိုင်မာသန်စွမ်းခြင်းကို ကြီးမားစွာ ဖြည့်ဆည်းပေးနိုင်သည်။ ထို့ကြောင့် တောင်တက်ခြင်းသည် ယနေ့ခေတ် လူမှုဘ၀၌ ခေတ်စားလာသည်။

တွေ့ဆုံ


မကြာမီ ရက်ပိုင်းအတွင်းက တက္ကသိုလ်များခြေလျင်နှင့် တောင်တက်အသင်းက စာရာမေတိတောင်ထိပ်သို့ အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ကြသည်ဟူသော သတင်းကြောင့် တောင်တက်အဖွဲ့ကို ဦးဆောင်တက်ရောက်ခဲ့ကြသူများနှင့် တွေ့ဆုံမေးမြန်းရာ “စစ်ကိုင်းတိုင်း ခန္တီးခရိုင် လေရှီးမြှိုနယ် အနောက်ဘက် တောင်တန်းဒေသ အိန္ဒိယ-မြန်မာ နယ်နိမိတ်မျဉ်းပေါ်မှာ ရှိတဲ့ စာရာမေတိတောင် (နွယ်မောက်တောင်) ကို တက်ရောက်ခဲ့ကြတာဖြစ်တယ်။ စာရာမေတိတောင်ဟာ အမြင့်ပေ ၁၂၅၅၃ ပေရှိပြီး ခက်ခဲကြမ်းတမ်းတဲ့ တောင်တက်ခရီးလည်း ဖြစ်ပါတယ်” ဟု တောင်တက်အဖွဲ့ ခေါင်းဆောင် ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန တွဲဖက်ပါမောက္ခ ဦးမျိုးသန့်က မြန်မာ့အလင်းသို့ ရှင်းပြသည်။

၂၂ ဦးပါဝင်


တက္ကသိုလ်များ ခြေလျင်နှင့်တောင်တက်အသင်း ဥက္ကဋ္ဌလည်းဖြစ်သူ ဦးမျိုးသန့် ခေါင်းဆောင်သော တောင်တက်အဖွဲ့တွင် စုစုပေါင်း ၂၂ ဦး ပါဝင်ပြီး အမျိုးသား ၁၅ ဦး အမျိုးသမီး ခုနစ်ဦးတို့ ပါဝင်ကြသည်။

“တောင်တက်အဖွဲ့မှာပါတဲ့ အဖွဲ့ဝင်တွေကတော့ ပဲခူး ဒီဂရီကောလိပ်၊ ထားဝယ် တက္ကသိုလ်၊ မန္တလေး အဝေးသင်တက္ကသိုလ်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်၊ သူနာပြု တက္ကသိုလ်နဲ့ ရန်ကုန် တက္ကသိုလ်တို့က တောင်တက်အဖွဲ့ဝင်တွေ ပါဝင်ခဲ့ပါတယ်။ စာရာမေတိတောင်ထိပ်ကို မတက်ရောက်ဖူးရင် တောင်တက်သမား အစစ်မဟုတ်ဘူးလို့ မြန်မာနိုင်ငံခြေလျင်တောင်တက်အဖွဲ့ချုပ် ဥက္ကဋ္ဌဟောင်းတစ်ဦးက ပြောသလို အမှန်ပင် တက်ရောက်ရခက်ခဲတဲ့ တောင်ထိပ်လည်းဖြစ်ပါတယ်” ဟု ဦးမျိုးသန့်က ဆက်လက်ရှင်းပြသည်။

တက္ကသိုလ်များ ခြေလျင်တောင်တက်အသင်းကို စတင်တည်ထောင် ခဲ့သည့် ၁၉၅၉ ခုနှစ်မှ ၂၀၀၉ ခုနှစ် အထိ စာရာမေတိတောင်ထိပ်သို့ ယခုအဖွဲ့အပါအ၀င် ခြောက်ဖွဲ့သာ တက်ရောက်နိုင်ခဲ့သည်။ ယခုတောင်တက် ခရီးစဉ်သည် တက္ကသိုလ်များ ခြေလျင်တောင်တက်အသင်း၏ ၂၀၀၉ ခုနှစ် အတွက် ပထမဆုံးခရီးစဉ်လည်း ဖြစ်သည်။

ထွက်ခွာ


ထို့နောက် တောင်တက်အဖွဲ့ အုပ်ချုပ်သူအဖြစ် လိုက်ပါသွားသူ ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ် ပထ၀ီဝင်ဌာန ကထိက ဒေါ်နီနီအေးက “၂၀၀၉ ခုနှစ် ဇန်န၀ါရီ ၁၂ ရက်မှာ ရန်ကုန်မြို့က မန္တလေးမြို့ကို ရထားနဲ့ စထွက်တယ်။ ဇန်န၀ါရီ ၁၃ ရက်မှာ မန္တလေးကနေပြီး ကားနဲ့ မုံရွာ၊ ဇန်န၀ါရီ ၁၄ ရက်မှာ မုံရွာကနေပြီး ဟုမ္မလင်းမြို့ကို ရေယာဉ်နဲ့ သွားတယ်။ ရေယာဉ်ခရီးနဲ့ ဇန်န၀ါရီ ၁၆ ရက်အထိ ခရီးနှင်ခဲ့ပြီး ထမံသီရွာကိုရောက်တယ်၊ ဇန်န၀ါရီ ၁၇ရက်မှာ ထမံသီရွာကနေပြီး လေရှီးမြို့ကိုကားနဲ့ ဆက်ထွက်တယ်။ အဲဒီလေရှီးမြို့နေပြီး တောင်တက်ခရီး စတင်တော့တာပါပဲ” ဟု မြန်မာ့အလင်းသို့ ရှင်းပြသည်။

တက်ရောက်


တက္ကသိုလ်များ ခြေလျင်နှင့်တောင်တက်အသင်းမှ အဖွဲ့ဝင်များသည် ဇန်န၀ါရီ ၁၈ရက်၌ လေရှီးမြို့မှ ပိန္နဲကုန်းရွာသို့ တောင်တက်ခရီးစဉ်အတိုင်း ဖြည်းဖြည်း တက်ရောက်ခဲ့ကြရာ ခရီး ငါးမိုင်ခန့်သာ ရောက်ရှိခဲ့ပြီး ရပ်နားခဲ့ရသည်။ ပိန္နဲကုန်းရွာသည် အမြင့်ပေ ၃၀၇၀ ၌ တည်ရှိသော ရွာဖြစ်သည်။

“ဇန်န၀ါရီ ၁၉ ရက်မှာ ပိန္နဲကုန်းရွာကနေပြီး ကျဲ့ကော့ရွာကို ခရီးဆက်တဲ့အခါ ၈၀ ဒီဂရီလောက် မတ်စောက်နေတဲ့ တောင်တွေကို ကျော်ဖြတ်ရတယ်။ တောင်တစ်လုံးကျော်လိုက်၊ တောင်အောက်ခြေဆင်းလိုက်၊ နောက်တစ်တောင်ပေါ် တက်လိုက်နဲ့ ခရီးဆက်ခဲ့ရတယ်။ ဇန်န၀ါရီ ၂၀ ရက်မှာ ကျဲ့ကောရွာကနေပြီး ရော်ပါးမီရွာကို တောင်တက်ခရီးတက်တဲ့အခါ လမ်းမှာ နန်းဓလိမ်ချောင်းကို ဖြတ်ပြီး သွယ်တန်းထားတဲ့ ကြိမ်ကြိုးတံတားကို ဖြတ်သန်းရတာ အန္တရာယ်အလွန်များလို့ သတိထားပြီး ဖြတ်ကျော်ခဲ့ရတယ်။ ဒီကြိုးတံတားက ပေ ၂၀၀ ကျော် ရှည်တယ်။ ရောပါးမီရွာဟာ အမြင့်ပေ ၃၂၆၀ မှာ တည်ရှိပါတယ်” ဟု ဒေါ်နီနီအေးက ဆက်လက်ရှင်းပြသည်။



ခက်ခဲစွာ


ထို့နောက် ဇန်န၀ါရီ ၂၁ ရက်နေ့တွင် ရော်ပါးမီရွာမှ လတ္တဲရွာသို့ အတက်ခရီးစဉ်၌ ၉၀ ဒီဂရီ မတ်စောက်နေသော တောင်များ၊ တောင်ထွတ်များကို ခက်ခဲစွာ ဖြတ်သန်းပြီးမှ လတ္တဲရွာသို့ ရောက်ရှိခဲ့သည်။ လတ္တဲရွာသည် အိမ်ခြေရှစ်လုံးသာရှိပြီး အမြင့်ပေ ၄၈၁၀ ခန့်၌ တည်ရှိသော တောင်ပေါ်ရွာဖြစ်သည်။ ဇန်န၀ါရီ ၂၀ ရက်တွင် လတ္တဲရွာမှ နံနက်ပိုင်း ထွက်ခဲ့ကြရာ အလွန်မတ်စောက်သော တောင်တန်းများကြောင့် မွန်းလွဲ ၂ နာရီခွဲ၌ ခဗာကဇူချောင်း တောစခန်းသို့ ရောက်ရှိစခန်းချခဲ့ကြသည်။

အနောက်မြောက်ဘက်အစွန်း


“အဲဒီ လတ္တဲရွာက မြန်မာနိုင်ငံ အနောက်မြောက်ဘက် အစွန်ဆုံးမှာရှိတဲ့ လူနေရွာပဲဖြစ်ပါတယ်။ ခဗာကဇူချောင်း တောစခန်းမှာ ယာယီတဲထိုးပြီး စခန်းချရတယ်။ ၈ ဒီဂရီ စင်တီဂရိတ်ပဲရှိလို့ အအေးပိုပါတယ်။ ဇန်န၀ါရီ ၂၃ ရက်မှာ ခဗာကဇူချောင်း စခန်းကနေပြီး တီရှီချောင်း စခန်းအထိ တောင်တက်တောင်ဆင်း ခရီးကြမ်းတွေ တက်ခဲ့တာ တစ်နေကုန်တာတောင် ၁၄ မိုင် ခရီးပဲ ရောက်တယ်။ အဲဒီအချိန်မှာ အမြင့်ပေ ၇၆၇၅ ပေ အထိ ရောက်ရှိလာဖြစ်ပါတယ်။ ဒီခရီးစဉ်ပိုင်းမှာတော့ ရွက်ကြွေတောတွေ တွေ့ရတယ်” ဟု ၄င်းက ဆက်လက်ရှင်းပြသည်။

ဇန်န၀ါရီ ၂၄ ရက်၌ တီရှီတီချောင်း စခန်းမှ ကသာဗောင်သီချောင်း စခန်းသို့ ဆက်လက် တက်ရောက်ခဲ့ရာ မြင့်မား မတ်စောက်သော တောင်တန်းများကို ဖြတ်ကျော်ခဲ့ရသဖြင့် တစ်နေကုန် ခရီးစဉ်တွင် ခုနစ်မိုင်ခန့်သာ ခရီးပေါက်ခဲ့သည်။ ဇန်န၀ါရီ ၂၅ ရက်၌ ကသာဗောင်သီချောင်း စခန်းမှ အမြင့်ပေ ၁၀၈၀၀ ရှိသော ရေခဲစပ် စခန်းသို့ ဆက်လက် တက်ရောက်ခဲ့ရာ ရေခဲတုံးများကို စတင်တွေ့ရှိရသည်။ သောက်သုံးရေအတွက် ရေခဲများကို ထုခွဲကာ သောက်ရေအတွက် ဖြေရှင်းခဲ့ရသည်။



ပြန်ဆင်းခဲ့





နောက်ဆုံးအနေနဲ့ “ဇန်န၀ါရီ ၂၆ ရက်မှာ ရေခဲစပ် စခန်းကနေပြီး ဆက်လက် တက်ရောက်တဲ့အခါ အမြင့်ပေ ၁၂၅၅၂ ပေ ရှိတဲ့ စာရာမေတိတောင်ထိပ်ကို နံနက် ၉ နာရီခွဲမှာ အောင်မြင်စွာ ရောက်ရှိခဲ့ကြတယ်။ တောင်ထိပ်ခရီးစဉ်မှာတော့ တောင်ဆိတ်၊ ၀က်ဝံ စတဲ့ တိရစ္ဆာန်တွေရဲ့ သွားလာလှုပ်ရှားမှု ခြေရာတွေ တွေ့ရတယ်။ စာရာမေတိတောင်ထိပ်မှာ နိုင်ငံတော်အလံနဲ့ တက္ကသိုလ်များ ခြေလျင်တောင်တက်အသင်း အလံတွေကို စိုက်ထူပြီး နိုင်ငံတော်သီချင်းကို သံပြိုင်သီဆိုခဲ့ကြတယ်။ အဲဒီနောက် မှတ်တမ်းတင် ဓါတ်ပုံတွေရိုက်ပြီး ပြန်ဆင်းခဲ့ကြတယ်။ တောင်ထိပ်ပေါ်မှာ တစ်နာရီ မိုင် ၆၀ နှုန်းလောက် လေပြင်းတွေ တိုက်နေတဲ့အပြင် ရာသီဥတုအခြေအနေ မကောင်းတာနဲ့ ပြန်ဆင်းခဲ့ရတယ်” ဟု ဒေါ်နီနီအေးက မြန်မာ့အလင်းသို့ ရှင်းပြသည်။

ခက်ခဲကြမ်းတမ်း


အပြန်ခရီးစဉ်၌ တီရှီတီချောင်း၊ လတ္တဲရွာ၊ ကျဲ့ကော့ရွာ၊ ပိန္နဲကုန်းရွာ နှင့် လေရှီးမြို့သို့ ငါးရက် ခရီးနှင်ခဲ့ပြီး လေရှီးမြို့မှ ထမံသီရွာ၊ ဟုမ္မလင်း၊ မော်လိုက်၊ ကနီ၊ မုံရွာမြို့နှင့် မန္တလေးမြို့များသို့ ကား၊ ရေယာဉ်များဖြင့် ပြန်ခဲ့ရာ ရန်ကုန်မြို့သို့ ဖေဖော်ဝါရီ ၅ ရက်၌ ပြန်လည်ရောက်ရှိခဲ့ကြသည်။ စာရာမေတိ တောင်တက် အသွားအပြန်ခရီးစဉ်သည် စုစုပေါင်း ၂၅ ရက် ကြာမြင့်ခဲ့ပြီး တောင်တက်အသွားအပြန် ခရီးမိုင်ပေါင်း ၁၅၀ ခန့်နှင့် မြင့်မား မတ်စောက်သော တောင်အလုံးရေ ၃၀ ကျော်ကို ဖြတ်ကျော်ခဲ့ရသဖြင့် ခက်ခဲ ကြမ်းတမ်းသော တောင်တက်ခရီးစဉ် ဖြစ်ပါကြောင်း တွေ့ဆုံမေးမြန်း ရေးသားလိုက်ရပါသည်။


စာရေးသူ မှတ်ချက်။

စာရာမေတိ ကို မြန်မာမြေပုံတွင် Saramayti ဟု စာလုံးပေါင်းသော်လည်း Britannica စွယ်စုံကျမ်းတွင်မူ စာရာမာတိ Saramati ဟု စာလုံးပေါင်းကြောင်းတွေ့ရှိရသည်။ အင်တာနက်တွင် ရှာဖွေရင်း ယူကျု၌ စာရာမာတိ သီချင်းတစ်ပုဒ်ကို တွေ့ရှိရသဖြင့် အောက်တွင် တစ်ပါတည်း ဖော်ပြလိုက်ပါသည်။



စာကိုး။

Enchanting Myanmar
Encyclopedia Britannica
မြန်မာ့အလင်းသတင်းစာ (၁၅-၂-၂၀၀၉)

Read More...

Tuesday, January 29, 2008

Paint Branch Trail

၂၉၊ ၁၊ ၂၀၀၈

Sierra Club ရဲ့ Washington DC Chapter ၀က်ဆိုဒ်ကို ၀င်ကြည့်လိုက်တယ် ဆိုရင်ပဲ ပထမဆုံး ဆီးကြိုနေတာက လှိုင်းလုံးတွေကြားက ထိုးထွက်နေတဲ့ ကျောက်ဆောင်တွေနဲ့ အလားသဏ္ဍန်တူတဲ့ တိမ်လုံးတွေဖုံးနေတဲ့ တောင်ကြောတစ်ခု။ ဒီဓါတ်ပုံကပဲ နောက်ထပ် စာမျက်နှာတွေကို ဆက်ကြည့်ဖြစ်ဖို့ ဆွဲခေါ်သွားလေတယ်။

အမှန်ပါ။ ဒီလို ရှုခင်းမျိုးဟာ အတော်မြင့်တဲ့ တောင်ထိပ်ပေါ်ကို ခြေချဖူးသူတွေမှ ခံစားလို့ရတာမျိုးဖြစ်ပါတယ်။ တောင်ပေါ်ကို လမ်းလျှောက်ပြီး ပင်ပင်ပန်းပန်း တက်လာခဲ့သမျှ ဒီလို ရှုခင်းမျိုးကို မြင်လိုက်ရရင် ပင်ပန်းခဲ့သမျှ ယူပစ်သလို ပျောက်သွားတတ်ပါတယ်။ စာရေးသူရဲ့ အနှစ်သက်ဆုံး မြန်မာပြည်တွင်း ခရီးစဉ်တစ်ခုဖြစ်တဲ့ ၀ိတိုရိယတောင် (နတ်မတောင်) ခရီးစဉ်မှာ တောင်ထိပ်ကို ရောက်ခဲ့ရင် ဒီလိုမျိုး ဆန်ဆန် ရှုခင်းကို တွေ့နိုင်ပါတယ်။ နမူနာအဖြစ် ၂၀၀၈ ခုနှစ် ဇန္န၀ါရီလ ၁ရက်နေ့ မှာ ၀ိတိုရိယ တောင်ထိပ်ကို ရောက်ခဲ့တဲ့ သူငယ်ချင်း ဆန်းဝင်းကျော် ရိုက်ပြီးပို့ပေးလာတဲ့ ဓါတ်ပုံကိုသာ ရှုစားကြည့်ပါ။


Sierra Club ရဲ့ ခရီးစဉ်တွေကိုတော့ စာမျက်နှာတစ်ခု သတ်သတ်မှတ်မှတ်ထားပြီး ရေးသားထားပါတယ်။ ဇန္န၀ါရီ နဲ့ ဖေဖော်ဝါရီ အတွက် ခရီးစဉ်တွေ ဆွဲပြီးသား ဖြစ်နေတာ တွေ့ရပြီး၊ ဆက်သွယ်ရန် လူ၊ ဖုံးနံပါတ်၊ အီးမေးလ်၊ စုရပ်၊ ခရီးအကွာအဝေး၊ ဆောင်ရန်၊ ရှောင်ရန်များကို သေသေချာချာ ရေးသားထားတာ တွေ့လိုက်ရကတည်းက ဒီအဖွဲ့ဟာ အတော့်ကို စနစ်တကျ ဖွဲ့စည်းထားမှန်း သိလိုက်ပါတယ်။

စာရေးသူ ပထမဆုံး ရွေးဖြစ်တဲ့ ခရီးကတော့ ဇန္န၀ါရီ ၁၉ ရက်နေ့ ခရီးဖြစ်တဲ့ Lake Artemesia and Paint Branch Trail ဖြစ်ပါတယ်။ ၀ါရှင်တန်ဒီစီမြို့ရဲ့ အရှေ့မြောက်ယွန်းယွန်းမှာ ရှိတဲ့ ဥယျာဉ် တစ်ခုနားက စုရပ်ကို နံနက် ၁၀ နာရီရောက်ရမှာ ဖြစ်ပေမယ့် စာရေးသူ စိတ်စောနေတော့ အိမ်ကနေ စောစောထွက်ပြီး ၉ နာရီ ၄၅ လောက်ကတည်းက စုရပ်ကို ရောက်နေပါတယ်။ ကားရပ်နားတဲ့ နေရာမှာ တခြား ကား ၃-၄ စီးကို လည်း တွေ့ရပြီး ဟိုက်ကာ (hiker) တွေဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။ တခြားကြောင့်မဟုတ်ပါဘူး။ သူတို့ စီးတဲ့ကားတွေက ဓါတ်ဆီ-လျှပ်စစ် မျိုးစပ် (Hybrid) ကားတွေ ဖြစ်နေလို့ပါပဲ။ အပြင်မှာ အတော်အေးနေ (အပူချိန်က ရေခဲအမှတ်လောက် ရှိပါမယ်) တာက တကြောင်း၊ တခြားလူတွေလည်း ကားထဲမှာ ထိုင်နေကြတော့ တံခါးသွားခေါက်ပြီး စကားပြောလို့ မသင့်တာက တကြောင်း၊ ကားထဲမှာပဲ ခဏ ထိုင်နေလိုက်ပါတယ်။

သိပ်မကြာခင်မှာပဲ ကားတွေ လူတွေ တဖွဲဖွဲ ထပ်ရောက်လာပါတယ်။ ဒီနေ့ တာဝန်ကျ ခေါင်းဆောင်ဖြစ်ဟန်တူသူ တစ်ယောက်က ကလစ်ဘုတ်တစ်ခုကို ကိုင်ပြီး သူ့ကား နောက်ဖုံးနားမှာ ရပ်နေပါတယ်။ လူတစ်ချို့က အဲဒီနားသွားပြီး လက်မှတ်ထိုးနေတာတွေ့တော့ စာရေးသူလည်း ကားစက်ကို အသာရပ်လို့ သူတို့နားကို မယောင်မလည် သွားလိုက်ပါတယ်။ ခေါင်းဆောင်ဖြစ်ဟန်တူသူကို လှမ်းပြီး မိတ်ဆက်လိုက်တော့ သူ့နာမည် “မိုက်” ဆိုတာသိလိုက်ရပြီး စာရေးသူ အီးမေးလ်ပို့ မေးမြန်းတုန်းက ပြန်ဖြေခဲ့တဲ့ လူဖြစ်နေတာ သိလိုက်ရပါတယ်။ “မိုက်” က မြေပုံ စာရွက်တစ်ခု ကမ်းပေးရင်း မိမိကိုယ်ကို တာဝန်ယူပါတယ် ဆိုတဲ့အကြောင်း စာရွက်မှာ လက်မှတ်ထိုးပါ … တဲ့။ ဆိုလိုတာက လမ်းလျှောက်ခရီး လိုက်နေတုန်း တစ်စုံတစ်ခု ဖြစ်ခဲ့ရင် မိမိတာဝန်သာဖြစ်ကြောင်း၊ Sierra Club နဲ့ စီစဉ်သူတွေကို တရားမစွဲပါဘူး ဆိုတဲ့အကြောင်းကို ၀န်ခံကတိပြုရတာပါ။ စာရေးသူလည်း လက်မှတ်ထိုးပြီး ကလစ်ဘုတ်ကို ကားနောက်ဖုံးပေါ် ပြန်တင်လိုက်တော့ နှစ်ဒေါ်လာလို့ စာရေးကပ်ထားတဲ့ ပလတ်စတစ်ဗူး တစ်ဗူးထောင်ထားတာကို သတိထားလိုက်မိတယ်။ ဒီတော့မှ စီစဉ်စရိတ်ကာမိအောင် လမ်းလျှောက်သူ တစ်ယောက်ကို နှစ်ဒေါ်လာနှုန်း ထည့်ဝင်ဖို့ ပြောထားသာ သတိရပြီး ကျပ်တန်နှစ်ရွက်ကို အသာလိပ်ကာ ပုံးထဲ ထည့်လိုက်ပါတယ်။ ဘယ်သူထည့်ပြီးပြီ၊ မထည့်ရသေးဘူး စသဖြင့် စောင့်ကြည့်သူတော့ မရှိပါ။ ကိုယ့်အသိစိတ်နဲ့ကိုယ် ငွေထည့်သွားကြတာပါပဲ။ စာရေးသူ ခေါင်းထဲမှာတော့ စနစ်ကျတယ်၊ ထောင့်စိတယ် ဆိုတဲ့ အတွေးသာ ၀င်လာပါတယ်။

၁၀ နာရီ အတိတော့ မထွက်ဖြစ်။ လူတွေကလည်း တဖွဲဖွဲ ရောက်တုန်း။ လမ်းခရီးမှာ အိမ်သာ မရှိနိုင်တာကြောင့် ယခုပင် ကိစ္စရှင်းထားကြဖို့ ခေါင်းဆောင်ကပြောလို့ အိမ်သာ သွားနေကြသူတွေကို စောင့်နေရပါတယ်။ စာရေးသူလည်း ဘလောက်ရေးဖို့ရာ ဓါတ်ပုံ တစ်ပုံနှစ်ပုံ ရိုက်လိုက်ပါတယ်။ ဘေးနားက လူတစ်ယောက် နှစ်ယောက်နဲ့လည်း စကားစမြည်ပြောရင်း အသိဖွဲ့လိုက်ပါတယ်။ သိပ်မကြာခင်မှာပဲ ခေါင်းဆောင်က ဒီနေ့ ခရီးစဉ်၊ သွားမယ့်လမ်းကြောင်း၊ ပြန်လှည့်မည် နေရာ၊ နေ့လည်စာ စားမည့် အစီအစဉ် စတာတွေကို ပြောပါတယ်။ လမ်းတ၀က်က လှည့်ပြန်မယ် ဆိုရင် ခေါင်းဆောင်ကို သတင်းပို့ဖို့လည်း သတိပေးပါတယ်။ ပြောဆိုပြီးတာနဲ့ စပြီး လျှောက်ပါတော့တယ်။

ဒီနေ့ အစီအစဉ်က ခွေးတွေ ကလေးတွေပါ ခေါ်လို့ရတဲ့ အစီအစဉ်ဖြစ်တော့ တချို့ ပုဂ္ဂိုလ်တွေက ခွေးလေးတွေ ကြိုးနဲ့ဆွဲလို့ လျှောက်ကြပါတယ်။ ခွေးပါ ဟိုက်ကာတွေထဲမှာ တစ်ယောက်ကတော့ဖြင့် တယ်ရီယာလို ခွေးပုပုသေးသေးလေး တစ်ကောင်ကို ဆွဲခေါ်လာလို့ ဘေးကလူတွေက ဒီကောင်လေး ၁၀ မိုင် လျှောက်နိုင်ပါ့မလားဆိုပြီး နောက်နေကြတယ်။ ပိုင်ရှင်က … “ဘယ်လျှောက်နိုင်မှာလည်း လမ်းကျလို့ရှိရင် ဒီကောင့်ကို အိတ်ထဲ ထည့်ခေါ်သွားရမှာ” ဆိုပြီး ပြန်ဖြေတယ်။ ဒါကိုကြားတော့ စာရေးသူ မလျှောက်နိုင်ရင်ကော ဘယ်သူက အိတ်ထဲ ထည့်ခေါ်ပါ့မလဲလို့ ပေါက်ပေါက်ရှာရှာ တွေးနေမိတယ်။

လမ်းစလျှောက်လျှောက်ခြင်းမှာပဲ ပြေးလမ်းတစ်ခုပဲ ရှိတဲ့ လေယာဉ်ကွင်း ခပ်သေးသေးလေး တစ်ခုကို ဘယ်ဘက်မှာ တွေ့လိုက်ရပါတယ်။ ဒါဟာ ကိုမိုက်ပြောနေတဲ့ ကမ္ဘာပေါ်မှာ တောက်လျှောက် အသုံးပြုနေတဲ့ သက်တမ်းအရှည်ဆုံး လေယာဉ်ကွင်း ဆိုတာပဲဖြစ်ရမယ်။ စက်တစ်လုံးတပ် လေယာဉ်လေးတွေ ရပ်ထားတာ၊ အတက်အဆင်း လုပ်နေတာကို တွေ့ရပါတယ်။ ဘေးက လမ်းလျှောက်ဖော် တစ်ယောက်က ရှင်းပြတယ် … လေဆိပ် အဆောက်အဦဘေးမှာ ကပ်လျှက်ရှိနေတာကတော့ စားသောက်ဆိုင်ပါတဲ့။ လမ်းလျှောက်ပြီးရင် နေ့လည်စာ စားဖို့ကို အဲဒီ ဆိုင်မှာ ပြောထားသတဲ့။ ကိုမိုက်ကတော့ ရှေ့ဆုံးကနေ ခြေလှမ်းကျဲနဲ့ လှမ်းနေလေရဲ့။ စာရေးသူလည်း ကိုမိုက်နောက်ကို အမီလိုက်ရင်း ခြေသလုံးတွေ တောင့်လာပါတယ်။ ဒါပေမယ့် ခပ်သွက်သွက်လေး လျှောက်လိုက်တော့မှ အအေးဒဏ်ကို အတော်ခံနိုင်ရည် ရှိလာပါတယ်။

ပထမ ၃ မိုင်ခရီးကိုတော့ ရေကန်တစ်ခုဘေးကနေ ပတ်ပြီး လျှောက်ကြရတယ်။ ရေကန်ပတ်လည်မှာ ပြေးသူ၊ လမ်းလျှောက်သူတွေနဲ့ စည်ကားနေပါတယ်။ လမ်းလျှောက်ရင်း ပတ်ဝန်းကျင်ကို လှမ်းကြည့်လိုက်တော့ မြက်ခင်းစိမ်းစိမ်း ကွင်းပြင်ထဲမှာ လျှပ်စစ်ရထား တစ်စီး သွားနေတာ တွေ့လိုက်ရတယ်။ လယ်ကွင်းထဲမှာ လော်ကယ်ရထား သွားနေသလား ထင်မှတ်မှားမိတယ်။ ရေကန်ကို တစ်ပတ် ပတ်အပြီးမှာတော့ ရထားလမ်းကို အောက်ကနေ ဖြတ်ပြီး ဥယျာဉ်လမ်းကို စလျှောက်ပါတယ်။ တချို့ကတော့ ဒီနေရာကနေပဲ လှည့်ပြန်သွားကြပါတယ်။

ရထားလမ်းကို ဖြတ်တဲ့ နေရာမှာတော့ နံရံမှာ လက်ဆော့ထားတဲ့ (Graffiti) တွေ တွေ့ရပါတယ်။ ဖာသာ စဉ်းစားမိတာက လမ်းသာ လာမလျှောက်ရင် အမေရိကန်နိုင်ငံ မြို့တော်ကို ဒီလို အမြင်သစ်တစ်မျိုးကနေ မြင်ရမှာ မဟုတ်ဘူး ဆိုတာပါပဲ။ ကိုယ်မြင်နေကျ မြို့တော် ဒီစီဟာ မိတ်ကပ်ဖို့ထားတဲ့ မျက်နှာတစ်ခုလို ဖြစ်ပြီး၊ ဒီနေ့ မြင်ကွင်းကတော့ အိပ်ယာထကာစ မျက်နှာတစ်ခုနဲ့ ပိုတူနေပါတယ်။ သဘာဝကျတယ်လို့ ဆိုချင်လဲ ဆိုလို့ရတာပေါ့။

လမ်းလျှောက်ရင်း၊ ခဏ နားရင်းနဲ့ ခြေသလုံးတောင့်နေတာတွေ ပျောက်သွားပါတယ်။ ဘေးမှာလည်း ဆံပင်ဖြူဖြူနဲ့ အဖိုးကြီး တစ်ယောက် နဲ့ ခပ်ထွားထွား လူကြီးတစ်ယောက်က ယှဉ်ပြီးလျှောက်လာနေပါတယ်။ Mr. Lee နဲ့ Dennis လို့ အမည်ရတဲ့ ဒီပုဂ္ဂိုလ် နှစ်ယောက်နဲ့ စာရေးသူ လမ်းလျှောက်နှုန်းက တူတော့ အတူတူပဲ ဆက်လျှောက်ဖြစ်ကြပါတယ်။ လမ်းလျှောက်ရင်း ထွေရာလေးပါး၊ သူ့အကြောင်း၊ ကိုယ့်အကြောင်း ပြောကြတာပေါ့။ Mr. Lee က Geophysicist ဖြစ်ပြီး Dennis ကတော့ မရိန်း တပ်သားဟောင်း တစ်ယောက် ဖြစ်ပါတယ်။ စကားတပြောပြောနဲ့ ပြန်လှည့်ရမယ့် နေရာကို ရောက်မှန်းမသိ ရောက်သွားပါတယ်။

အဲဒီနေရာမှာ ခဏ ထိုင်နေကြရင်း စာရေးသူလည်း အသင့်ပါလာတဲ့ အသားညှပ်ပေါင်မုန့်ကို ထုတ်စားနေလိုက်ပါတယ်။ Mr. Lee နဲ့ Dennis တို့ကတော့ နေ့လည်စာ ဆိုင်မှာ စားကြမှာ ဆိုတော့ ဘာမှယူလာပုံမရဘူး။ အသားညှပ်ပေါင်မုန့် စားနေတုန်းမှာ Mr. Lee က “ရဲမွန် .. ပေါင်မုန့်ကို လမ်းလျှောက်ရင်း ဆက်စားရင် စားပါလား .. သွားရအောင်၊ ငါတို့ ၃ ယောက် လမ်းလျှောက်နှုန်းညီတယ်” လို့ လာခေါ်ပါတယ်။ အဲဒီတော့မှ သူတို့က စာရေးသူကို စောင့်နေမှန်း သိပြီး အားနာသွားရတယ်။ စားလက်စ ပေါင်မုန့် တကိုက်ကို ပလုတ်ပလောင်း ၀ါးရင်း ကြောပိုးအိတ်ကို ပြန်လွယ်ပြီး ထိုင်ရာက ထလာရပါတော့တယ်။

အပြန်လမ်း တစ်ဝက်လောက်မှာ အမျိုးသမီး တစ်ယောက်လည်း ကျွန်တော်တို့ အုပ်စုနဲ့ ပါလာတယ်။ Mr. Lee က အဲဒီ အမျိုးသမီးကို စကားစမြည်ပြောရင်း ဒီခရီးကို ဘယ်လို လိုက်ဖြစ်လဲ ဆိုတာ မေးတော့ ... အမျိုးသမီးက “ကိုမိုက်က ကျွန်မ အမျိုးသားလေ” လို့ … ပြန်ဖြေလို့ ရီနေရသေးတယ်။ လမ်းလျှောက်ခေါင်းဆောင်ရဲ့ အမျိုးသမီးကိုမှ မေးမိရက်သား ဖြစ်သွားတာကိုး။ အပြန်ခရီးကတော့ အလာကထက် မြန်တယ်လို့ထင်ရပြီး နေ့လည် တစ်နာရီ သာသာလောက်မှာပဲ စုရပ်ကိုပြန်ရောက်လာကြပါတယ်။ နေ့လည်စာ စားမယ့် ပုဂ္ဂိုလ်တွေက ဆိုင်ထဲဝင်သွားကြတုန်းမှာ စာရေးသူလည်း မိတ်ဆွေကြီး နှစ်ယောက်ကို နှုတ်ဆက် ပြန်ခဲ့ပါတော့တယ်။

ဝန်ခံချက်။ ။အိမ်ပြန်ရောက်တော့ ကွနေလို့ ပါရာစီတမော သောက်ရကြောင်း။

နောက်တစ်ပတ် လျှောက်ဖြစ်တဲ့ ခရီးကတော့ Capital Crescent Trail ဖြစ်ပါတယ်။

Read More...

Monday, January 28, 2008

Walk On

၂၈၊ ၁၊ ၂၀၀၈

လမ်း ... ဆက်လျှောက်မယ်

ဒီ .. ဘလောက်ဂါတော့ လမ်းလျှောက်တာများ ဘလောက် ရေးနေရတယ်လို့ ထင်ကြမလားကွယ်ရို့။ ဒါမှမဟုတ် ဆားချက်နေတယ် လို့ ပြောမလား။

မည်သို့ပင် ဆိုစေကာမူ .. အိမ်သာတက်တာတောင် ဘလောက်ရေးလို့ရတဲ့ ခေတ်ကြီးမှာ လမ်းလျှောက်တာလည်း ဘလောက်ရေးလို့ ရရမှာပေါ့။ မရေးပြန်ရင် ဖုန်တက်နေတဲ့ ကျွန်တော့် ဘလောက်ကို ဘယ်သူမှ လာလည်ချင်တော့မှာ မဟုတ်ဘူး။ အခုတလော အပြောင်းအလဲတွေကများ အလည်အပတ်တွေကများနဲ့ ကိုယ်ပိုင် ဘလောက်မှာ ပို့စ်တွေ မတင်ဖြစ်တာကို စိတ်မပျက်ပဲ လာလည်ကြ၊ ဆီပုံးမှာ အော်သွားကြတဲ့ မိတ်ဆွေ သူငယ်ချင်းများကို တောင်းပန်ပါတယ်။ စိတ်ထဲမှာတော့ ရေးချင်တာတွေက ရင်နဲ့ အမျှပါပဲ … အဟဲ။ အဲ့ဒီ စာရေးသူရဲ့ ရင်ဘတ်ထဲမှာရှိတဲ့ ဘလောက်ကုန်ကြမ်းပုံကြီးထဲက တစ်ခုလောက်ကို ဒီနေ့ ဆွဲထုတ်ပြလိုက်ပါရစေ။

လွန်လေပြီးသောအခါ စာရေးသူ မြို့တော် ရန်ကုန်မှာ နေခဲ့စဉ် အချိန်များက စနေနေ၊ တနင်္ဂနွေ မနက်တွေဆိုရင် ရန်ကုန်တက္ကသိုလ် ခြေလျင်တောင်တက်အသင်းရဲ့ လမ်းလျှောက်လေ့ကျင့်မှုတွေမှာ ပါဝင်လေ့ရှိပါတယ်။ ထွေထွေထူးထူးတော့ မဟုတ်။ မနက်စောစောမှာ လှည်းတန်း ကျောင်းရှေ့ စုရပ်ကနေ မင်္ဂလာဒုံ လေယာဉ်ကွင်းကို အသွားအပြန် လမ်းလျှောက်ကြတာပါ။ ၁၀ မိုင်ခရီးလောက် ရှိမှာပေါ့။ (ကိုပီတိကတော့ ဒီ ၁၀ မိုင်ခရီးကို အသေးစိတ် ရေးထားလေရဲ့။ ဖတ်ချင်သူများ ဒီမှာ ကြည့်ကြပါ။) ဒီလိုနဲ့ ကံကြမ္မာရဲ့ သယ်ဆောင်ရာအတိုင်း စာရေးသူ ဦးစ ကို ရောက်လာပြီးနောက်မှာ သူငယ်ချင်းတွေနဲ့ ခရီးတိုလေးတွေ (၂ မိုင် - ၃ မိုင်လောက်) တခါတရံ လျှောက်တာကလွဲလို့ ပုံမှန် လမ်းမလျှောက်ဖြစ်တော့ပါ။

ဒီနေရာမှာ အကြောင်းတိုက်ဆိုင်လို့ စာရေးသူရဲ့ ဘ၀အမြင်လေး နဲနဲ ပြောချင်တယ်။ စာရေးသူ အနေနဲ့ အလုပ် တော်တော်များများကို ပြိုင်တူ လုပ်ရပြီဆိုရင် အတော့်ကို ခေါင်းစားပြီး မနိုင်မနင်း ဖြစ်လေ့ရှိပါတယ်။ ဥပမာ - ပညာသင်နေတုန်း အိမ်ထောင်မှုကိစ္စ လုပ်ရမယ်ဆိုရင် နှစ်ဖက်စလုံးမှာ မနိုင်မနင်း ဖြစ်မယ်လို့ ထင်တယ်။ ဒါကြောင့်ပဲ တတ်နိုင်ရင် အလုပ်တစ်ခုပြီးမှ နောက်တစ်ခုကို ဆက်ပြီး လုပ်ပါတယ်။ အလားတူ စဉ်းစားခဲ့တာက ခြေလျင်တောင်တက် ကိစ္စကိုလည်း ဒီမှာ ပညာသင်တုန်း မလုပ်ပဲ ရန်ကုန်ပြန်ရောက်မှ ပြန်လုပ်တော့မယ်ပေါ့။

ဒီလိုနဲ့ အချိန်တွေ အတော် ကုန်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ သုံးပတ်က ပါရဂူဘွဲ့ အရည်အချင်းစစ် စာမေးပွဲ အပြီးမှာ အရင်ကထက်စာရင် ဘွဲ့ရဖို့ ပိုပြီးနီးစပ်လာပြီဆိုတော့ ရှေ့ဆက်လုပ်ရမယ့် အလုပ်အကိုင် ကိစ္စတွေ ခေါင်းထဲ ပိုရောက်လာတယ်။ လုပ်ချင်တာတွေက များပြီး အချိန်က နည်းနေရတဲ့ အထဲ တစ်ခုပြီးမှ တစ်ခု လုပ်ရမယ်ဆိုရင် မြန်မာပြည် လူ့သက်တမ်း အနှစ် ၆၀ အတွင်းမှာ ကိုယ်လုပ်ချင်တာတွေ အတော်များများကို မလုပ်လိုက်ရပဲ ကိစ္စချောသွားနိုင်တယ်ဆိုတာကို သိပ်လက်မခံချင်လှပေမယ့် လက်ခံလာရပါတယ်။ ဒါနဲ့ပဲ စာရေးသူတစ်ယောက် အိပ်မက်က နိုးထလာပြီး ပညာသင်တာလည်း သင်၊ တခြား လုပ်စရာရှိတဲ့၊ လုပ်ချင်တဲ့၊ လုပ်သင့်တဲ့ ကိစ္စတွေလည်း လုပ်တော့မယ်ဆိုပြီး စိတ်ပိုင်းဖြတ်လိုက်ပါတယ်။

ဒီအလုပ်တွေထဲက တစ်ခုကတော့ ခြေလျင်တောင်တက် ခရီးတွေအတွက် အဆင်သင့်ဖြစ်အောင် လေ့ကျင့်ခြင်းပါပဲ။
လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ စုဆောင်းလာခဲ့တဲ့ အဆီ၊ အသား ပေါင် ၅၀ လောက်ကို
လျော့ချပစ်ရမယ်။ တောင်တက်ခရီးမှာ လိုအပ်တဲ့ ပစ္စည်းတွေကို ကိုယ်တိုင်သယ်ပြီး
ခရီးရှည်လျှောက်နိုင်အောင် လေ့ကျင့်ရမယ်။


မိတ်ဆွေတစ်ယောက်က တခါတုန်းက ပေးခဲ့ဖူးတဲ့ အင်တာနက် လိပ်စာကို ပြန်ရှာပြီး ၀ါရှင်တန်ဒီစီ ပတ်ဝန်းကျင်မှာ ခြေလျင်တောင်တက် လုပ်နေကျ အဖွဲ့ တစ်ခု (Sierra Club) ကို ဆက်သွယ်လိုက်ပါတယ်။ အပျော်တမ်း ခြေလျင်တောင်တက်သမားတွေနဲ့ ဖွဲ့စည်းထားတဲ့ ဒီအဖွဲ့က စနေ၊ တနင်္ဂနွေ တိုင်းမှာ လူတိုင်းလိုလို လိုက်ပါနိုင်တဲ့ ခရီးစဉ်တွေ ဆွဲထားပါတယ်။ ခရီးစဉ် အများစုကတော့ ၀ါရှင်တန် ဒီစီ ပတ်ဝန်းကျင်က နေရာတွေပါပဲ။ တစ်ပတ်တစ်မျိုး မရိုးရအောင်၊ ဒေသန္တရ ဗဟုသုတ ရအောင် စီစဉ်ပါတယ်။

စာရေးသူလည်း စနေနေ့တိုင်း Sierra Club အဖွဲ့ဝင်တွေနဲ့ အတူ လမ်းလျှောက်လေ့ကျင့်မယ် ဆိုပြီး ချောင်ထိုးထားတဲ့ ခြေလျင်တောင်တက် ကိရိယာတွေ ပြန်ရှာပါတယ်။ ကျောပိုးအိတ်၊ ဖိနပ်၊ ရေဘူး၊ ဓါတ်မီး၊ စည်သွတ်ဗူးဖောက်တံ၊ ခေါက်ဓါး စသဖြင့်ပေါ့။ ဇန္န၀ါရီ ၁၉ နေ့ ကတော့ စာရေးသူ ပထမဆုံး လိုက်ဖြစ်တဲ့ အစီအစဉ်ပါပဲ။ ဒီလမ်းလျှောက် အတွေ့အကြုံကိုတော့ နောက်ပို့စ်မှာ ရှုစားပါ။

မျှော် ……………….

Read More...

Wednesday, August 15, 2007

To the highest peak

၁၅၊ ၈၊ ၂၀၀၇

အမြင့်ဆုံးသို့

အမြင့်ဆုံးရောက်ဖို့ရာ ခြေနာမောဟိုက်ခြင်းကို
မာကြောစွာ ဆက်ဆံနိုင်ရမယ်။

အမြင့်ဆုံးမရောက်ခင် သိမြင်လိုခြင်းဆန္ဒ ...
ရင်ထဲက လွင့်မကျဖို့လိုတယ်။

အမြင့်ဆုံးမှာ ရေပြာစမ်းမရှိပေမယ့်
ခြေရာလမ်းပြန်ကြည့် အားမာန်ဖြည့်တက်ရမယ်။

အမြင့်ဆုံးအောက် ပြန်အရောက်
ချွေးပေါက်ဟောင်းများအတွက်
ပြန်လည်ပေးဆပ်မှုရေကြည် ပညာအဆီအသွေး
တောင့်တသေးတယ်။

ငါတို့ရဲ့ ခြေဖ၀ါးများ
အနိမ့်ဆုံးအပါးမှာ ထာဝရမပျော်
တိမ်ပေါ်ကျော်လှမ်း နေကိုနမ်းလို့
အဝေးမြင်အားများ အတွေးဆင်ပွားရင်း
ခွန်အား ... ဇွဲ ... သတ္တိ ... စွဲငြိစေခဲ့ပြီဟေ့ ... ။

သစ်လွင် (ဘူမိ)

ရန်ကုန် တက္ကသိုလ် ခြေလျင်တောင်တက်အသင်း ၁၂-ကြိမ်မြောက် မိတ်ဆုံပွဲ အမှတ်တရ စာစောင်မှ

Read More...