Sunday, March 9, 2008

Ye Mon is Travelling (2)

၈၊ ၃၊ ၂၀၀၈ - ၉၊ ၃၊ ၂၀၀၈

ရဲမွန်ခရီးသွားနေသည် (၂)

ဘိလပ်ခရီး (ပထမနေ့)

လေကြောင်းခရီး

ပြောထားသည့်အတိုင်း ညနေ ၇ နာရီ ၂၅ မိနစ် ထွက်ဖြစ်သည်။ တိုက်တိုက်ဆိုင်ဆိုင် ဒီညက အမေရိကားမှာ ဤကိုကျွဲုလုပ်တဲ့ည ဖြစ်နေတာပါ။ ဘိလပ်ကတော့ မတ်လ ၃၀ ရက်နေ့မှ လုပ်မယ် ဆိုတော့ နဂိုက ဘော်လ်တီးမိုးနဲ့ လန်ဒန် အချိန် ၅ နာရီကွာနေရာကနေ လောလောဆယ်မှာ ၄ နာရီပဲ ကွာပါတော့တယ်။ အချိန်တွေ ကျုံ့သွားတာပေါ့။


ဘလောက်ရေးရအောင်လည်း ဈာန်ကမ၀င် ဆိုတော့ အစာစားလိုက်၊ ခဏမှေးလိုက်၊ ရုပ်ရှင်ကြည့်လိုက် နဲ့ လိုက်ပါလာပါတယ်။ ကြည့်မိတဲ့ ရုပ်ရှင် တစ်ပိုင်းတစ်စက စိတ်ဝင်စားဖို့တော့ ကောင်းသား။ Sliding Doors လို့ အမည်ရတဲ့ ၁၉၉၈ ခုနှစ်က ရုပ်ရှင်ဟောင်းတစ်ခု။
ရုပ်ရှင်ထဲမှာ မင်းသမီးက မြေအောက်ရထားစီးဖို့ အလာ၊ ရထားကို ကပ်ပြီးလွတ်သွားပါတယ်။ နောက်ပိုင်းမှာ ဇာတ်လမ်းက တစ်ခန်းပြီး တစ်ခန်း ဆက်သွားပါတယ်။ နောက်ထပ် ဇာတ်ဝင်ခန်း တစ်ခုကတော့ မင်းသမီး ရထားကိုမီပြီး စီးဖြစ်သွားပါတယ်။ ဆက်လာတဲ့ ဇာတ်လမ်းကတော့ ပထမဖြစ်စဉ်နဲ့ အတော့်ကို ကွဲပြားသွားပါတယ်။ ရထားမီတာ မမီတာလေး တစ်ခုရဲ့ နောက်မှာ မင်းသမီးရဲ့ ကျန်တဲ့ ဘ၀တစ်လျှောက် ဖြစ်စဉ်တွေ လုံးဝပြောင်းလဲသွားရတာကို “ကံကြမ္မာ” လို့ပဲ ဘာသာပြန်ရမယ်ထင်တယ်။
ဒီလိုနဲ့ ဇာတ်လမ်း မပြီးခင်မှာပဲ ဟိသရိုးလေဆိပ်ကို လေယာဉ် ဆိုက်လာပါတော့တယ်။

လေဆိပ်အ၀င်

လူဝင်မှုကြီးကြပ်ရေးဂိတ်မှာ ဘိလပ် နဲ့ ဥရောပတိုက်သားတွေ အတွက်က တစ်နေရာ ကျန်သူများအတွက်က တစ်နေရာ သတ်မှတ်ပေးထားပါတယ်။ သက်ဆိုင်ရာနေရာမှာ တန်းစီပြီး စောင့်နေလိုက်ပါတယ်။ လူတန်းရှည်ပေမယ့် တစ်ယောက်ကို ၁ မိနစ် ၂ မိနစ်လောက်ပဲကြာတော့ ခပ်မြန်မြန်ပဲ ရှေ့ရောက်သွားပါတယ်။

ဒီလိုနဲ့ စာရေးသူအလှည့်ကျတော့ လူဝင်မှုကြီးကြပ်ရေး ၀န်ထမ်းက နိုင်ငံကူးလက်မှတ်ကို ဖင်ပြန်ခေါင်းပြန် ကြည့်ပါတယ်။ သက်တမ်းတိုး တံဆိပ်တုံးကို ရှာမတွေ့လို့ နေရာမေးပါတယ်။ သက်တမ်းတိုးထားတာ ပြလိုက်တော့လည်း မပြီးသေး။ “မင်းက အမေရိကားမှာ ဗီဇာကုန်နေလို့ ဒီမှာ ဗီဇာ လာတိုးတာလား” ဆိုပြီး မေးနေပြန်ရော။

ဒီနေရာမှာ နည်းနည်း ရှင်းပြလိုတာက နိုင်ငံကူးလက်မှတ်မှာ ကပ်ပေးလိုက်တဲ့ အမေရိကန် ကျောင်းသားဗီဇာက တစ်နှစ်သာ သက်တမ်းရှိပေမယ့် ကျောင်းတက်နေသေးသရွေ့၊ အမေရိကန်နိုင်ငံထဲမှာ နေနေသရွေ့ အသက်ဝင်ပါတယ်။ သက်တမ်းတိုးရန်မလို။ ဒါပေမယ့် အမေရိကန်နိုင်ငံ ပြင်ပကို အကြောင်းတစ်ခုခုကြောင့် ထွက်ရရင် နိုင်ငံကူးလက်မှတ်မှာ ဗီဇာ ပြန်ကပ်ရပါတယ်။

ဒီစနစ်ကို ဘိလပ်က လူဝင်မှုကြီးကြပ်ရေး ၀န်ထမ်း သိဟန်မတူ။ အစည်းအဝေးလာတက်တဲ့ အတွက် အမေရိကန်ဗီဇာ ပြန်ကပ်ရန်လိုကြောင်း ရှင်းပြတာလည်း သဘောက မပေါက်။ ကျောင်း၊ အစည်းအဝေး နဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေလည်း ခိုင်ခိုင်လုံလုံပါနေသည့်အပြင် အရင်လည်း ဘိလပ်ကို လာဖူးပြီးသားဖြစ်လို့ သူ့နိုင်ငံမှာ တရားမ၀င် နေထိုင်ရန် ကြိုးစားနေသူ မဟုတ်မှန်းလည်း သိသာနေသည်။ ဒါတောင်မှ အမေရိကန်ဗီဇာ သက်တမ်းတိုးရန် အတွက် ဘိလပ်ကို လာတယ်လို့ပဲ ထင်နေသေးကာ ဗီဇာ လျှောက်စဉ်က တင်ပြပြီးဖြစ်တဲ့ အထောက်အထားစာရွက်တွေ တစ်ခုမကျန် ပြန်တောင်းပြန်သည်။ ဒါတွေ ပေးပြီးတာနဲ့လည်း မပြီးသေး အထက်အရာရှိကို သွားမေးမယ်ဆိုပြီး ထွက်သွားပါတယ်။

၁၅ မိနစ်လောက် ကြာမှ ပြန်လာပြီး ဗီဇာအ၀င်တုံး ထုနေတုန်းမှာတောင် မင်းမှာ ငွေလုံလုံလောက်လောက်ပါရဲ့လား ဘယ်မှာတည်းမှာလဲ ဘာလဲ ညာလဲ မေးပြောပြောနေပြန်သေးသည်။ စာရေးသူလည်း စိတ်မသက်မသာနဲ့ “အင်း .. ငွေတော့ သိပ်မပါဘူး၊ အကြွေးဝယ်ကပ်ပဲပါတယ်” လို့ ဖြေရပြန်တယ်။

ဘိလပ်က ကြိုဆိုပုံများ တယ်သင်းသကိုး ...

တည်းခိုရာဟိုတယ်သို့

မြေပုံအရဆိုရင် မြေအောက်ရထားက ဟိုတယ်နားအထိ တိုက်ရိုက်ရောက်ပါမည်။ လက်မှတ်ဝယ်ပြီး ရထားပေါ် အငြိမ့်သားထိုင်သည်အထိတော့ အဆင်ပြေပါသည်။ ၅ ဘူတာ ၆ ဘူတာလောက် စီးအပြီးမှာတော့ ရထားက ဆက်မသွားတော့ပါ။ တနင်္ဂနွေနေ့မို့ ရထားလမ်း ပြင်ဆင်နေပါသည် .. တဲ့။ ဘူတာ နှစ်ခုကျော်လောက်မှာ သွားပြီး စီးရပါမည်။ ဘတ်စ်ကား စီစဉ်ပေးထား၍သာ တော်တော့သည်။ ဒါပေမယ့် ရွေ့လျား စက်လှေကားတွေ မရှိတော့ ခရီးဆောင်အိတ်ကို လှေကားထစ်များအတိုင်း ဆွဲမပြီး တက်ချီဆင်းချီ လုပ်ရသည်။ လေ့ကျင့်ခန်းပေပ။

နောက်ဆုံးမှာတော့ တည်းခိုရာ Bedford Hotel ကိုရောက်ပါသည်။ ကြိုတင် ဘွတ်ကင်လုပ်ထား၍ အချိန်စောနေပေသည့် အခန်းက အဆင်သင့်ရသည်။ တစ်ယောက်ခန်းဟု အမည်နှင့်လိုက်အောင် ဟိုတယ်ခန်း ကျဉ်းကျဉ်းထဲမှာ ရေချိုးခန်းကျဉ်းကျဉ်း၊ အိမ်သာ သေးသေး၊ နှင့် တစ်ယောက်အိပ် အိပ်ယာကျဉ်းကျဉ်းသာရှိသည်။ ဒါကိုပင် တစ်ညကို စတာလင်ပေါင် ၇၀ ကျော်ပေးရသည်။ ဘာပဲဖြစ်ဖြစ် ညက အိပ်ရေးပျက်ခဲ့သည်ကို ယခုမှပင် အတိုးချ အိပ်ရတော့မည်။

ညစာကိုတော့ ဟိုတယ်အနီးရှိ အိန္ဒိယစားသောက်ဆိုင်မှာပဲ အားပေးလိုက်သည်။

(ဆက်ရန်)

5 comments:

စိုးထက် - Soe Htet ! said...

ဒီမှာတော့ ဤကို ဧပြီ (၆) ရက်နေ့မှ ကျွဲလုပ်မှာ ဗျ ...
စတာလင်ပေါင် (၇၀) က တော်တော် များတယ်နော် ဈေးကြီးလိုက်တာ ...အော်စီ ၁၅၃ တောင်မှ ... ဒီက ကြယ်ငါးပွင့် ဟိုတယ်တောင် အော်စီ ၁၀၀ ပဲ ရှိတယ် :)
ချွေတာသုံးဗျို့ ... အဆင်ပြေပါစေ အစ်ကိုကြီး :)

pandora said...

ဟိုက်.. တိုက်ဆိုင်လိုက်တာ
အနော်လည်း အဲဒီ Sliding Doors ကို မနေ့က ကြည့်နေတာ.. အဲဒီမင်းသမီးပိန်ပိန်လေးကို ကြိုက်တယ်ဂျ။
သြော်.. ကံကြမ္မာ ဆိုတာ နည်းနည်းနောက်ကျရင် ဖြစ်ဖြစ် နည်းနည်းစောသွားရင်ဖြစ်ဖြစ် တမျိုးပြောင်းသွားနိုင်သကိုး..။

ဘိလပ်ပြန်ကြီးကို စောင့်နေပါတယ်။

Yi Yi Win said...

ရထားမီတာ မမီတာတွေရယ်၊ ရထားလာတာ မလာတွေရယ် ထပ်ခါထပ်ခါကြုံခဲ့ရတဲ့ဘဝ
ရဲ့ကံကြမ္မာ ကတော့ဇာတ်လမ်းရေးလို့ မရအောင်ကိုရှုပ်ကုန်ပြီဗျို့ ။

tune said...
This comment has been removed by the author.
Le Myo said...

YMM,
I have just visited your blog.Please continue and share your experience and also how you are struggling there.