Thursday, March 27, 2008

River of Remembrance

၂၇၊ ၃၊ ၂၀၀၈

အမှတ်တရ မြစ်တစ်စင်း

အနီအိုရောင်
နီညိုရောင်ရင့်ရင့်နဲ့
ဟောင်းသော်လည်း ခိုင်ခံ့နေဆဲ
အိုသော်လည်း အားမာန်ဝင့်နေဆဲ
ပညာရှင်ပေါင်းများစွာ
ပြီးတော့ ... ငါတို့ရဲ့
အမိတက္ကသိုလ်။

သည်နေရာမှာ ...
ကံ့ကော်တောမရှိ
ခုံတန်းလျားမရှိ
ခြင်္သေ့တံခါးမရှိ

သည်နေရာမှာ ...
အဓိပတိလမ်းမရှိ
သစ်ပုတ်ပင်မရှိ
အင်းလျားကန်မရှိ

သည်နေရာမှာ ...
ဦးချစ်မရှိ
ယမ်းဘီလူးမရှိ
အပန်းဖြေရိပ်သာမရှိ

သည်နေရာမှာ ...
ရတနာမရှိ
သီရိမရှိ
ဂျပ်ဆင်မရှိ

ဒါပေမယ့်လေ ...

သည်နေရာမှာ ...
နေရာကျဉ်းကျဉ်းကျပ်
ကပ်ကပ်သပ်သပ်
စမ်းသပ်ခန်းလေးတွေ ရှိတယ်။

သည်နေရာမှာ ...
ရှစ်ဆယ်မက
ပိုးမွှားသောင်းပြောင်း
များစွာရဲ့အကြောင်း
ပြောပြနိုင်တဲ့
လက်တွေ့ခန်းတွေ ရှိတယ်။

သည်နေရာမှာ ...
ကိုးဆယ့်ခြောက်မက
ရောဂါများစွာ
တိုက်စားခဲ့လို့
ပုံပန်းပျက်ယွင်းခဲ့
အစိတ်အပိုင်းများစွာ
လေ့လာနိုင်တယ်။

သည်နေရာမှာ ...
ဝေဒနာရဲ့စွမ်းအား
ပယ်ရှားနိုင်မယ့်
အစွမ်းထက်ဆေးဝါးများစွာ
လေ့လာနိုင်တယ်။

သည်နေရာမှာ ...
ဒုက္ခသုံးပါးက
တစ်ပါးသော ဒုက္ခ
နာရတဲ့ အဖြစ်ကို
စစ်ကြေညာတိုက်ခိုက်ဖို့
ပညာရှင်ပေါင်းများစွာ
လေ့ကျင့်ပေးခဲ့တယ်
ပေးနေတယ်
ပေးနေဦးမယ်။

သည်နေရာမှာ ...
သေမင်းရဲ့စွမ်းအင်
ဆန့်ကျင်ဖြိုဖျက်
အသက်ဆက်နိုင်ဖို့
ပညာရှင်ပေါင်းများစွာ
လေ့ကျင့်ပေးခဲ့တယ်
ပေးနေတယ်
ပေးနေဦးမယ်။

သည်လိုနဲ့ပဲ
ဟောသည့်နေရာ
အမိတက္ကသိုလ်ဟာ
နှစ်ခြောက်ဆယ် သက်တမ်း
ဖြတ်သန်းပြီးခဲ့ပါပြီ။

အမိတက္ကသိုလ်ရဲ့
နှစ်ခြောက်ဆယ်ကျော်သက်တမ်းမှာ
သားပေါင်းများစွာ
မွေးဖွားသန့်စင်ပေးခဲ့ပါပြီ။

အမေ့သားတွေထဲမှာ ...
သားကောင်းများစွာပါခဲ့မယ်
သားဆိုးများစွာပါခဲ့မယ်။

ထူးချွန်တဲ့ သားတွေပါခဲ့မယ်
ညံ့ဖျင်းတဲ့ သားတွေပါခဲ့မယ်။

သူရဲကောင်းများစွာပါခဲ့မယ်။
အလံလှဲသူများစွာပါခဲ့မယ်။

သစ္စာရှိသူများစွာပါခဲ့မယ်
သစ္စာဖောက်သူများစွာပါခဲ့မယ်။

အမိဂုဏ်မြှင့်သူတွေပါခဲ့မယ်
အမိဂုဏ်ဖျက်သူတွေပါခဲ့မယ်။

အမိကျေးဇူးဆပ်သူတွေပါခဲ့မယ်
အမိကျေးဇူးကန်းသူတွေပါခဲ့မယ်။

ဘယ်လိုပဲဖြစ်ဖြစ်
အမိတက္ကသိုလ်ကတော့
သားမှန်သမျှ
မခွဲမခြား
မျက်နှာမလိုက်
မချွင်းမချန်
ပညာအမွေပေးဝေနေဆဲပါ။

တို့တတွေဟာလည်း
အမေ့ရဲ့
သားပေါင်းများစွာထဲက
အသိုက်တစ်အုံ သားတစ်မြုံ။

တို့တစ်တွေ
အမေ့ရဲ့
သားကောင်းများ ဖြစ်ပါစေ။
ထူးချွန်တဲ့သားတွေ ဖြစ်ပါစေ။
သူရဲကောင်းတွေ ဖြစ်ပါစေ။
သစ္စာရှိသူတွေ ဖြစ်ပါစေ။
အမိဂုဏ်မြှင့်သူတွေ ဖြစ်ပါစေ။
အမိကျေးဇူးဆပ်သူတွေ ဖြစ်ပါစေ။

ပြီးတော့လည်း ...
အနီအိုရောင်
နီညိုရောင်ရင့်ရင့်နဲ့
ဟောင်းသော်လည်း ခိုင်ခန့်ဆဲ
အိုသော်လည်း အားမာန်ဝင့်ဆဲ
ပညာရှင်ပေါင်းများစွာ
ပြီးတော့ ... ငါတို့ရဲ့
အမိတက္ကသိုလ်ကို
အစဉ်အမြဲ
ရင်ထဲက သတိတရ ရှိကြပါစေ။ ။

“သားများ” နေရာတွင် “သမီးများ” ဟုလည်း နှစ်သက်သလို ပြောင်းလဲ ဖတ်ရှုကြပါရန်။

စာကိုး။ (တိုက်ရိုက်ကူးရေးခြင်း ဖြစ်ပါသည်)
ဆေးတက္ကသိုလ် (၁) ရန်ကုန်
၁၉၈၆ - ၉၆
အမှတ်တရမြစ်တစ်စင်း

ဓါတ်ပုံများ ကို Alumni Myanmar Institutes of Medicine ၀က်ဆိုဒ်မှ ရယူပါသည်။

10 comments:

စိုးထက် - Soe Htet ! said...

တို့တစ်တွေ
အမေ့ရဲ့
သားကောင်းများ ဖြစ်ပါစေ။
ထူးချွန်တဲ့သားတွေ ဖြစ်ပါစေ။
သူရဲကောင်းတွေ ဖြစ်ပါစေ။
သစ္စာရှိသူတွေ ဖြစ်ပါစေ။
အမိဂုဏ်မြှင့်သူတွေ ဖြစ်ပါစေ။
အမိကျေးဇူးဆပ်သူတွေ ဖြစ်ပါစေ။

ကောင်းမြတ်တဲ့ ဆုတောင်း စကားလုံးနဲ့ ဖွဲ့ဆိုမှုပါ အစ်ကိုရေ ...

Ye-Mon said...

ကျေးဇူးပဲ ကစိုးထက်ရေ။ ကျွန်တော် ရေးထားတာတော့ မဟုတ်ပါ။ ကျွန်တော်တို့ နှစ်ကထုတ်တဲ့ အမှတ်တရ စာအုပ်မှာ ပါတဲ့ စာလေးဖြစ်ပါတယ်။ အတန်းဖော် သူငယ်ချင်း တစ်ဦးဦး ရေးတာဖြစ်မယ်ထင်ပါတယ်။ အတိအကျ မသိပါ။

Yi Yi Win said...

ကျောင်းပုံလေးမြင်လိုက်တော့ရင်ခုန်သွားမိတယ်။ ဒီအချိန်ဆိုလမ်းမတော်ကျောင်းမှာ
ကံ့ကော်ပန်းတွေမွှေးထုံနေရော့မယ် ဆရာ။
လိပ်ခုံးက အဲဒီစိန်ပန်းပင်ကောက်ကောက်ကွေးကွးတွေပေါ်ထိုင်ပြီးသူငယ်ချင်းတွေနဲ့ 
ဓာတ်ပုံရိုက်ထားသေးတယ်။ဒုတိယနှစ်တုန်းကပါ။

ဂျစ်တူး - gyit_tu said...

ကိုရဲမွန်ကြီးက ကဗျာလည်း ရသကိုးး)

Ye-Mon said...

မရီရီဝင်း ..
ကျွန်တော်တို့လည်း ရိုက်ထားသေးတယ်။ အခုပါမလာလို့ မတင်ရဘူး။

ကူးတာလောက်တော့ အဖြစ်ရှိပါတယ် ဂျစ်ရ .. ဟဲဟဲ

pandora said...

လူမှန်နေရာမှန်တွေရောက်ကြပါစေ

khin oo may said...

excited to see IM1.

ဂျေ said...

ဖြစ်နိုင်ရင် ကျနော်ရေးထားတဲ့ ကဗျာနှစ်ပုဒ်ကိုဖျက်ပေး ပါရန် တောင်းဆိုပါရစေ။ ကျေးဇူးတင်ပါတယ်

Anonymous said...

Ye Mon,

This great poem was written by Ko Gyi (Htin Lin).

Ye-Mon said...

>> Anonymous

Thanks for your info.