Saturday, March 8, 2008

Ye Mon is Travelling

၈၊ ၃၊ ၂၀၀၈

ရဲမွန်ခရီးသွားနေသည်

ဘိလပ်ခရီး

ခရီးအစ

နံနက်စောစော နိုးနေသည်။ ခရီးသွားရန် စိတ်စောနေ၍တော့ မဟုတ်၊ ညက အိပ်ရာ စောစောဝင်ခဲ့၍သာ။ နိုးနေမှတော့ သွားရမည့် ဘိလပ်ခရီးတွင် ယူရန်ပစ္စည်းစာရင်း နှင့်ပစ္စည်းများကို ပြန်စစ်ကြည့်သည်။ ဘိလပ်ရောက်လျှင် တည်းခိုရမည့်နေရာကို မည်သို့သွားရမည်နည်းဟု အင်တာနက်တွင် ရှာသည်။ နာမည်ကြီး လန်ဒန်အငှားယာဉ်ကိုပဲ စီးသွားရကောင်းမလား။ မီတာချိုးပြီး စီးလည်းရသည်၊ ယာဉ်မောင်းနှင့် ညှိပြီး ဈေးဖြတ်စီးလည်း ရသည်။ ခက်တာက မိမိက ပေါက်ဈေးမသိ။ တော်ကြာ လန်ဒန်မြို့ပတ်ပြီးခေါ်သွားနေမှ အခက်။ ဒါမှမဟုတ် မြေအောက်ရထား စီးရင်ကောင်းမလား။ လိုင်းပြောင်းစရာမလိုပဲ ဟိုတယ်နားအထိ ရောက်သွားနိုင်သည်။ ကမ္ဘာကြီး စိမ်းလန်းဖို့လည်း အထောက်အကူဖြစ်မည်။ အငှားယာဉ်ထက်လည်း ဈေးသက်သာနိုင်သည်။ မြေအောက်ရထားပဲ ကောင်းမည်ထင်ပါသည်။ ရပ်ဆယ်ရင်ပြင် ဘူတာမှာဆင်းပြီး ဂိုက် ၃၀၀ လောက်လမ်းလျှောက်လိုက်လျှင် ဟိုတယ်ကို ရောက်သွားပေမည်။

ဘိလပ်က တခြားမြို့တွေကိုရော ဘယ်လိုသွားတာ အဆင်အပြေဆုံး အသက်သာဆုံးဖြစ်မလဲ ဆက်ရှာနေပြန်သည်။ ရထားကမြန်သည်၊ ဈေးကြီးသည်။ ကားက ဈေးသက်သာသည်၊ ရထားထက် နှစ်ဆ၊ သုံးဆလောက်ပိုကြာမည်။ ကားငှားပြီး မောင်းသွားရင်ကော။ အင်း … ကားလမ်းက လက်ဝဲကပ်မောင်း ဖြစ်နေသည်။ စတီရာတိုင်ကတော့ ရွာမှာလိုပဲ ညာဖက်မှာ ရှိမှာမို့ သိပ်ပြဿနာမရှိလှ။ လမ်းက ဘယ်ကပ်နေတာက ခက်သည်။ အ၀ိုင်းတွေကလည်း များမှများ။ အပတ်မှားလို့ရှိရင် တခြားကားတွေနဲ့ ထိပ်တိုက်တွေ့နိုင်သည်။ အင်း သိကျွမ်းသူများနဲ့ မေးဦးမှပါ။ ကော်ကြီးသိုက ဘိလပ်မှာ အတော်ကြာကြာနေဖူးတော့ သိနိုင်သည်။ ပြီးမှပဲ ဖုံးဆက်မေးဦးမယ်။

တဖြေးဖြေးနှင့် မိုးက စင်စင်လင်းလာသည်။ ညစာတုန်းက အရည်သောက်နှင့်သာ ပြီးထားတော့ ဗိုက်ကလည်း တကွိကွိမြည်လာပြီ။ ကံကောင်းချင်တော့ ထမင်းကြော်စားရသည်။ ကံဆိုးချင်တော့ ပါနေကျ ၀က်ပေါင်ခြောက်ကမပါ။ ထားတော့။ အရေးကြီးသည်က အမေရိကားပြန်လာဖို့ ပြည်ဝင်ခွင့်ဗီဇာအတွက် လိုအပ်တဲ့ စာရွက်စာတမ်းတွေ စုံဖို့လိုသည်။ ဒီအနံကြီး ကွင်းကျယ်တွေက သိပ်မလွယ်။ စိတ်မထင်ရင် မထင်သလို ရစ်နိုင်သည်။ မိမိ တိုင်းပြည်မှာ ဗီဇာမ၀င်ပဲ ဘိလပ်မှာ ခရီးကြုံ ဗီဇာဝင်တာကို ပြဿနာ ရှာမယ်ဆို ရှာလို့ရသည်။ လိုတာတွေတော့ ပါပြီ။ ဒါကိုမှ ရစ်နေသေးရင်လည်း အမိနိုင်ငံတော်ကြီးကို ပြန်ရုံပ။ သိပ်တော့ ကိစ္စမရှိပါ။

အခုလောလောဆယ် အရေးကြီးနေတာက ဘိလပ်ဗီဇာ။ အခုထိ လက်ထဲ မရောက်သေး။ ယောက်မြို့အသစ်ကြီးမှာ ရှိတဲ့ ဘိလပ်ကောင်စစ်ဝန်ရုံးကို အမြန်ချောပို့နဲ့ ပို့ထားတာ ၁၀ ရက်လောက် ရှိနေပြီ။ မနေ့ကတော့ အားချင်းပို့လိုက်မယ်လို့ ဖုံးဆက်လာတော့ ဒီနေ့ လေယာဉ်မထွက်ခင် အမီ ရောက်ကောင်းပါရဲ့။ သေချာအောင် စစ်ကြည့်ဦးမှ။ ကောင်စစ်ဝန်ရုံးက ပို့ထားတဲ့ မှတ်ပုံတင်စာအမှတ်ကို အင်တာနက်မှာ ရှာကြည့်လိုက်တော့ နိုင်ငံကူးလက်မှတ်က လမ်းတ၀က်ရောက်နေပြီ။ ရာသီဥတုကတော့ ဆိုးနေဆိုပဲ။ ဟုတ်မှာ။ ဒီမှာလည်း ကောင်းကင်တခွင်လုံး မှိုင်းပြီး မိုးတွေက ဖြိုးဖြိုးဖြောက်ဖြောက်နဲ့။ နှစ်ဖက်သော ဘောလုံးသမားများအကြိုက် ရာသီဥတု။

လက်ဆောင်ပစ္စည်းလေး နဲနဲ ထွက်ဝယ်ရဦးမယ်။ လျှပ်စစ်ပစ္စည်းတွေကို ဘိလပ်က ပလပ်ပေါက်နဲ့ သုံးလို့ရအောင် ကြားခံ ပလပ်ပေါက် ၀ယ်ရဦးမယ်။ အင်္ကျီ မီးပူတိုက်ရဦးမယ်။ အချိန်ကပ်ပြီးမှ လုပ်တတ်သည့်အကျိုးကို ကောင်းကောင်းကြီး ခံစားနေရသည်။ နောင်တတော့ သိပ်ရပုံမပေါ်။ စိတ်ပုသူများကသာ ပူနေသည် စာရေးသူကတော့ အေးအေးဆေးဆေး။

လိုအပ်သည်များကို ၀ယ်ခြမ်းပြီးတော့ နေ့လည် ၁ နာရီထိုးနေပြီ။ နိုင်ငံကူးလက်မှတ်လည်း ရောက်လာပြီ။ စာရွက်စာတမ်းစုံပြီ။ အ၀တ်မီးပူတိုက်။ ကားနောက်ဖုံး ဂိုထောင်ထဲရှိ သေတ္တာတစ်ခုထဲက ကြောင်လျှာသီး နှစ်ခုသွားထုတ်။ ၀တ်မယ့်အ၀တ်တွေပုံထား သေတ္တာထဲ ထည့်စရာရှိတာထည့်၊ ကျောပိုးအိတ်ထဲ ထည့်မှာတွေထည့် နှင့် ဇယ်ဆက်သလို လုပ်နေသည်။ တအိမ်လုံးကတော့ ခရမ်းချဉ်သီး ငပိချက်နံ့ဖြင့် ထုံသင်းလို့နေသည်။ ဘိလပ်သားတွေတော့ စာရေးသူကို ဗမာမှန်း မမေးပဲ သိနိုင်လောက်သည်။ အားလုံးပြီးတော့ ရေမိုးချိုး၊ ဘုရားကန်တော့ပြီး အသင့်စောင့်နေသည့် လေကြယ်ကားကြီးပေါ်ကို အခန့်သားတက်ကာ လေယာဉ်ကွင်းကို ရောက်လာသည်။ သူငယ်ချင်းကြီးများက ဘိလပ်သွားမည်ဆိုတော့ တကူးတက လိုက်ပို့ကြသည်ပေါ့။ အချို့သော လိုက်ပို့သူများက ခရီးသွားမယ့်သူထက်ပင် သားနားနေတော့ စာရေးသူပင် အားငယ်ချင်သလိုလို။ အင်းလေ .. ဘိလပ်သွားမယ်ဆိုတော့ လေယာဉ်ကွင်းမှာ လိုက်ပို့သူများနဲ့ ဓါတ်ပုံလေးဘာလေး ရိုက်ကြရဦးမှာပေါ့။ လေဆိပ်ထဲ ၀င်ဖို့ကလည်း မှတ်ပုံတင်ပြ စာရင်းသွင်းတွေ လုပ်နေဖို့မှ မလိုတာ။ ဒါပေမယ့် လေဆိပ်ရောက်တော့ ပုဂ္ဂိုလ်လေးက အိပ်မောကျနေပြီ။ ကလေးကို မနိုးချင်တာနဲ့ ကျန်သူများလည်း မဆင်းတော့ပဲ စာရေးသူကိုသာ တာ့တာ ဘိုင့်ဘိုင် လုပ်ပြီး ထွက်သွားကြတော့သည်။

လေဆိပ်ထဲရောက်တော့ ဘိလပ်လေကြောင်းလိုင်း ကောင်တာပင် ဖွင့်တောင် မဖွင့်သေး။ ခြေတညောင်းခန့်ကြာမှ လေကြောင်းလိုင်း ၀န်ထမ်းများ အလျှိုအလျှိုရောက်လာသည်။ ရှေ့ကရောက်နှင့်ပြီး ခရီးသည်များ တစ်ယောက်ပြီးတစ်ယောက် သေတ္တာအပ်ပြီးသွားတော့ စာရေးသူအလှည့်။ ကံကြမ္မာက ကျီစားလေပြီ။ နပုန်းလိင် ၀န်ထမ်းနှင့် တွေ့ရ၏။ စကားမရှိ စကားရှာပြီး ပြောနေသည်။ ဗီဇာမှာ ရက်စွဲရေးထားတာကိုပင် ရှေ့ကဟာ လလား၊ ရက်လား ဆိုတာ မေးနေသည်။ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးထားတာ ဘယ်နားမှာလည်း မေးသည်။ အားလုံးဖြေပြီးတော့ စာရေးသူသွားရမည့် လေဆိပ်ဝင်ပေါက်ကို ကနွဲ့ကလျဖြင့် လက်ညှိုးညွှန်ပြသည်။ ကျောချမ်းလိုက်သည့်ဖြစ်ခြင်း။

လုံခြုံရေး ဂိတ်ကို ခပ်သွက်သွက်လျှောက်သွားပြီး အစစ်ဆေးခံလိုက်သည်။ အားလုံးပြီးတော့ ညနေ ငါးနာရီ။ လေယာဉ်က ခွန်နစ်နာရီခွဲမှ ထွက်မည် အချိန်အတော်ကျန်သေးသည်။ အကောက်ခွန်မဲ့ ဆိုင်ထဲ ၀င်ကြည့်တော့ သူရာရည်များ အတော် ဈေးတန်နေသည်။ ဟန်ကျပြီ။ မိတ်ဆွေများအတွက် သူရာရည် ရောသော ကော်ဖီနှစ်ပုလင်း ၀ယ်လိုက်သည်။ မ၀ယ်ခင် ဘိလပ်ရဲ့ ဥပဒေက သူရာရည် ဘယ်လောက် သယ်ခွင့်ရှိသလဲ ဆိုတာ စုံစမ်းရသေးသည်။ လေယာဉ်နဲ့ ဆင်းလာလို့ ဥပဒေရဲ့ အထက်က ရှိနေမည် ထင်လျှင် မှားသွားမည်။ ဘိလပ်မှာ ဥပဒေရဲ့ အထက်တွင် ဘယ်သူမှ မရှိ။ မိမိတို့နိုင်ငံကို ကျူးကျော်ထားစဉ်ကပင် သူတို့ချမှတ်ထားသော ဥပဒေကို သူတို့ လေးစားခဲ့သည်။ ဒါကြောင့်လည်း ကိုလိုနီ ဥပဒေအတွင်းမှာပင် ကျောင်းသားသပိတ်များ၊ အခြားသော အမျိုးသား နိုင်ငံရေး စည်းရုံးမှု ကိစ္စများ ပေါ်ပေါက်နိုင်ခဲ့သည် မဟုတ်ပါလား။

ဘိလပ်သွားလေယာဉ်ကြီး ရပ်ထားတာကို မြင်နေရသည့် စားသောက်ဆိုင်တွင်ထိုင်ပြီး အသားညှပ်ပေါင်မုန့် နှင့် ဘီယာမှာလိုက်သည်။ ပြီးတော့ … ပြီးတော့ ဒီဘလောက်ပို့စ်ကို ရေးနေလိုက်ပါသည်။ စာပြီးချိန်ကား ညနေ ၆ နာရီ ၁၆ မိနစ်။ နောက်တစ်နာရီဆိုရင် လေယာဉ်ထွက်လောက်ပြီ။ ဘက်ထရီ အားကောင်းနေသေးရင်၊ ဈာန်ဝင်လာရင်၊ အိပ်မပျော်သေးရင် လေယာဉ်ပေါ်မှာ၊ အတ္တလန်တိတ် သမုဒ္ဒယာရဲ့ ကောင်းကင်မှာ ဘလောက် ဆက်ရေးဖြစ်ပါဦးမည်။

အပိုင်း (၂) သို့

5 comments:

myatnoe said...

ဖတ်လို့ကောင်းတယ် ဆက်ရေးပါ

ပီတိ said...

ကိုမင်း ဘိလပ်သွား တောလားက တော်တော် ဖတ်လို့ကောင်းတယ်။ ရီနေရတာပဲ။ မြင်းပုတို့ နဲ့ ဘောလုံးကန်ခဲ့ဗျာ…

စိုးထက် - Soe Htet ! said...

တွေ့တယ်ဗျ ညက ဂျီမေးလ်မှာ @ ဘိလပ်လို့ :P

Yi Yi Win said...

ဘိလပ်အသွားခရီးမှာ ဘိလပ်ရေမသောက်ပဲ ဘီယာသောက်နေတယ်ပေါ့။
စတာပါဆရာ။ ဆက်ရေးပါဦး။

Anonymous said...

ဘိလပ်က ပြဇတ်တပွဲလောက်တော့ ကြည့်သွားပါဦး..ကိုရဲမွန်။
Lion King ကတော့ အိပ်မငိုက်စေရဘူး။


ဘလူးကြီး