Thursday, February 28, 2008

Go Twice

၂၈၊ ၂၊ ၂၀၀၈

နင်ကြီးတယ် ... နှစ်ခါဖြတ်

အခုတလော ဘာကြောင့်မှန်း မသိ ငယ်ငယ်တုန်းက ဖန်တရာတေအောင် ကြားဖူးတဲ့ ပုံပြင်လေးတစ်ပုဒ် ခေါင်းထဲ ရောက်ရောက်လာတယ်။ ပြန်ပြောပြပါရစေ။

တခါတုန်းက ဖိုးသူတော် တစ်ဦးဟာ ဂဏန်းအလွန်စားချင်နေသတဲ့။ ဒါပေမယ့် ဖိုးသူတော် ဖြစ်နေတော့ သူ့အသက်ကို သတ်လို့မရပြန်ဘူး။ ပင်လယ်ကမ်းစပ်မှာ သွားနေတဲ့ ဂဏန်းတွေကို ကြည့်ရင်း ဖိုးသူတော် အတော့်ကို စိတ်ဒုက္ခများနေပါသတဲ့။

ဒါနဲ့ အကြံရပြီး မီးဖိုကာ အိုးကြီးတစ်လုံးထဲ ရေထည့်၊ ပွက်ပွက်ဆူအောင် ကြိုပါလေရော။ ပြီးတော့ အိုးပေါ်မှာ တုတ်တစ်ချောင်းကို ကန့်လန့်ဖြတ်တင်လိုက်ကာ ဂဏန်းတွေကို တစ်ကောင်ပြီး တစ်ကောင် ဖမ်းပြီး တုတ်ပေါ်လျှောက်ခိုင်းလေတယ်။ မလျှောက်ခိုင်းခင်မှာ နင့်ထိုက်နဲ့နင့်ကံပဲ တုတ်ဟိုဘက်ရောက်ရင် လွတ်စေ လို့ ဆိုသေးသတဲ့။ ဂဏန်းလေးတွေလည်း ရေနွေးငွေ့တွေကြားမှာ ကြိုးစားလျှောက်ရင်း ရေနွေးအိုးထဲကို တဖြုတ်ဖြုတ်ပေါ့။ ဖိုးသူတော်ကတော့ သူ့အသက်ကို ကိုယ်တိုင် မသတ်ရပဲ ဂဏန်းသား စားရတော့မှာမို့ အကျေနပ်ကြီး ကျေနပ်နေပါတယ်။

ဒီလိုနဲ့ ဂဏန်းအကြီးကြီးတစ်ကောင်ကို မိလာပြန်တော့ ထုံးစံအတိုင်း တုတ်ပေါ်ဖြတ်ခိုင်းပါတယ်။ ဂဏန်းကြီးလည်း မတတ်သာပဲ တုတ်ပေါ်မှာ လှုတ်လီလှုတ်လဲ့နဲ့ လျှောက်ရလေတယ်။ ရေနွေးကလည်း ပွက်ပွက်ကို ဆူနေလေတော့ ဂဏန်းကြီး တကိုယ်လုံး ရေနွေးငွေ့တွေ့ ဖုံးနေတော့တာပေါ့ (ဆော်နာ စိမ်သလို ရှိမယ် ထင်တယ်နော် )။ ဖြစ်ချင်တော့ ဂဏန်းကြီးက ခံနိုင်ရည်ရှိပြီး တုတ်ဟိုဘက်ကို ရောက်သွားပါတယ်။

ဖိုးသူတော်လည်း မခံချိမခံသာဖြစ်၊ ဂဏန်းကြီးကို စားကလည်း စားချင်နဲ့ အရူးတပိုင်း ဖြစ်နေပါရော။

ဥာဏ်နီ ဥာဏ်နက်ထုတ်ရင်း နောက်ဆုံးတော့ ဖိုးသူတော် အကြံရပြီး ဂဏန်းကြီးကို ပြောလိုက်သတဲ့

“နင်ကြီးတယ် နှစ်ခါဖြတ်” ... တဲ့။

ဝန်ခံချက်။
မြန်မာဖွံ့ဖြိုးရေး ဖိုရမ်တွင် ကို snaing တင်လာသော ပုံပြင်ကို မြန်မာပြန်ပါသည်။

စာရှုသူများအတွက် မေးခွန်း
  • ဒီဂဏန်းကြီး ဒုတိယအကြိမ်မှာ တုတ်ဟိုဘက်ထိပ်ကို ရောက်မယ်ထင်ပါလား၊ ဒါမှမဟုတ် ရေနွေးအိုးထဲပဲ ပြုတ်ကျလေမလား။
  • ဟိုဘက် ရောက်မယ်လို့ထင်ရင် ဖိုးသူတော်ကြီး ဘာဆက်လုပ်မယ်များ ထင်ပါသလဲ။
မှတ်ချက်ထားခဲ့ပေးမယ်ဆိုရင်တော့ အထူးကျေးဇူးပါ။ အကြောင်းပြန်သူများရင် အနှစ်ချုပ်ပြီး ပြန်ရေးပေးပါ့မယ်။

16 comments:

ဝေတိုး said...

Nomatter what, the guy has contigency plans...his one and only attention is having delicious crap meal....he will play dirty ..literally..

pandora said...

ဟိုဘက်ရောက်သွားလည်း သတ်စားမှာပဲ။ မရောက်ပဲ ပြုတ်ကျလည်း သတ်စားမှာပဲ။
နည်းလမ်းတကျ တကယ်ကတော့ မထမတစ်ခါ ဖြတ်တာ အောင်မြင်ပြီးပြီဆိုတော့ ထပ်ဖြတ်စရာကို မလိုတော့ဘူးလေ။

ဒါပေမယ့်လည်း ဖိုးသူတော်လက်ထဲမှာ ဂဏန်းက ရှိနေပြီး သူလုပ်ချင်တိုင်း လုပ်ခွင့်ရှိနေတယ်ဆိုပါစို့။ သူက ၀ိနည်းလေးပဲ လွတ်ချင်နေတာကိုး။ ဒါဆိုရင်တော့
(၁) ဖိုးသူတော်ကြောက်ရမယ့် တယောက်ယောက်က နင့်စကားတည်ပါစေနော်လို့ စောင့်ကြည့်ပေးဖို့ လိုတယ်။ မီးအားမြှင့်တာတို့ တုတ်နဲ့ထိုးချတာတို့ ဘာတို့မလုပ်စေနဲ့ပေါ့။ ဖိုးသူတော်က သူ့သဘောအတိုင်းပဲ ဆိုရင်တော့ လုပ်ချင်သလို လုပ်မှာပဲကိုး။ ဒါလည်း ဂဏန်း ဟိုဘက်ရောက်ရုံအထိ မကဘူးနော်။ ရောက်ပြီး ဖိုးသူတော်က တကယ် မစားတော့ပါဘူး စိတ်ချရတဲ့အထိ စောင့်ပေးရမှာ။
(၂) အဲဒါ မဖြစ်နိုင်ရင်တော့ ဂဏန်းက ဖိုးသူတော်လက်ကို ရအောင်ညှပ်ပြီး ထွက်ပြေးဖို့ပဲ ရှိတယ်။ ဒါလည်း ဖြစ်နိုင်မဖြစ်နိုင်ဆိုတာ ဂဏန်းဘယ်လောက် အားရှိနေသေးသလဲ။ ညှပ်စရာ လက်နက် လက်မရော ရှိသေးရဲ့လား ဆိုတာ မူတည်တယ်။
(၃) ဘာလုပ်လုပ် သတ်စားခံရဖို့ပဲ များနေတယ် ဆိုရင် အနာခံပြီးမှ အစားခံမလား။ အေးအေးဆေးဆေး အသာတကြည် အစားခံမလားပေါ့။ ဘယ်လိုဖြစ်ဖြစ် နိုင်လိုနိုင်ငြား ကြိုးစားကြည့်ချင်သေးတယ် ဆိုရင်လည်း တကယ့်ကို ရှင်ချင်တဲ့စိတ် ရှိဖို့တော့ အရေးကြီးတယ်။ ဒါမှ အောင်မြင်ဖို့ အလားအလာရှိမယ်။

away said...

ဂဏန်းကြီးက ဖိုးသူတော်ရဲ့ဝတ်စုံဖြူကိုအားနာလို့ တစ်ခါဖြတ်တယ်။ မစ္စတာဖိုးသူတော်က လက်၂ချောင်းထောင်ပြီး နင်ကြီးတယ် ၂ခါဖြတ်လို့ထပ်ခိုင်းတော့ ဂဏန်းကြီးက စိတ်ဆိုးသွားသတဲ့။ ဒါနဲ့ ဂဏန်းကြီးက ကန့်ကွက်မဲထည့် - အဲ ဖိုးသူတော်ထောင်ပြတဲ့ လက်၂ချောင်းကို သူ့လက်မတွေနဲ့ ညှပ်လိုက်တယ်။ ဖိုးသူတော်ခမျာ အင်မတန့်အင်မတန် နာလွန်းလို့ အော်ဟစ် ခုန်ပေါက်နေသတဲ့။ ဒါတောင် ဂဏန်းကြီးက အားမထည့်သေးဘူး၊ ပုံမှန်ပဲ ညှပ်ထားတာ။ ချက်ချင်းပဲ သနားစိတ်ဝင်လာပြီး လွတ်ပေးလိုက်တယ်။ လွတ်ငြိမ်းချမ်းသာခွင့်ရသွားတဲ့ ဖိုးသူတော်က လက်ညိုး ငေါက်ငေါက်ထိုးပြီး ဆဲပါလေရော။ သူဆဲတဲ့ စကားကို ယဉ်ယဉ်ကျေးကျေးဘာသာပြန်ရရင် လမ်းလျှောက်ဖို့ ပြောရုံနဲ့ ငါ့အသားနာအောင် လုပ်ရသလားပေါ့။ ဂဏန်းကြီးလည်း ဒေါသောင်းကျန်းသူ- အဲ ဒေါသူပုန်ထပြီး သူ့ထိုးနေတဲ့ လက်ညိုးကြီးကို လှမ်းပြီး ဖမ်းဆုပ်လိုက်သတဲ့။ ဒီတခါတော့ အတွင်းအားထည့်ပြီး ဆုပ်ထား ညှပ်ထားလိုက်တာ ဘာပြောကောင်းမလဲ ဖိုးသူတော်လည်း စာဖွဲ့လို့မရနိုင်လောက်အောင် နာကျင်သွားပါတယ်။ နာလွန်းလို့ ခုန်လိုက်တာ ပြန်အကျမှာ သူ့ရဲ့ဂဏန်းပြုတ်အိုးကြီးထဲ ကျသွားတယ်။ ဂဏန်းကြီးလည်း မသက်သာပါဘူး။ ဖိုးသူတော်နဲ့အတူ လေထဲမြှောက်တက်သွားပြီး ပြန်အကျမှာ အိုးနှုတ်ခမ်းနဲ့ ထိမိလို့ ခါးနာသွားတယ်၊ ပြီးတော့ သဲသောင်ပြင်ပေါ်ကို ဘုတ်ခနဲ ခွေးကျကျသွားလေရဲ့။ ဒါက အခန်း ၁။ အခန်း ၂ ကို ဆက်ပြောပြရရင် - ကမ်းခြေမှာ လမ်းလျှောက်နေတဲ့ ဘလော့ဂါတစ်ယောက်က ဂဏန်းကြီးတစ်ကောင်ကို တွေ့တယ်။ ဂဏန်းက ကြီးလွန်းလို့ ဓာတ်ပုံရိုက်ပြီး သူ့ဘလော့ဂ်မှာ တင်လိုက်ရင် ကောင်းလေစွ လို့ တွေးမိတယ်။ ဂဏန်းကြီးလက်ထဲမှာတော့ သွေးထွက်နေတဲ့ လူ့လက်ချောင်းတချောင်း တွေ့ရတော့ စိတ်ဝင်စားစရာ ပို့စ်တစ်ခုတော့ တင်လို့ရပြီပေါ့။ သို့ကလို တွေးနေတုန်း ဂဏန်းကြီး ရေထဲဆင်းသွားတယ်။ သောင်ပြင်မှာလည်း မီးဖိုတစ်ခုနဲ့ အိုးကြီးတစ်လုံးတွေ့တယ်။ ဘလော့ဂါလည်း စီတီဇင်ဂျာနယ်လစ် ပီသစွာ အနားကပ်သွားပြီး အိုးထဲ ငုံ့ကြည့်လိုက်တော့ အိုးထဲမှာ လူတယောက်နဲ့ ဂဏန်းလေးတွေကို တွေ့ရတယ်။ ဘလော့ဂါကံကောင်းချင်တော့ ကင်မရာအဆင်သင့်ပါလာတယ်။ ကံဆိုးချင်တော့ ဓာတ်ပုံရိုက်လို့မရဘူး။ ဓာတ်ခဲ အားကုန်သွားလို့။ ဘလော့ဂါမှာ ရဲမွန် လို့ အမည်ပေးထားတဲ့ အင်တာနက်စာမျက်နှာရှိတယ်။ အိမ်ပြန်ပြီး စာထိုင်ရိုက်တယ်။ တွေ့တဲ့အတိုင်းရေးရင် သတင်းဖြစ်မယ် နို့ပေမဲ့ လူသေမှုမျက်မြင်သက်သေဖြစ်သွားနိုင်တယ်။ ရုံးတွေဂါတ်တွေ မသွားချင်ဘူး။ ဒါနဲ့ပဲ ၉၉ကြိမ်မက ကြားဖူးခဲ့တဲ့ပုံပြင်အနေနဲ့ ဘလော့ဂ်ပေါ် တင်လိုက်တာပဲ ကောင်းပါတယ်လို့ ဆုံးဖြတ်ချက် ချလိုက်တယ်။ (ပြီးပါပြီ)။ သင်ခန်းစာက- အိမ်ကမထွက်ခင် ဓာတ်ခဲအားရှိမရှိ စစ်ဆေးပါ။

wai lin said...

ကဏန်းကြီးကတော့ တုတ်ပေါ်တင်ပေးခံရရင် ရှင်သန်ချင်တဲ့ သတ္တ၀ါတွေရဲ့ ဗီဇအရ ဟိုဘက်ရောက်အောင် ကြိုးစားဖြတ်ရအုန်းမှာပေါ့။ ဟိုဘက်မရောက်ပဲ ဒီတခေါက်မှာ အိုးထဲ ပြုတ်ကျချင်လည်း ကျမှာပေါ့။ ဖိုးသူတော်ရဲ့ မီးဖိုချောင်ထဲရောက်မှတော့ သူ့မှာ ရွေးချယ်စရာ မရှိဘူးလေ။
ဒါပေမယ့် အရေးကြီးတာက ဒီပုံပြင်နားထောင်ရတဲ့ လူတိုင်းက ဖိုးသူတော်ကြီး တရားဘူး၊ မရိုးသားဘူး ဆိုတာ သိသွားကြတယ်ဆိုတာပါပဲ။

မတရားမှုတခုနဲ့ကြုံရတိုင်း၊ မတရားမှုကိုလုပ်ပြီး သူတော်ကောင်းယောင်ဆောင်ချင်တဲ့ ကြောင်သူတော်တွေကို တွေ့တိုင်း ဒီပုံပြင်ကို ပုံခိုင်းပြောဆိုကြဖို့ သတိရကြမယ်။
တခါတလေမှာ ရှုံးတာ နိုင်တာ၊ သေတာ ရှင်တာထက် အမှန်တရားကို ဖော်ထုတ်ပြနိုင်ဖို့ ပိုအရေးကြီးနေတတ်တယ်။

သတ္တ၀ါတခုနဲ့ ကံတခုဆိုတာ လူ့သမိုင်းနဲ့ ယှဉ်ကြည့်ရင် အင်မတန်သေးငယ် တိုတောင်းလှပါတယ်။ လူ့သမိုင်းမှာ တွင်ကျန်ခဲ့မယ့်၊ နောက်လာနောက်သားတို့ မှတ်သားစရာ အမှန်အမှားနဲ့ပတ်သက်တဲ့ စံထားပုံခိုင်းစရာတခုခု ကျန်ခဲ့ဖို့ ကိစ္စတခုမှာ ကိုယ့်ဘ၀တခုလုံး ပေးဆပ်ပါဝင်ခွင့်ရတယ်ဆိုတာ အင်မတန် ရခဲပါတယ်။ အိုလို့ နာလို့ ကံမကောင်းလို့ တနေ့တနေ့ ကမ္ဘာတ၀ှမ်းမှာ လူသားသိန်းပေါင်းများစွာ သေနေကြတာပါ။

ဒီတော့ ကျနော်တို့တာဝန်က ပထမတခေါက်မှာ အိုးဟိုဘက်ရောက်အောင် ဖြတ်နိုင်တဲ့ ကဏန်းကြီးတကောင် ဖြစ်အောင် ကြိုးစားဖို့ပါပဲ။ နောက်တခေါက် တုတ်ပေါ်ပြန်တင်ခံရရင် ကြောင်သူတော်နောက်တယောက် ဖေါ်ထုတ်ထားနိုင်ခဲ့မယ်။ ပထမတခေါက် ကြိုးစားမှုက ကိုယ့်အတွက်၊ နောက်တခေါက်က လောကအတွက်။ ကဏန်းသားစားပြီး ဖိုးသူတော် သွားကြားထိုးနေတဲ့အချိန်မှာ နံရံတွေက ပုံပြောနေကြလိမ့်မယ်။

စိုးထက် - Soe Htet ! said...

ဘာပဲ ဖြစ်ဖြစ် သူ့သဘော အတိုင်း နှစ်ခါတော့ ကြိုးစား လျှောက်ရမှာပဲ ...
ရှင်သန်လိုစိတ်နဲ့ တည်တည် ငြိမ်ငြိမ် ဆက် လျှောက်ရမှာပေါ့ ... ကျန်တာကတော့ အချိန် နဲ့ အခြေအနေ အရ လောကနိယာမ အတိုင်း ဖြစ်လာမှာပါ ... ဖြစ်လာမှာပါ ...

အိမ်ကိုလွမ်းတဲ့ ရွှေဂျမ်း said...

ရှေ့ကလူတွေရဲ့ ကွန်မင့်တွေက အတော်ပြည့်စုံပြီးသားဖြစ်နေပါတယ်။
ဖတ်ရတဲ့ထဲမှာ သေချာတဲ့ အချက်တွေကတော့ - ဂဏန်းဟာ ဂဏန်းသား စားချင်တဲ့ ဖိုးသူတော် လက်ထဲမှာ ရောက်နေတယ်။ ဖိုးသူတော် မရိုးသားတာလည်း တစ်ကြိမ် သိခဲ့ပြီးဖြစ်တယ်။
ဒီတော့ မရိုးသားတဲ့ ဖိုးသူတော်က နောက်တစ်ကြိမ် မဖြတ်ခိုင်းပဲလည်း စားချင်ဇောနဲ့ တစ်ခါတည်း အိုးထဲ ကောက်ထည့်လိုက်ချင် ထည့်နိုင်တဲ့ အခြေအနေတစ်ခုမှာ တုတ်ကို ကြိုးစားပြီး ဖြတ်ရင် ဟိုဘက်ကိုရောက်ပြီး အသက်ရှင်ဖို့ မျှော်လင့်ချက်ရှိသေးတယ်လို့ ထင်တယ်။ နှစ်ခါဖြတ်ခိုင်းလို့ ဒုတိယတစ်ကြိမ်ပါ ဟိုဘက်ကို ရောက်တယ်ဆိုရင် ဖိုးသူတော်အနေနဲ့ မျက်နှာပြောင်တိုက်ပြီး အိုးထဲကို ထည့်ဖို့ပဲဖြစ်ဖြစ်၊ နောက်ထပ် တတိယအကြိမ် ထပ်ဖြတ်ခိုင်းဖို့ပဲဖြစ်ဖြစ် နည်းနည်း တွန့်များတွန့်လေမလားလို့ ယူဆလို့ပါ။ ဒါကလည်း မပန်ရေးသွားသလို ဒီတစ်ကြိမ်မှာ ဖိုးသူတော် ကတိတည်မတည်ကို စောင့်ကြည့်မယ့်လူရှိဖို့လိုပါလိမ့်မယ်။ ဒါမှမဟုတ်လို့ကတော့ အစကတည်းက စားချင်စိတ်ကြောင့် ဂဏန်းကို တုတ်ပေါ်ဖြတ်ခိုင်းတဲ့ ဖိုးသူတော်ဟာ တစ်နည်းမဟုတ် တစ်နည်းနဲ့ စားရဖို့ ကြံမှာပါပဲ။

လင်း said...

ဂဏန်းကြီးက ဒုတိယ အကြိမ်ဖြတ်အလျှောက်မှာ
ပြူတ်ကြလို့  ဖိုးသူတော်ကြီးက စားလို့ တောင်ပြီးသွားပြီ။
အကြီးဆုံးဂဏန်းကြီးကို အရင်ဆုံးရွေးစားပြီး မည်သို့ ပင်
ကြိုးစားစေကာမူလို့ တောင်ပြောသံကြားလိုက်သေး။

Ko Paw said...

ဂဏန်းနေရာမှာ လူတွေဆိုရင်တော့ ဒီ ဒုတိယတချီ ထပ်လျှောက်ခိုင်းတာကို အသည်းအသန် ကန့်ကွက်ရလိမ့်မယ်။ ကံယုံပြီး ဆူးပုံနင်းရင်တော့ ဆူးစူးတာဘဲ အဖတ်တင်ပါမယ်။ အသည်းအသန်ကြိုးစားကန့်ကွက်ခြင်းဟာ ရှင်သန်လိုစိတ်ကို ပြသခြင်းတမျိုးဘဲဖြစ်ပါတယ်။ မရေရောတဲ့ ဒုတ်တဖက်ကမ်းက အဖြေကို ရော်ရမ်းမှန်းဆပြီး ဒုတိယတကြိမ် မငြင်းမဆန် ဖြတ်လျှောက်မယ်ဆိုရင် ဖိုးသူတော်ရဲ့ မတရားတဲ့ လုပ်ရပ်ကို ကိုယ်က သဘောတူ ခေါင်းညိတ်ရာ ရောက်တာပေါ့လေ။

ကဏန်းကတော့ လူလို သပိတ်မမှောက်တတ်တော့ ဖြတ်လျှောက်ရပေမပေါ့။ ဒါဟာ လူနဲ့ ဂဏန်းအကြားက ခြားနားချက်ပါဘဲ။

မေငြိမ်း said...

တကယ်တော့ ဖိုးသူတော်က ဖမ်းထားတဲ့ အချိန်မှာရော တုတ်ပေါ်တင်တဲ့ အချိန်မှာရော သူ့လက်ကို အသားကုန် ညှပ်ပစ်ရမှာ..။ အဲလို မလုပ်နိုင်ခဲ့ရင်တော့ ပြုတ်ကျဖို့က များတာပဲလေ..။

ပီတိ said...

ဂဏန်းတကောင်အနေနဲ့ပြောကြည့်မယ်နော်။ နောက်တကြိမ်ဖြတ်လျှောက်လို့ အောင်မြင်ခဲ့ရင်တောင် နင်လျှောက်တာမြန်တယ်၊နှေးတယ်၊ နင်ကသန်မာတယ် စသည် စသည်ဖြင့် အကြောင်းပြပြီ ပြန်လျှောက်ခိုင်းမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဖိုးသူတော်ရဲ့ ရည်ရွယ်ချက်က ဂဏန်း ရေနွေးအိုးထဲ ပြုတ်ကျဖို့ပါပဲ။

ဆက်စပ်ပြီးတွေးကြည့်မယ်ဆိုရင် ဂဏန်းက တွေးတတ်မယ်ဆို၊ တခါပဲလို့ပြောပြီးလေ။ နောက်တခါလျှောက်ခိုင်းတာ ဘယ်တရားမလဲ။ မလျှောက်ပဲ ဆန့်ကျင်နေမှာပေါ့။ အတင်းလျှောက်ခိုင်းရင် အောက်ကိုခုန်ချလိုက်ပေါ့။ ပြန်တင်ဖို့ကြိုးစားရင် လက်ကိုညှပ်ပစ်လိုက်မှာပေါ့။

တကယ်လို့ ဖိုးသူတော်က ဆွဲဆောင်မှုကောင်းလို့ လျှောက်ဖို့သဘောတူခဲ့ရင်တောင် ဖိုးသူတော်ရဲ့လက်ကိုညှပ်ပြီးမှ လျှောက်သင့်တယ်။ ပြုတ်လည်းမကျ၊ လျှောက်ပြီးလို့မလွှတ်ဘူးဆိုရင်လဲ ညှပ်လို့ရတာပေါ့။

ကျွန်တော့်ရဲ့ နှစ်ပြားတန် အတွေးလေးပါ။

ဖုန်း မြင်. said...

အင်း ..ရှေ.က ပို.စ်တွေရဲ. အမြင်တွေက ပြည်.စုံနေပါပီ... ကျနော်. အမြင်ကတော. ဘိုးသူတော် ကြီးရဲ. လက်ထဲရောက် ပီးမှ ထက်
မရောက်ခင် အခြေအနေ မှာကိုယ်ရဲ.ရှင်သန်ခွင်.
အတွက် ပိုကြိုးစား ကြည်.မယ်ဗျာ ၊ ကျနော်.အစွမ်း ရှိသလောက် တိုက်ခိုက် ကြည်.မယ်။ ထွက် ပြေး တန်ပြေးရလိမ်.မယ် သူ.လက်ထဲရောက်မှ ဆိုသူ.ကစား
ကွက်အတိုင်းလိုက်ရပီ၊ရေရာမှုမရှိဘူး တရားတယ် မတရားဘူး ပြောလို.မရတော.ဘူး
သူကစဖမ်းထဲက ကိုယ်.ကိုတခုခု လုပ်မယ်ဆို တဲ. ရည်ရွယ်ချက် နဲ.ဖမ်းတာလေ
အဲ.ဒီတော. ကိုယ်ကလဲ ကိုယ်.ရဲ. အခွင်.အရေး အတွက် တိုက်ပွဲဝင်ရ မှာပေါ.ဗျာ။

M.A said...

ဆရာရဲမွန်ရေ…မရောက်တာကြာလို့ လာလည်ရင်းပွဲစည်နေတာမြင်လို့ 
ဝင်ရေးလိုက်ဦးမယ်နော်။

ဂဏန်းဟာခေါင်းမရှိ၊ ကန့် လန့် သွားသူ၊ လူတို့ အတွက်အစာအာဟာရ
အဖြစ်သုံးခံနေရသူသတ္တ၀ါတစ်ကောင်သာဖြစ်တယ်။ ဒီပုံပြင်ဟာလူနှင့်
တိရိစာန်္ဆတို့ ပြိုင်တဲ့ပွဲတစ်ခုမဟုတ်တာမို့ ခေါင်းရှိတဲ့လူချင်း(လူစိတ်
ရှိတာနှင့်မရှိတာသာကွာတဲ့) လူတွေအားပြိုင်တဲ့ပွဲနဲ့ ယှဉ်လို့ တော့အဖြေ
မတူနိုင်ပေဘူး။ ဒီပွဲရဲ့အဖြေဟာရှင်းရှင်းလင်းလင်းခန့် မှန်းလို့ ရပါတယ်။

ဒီပုံပြင်ဟာအသိဥာဏ်မရှိသူတိရိစ္ဆာန်ကိုတောင်တုပြိုင်လှည့်စားလိုတဲ့
ဖိုးသူတော်အမည်ခံကြောင်သူတော်ကြွက်သူခိုးရဲ့ သီလကိုသရော်လိုခြင်း
သာဖြစ်မယ်လို့ ထင်ပါကြောင်း။

ခင်မင်လေးစားလျှက်
ရီရီဝင်း

myatnoe said...

မြတ်နိုးကတော့ ဝေလင်းနဲ့ တူတူပါပဲလို့ပြောချင်တယ်။

Anonymous said...

မင်းတော့နံမည်ကြီးနေပြီ။မကြာခင်ဂဏန်းဖြစ်တော့မယ်...

Anonymous said...

Are u Serious! Neverheard b4 how dare huge crab left in our land,ooh..i notice rightnow that was only legend...heehe .^_*.
Have fun Guys;

ချစ်ဦး said...

သူများရေးတာကိုဖတ်သွားပါတယ်။