Showing posts with label web tech. Show all posts
Showing posts with label web tech. Show all posts

Tuesday, November 18, 2008

I am on Chrome

၁၈ နိုဝင်ဘာ ၂၀၀၈
ဂူဂဲလ် ခရုမ်း

ဘာရယ်တော့ မဟုတ်ပါဘူး။ အသစ်အဆန်းလေးဆိုတော့ စမ်းကြည့်တာပါ။ မြန်တော့ မြန်သား၊ အကင်းလည်းပါးတယ်။

Read More...

Friday, January 12, 2007

Navigating within a blog

၁၂၊ ၁၊ ၂၀၀၇

ဘလောက်အတွင်း သွားလာခြင်း

ဘလောက်များသည် ဒိုင်ယာရီ ကို နောက်ပြန် ဖတ်ရသကဲ့သို့ ရှိ၏။ နောက်ဆုံးရေးသည်များက ရှေ့ဆုံးရောက်နေပြီး၊ အရင်ဆုံး ရေးထားသည်များက ဟိုးနောက်ဆုံးတွင် ရောက်နေကြသည်။ များသောအားဖြင့် စာပိုဒ်များ တင်သည့် ခုနှစ်၊ လအလိုက်အစီအစဉ်ကို ကြည့်နိုင်ပါသည်။

ပို၍လွယ်ကူသောနည်းမှာ Search Function ကို အသုံးပြုခြင်း ပင်ဖြစ်သည်။

အကယ်၍ ဘလောက်ဂါ က ၄င်း၏ စာပိုဒ်များကို သက်ဆိုင်ရာ လေဘယ်များ (စကားစု၊ key words) နှင့် တွဲထားပေးပါက မိမိ ဖတ်ချင်သည်များကို ရှာရတာ ပိုလွယ်ပါသည်။ ဥပမာ အားဖြင့် ကျွန်တော့် ဘလောက်ရှိ လူဦးရေ ထိန်းချုပ်မှုဆိုင်ရာ ပေါ်လစီများ (၃) ဆိုပါစို့။ ထိုစာပိုဒ် ကိုဖတ်ပြီး သကာလ (၁) နှင့် (၂) ကိုပါ ဖတ်ချင်လာလျင် စာပိုဒ် အဆုံးနားရှိ LABELS: ဆိုသည့်နေရာလေးကို ရှာကြည့်ပါ။ ပြီးလျင် LABEL: စာရင်းထဲမှ POPULATION POLICY ဆိုသည့် စကားစုကို နှိပ်လိုက်ပါ။ ထိုအခါ ဤလေဘယ်နှင့် သက်ဆိုင်သော စာပိုဒ်များ (၁ နှင့် ၂) ထွက်လာပါမည်။ အလားတူ မြန်မာလို ရေးထားသော စာပိုဒ် များကိုသာ ဖတ်ချင်ပါက BURMESE ဆိုသည့် လေဘယ်ကို နှိပ်လိုက်ရုံပင်။

ထို့ကြောင့် ဘလောက်ဂါများ အနေဖြင့် လေဘယ်များကို စနစ်တကျ ပေးထားသင့်ပါသည်။

Read More...

Thursday, January 11, 2007

Blog

၁၁။ ၁။ ၂၀၀၇

ဘလောက် ဍ္ဍီကာ

ဘလောက် ဆို သည် မှာ ...
ကိုယ်တိုင်ရေးပုံတူ (သို့) အံဆွဲထဲ သော့ပိတ်မထားသော နေ့စဉ်မှတ်တမ်း (သို့) သမ၀ါယမဆိုင်ရှေ့ မှ ကျောက်သင်ပုန်း (သို့) ကျောင်းမှ နို့တစ်ဘုတ် နှင့်တူသည်။ ရေးတတ် ခြစ်တတ်စ ကလေး တစ်ယောက် ကို ရောင်စုံခဲတံများပေး၍ နံရံဖြူရှိသော အခန်းထဲတွင် တစ်ဦးတည်းထားပေးခြင်းနှင့် လည်း တူသည်။ သူကိုယ်တိုင် ဘာမှန်းမသိသော အကြောင်း အရာများကို စိတ်တိုင်းကျ ရေးခြစ်၍ ရနေသောကြောင့်ပင်။

ဘလောက် ဘယ်ကစ ...

အာဒမ်နှင့်အေ၀ တို့ကတော့ ဘလောက်မလုပ်ခဲ့တာ သေချာသလောက်ပင်။ ဗြမ္မာကြီး လေးဦးလည်း ဖိုးအင်ဝမ်း ဘလောက်လုပ်ခဲ့ သည်ဟု မကြားဖူးပါ။ ဘလောက်ကို ၁၉၉၄ ခုနှစ်လောက် က စခဲ့သည် ဟူ၏။
အမှန်တော့ အင်တာနက် (သို့) အပြည်ပြည်ဆိုင်ရာ ကွန်ယက်ကြီး၏ ဘေးထွက် အာနိသင် တစ်ခုပင်။ လူဆိုသည်မှာ အတင်း ပြောတတ်သည့် သတ္တ၀ါမဟုတ်ပါလား။ အိမ်လည်၍ ထီးဖြူဖိနပ်ပါး ပြောသူများရှိသလို၊ ကမ္ဘာပတ်၍ (အင်တာနက်မှတဆင့်) အတင်း ပြောသူများ ရှိလာသည်မှာ လူ့လောက၏ တိုးတက်မှု ပြယုဒ်ပင်လား မသိ။

ဘလောက် ဘယ်လောက်များ ...

မြန်မာနိုင်ငံမှာ ကလေး၊ လူကြီး အားလုံး ဘလောက် တစ်ခုစီလောက် ပိုင်မည်ဆိုလျှင်တောင်
အပြည်ပြည်ဆိုင်ရာ ကွန်ယက်ကြီး ပေါ်တွင် ရှိနေသည့် ဘလောက် အရေအတွက်ကို မမီနိုင်သေးပါ။ ဘလောက်များ မှတ်ပုံတင် ဌာန တစ်ခု အဆိုအရ ၂၀၀၆၊ နိုဝင်ဘာလ တွင် ဘလောက်ပေါင်း သန်း ၆၀ ခန့် ရှိနေပါပြီ။

ဘလောက်
ဘယ်လို လုပ်ကြမလဲ ...
လွယ်ပါသည်။ စာပေ စိစစ်ရေးက ထောက်ခံစာလေးသာ ယူခဲ့ပါ။ အားလုံး အဆင်ပြေသွားပါမည်။ အဲ . . . ယောင်သွားလို့ပါ။
၁။ ဘလောက်များ ကို လက်ခံပေးသော ၀က်ဆိုဒ် တစ်ခုခု (ဥပမာ - www.blogger.com ) တွင် စာရင်းသွင်း
၂။ မိမိကြိုက်နှစ်သက်သော စာမျက်နှာ ဒီဇိုင်း ကို ရွေး
၃။ အီးမေး တို့ စာစီစာရိုက်တို့ လုပ်သလို ရေးချင်တာ ရေး
၎။ publish လုပ် (စာရိုက်ပြီးတိုင်း အင်တာနက်ပေါ် ရောက်သည်မဟုတ်ပါ။ publish ဆိုသည့် ခလုတ်တစ်ခု နှိပ်မှ ရောက်သွားပါသည်။)
ဒီလောက်ပါပဲ။ အင်မတန်လွယ်ပါသည်။ မြန်မာလို ဘလောက်လုပ်ချင်လျှင်တော့ နည်းနည်း လက်ဝင်ပါသည်။ နောက်များမှ ဒါကို ဆက်ဆွေးနွေးကြတာပေါ့။

ဘလောက် ကမ္ဘာတွင် ဆောင်ရန်၊ ရှောင်ရန်များ

အပြည်ပြည်ဆိုင်ရာ ကွန်ယက်ကြီး ကို မည်သူမဆို ၀င်ရောက် ကြည့်ရှုနိုင်သောကြောင့် အချို့သော စာသား အသုံးအနှုန်းများသည် လူအများ၏ အမြင်တွင် မတင့်တယ်ဖြစ်တတ်ကြောင်း သတိချပ်သင့်ပါသည်။ မိမိ လာရောက် ဖတ်ရှု စေချင်သူများ စိတ်ဝင်စားမည့် အကြောင်း အရာများလည်း ပါသင့်ပါသည်။ ဓါတ်ပုံ၊ သီချင်းများဖြင့် ဝေေ၀ဆာဆာ ပြုလုပ်နိုင်လျင် ကောင်းသော်လည်း၊ ဖတ်ရှုမည့် သူများ၏ အင်တာနက် အမြန်နှုန်း ကိုလည်း ကိုယ်ချင်း စာစေချင် ပါသည်။ (ဥပမာ - ကျွန်တော့် ရန်ကုန်အိမ်မှ ဒိုင်လ်အပ်ဖြင့် အီးမေး စစ်ရာတွင် 1 MB ခန့်ရှိ ဓါတ်ပုံ တစ်ပုံ ကို နာရီဝက်ခန့် ဒေါင်းလုပ် လုပ်ယူရပါသည်။) ထို့ကြောင့် ပြောကားပြော၏မကြား ဖြစ်မှာစိုးရပါသည်။ အရေးအကြီးဆုံးဟု ကျွန်တော် ယူဆသော အချက်တစ်ချက်မှာ ပုံမှန် ရေးသားရန် ဖြစ်ပါသည်။ တစ်လမှ တစ်ခုလောက် ရေးသော ဘလောက်ကို မည်သူလာဖတ်မည်နည်း။ အခြားသူများ၏ ဘလောက်ကို ဖတ်ပြီး စိတ်ဝင်စားလျှင် တစ်ခုခု မှတ်ချက် ပြန်ပေးသင့်ပါသည်။ မဟုတ်ပါက ဘလောက်ဂါမှာ နံရံနှင့် စကားပြောရသကဲ့သို့ ရှိချေမည်။ မိမိဘလောက်တွင် မှတ်ချက်ပေးလာ သူများကိုလည်း ကျေးဇူး တင်ကြောင်းပြောသင့်ပါသည် (သတင်းစာတွင် ထည့်စရာ မလိုပါ)။ မိမိမည်သူမည်ဝါ (သို့) မိမိ၏ အိမ်လိပ်စာ တို့ကို မသိစေလိုလျင် အရေးအသားများတွင် ဆင်ခြင်ရန်လိုပါသည်။ မဟုတ်ပါက ကြွေးရှင်များ လိုက်လာတတ်ပါသည်။

ယနေ့တော့ ဤမျှသာ။

စာရှုသူတို့ ထင်တိုင်းပေါက် ဘလောက်နိုင်ပါစေ။ (ဘလောက်သည် နာမ်ဖြစ်သလို ကြိယာလည်းဖြစ်ပါသည်။)

စာကိုး။

Wikepedia: Blog
Blog Etiquette

Read More...

Sunday, January 7, 2007

Visible Zawgyi

ဇော်ဂျီ ကိုယ်မပျောက်နိုင်တော့ပြီ။

ဘော်တီးမိုးမြို့၊ ဇန္န၀ါရီလ ၇ ရက်၊ ၂၀၀၇။

သတင်းအစုံအလင်မှာ . . .

ဘော်တီးမိုး မြို့နေ ရဲမွန်ဆိုသူ သည် ဘလောက်ဂါ တစ်ယောက် အဖြစ်သို့ အင်မတန် နောက်ကျစွာ ရောက်ရှိလာခဲ့သည်။ အစပိုင်းတွင် အင်္ဂလိပ် လိုသာ ရေးနိုင်သော်လည်း၊ နောက်ပိုင်းတွင် ၀င်း-အင်းဝ ဖောင့် ကိုသုံး၍ မြန်မာလို ရေးနိုင်လာသည်။ သို့ရာတွင် ၀င်းအင်းဝ ဖောင့်ရှိသော သူများသာ ဖတ်ရှုနိုင်လေသည်။ သို့ဖြင့် လူပြောများနေသော ဇော်ဂျီ ခေါ် မြန်မာ ယူနီကုဒ် စနစ်ကို ၄င်း၏ ကွန်ပျူတာတွင် စမ်းသပ်ကြည့်၏။ ကျွမ်းကျင်သူ မဟုတ်သဖြင့် ဇော်ဂျီ လက်ကွက် ကို တင်ရာတွင် များစွာ ဒုက္ခ တွေ့လေသည်။ စာလုံးများမှာ ပေါ်လိုက်၊ ပျောက်လိုက်၊ လေးထောင့်ဖြစ်သွားလိုက်၊ အ၀ိုင်း ဖြစ်သွားလိုက် ? ပုံပေါ်လိုက် နှင့် ရှိနေသည်။ ဇော်ဂျီဖောင့် ကိုလည်း တင်လိုက် ပြန်ဖျက်လိုက် နှင့် ကြိမ်ဖန်များစွာ ပြုလုပ်ရလေသည်။

တစ်နေ့သ၌ ဇော်ဂျီဖောင့် ကို ဖျက်ထားလျက်နှင့် မြန်မာ ဘလောက်ဂါ ဂုရုကြီး ကိုမောင်လှ ၏ မြန်မာစာ ဖြင့်ရေးထားသော ဘလောက်ကို ၄င်း၊ အိပ်မက် ခေါ် အွန်လိုင်း မြန်မာ မဂ္ဂဇင်းကို၎င်း၊ ဖိုရမ်အမ်ကို၎င်း ကောင်းစွာဖတ်ရှု၍ ရကြောင်း အမှတ်မထင် တွေ့ရှိလိုက်လေသည်။ ထိုအခါမှ အံ့သြခြင်းကြီးစွာ ဖြစ်ကာ အကြောင်းရင်းကို ရှာရသည်။ အကြောင်းရင်းကား ကိုမောင်လှ ရှင်းပြထားပြီးသားဖြစ်သော eot လုပ်နည်း ဆိုသည့် အချက်ကို ဂရုမပြုမိခဲ့ခြင်း ကြောင့်ပင်။ အိပ်မက်၏ မော်ဒရေတာကလည်း ထပ်လောင်းရှင်းပြလေသည်။ ဖိုရမ်အမ် မော်ဒရေတာ ကိုရဲသွေး ကမူ html နှင့် css အကြောင်းရေးထားသော ebook များကိုပေးဖတ်လေသည်။

ဤသို့ဖြင့် စာဖတ်လိုက်၊ ကိုမောင်လှရဲ့ လမ်းညွှန်ချက်အတိုင်း စမ်းကြည့်လိုက်နှင့် ဘလောက်ဂါ သက်တမ်း တစ်လနှင့် ၃ ရက်မြောက်နေ့တွင် မြန်မာ ယူနီကုဒ် စနစ်ကို ၄င်း၏ ဘလောက်တွင် အောင်မြင်စွာ ထည့်သွင်း အသုံးပြုနိုင်လိုက်သည်။ ထို့ကြောင့် အတိုင်းတိုင်း အပြည်ပြည်တွင် ရှိကြကုန်သော မြန်မာ မိတ်ဆွေများ အနေဖြင့် IE (Internet Explorer) ကို အသုံးပြုသမျှ ကာလပတ်လုံး၊ မြန်မာဖောင့် ရှိသည် ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ရဲမွန်၏ ဘလောက်ကို ဖတ်ရှုနိုင်လေပြီ

ဤသို့ အဆင်ပြေစေရေး အတွက် ကူညီခဲ့ကြသော အွန်လိုင်း မိတ်ဆွေများဖြစ်ကြသည့် ကိုမောင်လှ၊ အိပ်မက် မော်ဒရေတာ၊ နှင့် ဖိုရမ်အမ် မော်ဒရေတာ ကိုရဲသွေး တို့ကို ရဲမွန်မှ နေ၍ အထူး ကျေးဇူးတင်ရှိကြောင်း ပြောကြားလေသည်။

အံ့စရာ နည်းပညာလောကပါတကား။


Read More...

testing eot

၇၊ ၁၊ ၂၀၀၇

ဇော်ဂျီဖောင့်ကို စမ်းသပ် ကြည့်ခြင်း။


အမည် နှင့် လိုက်အောင် ကိုယ်ပျောက်နိုင်စွမ်းရှိတဲ့ ဇော်ဂျီတွေပါပဲ။ ယူနီကုဒ် မရှိလို့ မမြင်ရတာနဲ့၊ ဘရောက်ဇာ က မပြလို့ မမြင်ရတာနဲ့ စုံလို့ပါပဲ။ အခုတော့ ကိုမောင်လှ ရဲ့ လမ်းညွှန်ချက်ကို ခံယူပြီး အီးအိုတီ နဲ့ စမ်းကြည့်လိုက်ပါတယ်။ မမြင်ရရင်တော့ ဇော်ဂျီ တကယ်စွမ်းတယ်လို့ ဆိုရတော့မှာပေါ့။

Read More...