ဘာရယ်တော့ မဟုတ်ပါဘူး။ အပြောင်းအလဲလေးပေါ့။ ကော်ဖီပူလေး သောက်လိုက်ပါဦး။ မှတ်ချက်လေးများလဲ ထားသွားပေးပါ။ ကျေးဇူး။
Saturday, July 14, 2007
Changing Skin
ဘာရယ်တော့ မဟုတ်ပါဘူး။ အပြောင်းအလဲလေးပေါ့။ ကော်ဖီပူလေး သောက်လိုက်ပါဦး။ မှတ်ချက်လေးများလဲ ထားသွားပေးပါ။ ကျေးဇူး။
7
comments
Labels:
burmese,
general
Friday, July 13, 2007
Taking courses for Audit and Credit
၁၃၊ ၇၊ ၂၀၀၇
အောဒစ် နှင့် ခရက်ဒစ်
ပြုစုသူ။ ။ ရဲမွန်မြင့်
ဝန်ခံချက်
မိတ်ဆက်
ပြုစုသူ၏ ကိုယ်ပိုင်အတွေ့အကြုံ နှင့် ဘလွန်းဘတ် ပြည်သူ့ကျန်းမာရေးကျောင်း (Johns Hopkins Bloomberg School of Public Health) ၏ သတ်မှတ်ချက်များအပေါ် အခြေခံ ရေးသားခြင်းဖြစ်သည်။ ကျောင်း၊ ဘာသာရပ်အလိုက် ကွဲပြားမှုများ ရှိနိုင်ကြောင်း သတိချပ်ပါ။ လက်ရှိအနေအထားနှင့် လိုအပ်ချက်များကို သိရှိလိုပါက သက်ဆိုင်ရာ ကျောင်း၊ ဌာနများ၏ ၀က်ဆိုဒ်များကို လေ့လာဖတ်ရှုပါရန် တိုက်တွန်းလိုသည်။ ဤရေးသားချက်များမှာ နိဒါန်းသဘောမျှ ပြောပြလိုခြင်းသာဖြစ်သည်။
မိတ်ဆက်
ပြည်သူ့ကျန်းမာရေးမဟာဘွဲ့ တက်ရာတွင် မဖြစ်မနေ ယူရမည့်ဘာသာရပ်များ (Required Courses) ရှိသလို စိတ်ကြိုက်ယူနိုင်သော ဘာသာရပ်များ (Elective Courses) လည်း ရှိကြောင်းပြောခဲ့ပြီးဖြစ်သည်။ ထိုကဲ့သို့ ဘာသာရပ်များကို ရွေးချယ်နိုင်သလို ဘာသာရပ်တစ်ခုချင်းစီကို သင်ယူရာတွင် အောဒစ် (Audit) အနေဖြင့် ယူမည်လော သို့မဟုတ် ခရက်ဒစ် (Credit) အနေဖြင့် ယူမည်လော ဆိုသည်မှာ ကျောင်းသား၊သူ များ ဆုံးဖြတ်ရမည့် ကိစ္စ တစ်ခုပင်ဖြစ်သည်။ အရွေးအချယ်မှားလျင် နောက်ပိုင်း ဆက်လက်သင်ယူမည့် ဘွဲ့များ၊ သင်တန်းများတွင် အခက်အခဲ ရှိနိုင်သည်။
အောဒစ် (Audit) ဆိုသည်မှာ
ခရက်ဒစ် (Credit) ဆိုသည်မှာ
ဂရိတ် ဆိုသည်မှာ
အားသာချက်
အားသာချက်
"ကြိုတင်ပြင်ဆင်အောင်ပွဲဝင်"
အားလုံး အဆင်ပြေကြပါစေ။
မောင်ရဲမွန်
လေ့လာလိုသည့် သဘောဖြင့် အတန်းသွားတက်ခြင်းကို ဆိုလိုသည်။ အိမ်စာများ၊ ကြိုတင်လေ့လာရန် စာတမ်းများကို လုပ်ဆောင်ရန် မလိုပေ။ အဖွဲ့လိုက် လုပ်ဆောင်ရသည့် စာတမ်းများ (Group work) တွင်လည်း တာဝန် သိပ်မယူရပေ။ ဆရာက ခွင့်ပြုဖို့တော့လိုသည်။ ကျောင်းလခ ပေးရန်မလို။ ထို့ကြောင့် ကျောင်းအနေဖြင့် ဤကျောင်းသားမျိုးအတွက် ၀င်ငွေမရပေ။အားသာချက်
- မိမိအနေဖြင့် ဘာသာရပ်တစ်ခုအကြောင်းကို လေ့လာလိုသည်။ အကြမ်းဖျဉ်းသိလိုသည်။ သို့သော် အိမ်စာလုပ်ရန် နှင့် စာလိုက်ဖတ်ရန် အချိန်မပေးနိုင်ပါက အောဒစ် အနေဖြင့်တက်လျင် အဆင်ပြေသည်။
- ပွင့်ပွင့်လင်းလင်း ပြောရလျင် သူများ ဒီဘာသာရပ်အကြောင်းပြောနေလျင် နည်းနည်း လိုက်ရွှီး နိုင်သည်။ ဘာတွေပြောနေလဲ ဆိုတာ နားလည်သည်။ နှိုက်နှိုက်ချွတ်ချွတ် မေးလာလျင်ကား ကျွန်တော်၊ ကျွန်မ စာအုပ်ပြန်ကြည့်ပေးပါမည် ဟု ပြောရပေတော့မည်။
- သင်ကြားသည့်ဆရာက ဒီကျောင်းသားဟာ မိမိဘာသာရပ်ကို အာပလာ ထင်ပြီး အပျော်လာတက်သည်ဟု ယူဆကာ သိပ်မကြိုက်လှ။ ဒါကလည်း ဆရာပေါ်မူတည်သည်။ လူတက်နည်းသော အတန်းတွင် မိမိက အောဒစ်ယူမည် ဆိုလျင်ပင် ဈေးသည် နမူနာပေးသည့် သဘောဖြင့် ဆရာက လိုလိုချင်ချင် လက်ခံတတ်သည်။ နောင်အခါ ခရက်ဒစ်ယူသည့် ကျောင်းသား ဖြစ်လာနိုင်သည် မဟုတ်လော။
- မိမိ၏ အနီးကပ်ကြည့်ကြပ်သောဆရာ (Academic adviser) ကလည်း ဒီကျောင်းသားကတော့ဖြင့် စာကို ထဲထဲဝင်ဝင် မလေ့လာချင်ဘူးဟု အမြင်ရောက်စေသည်။ ထိုသို့မြင်လျင် နောက်နောင် ထိုဆရာထံမှ ထောက်ခံစာ တောင်းခံရာတွင် ပြဿနာ ရှိလာနိုင်သည်။
- နောက်ပိုင်းတွင် ထိုဘာသာရပ်ကို ပိုပြီး စိတ်ဝင်စားလာကာ ထိုဘာသာနှင့် ဆက်စပ်သော အခြားအတန်းများကို ဆက်တက်ချင်လာမည်။ သင်တန်းလက်မှတ် (Certificate) ရအောင် သို့မဟုတ် ဘွဲ့ (Degree) ရအောင် ဆက်သွားမည်ဆိုလျင် အောဒစ် အနေဖြင့် တက်ထားခြင်းက မလုံလောက်ပါ။ ထိုအတန်းကိုပင် ခရက်ဒစ်အနေဖြင့် ပြန်လည်တက်ရပေမည်။ ယေဘူယျအားဖြင့် အတန်း (Course) တစ်ခုမှာ တစ်နှစ်လျင် တစ်ခါမျှသာ သင်ကြားသဖြင့် နောက်နှစ် ဒီအချိန်ရောက်သည်အထိ ပြန်လည် စောင့်စားရတတ်သည်။ ထိုအခါ အချိန် အလွန်ပုတ်ပါသည်။
ခရက်ဒစ် (Credit) ဆိုသည်မှာ
အတန်း (Course) တစ်ခုကို ပီပီပြင်ပြင် လေ့လာခြင်းပင်။ ဖတ်စရာရှိသည်များကို ဖတ်မည်၊ အိမ်စာလုပ်စရာရှိလုပ်မည်၊ အတန်းထဲတွင် ဦးဆောင်ဆွေးနွေးစရာရှိ ဆွေးနွေးမည်၊ အဖွဲ့လိုက် လုပ်ဆောင်စရာ ရှိသည်များတွင် မျှမျှတတ တာဝန်ယူမည်၊ စာမေးပွဲ ဖြေမည်
အစရှိသည်တို့ဖြစ်သည်။ ခရက်ဒစ်တွင်ပင် နှစ်မျိုးခွဲ ၍ ရနိုင်သေးသည်။
- အောင်၊ရှုံး (pass/fail) နှင့်
- ဂရိတ် (letter grade) တို့ဖြစ်သည်။
စာမေးပွဲ (သို့) စာတမ်း လုပ်ဆောင်ပြီးလျင် ဤဘာသာရပ်ကို အောင်မြင်သည်၊ ကျရှုံးသည်ဟု သာ ထုတ်ပြန်ပေးသည်။ ရရှိသည့် အမှတ် အတိအကျကို မပြောပေ။
ဂရိတ် ဆိုသည်မှာ
စာမေးပွဲ (သို့) စာတမ်း လုပ်ဆောင်ပြီးလျင် အမှတ်မည်မျှ ရသည်ဟု ထုတ်ပြန်ပေးသည်။ သို့ရာတွင် ဂရိတ်ပေးပုံ ပေးနည်းမှာ ကျွန်တော်တို့ ရန်ကုန်ရှိ ဆေးတက္ကသိုလ်တွင် အမှတ်ပေးပုံနှင့် အနည်းငယ် ကွာခြား၍ နည်းနည်း ရှင်းလင်းလိုသည်။အောင်၊ရှုံး (pass/fail)
ရန်ကုန်တွင် အမှတ် ၁၀၀ ပေးရာ၌် မိမိက မည်မျှရသည်ဟု ပြောသည်။ ထို့နောက် ရမှတ် ၉၀ ကျော်လျင် ဂရိတ်အေ (Grade-A) ရမှတ် ၈၀ မှ ၉၀ ကြား ရလျင် ဂရိတ်ဘီ (Grade-B) စသည်ဖြင့် ခွဲခြားလေ့ရှိသည်။ ထို့ကြောင့် အချို့ ဘာသာရပ်များ (ဥပမာ - မြန်မာစာ) ဆိုလျင် အမှတ် ၉၀ ကျော်သူ မရှိသလောက်ရှားရကား ဂရိတ်အေ ရသူ လုံးဝမရှိသည့် နှစ်များပင်ရှိသည်။
ဂျွန်စ်ဟော့ပ်ကင်း၏ အမှတ်ပေးပုံမှာ အမှတ် ၁၀၀ တွင် ဤကျောင်းသား မည်မျှရသည် ဆိုသည်အထိ ရန်ကုန်ကျောင်းနှင့် အတူတူပင်။ သို့ရာတွင် ဂရိတ်ခွဲပုံကွာခြားသည်။ ယခုနှစ် တက်သည့် ကျောင်းသားအားလုံးထဲမှ အမှတ်အများဆုံး ရသည့် ၁၀ ရာခိုင်နှုန်းသည် ဂရိတ်အေ (Grade-A) ရရှိပြီး ဒုတိယ အမှတ်အများဆုံး ကျောင်းသား ၁၀ ရာခိုင်နှုန်းက ဂရိတ်ဘီ (Grade-B) ရရှိလေသည်။ (မှတ်ချက်။ ။ ချွင်းချက်ရှိသော ဘာသာရပ်များ ရှိသည်။) တစ်ခါတစ်ရံ မေးခွန်းခက်သဖြင့် အမှတ်အများဆုံး ကျောင်းသားပင် ရမှတ် ၈၅ ခန့်သာ ရရှိသည် ဆိုပါစို့ ထိုကျောင်းသားသည် ရန်ကုန်မှ အမှတ်ပေးစနစ် အတိုင်းဆိုလျင် ဂရိတ်ဘီ ဖြစ်နေပေမည်။ သို့ရာတွင် ဂျွန်စ်ဟော့ပ်ကင်း ဂရိတ်သတ်မှတ်ပုံအရ ထိုကျောင်းသားမှာ ဂရိတ်အေ ကျောင်းသားပင်ဖြစ်သည်။ အနှစ်ချုပ်ရလျင် ဂရိတ်အေ (Grade-A) ဆိုသည်မှာ အတန်းထဲရှိ အမှတ် အများဆုံး ကျောင်းသား ၁၀% တွင် ပါဝင်သည်ဟု ဆိုလိုရင်းဖြစ်သည်။
အားသာချက်
- စာအများကြီး ဖတ်ရန်မလို။ အောင်ရုံလောက်သာ ဖတ်ရန်လိုသည်။
- အချိန်သိပ်မကုန်။
- စာကို အော်ဒစ်ယူသည်ထက် ပိုနားလည်နိုင်။
- ဘွဲ့(Degree) သို့မဟုတ် သင်တန်းလက်မှတ် (Certificate) ရရှိရန်လုံလောက်နိုင်သည်။ (မှတ်ချက်။ ချွင်းချက်များရှိသည်ကို သတိပြုပါ။)
- အောင်၊ရှုံး သိရသဖြင့် မိမိ တကယ် သိမသိကို စမ်းစစ် ပြီးသားဖြစ်သည်။
- တစ်ခါတစ်ရံ ဘွဲ့(Degree) သို့မဟုတ် သင်တန်းလက်မှတ် (Certificate) ရရှိရန် မလုံလောက် သဖြင့် ဂရိတ် (letter grade) အနေဖြင့် ထပ်မံ တက်ရသည်မျိုး ဖြစ်နိုင်သည်။ အချိန်ပုတ်သည်။
- အလကား မရ။ ကျောင်းလခ ပေးရန်လိုသည်။
- အနီးကပ်ကြည့်ကြပ်သောဆရာ (Academic adviser) က မကြည်မဖြူဖြစ်နိုင်သည်။ (မှတ်ချက်။ ဆရာပေါ်မူတည်။ ပုံသေမမှတ်ပါနှင့်။)
အားသာချက်
- ဘာသာရပ်ကို ထဲထဲဝင်ဝင် လေ့လာမိသည်။
- မိမိ ဘယ်လောက် နားလည်သလဲ ဆိုသည်ကို စမ်းစစ်ပြီးသားဖြစ်သည်။
- ဘွဲ့(Degree) သို့မဟုတ် သင်တန်းလက်မှတ် (Certificate) ရရှိရန်လုံလောက်သည်။ (မှတ်ချက်။ လိုအပ်သော ဂရိတ်ရရန် အရေးကြီးသည်။ ဂရိတ်စီ (Grade-C) ရနေပါက သိပ်မကောင်းပေ။ ထိုအတန်းကို ပြန်တက်ရတတ်သည်။)
- ဂရိတ်ကောင်းလျင် အနီးကပ်ကြည့်ကြပ်သောဆရာ (Academic adviser) ရှေ့တွင် မျက်နှာပန်းလှသည်။ အလုပ်လျောက်ရန် ထောက်ခံခိုင်းလျင် အားသာသည်။
- အချိန်တော်တော် ပေးရသည်။
- ဂရိတ်ကောင်းကောင်း ရမှ ရပါ့မလားဟု စိတ်ပူပန်ရသည်။
- အလကား မရ။ ကျောင်းလခ ပေးရန်လိုသည်။
Myanmar Development Community Forum (MDCF) တွင် လာရောက် မေးမြန်းပါရန် ဖိတ်ခေါ်အပ်ပါသည်။
"ကြိုတင်ပြင်ဆင်အောင်ပွဲဝင်"
အားလုံး အဆင်ပြေကြပါစေ။
မောင်ရဲမွန်
0
comments
Labels:
burmese,
public health
Wednesday, July 11, 2007
Byine-1
၁၁၊ ၇၊ ၂၀၀၇
ဗျိုင်း (၁)
တောင်းထဲထည့် ခေါင်းပေါ်ရွက်ရောင်းသည့်အရာ
တောင်းထဲထည့် ခေါင်းပေါ်ရွက်ရောင်းသည့်အရာ
အမေရိကားရောက် မြန်မာမိသားတစ်စု၏အိမ်တွင် မြန်မာအများ စုဆုံကြစဉ်ကဖြစ်သည်။ မြန်မာနိုင်ငံတွင် တက္ကသိုလ် တတိယနှစ်အထိတက်ပြီး အကြောင်းကြောင်းကြောင့် အမေရိကားရောက်လာသူ လူငယ်တစ်ဦးနှင့် အခြား လူကြီးတစ်ဦးတို့ စကား လက်ဆုံကျနေကြသည်။
လူကြီး။ ။ အေးကွာ ဦးလည်း ဒီရောက်နေတာ အနှစ်သုံးဆယ်လောက် ရှိပြီ။ မြန်မာပြည်ကိုတော့ အရမ်းသတိရနေတုန်းပဲ။
လူငယ်။ ။ ဟုတ်တယ် အန်ကယ်ရာ ကျွန်တော်လည်း အရမ်းသတိရတာပဲ။ အထူးသဖြင့် အစားအသောက်ပေါ့။
လူကြီး။ ။ မောင်ရင်က ဘယ်အစားအသောက်ကို ပိုသတိရလဲ။
လူငယ်။ ။ (ခေါင်းအနည်းငယ်ကုတ်၍) ဟိုလေ . . . ဟိုဟာ . . . အန်ကယ်ရာ . . . ခေါင်းပေါ်မှာ တောင်းနဲ့ရွက်ပြီး မနက်မနက်ဆို လာရောင်းတဲ့ ဟာလေဗျာ။ ကျွန်တော် ပါးစပ်ဖျားတင် မေ့နေတယ်။
လူကြီး။ ။ (မျက်မှောင်ကျုပ်လျက်) နေပါဦး မောင်ရင်ရဲ့ ပဲပြုတ် ကိုပြောတာလား။
လူငယ်။ ။ အား . . . သက်စ်ရိုက် . . . ဟုတ်တယ် . . . ဟုတ်တယ်။ ပဲ . . ပြုတ် ။ ပဲ . . ပြုတ် . . . ဟု ပြန်မမေ့ရန် ဆီမန်းမန်းသကဲ့သို့ တတွတ်တွတ် ရေရွတ်နေလေတော့သည်။
2
comments
Labels:
burmese,
forget-me-not,
general,
jokes
Tuesday, July 10, 2007
MPH in Johns Hopkins (2007)
၁၀၊ ၇၊ ၂၀၀၇
ပြည်သူ့ကျန်းမာရေး မဟာဘွဲ့ (အချိန်ပြည့်သင်တန်း)
ဘလွန်းဘတ် ပြည်သူ့ကျန်းမာရေးကျောင်း
ဂျွန်စ်ဟော့ပ်ကင်း တက္ကသိုလ်
မေရီလန်းပြည်နယ်၊ အမေရိကန်ပြည်ထောင်စု
Master of Public Health (MPH – Full Time)
Bloomberg School of Public Health
Johns Hopkins Unviersity
Maryland, USA်
ဘလွန်းဘတ် ပြည်သူ့ကျန်းမာရေးကျောင်း
ဂျွန်စ်ဟော့ပ်ကင်း တက္ကသိုလ်
မေရီလန်းပြည်နယ်၊ အမေရိကန်ပြည်ထောင်စု
Master of Public Health (MPH – Full Time)
Bloomberg School of Public Health
Johns Hopkins Unviersity
Maryland, USA်
ပြုစုသူ ။ ။ ရဲမွန်မြင့်
ဝန်ခံချက်
ဤဆောင်းပါးမှာ ပြုစုသူ၏ ကိုယ်ပိုင် အတွေ့အကြုံ နှင့် အင်တာနက်ရှိ အချက်အလက်များပေါ် အခြေခံ၍ ရေးသားထားခြင်းဖြစ်ပြီး အထက်ဖော်ပြပါ တက္ကသိုလ်၏ တရားဝင် ဘာသာပြန်ဆိုမှု မဟုတ်ကြောင်းသိစေအပ်ပါသည်။ကျောင်းအကြောင်း
ဂျွန်စ်ဟော့ပ်ကင်း တက္ကသိုလ်၏ ပြည်သူ့ကျန်းမာရေး သင်တန်းကျောင်းသည် ကမ္ဘာပေါ်တွင် ပထမဆုံး တည်ထောင်သော သင်တန်းကျောင်းဖြစ်သည်။ နိုင်ငံပေါင်း ၈၃ နိုင်ငံမှ ကျောင်းသား၊ ကျောင်းသူပေါင်း ၂၀၀၀ ကျော်ခန့် တက်ရောက် ပညာသင်ကြားလျက်ရှိပြီး မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံပေါင်း ၉၀ ကျော်တွင် သုတေသန လုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည်။ ၂၀၀၇ ခုနှစ်တွင် U.S. News & World Report က အမေရိကန်နိုင်ငံရှိ ပြည်သူ့ကျန်းမာရေး သင်တန်းကျောင်းများတွင် နံပါတ်-၁ အဆင့်ရှိသည်ဟု သတ်မှတ်ခံရပါသည်။ ဟားဗတ်တက္ကသိုလ် နှင့် မြောက်ကာရိုလိုင်းနားတက္ကသိုလ် ရှိ ပြည်သူ့ကျန်းမာရေး သင်တန်းကျောင်းများက နံပါတ်-၂ နှင့် ၃ နေရာတွင် အသီးသီး ရှိကြသည်။
သင်တန်းအကြောင်း
မိတ်ဆက်
ပြည်သူ့ကျန်းမာရေး ပညာရပ်အောက်တွင် ဘာသာခွဲပေါင်းများစွာ ရှိပြီး ၄င်းဘာသာခွဲများကို ဌာနများအဖြစ် စုစည်းထားသည်။ ဥပမာအားဖြင့် - ဖွံ့ဖြိုးဆဲနိုင်ငံများဆိုင်ရာ ပြည်သူ့ကျန်းမာရေး (International Health)၊ ဇီဝဗေဒဆိုင်ရာစာရင်းအင်းပညာ (Biostatistics)၊ ကူးစက်ရောဂါ ပျံ့ပွားခြင်းနှင့် ကာကွယ်ခြင်းဆိုင်ရာ ပညာရပ် (Epidemiology)၊ စိတ်ကျန်းမာရေး (Mental Health)၊ မျိုးဆက်ပွားကျန်းမာရေး (Reproductive Health)၊ စသည်တို့ဖြစ်သည်။ ပြည်သူ့ကျန်းမာရေးမဟာဘွဲ့မှာ ထိုသို့သော ဘာသာခွဲများကို ကျယ်ကျယ်ပြန့်ပြန့် ခြုံငုံ သိရှိနိုင်ရန် သင်ကြားပေးသော သင်တန်းဖြစ်သည်။ ဘာသာခွဲ တစ်ခုချင်းကို နှိုက်နှိုက်ချွတ်ချွတ် သင်ကြားပေးခြင်းမျိုးကား မဟုတ်ပေ။ ထို့ကြောင့် ဌာန တစ်ခုတည်းတွင် ပညာသင်ကြားရခြင်းမျိုးမဟုတ်ပဲ ဌာနစုံမှ သင်ကြားသော အတန်းများကို လိုက်လံ တက်ရောက်ရသည်။သင်တန်းကာလ
ဤကျောင်းတွင် Term system ဖြင့် သင်ကြားသည်။ ဆိုလိုသည်မှာ စာသင်နှစ် တစ်နှစ်ကို ၂-လ စီ ပိုင်းခြားပြီး သင်ကြားခြင်းဖြစ်သည်။ (စကားချပ်။ အချို့ တက္ကသိုလ်များတွင် Semester system ဖြင့် သင်ကြားသည်။ စာသင်နှစ် တစ်နှစ်ကို ၄-လ စီ သို့မဟုတ် ၆-လ စီ ပိုင်းခြားပြီး သင်ကြားခြင်းဖြစ်သည်။) သင်တန်းကာလ ၁၁-လ ကို ၂-လ စီရှိ Term ၅-ခု (Summer, First, Second, Third, and Fourth) ခွဲခြားထားသည်။ ၁၁-လ ဖြစ်ရခြင်းမှာ ဇန္န၀ါရီ တစ်လ ကျောင်းပိတ်ရက် ပါသောကြောင့်ဖြစ်သည်။ အချိန်ပြည့်သင်တန်းများမှာ နှစ်စဉ် ဇူလိုင်လတွင် စတင်ပြီး မေလတွင် ပြီးဆုံးသည်။သင်တန်းတွင် သင်ယူရမည့်ဘာသာရပ်များ
မဖြစ်မနေယူရမည့်ဘာသာများ
ဤဘာသာရပ်များမှာ မဟာဘွဲ့အတွက် မတက်မဖြစ် တက်ရမည့် ဘာသာများဖြစ်သည်။စာတမ်းတိုပြုစုခြင်း
မဟာဘွဲ့ ရရှိရန် အထူးလိုအပ်ချက်အနေဖြင့် စာတမ်းတို တစ်စောင်ပြုစုရသည်။စိတ်ကြိုက်ဘာသာများ
ဤဘာသာရပ်များ အနက်မှ မိမိ နှစ်သက်ရာကို ရွေးချယ် သင်ယူနိုင်သည်။အထူးပြုကဏ္ဍ
မိမိနှစ်သက်ရာ ဌာန (သို့မဟုတ်) ကဏ္ဍ အလိုက် ဘာသာရပ် အတွဲများကို စိတ်ကြိုက် ရွေးချယ် သင်ယူနိုင်သည်။ မဟာဘွဲ့ ရရှိရန် လိုအပ်ချက်တစ်ခု မဟုတ်ပါ။ကျောင်းဝင်ခွင့် လျောက်ထားခြင်း
လိုအပ်ချက်များ
- ၀ိဇ္ဇာ၊ သိပ္ပံဘွဲ့ တစ်ခုခု (ဆရာဝန် ဖြစ်ရန် မလိုပါ)
- ဘွဲ့ရပြီးနောက် လုပ်ကိုင်သော ကျန်းမာရေး နှင့်ပတ်သက်သည့် အလုပ်အတွေ့အကြုံ ၂-နှစ်
- တက္ကသိုလ်တွင် အောက်ပါ ဘာသာရပ်များ သင်ကြားဖူးရမည်
သင်္ချာ
ဇီဝဗေဒ
ကျန်းမာရေးဆိုင်ရာဘာသာရပ် တစ်ခုခု ( အာဟာရ၊ အဏုဇီဝဗေဒ၊ ခန္ဓာဗေဒ၊ ဇီဝဗေဒ စသည် )
- အင်္ဂလိပ်စာ (Paper-based TOEFL) အမှတ် အနည်းဆုံး ၆၀၀ ရရှိရမည်
- ဂျီအာအီး (GRE) - အမှတ် ပါရှိရမည်
- သင်တန်းတက်ရောက်လိုရခြင်း ရည်ရွယ်ချက် နှင့်ပတ်သက်သည့် စာစီစာကုံး
- ကိုယ်ရေးရာဇ၀င် အကျဉ်း
- တက္ကသိုလ်မှ အမှတ်စာရင်းများ နှင့် ဘွဲ့လက်မှတ်များ
- ထောက်ခံစာ ၃ စောင် (တက္ကသိုလ်မှ ဆရာ၊ မိမိ အထက်အရာရှိ စသူတို့ထံမှ)
- လျောက်လွှာပိတ်ရက် - ဒီဇင်ဘာ ၁ ရက်နေ့
လိုအပ်ချက်များ ပြည့်စုံပါက ကျောင်းဝင်ခွင့်မှာ လွယ်လွယ်ကူကူ ရရှိနိုင်ပါသည်။ မြန်မာကျောင်းသား အနည်းစုသာ ရှိသဖြင့် အရည်အချင်း ပြည့်မီပါက မြန်မာကျောင်းသားကို လက်ခံလိုပါသည်။ ဆရာဝန်ဘွဲ့ ရရှိထားသော မြန်မာများမှာ USMLE ဖြေဆိုထားပြီး ဖြစ်ပါက ၄င်းအမှတ်ကို GRE အစား တင်ပြနိုင်သည်။ အရေးကြီးသော အချက် တစ်ခုမှာ ထောက်ခံစာရေးပေးသူ ပုဂ္ဂိုလ်များ၏ ထောက်ခံချက်ဖြစ်သည်။ အများနှင့် ဆင်တူနေလျင်၎င်း၊ သာမာန် ထောက်ခံစာမျှသာ ဖြစ်နေလျင်၎င်း သိပ်အသုံးမ၀င်လှပေ။စရိတ်စကများ
ကျောင်းလခ
၂၀၀၇ ခုနှစ်တွင် Term တစ်ခု (၂-လ) အတွက် ကျောင်းလခမှာ - ၈၂၄၄ ဒေါ်လာ ဖြစ်၍ တစ်နှစ်စာ အတွက် ဒေါ်လာ ၄၁၂၂၀ ကုန်ကျသည်။နေစရိတ်
ကျောင်းဆောင်တွင်နေလျင် တစ်လ ဒေါ်လာ ၄၀၀ ခန့် ကုန်ကျသည်။ အပြင်တွင် ငှားနေလျင် တစ်လ ဒေါ်လာ ၃၅၀ - ၇၀၀ ခန့် အထိ အိမ်၊ အခန်းအမျိုးအစားကို လိုက်၍ ကုန်ကျသည်။စားစရိတ်
မိမိဘာသာ ချက်ပြုတ်စားသောက်လျင် တစ်လလျင် စားစရိတ် ဒေါ်လာ ၃၀၀ မှ ၄၀၀ ခန့် ကုန်ကျနိုင်သည်။ခရီးစရိတ်
ကျောင်းဆောင်တွင်နေလျင် ကျောင်းကို လမ်းလျောက်သွား၍ ရပါသည်။ ပြင်ပတွင် ငှားနေပါကလည်း ကျောင်းကား ပြေးဆွဲသော လမ်းတလျောက် နေထိုင်ပါက ကျောင်းကား အခမဲ့ စီးနိုင်ပါသည်။ အခြားမြို့များသို့ အလည်အပတ်သွားလိုပါက မိမိသွားသလောက် ကုန်ကျမည်ဖြစ်သည်။လျောက်လွှာကြေး
အင်တာနက်မှတဆင့် လျောက်လျင် ၄၅ ဒေါ်လာ၊ စာတိုက်မှတဆင့်လျောက်လျင် ဒေါ်လာ ၁၅၀ ပေးသွင်းရသည်။ကျောင်းလခကြိုတင်သွင်းငွေ
ကျောင်းဝင်ခွင့် ရရှိပါက ကျောင်းလခအတွက် ကြိုတင်ငွေ ဒေါ်လာ ၆၀၀ ပေးသွင်းရသည်။ပညာသင်ဆု
မြန်မာကျောင်းသားများအတွက် သီးသန့်ပေးသော ပညာသင်ဆု မရှိ။ အခြားနိုင်ငံများမှ ကျောင်းသားများနှင့် ယှဉ်ပြိုင်ပြီးမှ ရနိုင်သော ပညာသင်ဆု အချို့ရှိသည်။ အပြိုင်အဆိုင်များသဖြင့် ရရှိရန် ခက်ခဲသည်။ မိမိ၏ တက္ကသိုလ်တွင် ရရှိခဲ့သော အမှတ်များ၊ လုပ်ကိုင်ဖူးသော အလုပ်အကိုင် နှင့် အကြီးအကဲတို့ထံမှ ထောက်ခံချက်များ၊ မိမိ၏ ရည်မှန်းချက် ပန်းတိုင်ကို ရှင်းလင်း ပြောပြနိုင်မှုများ၊ နှင့် အခြား ဆုများ ရရှိခဲ့ဖူးခြင်းများ အပေါ်မူတည်သည်။ ထို့ကြောင့် အခြားသော ပညာသင်ဆုများ (ဥပမာ - ကမ္ဘာ့ဘဏ် ပညာသင်ဆု) ကိုလည်း တပြိုင်တည်း လျောက်ထားသင့်သည်။ဘွဲ့ရပြီးလျင် ရရှိနိုင်သောအလုပ်များ
မိမိ၏ ယခင် အလုပ်အတွေ့အကြုံ၊ ကျောင်းတက်စဉ် ရမှတ်များ၊ ပါမောက္ခများ၏ ထောက်ခံချက် နှင့် အဆက်အသွယ်များပေါ် မူတည်သည်။ ဤကျောင်းမှ မဟာဘွဲ့ရသူများမှာ နေရာ၊ ဒေသ၊ ဌာန အစုံတွင် လုပ်ကိုင်နေကြသဖြင့် မည်သည့်အလုပ်မျိုး ရရှိနိုင်သည်ဟု အာမ မခံနိုင်ပေ။ ကျောင်းတက်နေစဉ် ကာလမှာပင် မိမိ ဆက်လက် လုပ်ကိုင်လိုသော အလုပ်ဌာနမျိုး နှင့် ပတ်သက်၍ စူးစမ်းလေ့လာ ဆက်သွယ်ထားရန်လိုသည်။အချို့ကျောင်းသား၊ ကျောင်းသူများမှာ -
- OPT (Optional Practical Training) ခေါ် တစ်နှစ်ယာယီ အလုပ်လုပ်ခွင့် လျောက်ထားပြီး မိမိစိတ်ဝင်စားသော ရုံးဌာနများတွင် အလုပ်သင် အနေဖြင့်သော်၎င်း၊ အရာရှိငယ်အနေဖြင့်သော်၎င်း ၀င်ရောက်လုပ်ကိုင်ကြသည်။ ထိုမှတဆင့် ပုံမှန် အလုပ်များကို လျောက်ထားကြသည်။
- ပါရဂူဘွဲ့ သင်တန်းများကို ဆက်လက်တက်ရောက်ကြသည်။
- ပါမောက္ခများ၏ သုတေသန စီမံချက်များတွင် ၀င်ရောက်လုပ်ကိုင်ကြသည်။
- မိမိ မူရင်းအလုပ်ဌာနများတွင် ပြန်လည်လုပ်ကိုင်ကြသည်။
ပိုမို ပြည့်စုံ တိကျသော အချက်အလက်များ အတွက် အဆိုပါကျောင်း၏ ၀က်ဆိုဒ် ကိုသွားရောက် ကြည့်ရှုပါရန်။ဤဆောင်းပါးနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းလိုပါက
Myanmar Development Community Forum (MDCF) တွင် လာရောက် မေးမြန်းပါရန် ဖိတ်ခေါ်အပ်ပါသည်။
"ကြိုတင်ပြင်ဆင်အောင်ပွဲဝင်"
အားလုံးအဆင်ပြေကြပါစေ။
မောင်ရဲမွန်
0
comments
Labels:
burmese,
public health
Ma Byine
၁၀၊ ၇၊ ၂၀၀၇
ဆီးသီးသည် မဗျိုင်း
မဗျိုင်း လူဝင်စားများကို မကြာခဏ ကြုံဆုံရပြီးသကာလ ငယ်စဉ်က ဖတ်ဖူးတဲ့ ပုံပြင်လေးတစ်ပုဒ်ကို ပြန်ပြောလိုစိတ်ဖြစ်လာပါတယ်။
တရံရောအခါက ရွာတစ်ရွာမှာ အလွန်တရာမှ ဆင်းရဲတဲ့ မဗျိုင်းဆိုတဲ့ မိန်းကလေးတစ်ယောက်ရှိသတဲ့။ မိဘများလည်း ကွယ်လွန်ကုန်ကြ၍ ကြီးဒေါ်အပျိုကြီးနှင့် နေရရှာသတဲ့။ မဗျိုင်းလေးဟာ သူငယ်ချင်းတစ်စုနဲ့ ရွာထိပ်က ဆီးသီးပင်မှာ ဆီးသီးကောက်ပြီး မလှမ်းမကန်းက ရွာတွေမှာ သွားရောင်းကာ ကြီးဒေါ်ကြီးကို ၀င်ငွေလေးရအောင် ကူညီလေ့ရှိပါတယ်။ တစ်နေ့မှာတော့ ဆီးသီးရောင်းဖို့အလာ ရှင်ဘုရင်ကြီးတိုင်းခန်း လှည့်တာနဲ့ ကြုံပါလေရော။ မဗျိုင်းလေးဟာ ဆီးသီးသည်ဆိုပေမယ့် ရှေးပါရမီကြောင့် အလွန်တရာမှ ချောမောလှပတော့ ရှင်ဘုရင်ကြီးလည်း ပစ်လဲကျ . . ဘိုင်း . . . ဖြစ်သွားပါသတဲ့။ အဲဒါနဲ့ ရှင်ဘုရင်ကြီး က မဗျိုင်းလေးကို တော်ကောက်တော်မူပြီး မိဘုရားအရာ မြောက်လေသတဲ့။ ဒီလိုနဲ့ မိဘုရားလေး မဗျိုင်းဟာ ရွှေနန်းတော်ကြီးထဲမှာ ပျော်ရွှင်စွာ စံစားရပါလေရော။
နှစ်တွေ အတန်ကြာတဲ့အခါ မိဘုရား မဗျိုင်းလေးဟာ ရွှေနန်းတော်မှာ နေရတာ ညီးငွေ့လာတဲ့အတွက် ရှင်ဘုရင်ကြီးကို မိမိရွာကို အလည်ပြန်ခွင့်ပေးဖို့ ပန်ကြားသတဲ့။ ရှင်ဘုရင်ကြီးကလည်း အိမ်း ငါကိုယ်တော်မြတ်လည်း ဗကေးရှင်းမယူ တိုင်းခန်း မလှည့်လည်ဖြစ်တာကြာပြီ မိဘုရား မဗျိုင်းနဲ့အတူလိုက်ရင်း တိုင်းခန်းလှည့်လည်မှပဲလို့ အကြံဖြစ်သတဲ့။ ဒါနဲ့ပဲ မှူးမတ်တွေက စီးတော်ဆင်၊ မြင်း စတာတွေ ပြင်ဆင်ပြီး တိုင်းခန်းလှည့်ဖို့ အသင့်ပြုလုပ်ကြပါတယ်။ ဒီလိုနဲ့ မိဘုရားမဗျိုင်းက ဘုရင်ကြီးနဲ့အတူ စီးတော်ဆင်ကြီး စီးပြီး ရွာကို ကြွလာပါတော့တယ်။ ရွာထိပ်အ၀င်မှာတော့ မဗျိုင်းရဲ့ သူငယ်ချင်းမ တွေက ဆီးသီးတွေကောက် ဗန်းထဲ ထည့်ပြီး ဈေးမှာသွားရောင်းဖို့ ပြင်ဆင်နေကြပါတယ်။ ဗြုန်းဆို ဆင်မြင်းတွေ ရောက်လာတော့ ဆီးသီးသည်မလေးတွေလည်း ရုတ်ရုတ်သည်းသည်း ဖြစ်ကာ လမ်းဖယ်သူဖယ်၊ ဘေးကပ်သူကပ်နဲ့ ဖြစ်သွားကြပါတယ်။
မိဘုရား မဗျိုင်းလေးဟာ မိန်းကလေးတွေရဲ့ ဗန်းပေါ်မှာ တင်ထားတဲ့ နီညိုညို အလုံးလေးတွေကို ကြည့်ပြီး ဆင်တော်ကဲကို လှမ်းမေးလိုက်ပါတယ်။ ဟဲ့ . . . မောင်ရင် အဲဒီ နီညိုညို အလုံးလေးတွေဟာ ဘာတွေတုန်း။ ဆင်တော်ကဲက ဆီးသီးပါ မိဘုရားလို့ ပြန်ပြောမလို့ ပြင်တုန်း ရှင်ဘုရင်ကြီးက မဗျိုင်းရေ အဲဒါ ညည်းအရင်က ရောင်းခဲ့တဲ့ ဆီးသီး ဆိုတာပဲလို့ ဆိုကာ မိဘုရား အဆောင်ယောင်တွေ သိမ်းတော်မူပြီး ရွာမှာထားပစ်ခဲ့ပါတော့တယ်။
သင်ခန်းစာ
မောင်ညီမလေးတို့လည်း ဆီးသီးသည် မဗျိုင်းလို ကိုယ့်လာရင်း ဘ၀ကို မမေ့ကြဖို့ ဦးဦး မှာချင်ပါတယ်။စကားချပ်
မူရင်း စာရေးဆရာကို မမှတ်မိ၍ မဖော်ပြနိုင်သည်ကို ခွင့်လွှတ်စေလိုပါသည်။ သိသူများ ရှိက ပြောပါရန်။ ဖန်တရာတေနေသော ပုံပြင်လေးကို မောင်ရဲမွန်တစ်ယောက် ဘာကြောင့် ဘလောက်တင်လာပါသလဲ ဟု အတွေးပေါက်လျင်တော့ . . . ရှေ့လျောက် ဘလောက်များတွင် အမေရိကားရောက် မဗျိုင်းများ နှင့် မောင်ဗျိုင်းများ အကြောင်း ကို အလျဉ်းသင့်သလို ရေးသွားရန် စိတ်ကူးရှိသဖြင့် ဤသို့ အစပျိုးထားကြောင်း အသိပေးလိုပါသည်။ ။
8
comments
Labels:
burmese,
forget-me-not,
general,
story
Subscribe to:
Posts (Atom)