Showing posts with label jokes. Show all posts
Showing posts with label jokes. Show all posts

Tuesday, April 15, 2008

Home Made Jokes for Water Festival

၁၅၊ ၄။ ၂၀၀၈

ရင်တွင်းဖြစ် သံချပ်များ

လွန်လေပြီးသောအခါက သင်္ကြန် ဟာ အမျှော်လင့်ရဆုံး၊ ရင်အခုန်ရဆုံး နဲ့ အပျော်ရဆုံး ရာသီပွဲ ဖြစ်ခဲ့ပါတယ်။ သင်္ကြန် မရောက်ခင် တစ်လအလိုလောက်ကတည်းက သူငယ်ချင်းတွေနဲ့ တိုင်ပင်၊ ပိုက်ဆံစု၊ ဓါတ်ဆီစု၊ ရေပက်ခံကားရှိသူ သူငယ်ချင်းများကို မျက်နှာချိုသွေး၊ ကားပြင် .. စတာတွေနဲ့ အလုပ်ရှုပ်မြဲပါ။ အခုတော့လည်း တစ်ယောက် တစ်နေရာစီ ... ပြန်မတွေ့နိုင်ကြတော့။ ရန်ကုန်တစ်မြို့ထဲ ရှိနေရင်တောင် သင်္ကြန်တွင်း မဆုံနိုင်ကြပေ။ ကိုယ်တိုင်ပင် မြန်မာသင်္ကြန် မကျဖြစ်တာ ၅ နှစ် မကတော့ပြီ။

ထိုစဉ်က လူငယ်တို့ ဘာသာဘာဝ ပျော်ပျော်ရွှင်ရွင် နောက်ပြောင်ခဲ့ကြသော (အနည်းငယ် စူးရှသော စကားလုံးများပါသည့်) နောင်တော့် နောင်တော်ကြီးများ လက်ဆင့်ကမ်းခဲ့သော သံချပ်များနှင့် ကိုယ်တိုင်လုပ် သံချပ်များကို မှတ်တမ်းတင်ထားလိုပါသည်။

ပျော်ရွင်ကြစေလိုသော သဘောဖြင့် နောက်ပြောင် ပြောဆိုကြသည်များဖြစ်၍ သင်္ကြန်တွင် မပျော်တတ်သူများ၊ စကား အကျအန ကောက်တတ်သူများ၊ အဝေဖန်သန်သူများ၊ ကျေးဇူးပြု၍ ဆက်မဖတ်ပါရန် အကြံပြုပါသည်။

ဒါကတော့ ရိုးရိုးကြီးဇေယျ လက်ဆင့်ကမ်း သံချပ်များပါ။
အပျိုပိန်ပိန် ရေမစိမ်နဲ့ ...
... (သံပြိုင်ဆို) အီကြာကွေး ... အီကြာကွေး
အပျို၀၀ ရေမချနဲ့ ...
... (သံပြိုင်ဆို) မုန့်ဖက်ထုပ် ... မုန့်ဖက်ထုပ်
အမေ့ချွေးမ ပျောက်လို့ရှာ ...
... (သံပြိုင်ဆို) တွေ့ပြီ .. တွေ့ပြီ .. သူပဲ .. သူပဲ
နီနီရဲရဲ ပြဲပြဲကြီး ...
... (သံပြိုင်ဆို) ဖရဲသီး ... ဖရဲသီး

ဒါကတော့ ရေပက်ခံထွက်စဉ် ရိုမန်ကြွေပြားကုမ္ပဏီ၏ ရေပက်ခံကားနှင့် ဘေးချင်းယှဉ်ရင်း အသံကုန် အော်ခဲ့သော သံချပ်ကလေး.။
ရိုမန်ကြွေပြား ကပ်ကြပါလား ...
... (သံပြိုင်ဆို) အိမ်သာထဲ ... အိမ်သာထဲ

ဒါကတော့ ကရင်တိုင်းရင်းသားများ အများစု ပါဝင်သော ရေပက်ခံကားနှင့် ဆုံတွေ့စဉ်၊ သင်တိုင်း အင်္ကျီဝတ် အမျိုးသား တစ်ဦးက လမ်းပေါ်တွင် က နေရာ စာရေးသူတို့ သူငယ်ချင်း တသိုက်က ပါးစပ်ဆိုင်းတီးပေးခဲ့တာပါ။ (သီချင်း အလိုက်ကတော့ ကြားနေကျ ကရင်သီချင်း တစ်ပုဒ်အတိုင်းပါ)
၁၀ ပြား နဲ့ ၅ ပြား ပေါင်းတော့ ... ၁၅ ပြားဟေ့ ...
ထီးပေါင် ... ဖိနပ်ပေါင် ... ထီးပေါင်လားဟေ့ ...
မင်းအမေလင်ဟာ ... မင်းအဖေပဲဟေ့ ...

(ဒီအထိကတော့ က နေတဲ့ မောင်က သဘောကျပါတယ် ... ဆက်ပြီး သင်တိုင်းက ကနေတာပေါ့၊ ဒီမှာပဲ ကျွန်တော်တို့ အထဲက တစ်ယောက်က သီချင်းအလိုက်အတိုင်း အရွှမ်းဖောက်လိုက်ပါတယ်)
မင်းညီမကို ငါ့ကိုပေးဟေ့ ...

(အဲဒီလို ဆိုတဲ့အခါမှာတော့ ကနေတဲ့ သကောင့်သား တန့်ကနဲ ရပ်သွားပြီး ဘာဆက်လုပ်ရမှန်း မသိဖြစ်သွားပါတယ်၊ နောက်မှ)
... မပေးဘူးဟေ့ ... မပေးဘူးဟေ့ ...

ဆိုပြီး သူ့သင်္ကြန်ကားပေါ် ပြန်တက်ပြေးသွားပါတော့တယ်။

နောက်ဆုံး စမြုံ့ပြန်ချင်တဲ့သံချပ်ကတော့ နဲနဲ ကြမ်းပါတယ်။ ဖရဲသီး သံချပ်ရဲ့ နောက်ဆက်တွဲ - စကားထာဖွက်ပုံဖြင့် စာရေးသူတို့ သူငယ်ချင်းတတွေ တီထွင်ခဲ့တာပါ။ တီထွင်တယ်လို့ သေချာပေါက်ပြောလို့ရပါတယ်။ အဲဒီနှစ် သင်္ကြန်လည်တုန်းက အကျနေ့မှာ စာရေးသူတို့ အော်ခဲ့တာတွေ အကြပ်နေ့ကျတော့ အခြား ရေပက်ခံကားက မောင်တွေရဲ့ ပါးစပ်ထဲ ရောက်နေလောက်အောင် အောင်မြင်ခဲ့ပါတယ်။
နီနီရဲရဲ ပြဲပြဲကြီး ...
... (သံပြိုင်ဆို) ဖရဲသီး ... ဖရဲသီး
အမွှေးဖွားနဲ့ အရိုးရှည် ...
... (သံပြိုင်ဆို) စားလိုက်စမ်းပါ ... ပြောင်းဖူး .. ပြောင်းဖူး
မည်းမည်းကြီးနဲ့ အပေါက်ပါ ...
... (သံပြိုင်ဆို) ကြံကြံဖန်ဖန် ... ဘုန်းကြီး သပိတ်
မည်းမည်းကြီးနဲ့ အရိုးရှည် ...
... (သံပြိုင်ဆို) ဆောင်းလိုက်စမ်းပါ ... ထီးကောက် .. ထီးကောက်

“ရယ်သောသူ အာပြဲ၏”။ ရယ်နိုင်ကြပါစေ ...

သံချပ်တိုင်ဖက် သူငယ်ချင်းများ နှင့် ချစ်လူမိုက် အတွက် .. အမှတ်တရ

အားလုံးပဲ နှစ်သစ်မှာ မင်္ဂလာအပြည့် ရှိကြပါစေကြောင်း ... ဘလောက်ပေါ်မှ ဆုတောင်းလိုက်ပါတယ်။

Read More...

Thursday, April 3, 2008

Go Twice (2)

၃၊ ၄၊ ၂၀၀၈

နင်ကြီးတယ် ... နှစ်ခါဖြတ် (နောက်ဆက်တွဲ)

ဂဏန်းကြီး နဲ့ ဖိုးသူတော် အကြောင်း ပုံပြင်လေး တစ်ပုဒ် တင်ခဲ့ပါတယ်။ လာရောက်ဖတ်ရှုသူများ နှင့်တကွ မှတ်ချက်ထားခဲ့သူများကို ကျေးဇူး အထူးတင်ရှိကြောင်း ပြောလိုပါတယ်။ ပုံပြင်ကိုစတင်ဖော်ပြပေးတဲ့ ကိုsnaing ကိုတော့ အထူးစပယ်ရှယ် ကျေးဇူး တင်ကြောင်းကိုလည်း မှတ်တမ်း တင်လိုပါတယ်။

စာရေးသူ တင်ခဲ့သမျှ ဘလောက်ပို့စ်တွေထဲမှာ ဒီပုံပြင်ကတော့ မှတ်ချက် အများဆုံး (၁၆ ခု) ရပါတယ်။ စာရှုသူများ “ဟတ်” ထိသွားတဲ့ စာတစ်ပုဒ် ဖြစ်သွားတယ် လို့ဆိုရင် မမှားလောက်ပါ။ ကာလံ၊ ဒေသံ၊ အဂ္ဂံ၊ ဓနံ ကိုက်သွားတယ် ထင်ပ။ (မိုးမခ လက်တို့ လိုက်တာလည်း ပါလိမ့်မယ်)

ပေးထားမိတဲ့ ကတိအတိုင်း မှတ်ချက်များကို စုစည်းတင်ပြလိုက်ပါတယ်။ မှတ်ချက် မူရင်း များကိုတော့ မူလပို့စ်မှာ သွားရောက် ဖတ်ရှုနိုင်ပါတယ်။

မှတ်ချက်များထဲမှာ ပထမဦးဆုံး သတိထားမိတာကတော့ ဂဏန်းဟာ လူမဟုတ်ပါ ဆိုတဲ့ အချက်ပါပဲ။ ဂဏန်းဟာ ဂဏန်းပဲ အဟိတ်တိရစ္ဆာန်ပဲ ဆိုရင်တော့ သဗ္ဗေသတ္တာကမ္မသကာ မျှသာပေါ့။ ဒါမှမဟုတ် လူသားစင်စစ်က ဂဏန်းလိုအဖြစ် ကြုံနေခဲ့ရရင် ဘယ်လိုလုပ်ကြမလဲ ဆိုတာ အင်မတန် စဉ်းစားစရာကောင်းပါတယ်။ ထပ်ပြီး စဉ်းစားစရာ ကောင်းတာက ဂဏန်းကြီးက တစ်ကောင်တည်းဗျ။ တကယ်လို့များ ဂဏန်းကြီး အဖြစ်မျိုး လူပေါင်း သန်း ၃၀ တပြိုင်တည်း ကြုံနေရပြီ ဆိုပါစို့။ “ဘာလုပ်ကြမလဲ” ဆိုတဲ့ မေးခွန်းနောက်မှာ အဖြေတွေ မျိုးစုံ အကြံတွေ ဗလပွ ဖြစ်နေတော့မှာ။

နောက်ထပ် သတိထားမိတာကတော့ မှတ်ချက်ပြုသူများဟာ ဂဏန်းကြီး ဘေးကင်းရာကို ရောက်သွားစေချင်ကြပါတယ်။ ဘယ်လို ဘေးကင်းစေမလဲဆိုတာ အကြံပြုတဲ့ နည်းလမ်းတွေကတော့ ဖိုးသူတော်ကြီးရဲ့ လက်မကို ညှပ်ပစ်မယ်၊ သမာသမတ်ရှိသူတွေကို စောင့်ကြည့်ခိုင်းမယ်၊ နောက်တစ်ခေါက် ထပ်မလျှောက်ဘူး စသဖြင့် စုံလို့ပါပဲ။ အကြံက တစ်ရာ နှစ်ရာ ဂဏန်းမှာက တစ်ကောင်တည်း ဖြစ်နေရပါပြီ။

ဒီကြားထဲ စာရှုသူတစ်ယောက်က စာရေးသူကို အချွန်ကြီးကြီးနဲ့ “မ” ပြီး “မိုးမခ” ကို စာတစ်ပုဒ် ရေးပို့လိုက်ပါတယ်။ အဲ့ဒါရဲ့ အကျိုးဆက်ကတော့ အမည်မသိ စာရှုသူတစ်ဦးက စာရေးသူ ဂဏန်းဖြစ်ပါမည့် အကြောင်း လာရောက် ပြောကြားသွားတာပါပဲ။

ကဲ ... မောင်ရဲမွန်ရေ .. ဝေ့လည်ကြောင်ပတ်တွေ လုပ်မနေပါနဲ့။ ခင်ဗျား သဘောလည်း ပြောပါဦး ဆိုရင်တော့ ...

ဂဏန်းနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အောက်ပါ ပုဒ်မ ကို ဖြည့်စွက်ပါမည်။
ဂဏန်းနိုင်ငံတော်တွင် ရှိကြကုန်သော ဖိုးသူတော်များသည် မည်သည့်အချိန်အခါ၊ မည်သည့် အကြောင်းပြချက်မျိုးနှင့်မျှ ဂဏန်းများကို ကြီးကြီး၊ ငယ်ငယ်၊ ရွယ်ရွယ်၊ လတ်လတ်၊ ရေနွေးအိုးပေါ်တင်ရှိသည့် တုတ်ပေါ်ဖြတ်လျှောက်ခိုင်းခြင်း၊ အလားတူ နှိပ်စက် ညှင်းပန်းခြင်းမျိုး လုံးဝ (လုံးဝ) မပြုလုပ်ရ။

ဤ ပုဒ်မ ကို ပြင်ဆင်လိုပါက ဂဏန်းနိုင်ငံတော် အတွင်းရှိ အရွယ်ရောက်ပြီးကုန်သော ဂဏန်းအားလုံး၏ အရေအတွက် နှစ်ဆရှိသော ထောက်ခံမဲဖြင့်သာ ပြင်ဆင်ရမည်။

ဒူ .. ဝေ .. ဝေ ..

Read More...

Thursday, February 28, 2008

Go Twice

၂၈၊ ၂၊ ၂၀၀၈

နင်ကြီးတယ် ... နှစ်ခါဖြတ်

အခုတလော ဘာကြောင့်မှန်း မသိ ငယ်ငယ်တုန်းက ဖန်တရာတေအောင် ကြားဖူးတဲ့ ပုံပြင်လေးတစ်ပုဒ် ခေါင်းထဲ ရောက်ရောက်လာတယ်။ ပြန်ပြောပြပါရစေ။

တခါတုန်းက ဖိုးသူတော် တစ်ဦးဟာ ဂဏန်းအလွန်စားချင်နေသတဲ့။ ဒါပေမယ့် ဖိုးသူတော် ဖြစ်နေတော့ သူ့အသက်ကို သတ်လို့မရပြန်ဘူး။ ပင်လယ်ကမ်းစပ်မှာ သွားနေတဲ့ ဂဏန်းတွေကို ကြည့်ရင်း ဖိုးသူတော် အတော့်ကို စိတ်ဒုက္ခများနေပါသတဲ့။

ဒါနဲ့ အကြံရပြီး မီးဖိုကာ အိုးကြီးတစ်လုံးထဲ ရေထည့်၊ ပွက်ပွက်ဆူအောင် ကြိုပါလေရော။ ပြီးတော့ အိုးပေါ်မှာ တုတ်တစ်ချောင်းကို ကန့်လန့်ဖြတ်တင်လိုက်ကာ ဂဏန်းတွေကို တစ်ကောင်ပြီး တစ်ကောင် ဖမ်းပြီး တုတ်ပေါ်လျှောက်ခိုင်းလေတယ်။ မလျှောက်ခိုင်းခင်မှာ နင့်ထိုက်နဲ့နင့်ကံပဲ တုတ်ဟိုဘက်ရောက်ရင် လွတ်စေ လို့ ဆိုသေးသတဲ့။ ဂဏန်းလေးတွေလည်း ရေနွေးငွေ့တွေကြားမှာ ကြိုးစားလျှောက်ရင်း ရေနွေးအိုးထဲကို တဖြုတ်ဖြုတ်ပေါ့။ ဖိုးသူတော်ကတော့ သူ့အသက်ကို ကိုယ်တိုင် မသတ်ရပဲ ဂဏန်းသား စားရတော့မှာမို့ အကျေနပ်ကြီး ကျေနပ်နေပါတယ်။

ဒီလိုနဲ့ ဂဏန်းအကြီးကြီးတစ်ကောင်ကို မိလာပြန်တော့ ထုံးစံအတိုင်း တုတ်ပေါ်ဖြတ်ခိုင်းပါတယ်။ ဂဏန်းကြီးလည်း မတတ်သာပဲ တုတ်ပေါ်မှာ လှုတ်လီလှုတ်လဲ့နဲ့ လျှောက်ရလေတယ်။ ရေနွေးကလည်း ပွက်ပွက်ကို ဆူနေလေတော့ ဂဏန်းကြီး တကိုယ်လုံး ရေနွေးငွေ့တွေ့ ဖုံးနေတော့တာပေါ့ (ဆော်နာ စိမ်သလို ရှိမယ် ထင်တယ်နော် )။ ဖြစ်ချင်တော့ ဂဏန်းကြီးက ခံနိုင်ရည်ရှိပြီး တုတ်ဟိုဘက်ကို ရောက်သွားပါတယ်။

ဖိုးသူတော်လည်း မခံချိမခံသာဖြစ်၊ ဂဏန်းကြီးကို စားကလည်း စားချင်နဲ့ အရူးတပိုင်း ဖြစ်နေပါရော။

ဥာဏ်နီ ဥာဏ်နက်ထုတ်ရင်း နောက်ဆုံးတော့ ဖိုးသူတော် အကြံရပြီး ဂဏန်းကြီးကို ပြောလိုက်သတဲ့

“နင်ကြီးတယ် နှစ်ခါဖြတ်” ... တဲ့။

ဝန်ခံချက်။
မြန်မာဖွံ့ဖြိုးရေး ဖိုရမ်တွင် ကို snaing တင်လာသော ပုံပြင်ကို မြန်မာပြန်ပါသည်။

စာရှုသူများအတွက် မေးခွန်း
  • ဒီဂဏန်းကြီး ဒုတိယအကြိမ်မှာ တုတ်ဟိုဘက်ထိပ်ကို ရောက်မယ်ထင်ပါလား၊ ဒါမှမဟုတ် ရေနွေးအိုးထဲပဲ ပြုတ်ကျလေမလား။
  • ဟိုဘက် ရောက်မယ်လို့ထင်ရင် ဖိုးသူတော်ကြီး ဘာဆက်လုပ်မယ်များ ထင်ပါသလဲ။
မှတ်ချက်ထားခဲ့ပေးမယ်ဆိုရင်တော့ အထူးကျေးဇူးပါ။ အကြောင်းပြန်သူများရင် အနှစ်ချုပ်ပြီး ပြန်ရေးပေးပါ့မယ်။

Read More...

Wednesday, July 11, 2007

Byine-1

၁၁၊ ၇၊ ၂၀၀၇


ဗျိုင်း (၁)
တောင်းထဲထည့် ခေါင်းပေါ်ရွက်ရောင်းသည့်အရာ

အမေရိကားရောက် မြန်မာမိသားတစ်စု၏အိမ်တွင် မြန်မာအများ စုဆုံကြစဉ်ကဖြစ်သည်။ မြန်မာနိုင်ငံတွင် တက္ကသိုလ် တတိယနှစ်အထိတက်ပြီး အကြောင်းကြောင်းကြောင့် အမေရိကားရောက်လာသူ လူငယ်တစ်ဦးနှင့် အခြား လူကြီးတစ်ဦးတို့ စကား လက်ဆုံကျနေကြသည်။

လူကြီး။ ။ အေးကွာ ဦးလည်း ဒီရောက်နေတာ အနှစ်သုံးဆယ်လောက် ရှိပြီ။ မြန်မာပြည်ကိုတော့ အရမ်းသတိရနေတုန်းပဲ။
လူငယ်။ ။ ဟုတ်တယ် အန်ကယ်ရာ ကျွန်တော်လည်း အရမ်းသတိရတာပဲ။ အထူးသဖြင့် အစားအသောက်ပေါ့။
လူကြီး။ ။ မောင်ရင်က ဘယ်အစားအသောက်ကို ပိုသတိရလဲ။
လူငယ်။ ။ (ခေါင်းအနည်းငယ်ကုတ်၍) ဟိုလေ . . . ဟိုဟာ . . . အန်ကယ်ရာ . . . ခေါင်းပေါ်မှာ တောင်းနဲ့ရွက်ပြီး မနက်မနက်ဆို လာရောင်းတဲ့ ဟာလေဗျာ။ ကျွန်တော် ပါးစပ်ဖျားတင် မေ့နေတယ်။
လူကြီး။ ။ (မျက်မှောင်ကျုပ်လျက်) နေပါဦး မောင်ရင်ရဲ့ ပဲပြုတ် ကိုပြောတာလား။
လူငယ်။ ။ အား . . . သက်စ်ရိုက် . . . ဟုတ်တယ် . . . ဟုတ်တယ်။ ပဲ . . ပြုတ် ။ ပဲ . . ပြုတ် . . . ဟု ပြန်မမေ့ရန် ဆီမန်းမန်းသကဲ့သို့ တတွတ်တွတ် ရေရွတ်နေလေတော့သည်။

Read More...

Monday, July 9, 2007

Mg George and the Pilot

၉၊ ၇၊ ၂၀၀၇


မောင်ဂျော် နှင့် လေယာဉ်မှူး

ကျွန်ုပ်၏ ခင်လှစွာသော မိတ်ဆွေတစ်ဦးတွင် ချစ်လှစွာသော မောင်ဂျော်အမည်ရှိ သားတစ်ယောက်ရှိလေသည်။ ၄င်းသားမှာ မြန်မာမိဘနှစ်ပါးမှ အမေရိကန် နိုင်ငံတွင် မွေးဖွားသန့်စင်သည့် မြန်မာအမေရိကန်လေးပင်ဖြစ်ညား မြန်မာစကားကို ရေလည်စွာ ပြောဆိုတတ်လေသည်။

တစ်နေ့သ၌ မိခင်နှင့်အတူ တခြားမြို့တစ်မြို့သို့ လေယာဉ်ဖြင့်သွားရန်ရှိလာသည်။ လေယာဉ်ပေါ်တွင် ထိုင်ပြီးချိန်မှာပင်

လေယာဉ်မှူး
ခရီးသည်များ ခင်ဗျား . . . လေယာဉ်မှူး စကားပြောနေပါတယ်။ အနောက်တောင် လေကြောင်းလိုင်းကိုရွေးချယ်သည့် အတွက် အထူးကျေးဇူးတင်ရှိပါတယ်။ ခရီးသည်များ ဤခရီးစဉ်ဖြင့် လိုက်ပါဖို့ရာ အလွန်တရာမှ စိတ်လှုပ်ရှားနေမယ်လို့ ထင်ပါတယ်။ ကျွန်တော်လည်း ခရီးသည်များနဲ့ ထပ်တူစိတ်လှုပ်ရှားနေပါတယ်။ ဒီခရီးစဉ်ဟာ ကျွန်တော် လေယာဉ်မှူးအဖြစ် ပျံသန်းမယ့် ပထမဆုံး ခရီးစဉ်ဖြစ်ပါတယ် ခင်ဗျား။
ခရီးသည်များ ထံမှ လက်ခုပ်သံများ သောင်းသောင်းဖျဖျ ထွက်လာကြစဉ် . . .

မောင်ဂျော်
မေမေ သံဗုဒ္ဓေလေး လုပ်ပါဦး။ ။

Read More...

Thursday, March 8, 2007

Election for Kyone Ding Village Head

၈၊ ၃၊ ၂၀၀၇


ကြုံတိုင်းရွာ သူကြီးရွေးချယ်ပွဲ


(အင်တာနက် စာမျက်နှာပေါ်တွင် BC အမည်ရှိ ပုဂ္ဂိုလ် တစ်ဦး ရေးထားသည့် ဟာသလေးကို ကြိုက်နှစ်သက်လွန်းသဖြင့် ပြန်လည် ဖော်ပြလိုက်ပါသည်။ ကျွန်ုပ်၏ ကိုယ်ပိုင် စာမူ မဟုတ်ကြောင်း သိစေအပ်ပါသည်။)

တွတ်ပီတို့ကြုံတိုင်းရွာဆိုပါစို့။ ရွာသူကြီး ရွေးတယ်ဆိုပါစို့။ သူကြီး ရွေးချယ်ပွဲ ၀င်ပြိုင်မည့်သူအတွက် အရည်အချင်း သတ်မှတ်ချက် ထဲ မှာ-

၁။ ရွာတွင် မွေးဖွား ကြီးပြင်း အိမ်ထောင် သားမွေး လုပ်ကိုင် စားသောက်ရမည်။ ( ဒါမှန်တယ် ဒါမှ ဒီရွာအကြောင်းသိမှာကိုး )

၂။ အသက် အသင့်အတင့် ကြီးရမည်။ ( ဒါလဲမှန်တယ် အသက်ကြီးမှ ကျွမ်းကျင်နှံ့စပ်မှာကိုးနော့် )

၃။ နှစ်လုံးပြူး သေနတ် ကိုင်စွဲ ပစ်ခတ်တတ်ရမယ်။ ( နဲနဲထူးဆန်းတယ် ထင်တယ် ဒါပေမယ့် ဒီလိုတတ်မှလဲ ရွာကိုကာကွယ်နိုင်မှာကိုး )

၎။ အမည်တွင်အက္ခရာ နှစ်လုံးသာပါရပြီး အက္ခရာနဲ့စကာ အက္ခရာဖြင့်ဆုံးရမည်။ ( တစ်မျိုးကြီးပဲ လို့မထင်ဘူးလား )

၅။ ဒီနေ့ကံမကောင်းပါလား လို့ခဏခဏ ပြောရမည်။ ( တော်တော် လွဲသွားပြီလို့ထင်တယ် )



အဲဒီမှာနောက်ဆက်တွဲပေါ့။ သူကြီးရွေးချယ်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ အရည်အချင်းများ ဆိုတာပါတယ်။ အဲဒါတွေက-

၁။ မည်သူမဆို အောက်ပါ အရည်အချင်းများနှင့် ပြည့်စုံပါက လွတ်လပ်စွာ မဲပေးနိုင်တယ်။ ( ကြိုက်တယ်။ စည်းကမ်း ကတော့ ထားရမှာပေါ့ )

၂။ ယောက်ျား၊ မိန်းမ၊ မခွဲခြားဘဲ တန်းတူရည်တူ မဲပေးနိုင်သည်။ ( သိပ်ကောင်းတယ်။ ဒါမှတို့ရွာကွလို့တောင် ကြွားလို့ရတယ်။ )

၃။ တရားဝင် လက်ထပ်ပြီးသား ယောက်ျားတစ်ယောက် ရှိရမည်။ ( နဲနဲတော့ ထူးဆန်းလာပြီ။ ဒါပေမယ့် ဂေးရပိုင်ခွင့်တွေကို အသိအမှတ် ပြုတယ်လို့ပဲထားပါတော့ )

၎။ မဲပေးမည့် သူ၏ခင်ပွန်းသည် သည် မုဆိုးအလုပ် လုပ်ကိုင်သူ ဖြစ်ရမည်။ ( တော်တော်လေးကို လွဲသွားမှန်း ခုမှသိတယ် )

၅။ အမည်တွင် မျှင်ဟူသောစာလုံးဖြင့် အဆုံးသတ်သူဖြစ်ရမည်။ ( သေဟဲ့ နန္ဒိယ )

ငါ့နှယ် အလုပ်အရှုပ်ခံလို့။ မသေးမျှင် ထောက်ခံတဲ့ ကတွတ်ပီကို သူကြီးခန့်လိုက်ပြီးရော။ ဟုတ်ဘူးလား။

Read More...