Thursday, July 16, 2009

MBEAN is now LEAD

၁၆၊ ၇၊ ၂၀၀၉

MBEAN အမည်ပြောင်းခြင်း

နာဂစ်အလွန် မြန်မာနိုင်ငံတွင် မွေးဖွားလာသော လူမှုကူညီရေး အဖွဲ့များထဲက တစ်ခုဖြစ်သည့် Myanmar/Burma Emergency Aid Network (MBEAN) သည် အမည်သစ်ဖြစ်သော Link Emergency Aid & Development (LEAD) ကို ပြောင်းလဲ သုံးစွဲနေပြီဖြစ်ကြောင်း သိရှိရပါသည်။

ဝက်ဆိုဒ်လိပ်စာ အသစ် - http://www.lead-ngo.org

လိုဂိုမှာ



Read More...

Blog-vacation is over

Finally my blog-vacation is over.

Read More...

Sunday, May 3, 2009

365 days and beyond

၃၊ ၅၊ ၂၀၀၉

၃၆၅ ရက် အလွန်

လူပေါင်း တစ်သိန်းကျော်ကို တစ်ညတည်းမှာ အသက်ဆုံးပါး စေခဲ့တဲ့ နာဂစ် ဖြစ်ခဲ့တာ ၃၆၅ ရက် ရှိပြီ။ အချိန်တစ်နှစ် ကြာသွားပြီဆိုတော့ အားလုံးမေ့မေ့ ပျောက်ပျောက်ပဲလား။

မဟုတ်ပါ။

မြန်မာနိုင်ငံတွင်းကရော နိုင်ငံ ပြင်ပကပါ စေတနာရှင်များက ဆက်လက် ထောက်ပံ့ကူညီ နေတဲ့အတွက် ကယ်ဆယ်ရေး နဲ့ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေ ရှင်သန်နေဆဲပါလေ။

အောက်က ဗွီဒီယိုလေးကတော့ ပြန်လည်ထူထောင်ရေး လုပ်ဆောင်နေတဲ့ အဖွဲ့များစွာထဲက တစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံ အရေးပေါ်ကယ်ဆယ်ရေး ကွန်ရက်အဖွဲ့ ရဲ့ မူလတန်းကျောင်း (တူးမြောင်းကျေးရွာ၊ ဒေးဒရဲမြို့နယ်၊ ဧရာဝတီတိုင်း) ဆောက်လုပ် လှူဒါန်းမှု မှတ်တမ်းလေးပါ။ နတ်လူ သာဓုခေါ်နိုင်ကြပါစေ။





Read More...

Wednesday, April 29, 2009

Seasonal allergy

၂၉၊ ၄၊ ၂၀၀၉

ယားချင်ဦးဟဲ့ ..

သူဌေးရောဂါလား အမေရိကန်ရောဂါလား ဘာပြောရမှန်းကို မသိတော့ဘူး။ ဒီလောက် ဖုန်ထူတဲ့ နိုင်ငံက လာပြီး အခုမှ လေထိမခံ အမေရိကန် ဖြစ်နေလေရဲ့။ ၂၀၀၆ လောက်ကတည်းက စတာ။ ဒီရာသီဆို အချိန်မှန် ရောက်ရောက်လာတယ်။ အရင်တုန်းကတော့ ဆေးကျောင်းဖတ်စာအုပ်တွေထဲမှာ နားစွန်နားဖျား ကြားဖူးပါရဲ့။ ၀တ်မှုန်ကူးတဲ့ ရာသီမှာ ဖြစ်တတ်သော ဓါတ်မတဲ့ခြင်း (seasonal allergy) တဲ့။

ရောဂါ လက္ခဏာတွေကတော့ မျက်စိယား၊ မျက်ဝတ်ထွက်၊ နှာချေ၊ နှာခေါင်းပိတ်၊ နှာရည်ယို။ တစ်နှစ်ထက် တစ်နှစ် ပိုလို့သာဆိုး။ ဟတ်ချိုး တစ်ခါ နှစ်ခါနဲ့လည်း မပြီး။ ဘာမီတွန်လောက်နဲ့လည်း မရ။ မနေ့ကဆို အတန်းထဲမှာ ဟတ်ချိုးချေတာ အရမ်းကျယ်လို့ လူတွေ လန့်ကုန်ကြတယ်။ ၀က်တုပ်ကွေးကလည်း ခေတ်စားနေတယ် မဟုတ်လား။

ဖြစ်နေတာတော့ သုံးပတ်လောက် ရှိပြီ။ မျက်လုံးတွေယားပြီး ယောင်ကိုင်းနေတာ ဖိုးကပ် (focus) တောင် မမိတော့ဘူး။ ဆေးကျောင်းမှာတုန်းက ဒီလို ဓါတ်မတဲ့တာမျိုးကို ဘယ်လို ကုရမယ်လို့ သင်ခဲ့ရင် သင်ခဲ့ဘူးမှာပေါ့။ ဒါပေမယ့် သေသေချာချာ မမှတ်မိတော့ဘူး။ တတ်သလောက် မှတ်သလောက် ဆေးမြီးတိုတွေနဲ့ ကုနေပေမယ့် အခုတော့ ဆရာမနိုင် ဖြစ်လာပြီ။

ညကတော့ အတော့်ကို ဆိုးတာ ကိုယ့်မှာ နှာခေါင်း မရှိတော့ဘူးလား အောက်မေ့ရတယ်။ အိပ်လို့လည်းမရလို့ တစ်ညလုံး ငုပ်တုပ်ထိုင်နေရတယ်။ နှာခေါင်း လုံးဝပိတ်နေတော့ ပါးစပ်နဲ့ပဲ အသက်ရှုလို့ရတော့တယ်။ ပါးစပ်နဲ့ အသက်ရှုရတော့ အာခေါင်ကခြောက်။ ရေသောက်မယ်ကြံတော့ နှာခေါင်းပိတ်လွန်းလို့ တံတွေးတောင် မမျိုနိုင်။ စကားလည်း မပြောချင် မပြောနိုင်။ ပါးစပ်က အသက်ရှုမလား၊ တံတွေးမျိုမလား၊ အစာစားမလား၊ စကားပြောမလား ... အကုန်လုပ်လို့ရပေမယ့် နှာခေါင်းမရှိတော့တဲ့ အချိန်မှာတော့ တစ်ချိန်မှာ တစ်ခုပဲ လုပ်လို့ရတော့တယ်။ (မရှိတော့မှ တန်ဖိုး သိနေတာ) သေရေးရှင်ရေးဆိုတော့လည်း အသက်ရှုတာကိုပဲ ဦးစားပေးရတာပေါ့။ ညစာလည်း မစားဖြစ်တော့။

အသက် မျဉ်းမျဉ်းရှုပြီး တရားမှတ်နေရင်း ဒီစိတ်တွေ ဘယ်ပြေးနေလဲ ကြည့်လိုက်တော့ ...

ဒီလောက်ဖြစ်တဲ့ နှာခေါင်း ပိတ်ချင်ဦးဟဲ့ ဆိုပြီး ၀က်နှာခေါင်းနဲ့ လဲတတ်ရင် ကောင်းမလား (နှာခေါင်းပေါက် ကျယ်လို့) ... မဖြစ်သေးပါဘူး ... ကျန်းမာရေးအာမခံက နှာခေါင်းအစားထိုးတာကို ပေးမယ် မထင်ဘူး ... အခုနေ ပါးစပ်ကပါ အသက်မရှုနိုင်တော့ရင် ဘာဖြစ်သွားမယ် ထင်လဲ ... အင်း အခန်းထဲမှာက ပစ္စည်းတွေ ဗလပွပဲ ... လာသိမ်းရမယ့်လူတော့ မလွယ်ဘူး ... ဘွဲ့လေးတောင် မရပဲ .. လျောသွားလို့ကတော့ ... အသက်မရှုနိုင်လို့ ကိစ္စချောသွားလေသူကြီးလို့ နာမည်ကြီးဦးတော့မှာပဲ ... ကျောင်းမှာတုန်းက သင်ရတဲ့ အေ၊ဘီ၊စီ (Airway, Breathing, Circulation) ဒီလောက် အရေးကြီးမှန်း အခုမှ ကိုယ်တွေ့ပဲ ... အသက်မရှုနိုင်တော့မှ နိုင်းဝမ်းဝမ်း ခေါ်ရင် မှီပါ့မလား ... အိမ်ရှင်ကို နှိုးပြီး ဒုက္ခပေးရမလား ... ဟော အကြံရပြီ အေးရင် သွေးကြောကျဉ်းမယ် ဒါဆို အရောင်လျော့မယ် ... နှာခေါင်းပွင့်မယ် ... ကိုင်း မတိမ်းမစောင်းပဲ ချွတ်နင်းသံနဲ့ မီးဖိုထဲ သွားရအောင်။

နှာခေါင်းကို ရေခဲ အုပ်လိုက်တော့မှ နည်းနည်း နေသာထိုင်သာ ရှိသွားတယ်။ ကုသနည်း ဟုတ်မဟုတ်တော့ မသိဘူး။ နှာခေါင်းနဲ့ အသက်ရှုလို့ ရတာကိုက အရှင်လတ်လတ် နိဗ္ဗာန်ရောက်သွားသလိုလို။ ရေခဲအုပ် ရပ်လိုက်တာနဲ့ နှာခေါင်းက ပြန်ပိတ်။ ဒါနဲ့ပဲ ရေခဲပြန်အုပ်နဲ့ မိုးလင်းသွားရော။

မိုးလင်းတော့ ဆရာဝန် နဲ့ ချိန်းထားပြီး ဖြစ်လို့ သွားပြပါတယ်။ ကျန်းမာရေး အာမခံရှိတော့ “၀ါးခ” မပေးရဘူး။ ဒါပေမယ့် ဆရာဝန်က လက်နက်ကြီးတွေ ထုတ်သုံးတော့ “ဆေးဖိုး” က ဒေါ်လာ ၁၆၀ ကျော် ကျလေရဲ့။ “တစ်ခါယား တစ်သိန်းခွဲ” ဆိုတော့ “အာယိုးယိုး” အော်ရတော့တာပေါ့။ ဆေး ၄-မျိုးမှာ တစ်မျိုးကပဲ ဈေးကြီးတာပါ။ Singulair (Montelukast) တဲ့။ ဓါတ်မတဲ့ရာကနေ ထွက်လာတဲ့ leukotrienes ဆိုတဲ့ ဓာတုပစ္စည်းကို ဓါတ်ပြယ်အောင် လုပ်ပေးတဲ့ ခေတ်မီ ဆေးလို့ အလွယ် ဆိုကြပါစို့ရဲ့။ ဆေး အလုံး ၃၀ ကို ဒေါ်လာ ၁၂၀ ဆိုတော့ ဆေးတစ်လုံးကို ၄ ဒေါ်လာလောက် ကျသဗျို့။

ကဲ ... မိတ်ဆွေတို့ရော ... ယားချင်ကြသေးလား ...

Read More...

Monday, April 20, 2009

Listed universities of our country

၂၀၊ ၄၊ ၂၀၀၉

International Association of Universities တွင်
စာရင်းပေါက်သော မြန်မာတက္ကသိုလ်များ

ယူနက်စကို (UNESCO) လက်အောက်ရှိ အပြည်ပြည်ဆိုင်ရာ တက္ကသိုလ်များ အသင်း (International Association of Universities) ၀က်ဆိုဒ်တွင် ကမ္ဘာအရပ်ရပ်ရှိ တက္ကသိုလ်များ စာရင်းကို ပြုစုထားရှိပါသည်။ မြန်မာနိုင်ငံ ပြင်ပရှိ တက္ကသိုလ်များတွင် ဘွဲ့လွန် သင်တန်းများ တက်ရောက်ရန် လျှောက်ထားလျှင် ၄င်းတက္ကသိုလ်များက လျှောက်ထားသူများ ယခင်တက်ရောက်ခဲ့သည့် တက္ကသိုလ်၊ ကောလိပ်သည် နိုင်ငံတကာ အသိအမှတ်ပြု တက္ကသိုလ် ဖြစ်မဖြစ်ကို ဤစာရင်းနှင့် တိုက်ဆိုင် စစ်ဆေးတတ်ကြသည်။

မြန်မာနိုင်ငံရှိ တက္ကသိုလ် ကောလိပ်များအနက် အပြည်ပြည်ဆိုင်ရာ တက္ကသိုလ်များ အသင်း၏ စာရင်းတွင် ပါဝင်သော တက္ကသိုလ်၊ ကောလိပ်များကို အောက်ပါ ၀က်ဆိုဒ်မှ တဆင့် သွားရောက် ကြည့်ရှုနိုင်ပါသည်။

http://www.unesco.org/iau/onlinedatabases/list.html

မူပိုင်ခွင့် အတားအဆီးရှိသောကြောင့် တက္ကသိုလ်များ စာရင်းကို ဤဘလောက်ပို့စ်တွင် ဖော်ပြပေးနိုင်ခြင်း မရှိသည်ကို ခွင့်လွှတ်စေလိုပါသည်။

Read More...