Showing posts with label economy. Show all posts
Showing posts with label economy. Show all posts

Sunday, March 29, 2009

Poverty Line

၂၉၊ ၃၊ ၂၀၀၉

ဆင်းရဲမျဉ်း

ဆင်းရဲတယ် ဆိုတာကို ၀ိသေသပြု ပြောကြရာမှာ “ကုန်းကောက်စရာ မရှိအောင် ဆင်းရဲတယ်” ဒါမှမဟုတ် “မွဲပြာကျလောက်အောင် ဆင်းရဲတယ်” ဒါမှမဟုတ် “ဖွတ်ကျောပြာစုအောင် ဆင်းရဲတယ်” စသဖြင့် ပြောကြပါတယ်။ တကယ်တော့ အဲဒီ အတိုင်းအတာတွေက သိပ်ပြီး မတိကျလှပေ။ တစ်ခါ နိုင်ငံတစ်နိုင်ငံက အဆင်းရဲဆုံး မိသားစုနဲ့ တခြားနိုင်ငံ တစ်နိုင်ငံက အဆင်းရဲဆုံး မိသားစု ဆင်းရဲပုံ ဆင်းရဲနည်း ကလည်း မတူနိုင်ကြပါ။ အမေရိကားမှာ ဆင်းရဲတဲ့လူ အိမ်ခြေမရှိတဲ့လူက ဘွတ်ဖိနပ်နဲ့ ကုပ်အင်္ကျီအစုပ်တော့ ရှိသေးတယ်။ ကျွန်တော်တို့ နိုင်ငံက ဆင်းရဲတဲ့ လူကတော့ ပုဆိုးစုပ်၊ ကျောဗလာနဲ့ တာရာဖိနပ်တောင် စီးနိုင်ချင်မှ စီးနိုင်လိမ့်မယ်။ တစ်ဖက်မှာ စဉ်းစားဖို့ ကောင်းတာက အေးတဲ့ နိုင်ငံတွေမှာ နေတဲ့လူတွေ အ၀တ်ထူ မရှိရင် အအေးဒဏ်ကြောင့် သေနိုင်ပေမယ့် မြန်မာနိုင်ငံလိုမျိုးမှာတော့ အအေးဒဏ်ကြောင့် သေဖို့ခဲယဉ်းပါတယ်။ ဒါဆို ဆင်းရဲတယ် ဆိုတာကို ကာလံ ဒေသံ အလိုက် ခွဲခြား ပြောကြမလားလို့ တွေးစရာဖြစ်ပါတယ်။ အဲဒီလို အချိန်ကာလ၊ နေရာဒေသတွေ မခွဲခြားပဲ ပြောလို့ရတဲ့ အခြေခံ အကျဆုံးနဲ့ အလွယ်ကူဆုံး တိုင်းတာနည်းကတော့ ဆင်းရဲမျဉ်း (Poverty line) ဖြစ်ပါတယ်။

ဆင်းရဲမျဉ်းရဲ့ အဓိပ္ပါယ်က “လူတစ်ယောက်ဟာ တစ်နေ့ဝင်ငွေ တစ်ဒေါ်လာထက် နည်းပြီး ရရင် ဆင်းရဲပါတယ်” တဲ့။ နောက်ပိုင်း ငွေကြေးဖောင်းပွမှုကို ထည့်သွင်းစဉ်းစားပြီး ပြင်ဆင်လိုက်တာကတော့ “တစ်နေ့ဝင်ငွေ နှစ်ဒေါ်လာအောက်” ဖြစ်သွားပါတယ်။ ဥပမာအားဖြင့် ပြောရမယ်ဆိုရင် မြန်မာနိုင်ငံက လူတစ်ယောက်ဟာ တစ်နေ့ကို ၀င်ငွေ ကျပ် နှစ်ထောင်လောက်မှ မရရင် ဆင်းရဲမျဉ်းအောက်မှာ ရောက်နေတယ်လို့ ပြောလို့ရတယ်။ ဆင်းရဲမျဉ်း အကြောင်းကို လူတိုင်းကြားဖူးနားဝ ရှိပြီးသား ဖြစ်မှာပါ။ ကျွန်တော် ဆက်ပြီး ဆွေးနွေးချင်တာက ဒီ တစ်ဒေါ်လာ နှစ်ဒေါ်လာ ဆိုတဲ့ ကိန်းဂဏန်းတွေ ဘယ်က ရသလဲဆိုတာပါ။

လူတစ်ယောက် အသက်ရှင်သန်ဖို့ရာ အာဟာရဓါတ်လိုပါတယ်။ အာဟာရဓါတ်ကို ကယ်လိုရီ ဆိုတဲ့ ယူနစ်နဲ့ တိုင်းတာပြီး လူကြီးတစ်ယောက်ရဲ့ တစ်နေ့ အာဟာရလိုအပ်ချက်ဟာ ပျမ်းမျှခြင်းအားဖြင့် ၂၂၀၀ ကယ်လိုရီ ရှိတယ်လို့ သိပ္ပံပညာရှင်တွေက လက်ခံထားကြပါတယ်။ တစ်နေ့ကို ကယ်လိုရီ ၂၂၀၀ ထက်ပိုပြီး စားသောက်ခဲ့ရင် ပိုလျှံ ကယ်လိုရီတွေကို ခန္ဓာကိုယ်က အဆီအဖြစ် ပြောင်းလဲပြီး သိမ်းထားပါတယ် (ဥပမာ - အဆီစုပြီး ဗိုက်ပူလာတာမျိုး)။ တစ်နေ့ကို ကယ်လိုရီ ၂၂၀၀ ပြည့်ဝအောင် မစားနိုင်ခဲ့တဲ့ အခါမျိုးမှာတော့ အရင်က သိမ်းဆည်းထားတဲ့ အဆီဓါတ်တွေကနေ အာဟာရဓါတ်ကို ပြန်လည် ထုတ်ယူပါတယ်။ အဆီဓါတ်တွေ ကုန်ခမ်းသွားပြီ ဆိုရင်တော့ အသားဓါတ် (ဥပမာ - ကြွက်သားလိုမျိုး) တွေကနေ ကယ်လိုရီကို ထုတ်ယူသုံးဆွဲရပြန်ပါတယ်။ ဒါကြောင့်ပဲ အချိန်ကြာကြာ အာဟာရ ချို့တဲ့သူတွေကို အရိုးပေါ်အရေတင် ပုံသဏ္ဍန်မျိုး မြင်ရတာပါ။

အဲဒီတော့ကာ တစ်နေ့တာ လိုအပ်တဲ့ ကယ်လိုရီ ၂၂၀၀ ရရှိဖို့ ဘယ်လိုအစားအသောက်တွေ စားရမလဲ၊ အဲဒီ အစားအသောက်တွေကို ၀ယ်ယူဖို့အတွက် ငွေကြေး ဘယ်လောက် ကုန်ကျမလဲ ဆိုတာကို တွက်ချက်ပါတယ်။ ယနေ့ ကုန်ဈေးနှုန်းတွေအရ ကယ်လိုရီ ၂၂၀၀ ရဖို့အတွက် ငွေ နှစ်ဒေါ်လာ လောက် ပေးရတယ်လို့ သိရပါတယ်။ ဒါကြောင့်ပဲ လူတစ်ယောက်ဟာ တစ်နေ့ ငွေနှစ်ဒေါ်လာလောက်မှ မ၀င်ရင် လုံးဝကို ဆင်းရဲပါတယ်လို့ သတ်မှတ်လိုက်တာပါ။

ဆွေးနွေးချက်


တစ်နေ့ တစ်ဒေါ်လာတောင် မ၀င်ဖူး၊ နှစ်ဒေါ်လာတောင် မ၀င်ဖူး ဆိုပြီး ပြောနေတာတွေကို ဖန်တရာတေအောင် ကြားရဖူးပါတယ်။ ဒါပေမယ့် သူတို့ ပြောချင်တဲ့ သဘောတရားဟာ သိပ်ပြီးမမြင်သာဘူး။ တကယ့် အနှစ်သာရဖြစ်တဲ့ ကယ်လိုရီ ၂၂၀၀ ပြည့်အောင် မစားနိုင်တဲ့ လူတွေပါလားလို့ သိလိုက်တဲ့ အခါမှာတော့ …. ဒီအတိုင်းသာ ရက်တွေ လတွေ ကြာလာရင် အရိုးပေါ် အရေတင်ဖြစ်လာမယ် ဆိုတာကို မျက်စိထဲ ကွက်ကွက်ကွင်းကွင်း မြင်လာပါတယ်။

ဒါက စား-၀တ်-နေ ရေး ဆိုတဲ့ အရေးသုံးပါးမှာ စားရေး ကိုပဲ ပြောနေတာကို သတိချပ်ကြည့်မယ်ဆိုရင် တစ်နေ့ဝင်ငွေ ကျပ်နှစ်ထောင်အောက်သာ ရတဲ့ မြန်မာနိုင်ငံသားတွေရဲ့ ဘ၀ဟာ ဘယ်လောက် စိုးရိမ်စရာ ကောင်းမလဲဆိုတာ စာရှုသူတို့ တွေးသာကြည့်ပါတော့။

Read More...

Thursday, August 16, 2007

U Nar Auk and my random thoughts

၁၆၊ ၈၊ ၂၀၀၇

ဦးနာအောက် နှင့် နောက်ဆက်တွဲ အတွေးများ

ခရီးသွားရင်း ရိုက်ခဲ့တဲ့ အမှတ်တရ ဓါတ်ပုံလေးတစ်ခုကို အကြောင်းပြု၍ ဘလောက်ဂါ မိတ်ဆွေအများ စိတ်ဝင်တစား ဆွေးနွေးကြတာတွေ့တော့ ၀မ်းသာမိပါတယ်။

ပြန်လည်ဖတ်ရှုလိုသူများအတွက် အညွှန်း
ပို့စ်တင်သူများ နှင့် မှတ်ချက်ပေး ဆွေးနွေးသူ အားလုံးစိတ်ထဲမှာ ဗမာတွေ မျိုးချစ်စိတ် ရှိစေချင်ကြတာခြင်း တူတယ်လို့ ခံစားမိပါတယ်။

ကျွန်တော့် အမြင်ကိုလည်း နည်းနည်း ဖြည့်စွက် ဆွေးနွေးချင်ပါတယ်။

ဦးနာအောက် အကြောင်းကို အတန်းကျောင်း ဖတ်စာထဲမှာ ပါသလောက်သာ ကျွန်တော် သိပါတယ်။ ဖတ်စာအုပ်ထဲမှာ ရေးထားတဲ့ အတိုင်း လုံးစေ့ပတ်စေ့ မမှတ်မိပေမယ့် ဦးနာအောက် မျိုးချစ်စိတ်ဓါတ်ရှိပုံကို ဇောင်းပေးရေးသားထားတယ်လို့ ယေဘုယျသဘော မှတ်မိပါတယ်။ ဒီရေးသားချက်ဟာ ဖတ်စာအုပ် ပြုစုသူရဲ့ ကောက်ချက် ဖြစ်နိုင်ပါတယ်။ ဦးနာအောက်ရဲ့ ကိုယ်ရေးရာဇ၀င် နှင့် စာနယ်ဇင်း အင်တာဗျူးများ ရှိသည်ဟု မကြားဘူးပါ။ ကြားဖူး ဖတ်ဖူးသူများ ရှိပါက ဝေမျှစေလိုပါတယ်။

ဒီလို အထောက်အထားများမရှိတဲ့ အတွက် ဦးနာအောက်အနေနဲ့ မည်သို့ရည်ရွယ်တွေးခေါ်ပြီး ဖတ်စာအုပ်ပါအတိုင်း ဧရာဝတီ သင်္ဘောကုမ္ပဏီကို ပြိုင်ဆိုင်ခဲ့သလဲ ဆိုတာကို အမှန်အတိုင်း သိဖို့ ခဲယဉ်းပါတယ်။ ဖတ်စာအုပ်ပါ အချက်များ မှန်သည်ဟု ယူဆလျင် တစ်မျိုး၊ မပြည့်စုံဟု ယူဆလျင် တစ်မျိုး လိုရာ ကောက်ချက်ချနိုင်ပါမယ်။ မှတ်ချက်များ နှင့် အပြန်အလှန်ဆွေးနွေးချက်များဟာ (ကျွန်တော် အပါအ၀င်) ဘလောက်ဂါများ၏ ဥပါဒါန်အစွဲများ ကင်းသည်ဟု မဆိုနိုင်ပါ။ မိမိတို့၏ ကိုယ်ပိုင်အမြင်၊ ဘ၀အတွေ့အကြုံများပေါ် အခြေခံပြီး ပြောဆိုကြခြင်းသာဖြစ်တယ်လို့ထင်ပါတယ်။

သမိုင်းကနေ သင်ခန်းစာ ယူသင့်တယ် ဆိုတဲ့ အချက်မှာလည်း ဘလောက်ဂါများ သဘောထားတူကြတယ်လို့ မြင်ပါတယ်။ ဘယ့်လောက် ပွင့်ပွင့်လင်းလင်း ဝေဖန်သင့်လဲ၊ ညှာတာထောက်ထားပြီး ဖော့တွေးသင့်သလား ဆိုရာမှာတော့ သဘောထား ကွဲလွဲမှုတွေ ရှိပါတယ်။

ကျွန်တော့်အနေနဲ့ကတော့ နောက်ဆုံး ရလာဒ် ကိုကြည့်ချင်ပါတယ်။ ပွင့်ပွင့်လင်းလင်း မညှာမတာ ဝေဖန်ချင်ပါတယ်။ နောက်ဆုံးမှာ ဗမာတွေ ဘာဖြစ်သွားသလဲ။ မျိုးချစ်စိတ်ဓါတ် ပိုတက်လာသလား။ ဦးနာအောက်ကို သူရဲကောင်းအနေနဲ့ အဲဒီခေတ်မှာ သတ်မှတ်ခဲ့ကြသလား။ အခြား စီးပွားရေး သမားများ ဤလမ်းစဉ်လိုက်ခဲ့ကြပါသလား။ ရေလမ်း ခရီးသွားလာရာမှာ ချောင်ချိသွားပါသလား။ နိုင်ငံလွတ်လပ်ရေး ရသွားပါသလား။ တစ်ခုမှ မဖြစ်ခဲ့ပါ။ စေတနာ ကောင်း၏ မကောင်း၏ ဆိုတာကို စောဒက မတက်လို။ ရလာဒ်ကတော့ မကောင်းတာ အမှန်ပင်။ ပြည်သူတွေ ပိုကျပ်သွားသည် မဟုတ်လော။ ဒီဇာတ်လမ်းကို ဖတ်စာတွင်ဖတ်ပြီး မျိုးချစ်စိတ်များ တဖွားဖွား ပေါ်လာခဲ့သည်ဆိုလျင်တော့ နှစ်ပေါင်းများစွာကြာမှ အာနိသင်ပြသော အပြုအမူတစ်ခုပင်ဖြစ်လို့နေသည်။

ထိုဇာတ်လမ်းမှ ပြည်သူလူထုမှာ ဗမာ တစ်နိုင်ငံလုံးကို ကိုယ်စားမပြုတာတော့ အမှန်ပင်။ ဒေသခံ သင်္ဘောစီးခရီးသည်များသာဖြစ်ပေမည်။ ထို့ကြောင့် ဗမာတစ်နိုင်ငံလုံးမှ ပြည်သူလူထု တစ်ရပ်လုံး မည်သို့ဖြစ်နေပါသည်ဟု ကောက်ချက်ချရန်မှာ အလှမ်းဝေးလှပေသည်။

ယနေ့ခေတ် အခါနှင့် ယှဉ်၍လည်း ဆွေးနွေးလိုသည်။ ယနေ့ ဗမာပြည်ကြီးတွင် လူသုံးကုန်ပစ္စည်းများ ၀ယ်ယူရာ၌ မည်သည့်အချက်အလက်များကို ကြည့်ပြီး ၀ယ်ယူကြပါသလဲ။ ဈေးနှုန်းလား၊ ထုတ်လုပ်သည့်နိုင်ငံလား၊ အရည်အသွေးလား။ ဗမာဖြစ်ဆိုပြီးရော ဆိုပြီး ၀ယ်ကြသူများ သိပ်မတွေ့မိပါ။ ဒါနဲ့ပဲ မျိုးချစ်စိတ် မရှိတော့ဟု ပြောနိုင်ပါသလား။ ကိုးရီးယား လူမျိုးများ ကိုးရီးယားလုပ်ကားကိုသာ စီးခြင်းဟာ မျိုးချစ်စိတ်လား။ ဒါမှမဟုတ် မိမိနိုင်ငံထုတ်ကားများကို နိုင်ငံတကာ အဆင့်မီအောင် ဈေးကွက်ဝင်အောင် လုပ်ခြင်းက မျိုးချစ်စိတ်လား။ အမေရိကန်လူမျိုးများ တရုတ်နိုင်ငံထုတ်ပစ္စည်းများ အများအပြား တင်သွင်းခြင်းက တရုတ်ချစ်စိတ်လား။ စားသုံးမှုနှင့် မျိုးချစ်စိတ်ကို ဘယ်လို ချိတ်ဆက်ရမည်ကို ကျွန်တော့်စိတ်တွင် မကွဲပြားတော့ပြီ။ ကမ္ဘာကြီးဟာ ရွာကြီးဖြစ်လာနေပြီမဟုတ်လော။

ဒုတိယကမ္ဘာစစ်အပြီးကာလတုန်းက ရှိခဲ့သော မိမိနိုင်ငံဖူလုံရေး (self-sufficiency) အဓိက အယူအဆသည် တဖြည်းဖြည်း တိမ်ကောလာနေပြီ။ AFTA ခေါ် အာဆီယံလွတ်လပ်စွာကုန်သွယ်မှုဒေသ ကိစ္စ နှင့် Globalization ခေတ်ရေစီးထဲမှာ ဗမာနိုင်ငံ ဆန်တက်နိုင်မည် ထင်ပါသလား။ တံခါးပိတ်ပြီး ပြန်နေလို့ ကလည်းမဖြစ်ပြန်။ ဈေးကွက်စီးပွားရေး စနစ်ကို ချီတက်မည်ဟုလည်း ကြွေးကြော်ထားသည်။ ရိုးရိုးကြီး ဇေယျ လုပ်နေလို့ မရတော့ပါ။ အခြားနိုင်ငံများကို မျက်စိဖွင့်ကြည့်ဖို့နှင့် နိုင်ငံတကာ နှင့်ရင်ဘောင်တန်း ယှဉ်နိုင်ဖို့ရာ ဗမာများ ပြင်ဆင်ရန်လိုနေပါပြီ။ ၀ါးလုံးခေါင်းကို ခွဲထွက်၍ ကောင်းကင်မှာ လ သာကြရန်လိုပါပြီ။
  • ပင်နီဖျဉ်ကြမ်းကို တစ်သက်လုံး ၀တ်တော့မည်လော။
  • ပင်နီဖျဉ်ချောဖြစ်အောင် မတီထွင်တော့ပြီလော။

  • နွားလှည်းစီး၍ လှေပြိုင်ပွဲများ လုပ်နေမည်လော။
  • စက်မှုဇုံမှ ရာနှုန်းပြည့်ထုတ်လုပ်သော ကားများ ဖြစ်လာအောင် ကြိုးစားမည်လော။

  • ကုန်ကြမ်းရောင်း၍ ကျေနပ်နေမည်လော။
  • ကုန်ချောထုတ်၍ ယှဉ်ပြိုင်မည်လော။

  • ရတနာ စိန် ကျောက် အရိုင်းတုံးများကို ဇယ်တောက်ကစားနေမည်လော။
  • ကမ္ဘာ့အဆင့်မီ သွေး၍ ရောင်းချမည်လော။

ပြည်သူအများ ဖြေကြရန်ပင်။

Read More...