Showing posts with label history. Show all posts
Showing posts with label history. Show all posts

Thursday, August 16, 2007

U Nar Auk and my random thoughts

၁၆၊ ၈၊ ၂၀၀၇

ဦးနာအောက် နှင့် နောက်ဆက်တွဲ အတွေးများ

ခရီးသွားရင်း ရိုက်ခဲ့တဲ့ အမှတ်တရ ဓါတ်ပုံလေးတစ်ခုကို အကြောင်းပြု၍ ဘလောက်ဂါ မိတ်ဆွေအများ စိတ်ဝင်တစား ဆွေးနွေးကြတာတွေ့တော့ ၀မ်းသာမိပါတယ်။

ပြန်လည်ဖတ်ရှုလိုသူများအတွက် အညွှန်း
ပို့စ်တင်သူများ နှင့် မှတ်ချက်ပေး ဆွေးနွေးသူ အားလုံးစိတ်ထဲမှာ ဗမာတွေ မျိုးချစ်စိတ် ရှိစေချင်ကြတာခြင်း တူတယ်လို့ ခံစားမိပါတယ်။

ကျွန်တော့် အမြင်ကိုလည်း နည်းနည်း ဖြည့်စွက် ဆွေးနွေးချင်ပါတယ်။

ဦးနာအောက် အကြောင်းကို အတန်းကျောင်း ဖတ်စာထဲမှာ ပါသလောက်သာ ကျွန်တော် သိပါတယ်။ ဖတ်စာအုပ်ထဲမှာ ရေးထားတဲ့ အတိုင်း လုံးစေ့ပတ်စေ့ မမှတ်မိပေမယ့် ဦးနာအောက် မျိုးချစ်စိတ်ဓါတ်ရှိပုံကို ဇောင်းပေးရေးသားထားတယ်လို့ ယေဘုယျသဘော မှတ်မိပါတယ်။ ဒီရေးသားချက်ဟာ ဖတ်စာအုပ် ပြုစုသူရဲ့ ကောက်ချက် ဖြစ်နိုင်ပါတယ်။ ဦးနာအောက်ရဲ့ ကိုယ်ရေးရာဇ၀င် နှင့် စာနယ်ဇင်း အင်တာဗျူးများ ရှိသည်ဟု မကြားဘူးပါ။ ကြားဖူး ဖတ်ဖူးသူများ ရှိပါက ဝေမျှစေလိုပါတယ်။

ဒီလို အထောက်အထားများမရှိတဲ့ အတွက် ဦးနာအောက်အနေနဲ့ မည်သို့ရည်ရွယ်တွေးခေါ်ပြီး ဖတ်စာအုပ်ပါအတိုင်း ဧရာဝတီ သင်္ဘောကုမ္ပဏီကို ပြိုင်ဆိုင်ခဲ့သလဲ ဆိုတာကို အမှန်အတိုင်း သိဖို့ ခဲယဉ်းပါတယ်။ ဖတ်စာအုပ်ပါ အချက်များ မှန်သည်ဟု ယူဆလျင် တစ်မျိုး၊ မပြည့်စုံဟု ယူဆလျင် တစ်မျိုး လိုရာ ကောက်ချက်ချနိုင်ပါမယ်။ မှတ်ချက်များ နှင့် အပြန်အလှန်ဆွေးနွေးချက်များဟာ (ကျွန်တော် အပါအ၀င်) ဘလောက်ဂါများ၏ ဥပါဒါန်အစွဲများ ကင်းသည်ဟု မဆိုနိုင်ပါ။ မိမိတို့၏ ကိုယ်ပိုင်အမြင်၊ ဘ၀အတွေ့အကြုံများပေါ် အခြေခံပြီး ပြောဆိုကြခြင်းသာဖြစ်တယ်လို့ထင်ပါတယ်။

သမိုင်းကနေ သင်ခန်းစာ ယူသင့်တယ် ဆိုတဲ့ အချက်မှာလည်း ဘလောက်ဂါများ သဘောထားတူကြတယ်လို့ မြင်ပါတယ်။ ဘယ့်လောက် ပွင့်ပွင့်လင်းလင်း ဝေဖန်သင့်လဲ၊ ညှာတာထောက်ထားပြီး ဖော့တွေးသင့်သလား ဆိုရာမှာတော့ သဘောထား ကွဲလွဲမှုတွေ ရှိပါတယ်။

ကျွန်တော့်အနေနဲ့ကတော့ နောက်ဆုံး ရလာဒ် ကိုကြည့်ချင်ပါတယ်။ ပွင့်ပွင့်လင်းလင်း မညှာမတာ ဝေဖန်ချင်ပါတယ်။ နောက်ဆုံးမှာ ဗမာတွေ ဘာဖြစ်သွားသလဲ။ မျိုးချစ်စိတ်ဓါတ် ပိုတက်လာသလား။ ဦးနာအောက်ကို သူရဲကောင်းအနေနဲ့ အဲဒီခေတ်မှာ သတ်မှတ်ခဲ့ကြသလား။ အခြား စီးပွားရေး သမားများ ဤလမ်းစဉ်လိုက်ခဲ့ကြပါသလား။ ရေလမ်း ခရီးသွားလာရာမှာ ချောင်ချိသွားပါသလား။ နိုင်ငံလွတ်လပ်ရေး ရသွားပါသလား။ တစ်ခုမှ မဖြစ်ခဲ့ပါ။ စေတနာ ကောင်း၏ မကောင်း၏ ဆိုတာကို စောဒက မတက်လို။ ရလာဒ်ကတော့ မကောင်းတာ အမှန်ပင်။ ပြည်သူတွေ ပိုကျပ်သွားသည် မဟုတ်လော။ ဒီဇာတ်လမ်းကို ဖတ်စာတွင်ဖတ်ပြီး မျိုးချစ်စိတ်များ တဖွားဖွား ပေါ်လာခဲ့သည်ဆိုလျင်တော့ နှစ်ပေါင်းများစွာကြာမှ အာနိသင်ပြသော အပြုအမူတစ်ခုပင်ဖြစ်လို့နေသည်။

ထိုဇာတ်လမ်းမှ ပြည်သူလူထုမှာ ဗမာ တစ်နိုင်ငံလုံးကို ကိုယ်စားမပြုတာတော့ အမှန်ပင်။ ဒေသခံ သင်္ဘောစီးခရီးသည်များသာဖြစ်ပေမည်။ ထို့ကြောင့် ဗမာတစ်နိုင်ငံလုံးမှ ပြည်သူလူထု တစ်ရပ်လုံး မည်သို့ဖြစ်နေပါသည်ဟု ကောက်ချက်ချရန်မှာ အလှမ်းဝေးလှပေသည်။

ယနေ့ခေတ် အခါနှင့် ယှဉ်၍လည်း ဆွေးနွေးလိုသည်။ ယနေ့ ဗမာပြည်ကြီးတွင် လူသုံးကုန်ပစ္စည်းများ ၀ယ်ယူရာ၌ မည်သည့်အချက်အလက်များကို ကြည့်ပြီး ၀ယ်ယူကြပါသလဲ။ ဈေးနှုန်းလား၊ ထုတ်လုပ်သည့်နိုင်ငံလား၊ အရည်အသွေးလား။ ဗမာဖြစ်ဆိုပြီးရော ဆိုပြီး ၀ယ်ကြသူများ သိပ်မတွေ့မိပါ။ ဒါနဲ့ပဲ မျိုးချစ်စိတ် မရှိတော့ဟု ပြောနိုင်ပါသလား။ ကိုးရီးယား လူမျိုးများ ကိုးရီးယားလုပ်ကားကိုသာ စီးခြင်းဟာ မျိုးချစ်စိတ်လား။ ဒါမှမဟုတ် မိမိနိုင်ငံထုတ်ကားများကို နိုင်ငံတကာ အဆင့်မီအောင် ဈေးကွက်ဝင်အောင် လုပ်ခြင်းက မျိုးချစ်စိတ်လား။ အမေရိကန်လူမျိုးများ တရုတ်နိုင်ငံထုတ်ပစ္စည်းများ အများအပြား တင်သွင်းခြင်းက တရုတ်ချစ်စိတ်လား။ စားသုံးမှုနှင့် မျိုးချစ်စိတ်ကို ဘယ်လို ချိတ်ဆက်ရမည်ကို ကျွန်တော့်စိတ်တွင် မကွဲပြားတော့ပြီ။ ကမ္ဘာကြီးဟာ ရွာကြီးဖြစ်လာနေပြီမဟုတ်လော။

ဒုတိယကမ္ဘာစစ်အပြီးကာလတုန်းက ရှိခဲ့သော မိမိနိုင်ငံဖူလုံရေး (self-sufficiency) အဓိက အယူအဆသည် တဖြည်းဖြည်း တိမ်ကောလာနေပြီ။ AFTA ခေါ် အာဆီယံလွတ်လပ်စွာကုန်သွယ်မှုဒေသ ကိစ္စ နှင့် Globalization ခေတ်ရေစီးထဲမှာ ဗမာနိုင်ငံ ဆန်တက်နိုင်မည် ထင်ပါသလား။ တံခါးပိတ်ပြီး ပြန်နေလို့ ကလည်းမဖြစ်ပြန်။ ဈေးကွက်စီးပွားရေး စနစ်ကို ချီတက်မည်ဟုလည်း ကြွေးကြော်ထားသည်။ ရိုးရိုးကြီး ဇေယျ လုပ်နေလို့ မရတော့ပါ။ အခြားနိုင်ငံများကို မျက်စိဖွင့်ကြည့်ဖို့နှင့် နိုင်ငံတကာ နှင့်ရင်ဘောင်တန်း ယှဉ်နိုင်ဖို့ရာ ဗမာများ ပြင်ဆင်ရန်လိုနေပါပြီ။ ၀ါးလုံးခေါင်းကို ခွဲထွက်၍ ကောင်းကင်မှာ လ သာကြရန်လိုပါပြီ။
  • ပင်နီဖျဉ်ကြမ်းကို တစ်သက်လုံး ၀တ်တော့မည်လော။
  • ပင်နီဖျဉ်ချောဖြစ်အောင် မတီထွင်တော့ပြီလော။

  • နွားလှည်းစီး၍ လှေပြိုင်ပွဲများ လုပ်နေမည်လော။
  • စက်မှုဇုံမှ ရာနှုန်းပြည့်ထုတ်လုပ်သော ကားများ ဖြစ်လာအောင် ကြိုးစားမည်လော။

  • ကုန်ကြမ်းရောင်း၍ ကျေနပ်နေမည်လော။
  • ကုန်ချောထုတ်၍ ယှဉ်ပြိုင်မည်လော။

  • ရတနာ စိန် ကျောက် အရိုင်းတုံးများကို ဇယ်တောက်ကစားနေမည်လော။
  • ကမ္ဘာ့အဆင့်မီ သွေး၍ ရောင်းချမည်လော။

ပြည်သူအများ ဖြေကြရန်ပင်။

Read More...

Thursday, July 5, 2007

The US Constitution

၅၊ ၇၊ ၂၀၀၇
အမေရိကန်နိုင်ငံ အခြေခံဥပဒေ

မနေ့က အမေရိကန်နိုင်ငံ လွတ်လပ်ရေးနေ့ ဆိုတော့ တီဗွီမှာ လွတ်လပ်ရေး နဲ့ ပတ်သက်တဲ့ ရုပ်ရှင်တွေ၊ သတင်း မှတ်တမ်းကားတွေ တောက်လျောက် ပြနေလေရဲ့။ အဲဒီထဲမှာ အမေရိကန် နိုင်ငံရဲ့ အခြေခံ ဥပဒေ ရေးဆွဲခဲ့တဲ့ အကြောင်းလေးလည်း ပါလာတော့ နည်းနည်း စိတ်ဝင်စားသွားပြီး အင်တာနက်မှာ လိုက်ဖတ်မိတာလေးတွေ ပြန်ပြီး ရေးပြပါရစေ။ အမေရိကန်နိုင်ငံ ဖြစ်ပေါ်လာတဲ့ သမိုင်းနဲ့ တဆက်တစပ်တည်း ဆိုတော့ သမိုင်းကြောင်းလည်း နည်းနည်း ပါပါမယ်။

၁၇၇၅
အမေရိကန်ရယ်လို့ ဖြစ်လာမယ့် အရှေ့ခြမ်း ကိုလိုနီ ပြည်နယ် ၁၃ ခုက ဗြိတိသျှ အင်ပါယာကို စတင် ပုန်ကန်
၎ ဇူလိုင် ၁၇၇၆
အမေရိကန် လွတ်လပ်ရေးကြေငြာစာတမ်း ကို ထုတ်ပြန် (လွတ်လပ်ရေးနေ့ ဟု သတ်မှတ်)
၁၇၇၇
Articles of Confederation လို့ခေါ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ကိုကွန်ဂရက်က စတင်ကျင့်သုံး
၁၇၈၁
အမေရိကန် နိုင်ငံရဲ့ ပထမဆုံး ပြည်နယ် ၁၃ ခုစလုံးက Articles of Confederation လို့ခေါ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို အတည်ပြုပြီးတဲ့ အတွက် တရားဝင် အခြေခံ ဥပဒေ ဖြစ်လာ
မေ၊ ၁၇၈၇
Article of Confederation ကို ပြင်ဆင်ရန် ကွန်ဂရက် စည်းဝေး။ သို့သော် အစည်းအဝေး ဆုံးဖြတ်ချက်အရ အခြေခံဥပဒေ အသစ်ရေးဆွဲ
စက်တင်ဘာ၊ ၁၇၈၇
အခြေခံဥပဒေ ရေးဆွဲ ပြီးစီး။ ပြည်နယ် ၁၃ ခုတွင် အတည်ပြုရန်တင်ပြ
ဇွန်၊ ၁၇၈၈
အခြေခံဥပဒေ ကို အတည်ပြုပြီးစီး
၁၇၈၉ - ၂၀၀၇
အခြေခံဥပဒေ ပြင်ဆင်ခြင်း စုစုပေါင်း ၂၇ ကြိမ်ပြုလုပ်
ဘာသာပြန်ဆိုသူ မှတ်ချက်။
အမေရိကန်နိုင်ငံ၏ အခြေခံဥပဒေ မှာ ရေးဆွဲချိန် စုစုပေါင်း ၄-လ ခန့် ကြာမြင့်ပြီး ပြင်ဆင်ခြင်းများ ရှိသည်မှ အပ နှစ်ပေါင်း ၂၁၈ နှစ်အထိ တည်တံ့နေပါသည်။
စာကိုး။
Articles of Confederation
United States Declaration of Independence
United States Constitution
The United States Constitution – On Line

Read More...

Tuesday, July 3, 2007

Who really killed Aung San?

၃၊ ၇၊ ၂၀၀၇


ဗိုလ်ချုပ်ကို ဘယ်သူ လုပ်ကြံသလဲ


အတန်းကျောင်းမှာ သင်ခဲ့ရသလို ဦးစော နဲ့ အပေါင်းပါများက လုပ်ကြံခဲ့ပါတယ် လို့ လွယ်လွယ်ပြောရင်လည်း ရသလို မြန်မာ ခေတ်သစ် ရာဇ၀င်မှာ သွေးစွန်းခဲ့ရတဲ့ အဖြစ် ဇစ်မြစ်ကို လိုက်ချင်တယ် ဆိုရင်ဖြင့် ဘီဘီစီက ၁၉၉၇ မှာ ထုတ်လွှင့်ခဲ့ဖူးတဲ့ ဒီ အစီအစဉ်လေးကိုလည်း ကြည့်သင့်တယ်လို့ ထင်ပါတယ်။


Volume 1



Volume 2



Volume 3



Volume 4



Volume 5



Read More...

Monday, February 12, 2007

Union of Myanmar/Burma

၁၂၊ ၂၊ ၂၀၀၇


ညီနောင်တစ်စု တည်ထောင်ပြု ငါတို့ ပြည်ထောင်စု


လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ က တောင်ပေါ်ဒေသလေး တစ်ခုမှာ သူ့ကို မွေးဖွားခဲ့တယ်။ လာခြင်းကောင်းခဲ့တဲ့ သူ - မွေးခါစ နို့နံ့ မစင်ခင်ကပင် အစည်းပြေနေတဲ့ ၀ါးတွေကို စုချည်ပေးခဲ့တယ်။ ကျွန်တော်တို့ နိုင်ငံကို သူ့ကျွန် ဘ၀ ကနေ လွတ်မြောက်စေခဲ့တယ်။ ဒါကြောင့်လည်း သူ့မွေးနေ့တွေ ကို နိုင်ငံအနှံ့ ၀ှဲချီး ကျင်းပခဲ့ကြတယ်။ သူ့ အထိမ်းအမှတ် အလံကို တစ်နိုင်ငံလုံး လက်ဆင့်ကမ်းပြီး သယ်ဆောင် ဂုဏ်ပြုခဲ့ကြတယ်။

ကျွန်တော် ငယ်စဉ်က
သူ့ရဲ့ မူလ ရုပ်သွင်ကို အရမ်းတွေ့ဖူးချင်ခဲ့တယ်။ ဒါပေမယ့် မတွေ့ခဲ့ရ။ အထက်တန်းကျောင်းက သမိုင်းစာအုပ်တွေကလည်း သူ့အကြောင်းကို ဖော်ပြပေမယ့် သူ့ရဲ့ မူလရုပ်ကိုတော့ ဘာကြောင့်မှန်း မသိ လုံးဝ မပြခဲ့ပါ။

သူ့အသက် ၄၀ ကျော် နောက်ပိုင်းမှာ တော့ ဘ၀ စ လာတယ်လို့ ဆိုရမလား၊ အသက်ကြီးလာပြီး သူတာဝန် မကြေပွန်သေးတာ ကို လူတွေ သတိထားမိမှာ စိုးလို့လား မသိ၊ မွေးနေ့ကို သိုသိုသိပ်သိပ်ပဲ လုပ်တော့တယ်။ လူတွေလည်း သူ့အကြောင်းသိပ်မပြောကြတော့။ သူ့အကြောင်း ငယ်စဉ်က ဘယ်လောက်စွမ်းကြောင်း ကျယ်ကျယ်လောင်လောင်ပြောတဲ့ သူတွေပင် ခရီးရှည် ကို တစ်ကိုယ်တည်း နှင်နေကြရပြီ။

သူ့ရဲ့ သမိုင်းကြောင်းကိုပြန်ကြည့်တော့ လှတစ်ခါ၊ ဆိုးတလှည့်။ သူနဲ့ပတ်သက်ပြီး အငြင်းပွားခဲ့ရတာတွေ တုတ်တပြက် ဒါးတပြက် ဖြစ်ခဲ့ကြတာ တွေလည်း မနည်းတော့။ သူ့ကို ခုတုံးအလုပ်ခံခဲ့ရတဲ့ အကြိမ်တွေကလည်း များလှပေါ့။ သူ့ရဲ့ မိဘတွေသာ တမလွန် ဘ၀ကနေ လှမ်းကြည့်နိုင်မယ်ဆိုရင် ငါ့သားလေး ဘ၀ဆိုးလိုက်တာလို့ ပြောကြမလား မသိ။

သူကတော့ လောကဓံကို ကြံ့ကြံ့ခံရင်း လူတွေကို မြော်လင့်ချက် တွေပေးနေနိုင်တုန်း။ တစ်ချိန်ကလို ပြေနေတဲ့ဝါးတွေကို ပြန်လည် စုစည်းပေးဖို့ အင်အားမွေး နေတုန်း။ သူ့အသက်ကိုပင် သူမေ့ထားပုံရသည်။ တစ်ကယ်တွက်စစ်ကြည့်ရင် သူ့အသက် က အနှစ် ၆၀ ။ ကျွန်တော်တို့ နိုင်ငံ ရဲ့ အငြိမ်းစား ယူရမည့် အသက်အရွယ်ပင် တိုင်ခဲ့ပြီ။ ဒါနဲ့ပဲ သူ့ကို အငြိမ်းစား ပေးလိုက်ကြတော့မှာလား။

တစ်ချို့ နိုင်ငံတွေမှာ တော့ သူလိုလူမျိုးကို နှစ်ပေါင်း ၂၃၀ လောက် အထိ တာဝန်ပေး ခဲ့ပြီးတဲ့ အပြင် ဆက်ပြီးတောင် တာဝန်ပေးကြဦးမှာပါတဲ့။

သြော် သူ့နာမည်မပြောရသေးဖူး။ . . . ပင်လုံစာချုပ် . . . တဲ့။

နှစ်-၆၀ မြောက် ပြည်ထောင်စုနေ့ ကို ဤစာပိုဒ်ဖြင့် ဂုဏ်ပြုပါ၏။

Read More...