Showing posts with label poverty. Show all posts
Showing posts with label poverty. Show all posts

Thursday, April 16, 2009

All people are equal ...

George Owell wrote in "Animal Farm" as follows:

"All animals are equal, some animals are more equal than others"

Harnlay -a cartoonist from the Irrawaddy magazine - illustruated vividly as follows:

Read More...

Sunday, March 29, 2009

Poverty Line

၂၉၊ ၃၊ ၂၀၀၉

ဆင်းရဲမျဉ်း

ဆင်းရဲတယ် ဆိုတာကို ၀ိသေသပြု ပြောကြရာမှာ “ကုန်းကောက်စရာ မရှိအောင် ဆင်းရဲတယ်” ဒါမှမဟုတ် “မွဲပြာကျလောက်အောင် ဆင်းရဲတယ်” ဒါမှမဟုတ် “ဖွတ်ကျောပြာစုအောင် ဆင်းရဲတယ်” စသဖြင့် ပြောကြပါတယ်။ တကယ်တော့ အဲဒီ အတိုင်းအတာတွေက သိပ်ပြီး မတိကျလှပေ။ တစ်ခါ နိုင်ငံတစ်နိုင်ငံက အဆင်းရဲဆုံး မိသားစုနဲ့ တခြားနိုင်ငံ တစ်နိုင်ငံက အဆင်းရဲဆုံး မိသားစု ဆင်းရဲပုံ ဆင်းရဲနည်း ကလည်း မတူနိုင်ကြပါ။ အမေရိကားမှာ ဆင်းရဲတဲ့လူ အိမ်ခြေမရှိတဲ့လူက ဘွတ်ဖိနပ်နဲ့ ကုပ်အင်္ကျီအစုပ်တော့ ရှိသေးတယ်။ ကျွန်တော်တို့ နိုင်ငံက ဆင်းရဲတဲ့ လူကတော့ ပုဆိုးစုပ်၊ ကျောဗလာနဲ့ တာရာဖိနပ်တောင် စီးနိုင်ချင်မှ စီးနိုင်လိမ့်မယ်။ တစ်ဖက်မှာ စဉ်းစားဖို့ ကောင်းတာက အေးတဲ့ နိုင်ငံတွေမှာ နေတဲ့လူတွေ အ၀တ်ထူ မရှိရင် အအေးဒဏ်ကြောင့် သေနိုင်ပေမယ့် မြန်မာနိုင်ငံလိုမျိုးမှာတော့ အအေးဒဏ်ကြောင့် သေဖို့ခဲယဉ်းပါတယ်။ ဒါဆို ဆင်းရဲတယ် ဆိုတာကို ကာလံ ဒေသံ အလိုက် ခွဲခြား ပြောကြမလားလို့ တွေးစရာဖြစ်ပါတယ်။ အဲဒီလို အချိန်ကာလ၊ နေရာဒေသတွေ မခွဲခြားပဲ ပြောလို့ရတဲ့ အခြေခံ အကျဆုံးနဲ့ အလွယ်ကူဆုံး တိုင်းတာနည်းကတော့ ဆင်းရဲမျဉ်း (Poverty line) ဖြစ်ပါတယ်။

ဆင်းရဲမျဉ်းရဲ့ အဓိပ္ပါယ်က “လူတစ်ယောက်ဟာ တစ်နေ့ဝင်ငွေ တစ်ဒေါ်လာထက် နည်းပြီး ရရင် ဆင်းရဲပါတယ်” တဲ့။ နောက်ပိုင်း ငွေကြေးဖောင်းပွမှုကို ထည့်သွင်းစဉ်းစားပြီး ပြင်ဆင်လိုက်တာကတော့ “တစ်နေ့ဝင်ငွေ နှစ်ဒေါ်လာအောက်” ဖြစ်သွားပါတယ်။ ဥပမာအားဖြင့် ပြောရမယ်ဆိုရင် မြန်မာနိုင်ငံက လူတစ်ယောက်ဟာ တစ်နေ့ကို ၀င်ငွေ ကျပ် နှစ်ထောင်လောက်မှ မရရင် ဆင်းရဲမျဉ်းအောက်မှာ ရောက်နေတယ်လို့ ပြောလို့ရတယ်။ ဆင်းရဲမျဉ်း အကြောင်းကို လူတိုင်းကြားဖူးနားဝ ရှိပြီးသား ဖြစ်မှာပါ။ ကျွန်တော် ဆက်ပြီး ဆွေးနွေးချင်တာက ဒီ တစ်ဒေါ်လာ နှစ်ဒေါ်လာ ဆိုတဲ့ ကိန်းဂဏန်းတွေ ဘယ်က ရသလဲဆိုတာပါ။

လူတစ်ယောက် အသက်ရှင်သန်ဖို့ရာ အာဟာရဓါတ်လိုပါတယ်။ အာဟာရဓါတ်ကို ကယ်လိုရီ ဆိုတဲ့ ယူနစ်နဲ့ တိုင်းတာပြီး လူကြီးတစ်ယောက်ရဲ့ တစ်နေ့ အာဟာရလိုအပ်ချက်ဟာ ပျမ်းမျှခြင်းအားဖြင့် ၂၂၀၀ ကယ်လိုရီ ရှိတယ်လို့ သိပ္ပံပညာရှင်တွေက လက်ခံထားကြပါတယ်။ တစ်နေ့ကို ကယ်လိုရီ ၂၂၀၀ ထက်ပိုပြီး စားသောက်ခဲ့ရင် ပိုလျှံ ကယ်လိုရီတွေကို ခန္ဓာကိုယ်က အဆီအဖြစ် ပြောင်းလဲပြီး သိမ်းထားပါတယ် (ဥပမာ - အဆီစုပြီး ဗိုက်ပူလာတာမျိုး)။ တစ်နေ့ကို ကယ်လိုရီ ၂၂၀၀ ပြည့်ဝအောင် မစားနိုင်ခဲ့တဲ့ အခါမျိုးမှာတော့ အရင်က သိမ်းဆည်းထားတဲ့ အဆီဓါတ်တွေကနေ အာဟာရဓါတ်ကို ပြန်လည် ထုတ်ယူပါတယ်။ အဆီဓါတ်တွေ ကုန်ခမ်းသွားပြီ ဆိုရင်တော့ အသားဓါတ် (ဥပမာ - ကြွက်သားလိုမျိုး) တွေကနေ ကယ်လိုရီကို ထုတ်ယူသုံးဆွဲရပြန်ပါတယ်။ ဒါကြောင့်ပဲ အချိန်ကြာကြာ အာဟာရ ချို့တဲ့သူတွေကို အရိုးပေါ်အရေတင် ပုံသဏ္ဍန်မျိုး မြင်ရတာပါ။

အဲဒီတော့ကာ တစ်နေ့တာ လိုအပ်တဲ့ ကယ်လိုရီ ၂၂၀၀ ရရှိဖို့ ဘယ်လိုအစားအသောက်တွေ စားရမလဲ၊ အဲဒီ အစားအသောက်တွေကို ၀ယ်ယူဖို့အတွက် ငွေကြေး ဘယ်လောက် ကုန်ကျမလဲ ဆိုတာကို တွက်ချက်ပါတယ်။ ယနေ့ ကုန်ဈေးနှုန်းတွေအရ ကယ်လိုရီ ၂၂၀၀ ရဖို့အတွက် ငွေ နှစ်ဒေါ်လာ လောက် ပေးရတယ်လို့ သိရပါတယ်။ ဒါကြောင့်ပဲ လူတစ်ယောက်ဟာ တစ်နေ့ ငွေနှစ်ဒေါ်လာလောက်မှ မ၀င်ရင် လုံးဝကို ဆင်းရဲပါတယ်လို့ သတ်မှတ်လိုက်တာပါ။

ဆွေးနွေးချက်


တစ်နေ့ တစ်ဒေါ်လာတောင် မ၀င်ဖူး၊ နှစ်ဒေါ်လာတောင် မ၀င်ဖူး ဆိုပြီး ပြောနေတာတွေကို ဖန်တရာတေအောင် ကြားရဖူးပါတယ်။ ဒါပေမယ့် သူတို့ ပြောချင်တဲ့ သဘောတရားဟာ သိပ်ပြီးမမြင်သာဘူး။ တကယ့် အနှစ်သာရဖြစ်တဲ့ ကယ်လိုရီ ၂၂၀၀ ပြည့်အောင် မစားနိုင်တဲ့ လူတွေပါလားလို့ သိလိုက်တဲ့ အခါမှာတော့ …. ဒီအတိုင်းသာ ရက်တွေ လတွေ ကြာလာရင် အရိုးပေါ် အရေတင်ဖြစ်လာမယ် ဆိုတာကို မျက်စိထဲ ကွက်ကွက်ကွင်းကွင်း မြင်လာပါတယ်။

ဒါက စား-၀တ်-နေ ရေး ဆိုတဲ့ အရေးသုံးပါးမှာ စားရေး ကိုပဲ ပြောနေတာကို သတိချပ်ကြည့်မယ်ဆိုရင် တစ်နေ့ဝင်ငွေ ကျပ်နှစ်ထောင်အောက်သာ ရတဲ့ မြန်မာနိုင်ငံသားတွေရဲ့ ဘ၀ဟာ ဘယ်လောက် စိုးရိမ်စရာ ကောင်းမလဲဆိုတာ စာရှုသူတို့ တွေးသာကြည့်ပါတော့။

Read More...

Sunday, August 19, 2007

Touched (1)

၁၉၊ ၈၊ ၂၀၀၇

ရင်ကိုထိမှန်သော စာစုများ (၁)
“ကျနော်ကြီးလာရင် ဘာလုပ်မလဲဆိုတာ ကျနော်မပြောတတ်ဘူး။
အမှိုက်ပုံကြီးတွေ ရှိနေရင်တော့ ကျနော် ထမင်းမငတ်ဘူးလို့ ထင်တာပဲ။
ကျနော်ကြီးလာရင် ဒီထက်ပိုပြီးတော့ ပစ္စည်းတွေကောက်နိုင်မယ်။”
ကျော်စွာ

ကျော်စွာ (ခေါ်) အ၀ါလေးဆိုတာ ထိုင်းနိုင်ငံရဲ့ အမှိုက်ပုံ တစ်ခုမှာ လုပ်ကိုင်စားသောက်နေရတဲ့ ကလေးငယ်လေးတစ်ယောက်။ မုတ္တမက ဆိုတော့ မြန်မာ နိုင်ငံသားလို့ပဲ ဆိုရမယ်ထင်ပါတယ်။ ခိုင်မာကျော်ဇောရဲ့ ဒီဆောင်းပါး ကို ဖတ်ပြီး စိတ်မကောင်းဖြစ်လွန်းလို့ မျက်ရည်များတောင် ၀ိုင်းလာမိပါရဲ့။ ဒီလိုဘ၀တွေ ဘယ်လောက်များ များနေပါပြီလဲ။

ကျွန်တော်တို့ကတော့ လုံခြုံအေးချမ်းတဲ့ အခန်းထဲမှာ နောက်ဆုံးပေါ် အီလက်ထရွန်းနစ်ပစ္စည်းတွေနဲ့ ကမ္ဘာ့ကွန်ယက်ကြီးပေါ် လျောက်သွားနေလိုက်ကြတာ ကိုယ့်သွေးချင်း ညီအကို၊ မောင်နှစ်မတွေက တစ်ခြားနိုင်ငံမှာ အမှိုက်လုကောက်ပြီး အသက်မွေးနေရလေရဲ့။ ဒီအဖြစ်မျိုးတွေ မဖြစ်အောင် ကျွန်တော်တို့ မတားဆီးနိုင်ကြတော့ဘူးလား။ မတားဆီးချင်ကြတော့ဘူးလား။

အပေါ်က လင့်ကို မသွားနိုင်သူများအတွက် မူရင်းဆောင်းပါးကို ဖတ်ရန် “Read More” ကို နှိပ်ပါ။

ရသလွင်ပြင်
အ၀ါရောင် ခေါင်းစွပ်လေး
ခိုင်မာကျော်ဇော| သြဂုတ် ၇၊ ၂၀၀၇

ကျနော့် နာမည်ကျော်စွာကို လူတွေက ‘ငစွာ’လို့ ခေါ်လို့ခေါ် ‘အ၀ါလေး’လို့ ခေါ်လိုခေါ်နဲ့

ကျနော် မကြိုက်ပါဘူးလို့ ဘယ်လောက်ပဲပြောပြော ဘယ်လိုမှ ပြောမရဘူး။ ‘ငစွာ’လို့ခေါ်ကြတာက ကျနော်က စွာလို့တဲ့။ ‘အ၀ါလေး’ လို့ခေါ်ကြတာကတော့ ခေါင်းစွပ်အ၀ါရောင်လေးကို ကျနော်အမြဲတမ်းစွပ်ထားလို့ ‘ငစွာ’လို့ခေါ်တာ ကျနော် မကြိုက်ပါဘူး။ ကျနော်က စွာတာမှ မဟုတ်တာ။ ဒီအမှိုက်ပုံကြီးမှာ ကိုယ်လိုချင်တဲ့ပစ္စည်းရဖို့ သူ့ထက်ငါ လူတိုင်း တိုးဝှေ့နေကြတာပဲ။ ကျနော်လည်း သူများတွေလိုပဲ တိုးဝှေ့ကောက်တာပဲဟာ။ ဒီလိုမှ မတိုးရင် ကျနော်တို့ ဘယ်လို ထမင်းစားမလဲ။

အ၀ါရောင်ခေါင်းစွပ်လေးကို အမြဲတမ်းစွပ်ထားလို့ ‘အ၀ါလေး’လို့ခေါ်တာတော့ ခေါ်ပေါ့။ ဘာကြောင့်မှန်းတော့ မသိဘူး အဲဒီ ပလတ်စတစ် အ၀ါရောင် ခေါင်းစွပ် လေးကို ကျနော် သဘောကျတယ်။ အဲဒီခေါင်းစွပ်ကလေး စွပ်ထားရင် လေလည်း လုံတယ်။ မိုးလည်းလုံတယ်။ ကျနော့် ဆံပင်တွေ၊ မျက်စိတွေ၊ နားတွေထဲလည်း အမှိုက်တွေ၊ ရွှံ့တွေ မစင်တော့ဘူး။
အဲဒီခေါင်းစွပ်အ၀ါလေးက ကျနော်နဲ့လည်း လိုက်တယ်တဲ့။ အမှိုက်ကားကြီးတွေ လာချိန်နီးလို့ ဓားကောက်ကိုကိုင်၊ ပီနံအိတ်ကို သိုင်းလွယ်ပြီး အဲဒီခေါင်းစွပ်အ၀ါလေးကို စွပ်ပြီး အမှိုက်ကွင်းကြီးထဲ ကျနော်ဆင်းပြီဆို ‘ငစွာလေးလာပြီဟေ့’၊ ‘အ၀ါလေးလာပြီဟေ့’နဲ့ ကျနော့်ကို အမျိုးမျိုး ပြောင်ကြ နောက်ကြတယ်။

အဲဒီထဲမှာ ဟိုဘက်တဲက ရွှေကျင်လင်မယားက အဆိုးဆုံးပဲ။
သူတို့မှာ သားသမီးမရှိတော့ ကျနော့်ကို သူတို့ ချစ်လည်းချစ်လို့ ခေါ်တယ်ဆိုတာ ကျနော်သိပါတယ်။
ဒါပေမယ့် ကျနော့်ထက်ငယ်တဲ့ ကလေးတွေက လူကြီးတွေခေါ်သလို လိုက်လိုက်ခေါ်တာ ကျနော် မကြိုက်ပါဘူး။
‘သန်းထွန်းလေး’ဆို အဆိုးဆုံးပဲ။ မကြိုက်ဘူးလို့ ကျနော်ပြောတာ အခါတထောင်လောက်ရှိတော့မယ်။
ဒါလည်းမရဘူး။ သူက သူ့အဖေအားကိုးနဲ့ ကျနော့်ကို လိုက်လိုက်ပြီးတော့ ပြောင်နေတာ။
အဲဒီကောင်ကို ကျနော် တခါတခါ ဆွဲထိုးပစ်ချင်တယ်။

ကျနော်တို့ အမှိုက်ပုံမှာတော့ သန်းထွန်းလေးတို့ အမျိုးတွေ တော်တော်များတယ်။
အိမ် ၄၀ ကျော်မှာ သူတို့အမျိုးက တ၀က်လောက်ရှိတယ်။
ကျနော်တို့ အခုနေတဲ့ မဲဆောက်မြို့ ဘတ်စံကွင်းထဲက အမှိုက်ပုံကြီးကို
သန်းထွန်းလေးတို့ အဖေတွေ အရင်ဆုံးရောက်တာတဲ့။
သန်းထွန်လေးတို့က ပဲခူးဘက်ကလို့ ပြောတာပဲ။ သူတို့အမျိုးတွေက ပဲခူး၊ သနပ်ပင်၊ ဒိုက်ဦးစုံနေတာပဲ။
ကျနော်တို့က မုတ္တမ ကမ်းခြေစုက လာတာ။
ဒီအမှိုက်ပုံကြီးမှာ နယ်စုံက လူတွေရှိတယ်။
ကျနော်တို့ တဲနားက ရွှေကျင်လင်မယားဆိုရင် ရွှေကျင်ကလာလို့ ရွှေကျင်လင်မယားလို့ ခေါ်ကြတာလေ။
ကျနော်တို့ အမှိုက်ပုံကြီးမှာ မွန်၊ ကရင်၊ ဗမာ လူမျိုးလည်းစုံတယ်။
နယ်စုံ လူစုံဆိုတော့ ခဏခဏလည်း စကားများကြ၊ ရန်တွေဖြစ်ကြနဲ့။
အမှိုက်ကားကြီးတွေလာလို့ အမှိုက်တွေသွန်ချပြီဆို သူ့ထက်ငါ တိုးဝှေ့လုယက်ပြီဆိုရင်
စကားတွေများကြပြီ။ ရန်တွေဖြစ်ကြပြီ။
ကောက်ထားတဲ့ ပစ္စည်းတွေပျောက်လို့၊ ခိုးလို့ ရန်ဖြစ်ကြတာတွေလည်းရှိတယ်။
နောက်တော့လည်း ပြန်တည့်သွားကြ။ ပြန်ခေါ်ကြတာပဲ။

ကျနော်လည်း ၁ ခါ ၂ ခါ တော့ ရန်ဖြစ်ဖူးတယ်။
သန်းထွန်းလေးနဲ့ သန်းထွန်းလေးတို့ အမျိုးတွေနဲ့ပဲပေါ့။
သူတို့က အမျိုးတောင့်တယ်။ အရင်ရောက်တယ်ဆိုပြီး နေရာတကာ ဆရာလုပ်ချင်တယ်။
ကျနော်တို့လို ကလေးတွေဆိုရင်လည်း သူ့အဖေက အော်လိုက် ငေါက်လိုက် အမြဲလုပ်တယ်။
သူ့အဖေက ထိုင်းစကားလည်းတတ်တော့ ကျနော်တို့ အမှိုက်ပုံမှာတော့ ဆရာကြီးပေါ့။

ဒီအမှိုက်ပုံကို ချုပ်ထားတဲ့ ထိုင်းလင်မယားနဲ့လည်း သူက အဆင်ပြေတယ်။
အဆင်ပြေမှာပေါ့ ကျနော်တို့ ဘာလုပ်တယ်၊ ဘယ်မှာရောင်းတယ်ဆိုတာကို သူက သတင်းသွားသွားပေးတာကိုး။
အခုတော့ အဲဒီထိုင်းလင်မယားက ကျနော်တို့အမှိုက်ပုံမှာ သန်းထွန်းလေး အဖေကို လူကြီးတင်ထားပေးတယ်။
အမှိုက်ပုံကရတဲ့ ပစ္စည်းတွေကိုလည်း အရင်ကလို ကျနော်တို့ ရောင်းချင်တဲ့နေရာမှာ ရောင်းလို့မရတော့ဘူး။
အရင်ကလည်း ကျနော်တို့ ရောင်းချင်တဲ့နေရာမှာ ရောင်းလို့ရတာတော့ မဟုတ်ပါဘူး။
အဲဒီ ထိုင်းလင်မယားဆီမှာပဲ ရောင်းရတယ်။

သူတို့က ဒီအမှိုက်ပုံကြီးကို ချုပ်ထားတာဆိုတော့ ဈေးနှိမ်ပြီးတော့ ၀ယ်တာပေါ့။
ဒါပေမယ့်လည်း ဈေးပိုရမယ်ထင်တဲ့နေရာမှာ အဲဒီထိုင်းတွေမသိအောင် သွားသွားပြီးတော့ ခိုးရောင်းကြတယ်။
အခု သန်ထွန်းလေးတို့အဖေကို လူကြီးတင်ထားတော့ ဘယ်လိုလုပ်ပြီး ခိုးရောင်းလို့ရတော့မှာလဲ။
သူတို့က ကျနော်တို့နဲ့ပဲ အတူတူနေတာဆိုတော့ အကုန်သိတာပေါ့။
ပြီးတော့ သူတို့အမျိုးတွေကလည်း အများကြီးဆိုတော့ ဘယ်သူဘာလုပ်တယ်ဆိုတာ
သူတို့က မျက်လုံးဒေါက်ထောက် ကြည့်နေတာ။

ခေါင်းစွပ်အ၀ါလေးက ဒီအမှိုက်ပုံကြီးထဲကပဲ ကျနော်ရတာ။
ကျနော်ရတာ တနှစ်တောင်ကျော်သွားပြီ။
ခေါင်းစွပ်ကလေးရဲ့ အောက်ဘက်မှာ ကြယ်သီးပေါက်ကလေးတွေပါတော့
အဲဒီခေါင်းစွပ်ကလေးဟာ အင်္ကျီနဲ့တွဲပြီးဝတ်တာလို့ ကျနော်ထင်တယ်။
အရင်ကတော့ အဲဒီခေါင်းစွပ်ကလေးနဲ့တွဲဝတ်တဲ့ အင်္ကျီအ၀ါရောင်လေးများ
အမှိုက်ကားကြီးတွေနဲ့ ပါလာမလားလို့ ကျနော် မျှော်နေသေးတယ်။
အခုတော့ ကျနော် မမျှော်တော့ပါဘူး။

ဒီအမှိုက်ပုံကြီးကို ကျနော်ရောက်တာ ၂နှစ်ကျော် ၃ နှစ်ရှိပြီ။
အခုကျနော့်အသက် ၁၄ နှစ်ထဲဝင်ပြီဆိုတော့ ကျနော် ၁၁ နှစ်ကျော်အရွယ်လောက် စရောက်တာပေါ့။
ပျော်တော့ ဘယ်ပျော်မှာလဲ။
ဒါပေမယ့် ဒီအမှိုက်ပုံကြီးက ကျနော်တို့ကို ထမင်းကျွေးတာဆိုတော့ မပျော်လည်းနေ ပျော်လည်းနေပေါ့။
မုတ္တမမှာ နေတုန်းကဆို ကျနော်တို့ ထမင်းနပ်မှန်အောင် စားရတာမဟုတ်ဘူး။
အဖေကူလီ မထမ်းနိုင်တဲ့နေ့တွေဆိုရင် ရေသောက်ပြီးတော့ပဲ နေရတယ်။
အမေကတော့ ကျနော်ငယ်ငယ်လေးထဲက သေသွားတယ်လို့ အဖေကပြောတယ်။

အဖေဆုံးပြီးမှ ကျနော် ဒီအမှိုက်ပုံကို ရောက်လာတာ။
ကျနော့်ဦးလေးက ဒီအမှိုက်ပုံမှာ အလုပ်လုပ်တာ အဆင်ပြေတယ်လို့ပြောပြီး
ကျနော့်ကို ပြန်ခေါ်လို့ ကျနော်ရောက်လာတာ။

ကျနော်တခါမှ ကျောင်းမနေဖူးဘူး။ ကျနော့်အဖေလည်း ကျောင်းမနေဖူးဘူးတဲ့။
ဦးလေးကတော့ ကျနော်တို့ မွန်ရွာက ဘုန်းကြီးကျောင်းမှာ နေခဲ့ဖူးတယ်လို့ ပြောတာပဲ။
ကျောင်းတခါမှ မနေဘူးတော့ ကျောင်းနေချင်သလား မနေချင်ဘူးလားဆိုတာ ကျနော် မပြောတတ်ဘူး။
သန်းထွန်းလေးလည်း ကျနော့်လိုပဲ ကျောင်းမနေဖူးဘူး။

ဒီအမှိုက်ပုံကြီးထဲမှာ ကျနော်တို့အရွယ်တွေရှိတော့ရှိတယ်။ အများကြီးတော့ မဟုတ်ဘူး။
ကျနော်၊ သန်းထွန်းလေး၊ ကွာစိ၊ ငတိုးနဲ့ မိခက်တို့ပဲရှိတယ်။
ကျန်တဲ့ကလေးတွေကတော့ ကျောင်းနေပါတယ်။
ဒီအမှိုက်ပုံကြီးအနားမှာ ကျောင်းရှိတယ်။ သူတို့အဲဒီကျောင်းမှာ သွားတက်ကြတာပေါ့။
ကျနော် ကျောင်းမနေချင်ပါဘူး။ ကျနော်က အကောင်ကြီးနေပြီ ရှက်စရာကြီးဖြစ်နေမှာပေါ့။

ကျောင်းနေရင် ကျနော်တို့ ထမင်းဘယ်လို စားမလဲ။
အမှိုက်ကောက်တာက နေ့ရောညပါ ကောက်မှ တနေ့ကို ၁၅ ဘတ် ၂၀ ရတာ။
ကံမကောင်းတဲ့နေ့ဆိုရင် တနေ့ ၁၀ ဖိုးတောင် မရချင်ဘူး။

ပလတ်စတစ်၊ အချိုရည်ဘူး၊ ပုလင်း၊ ခွက်၊ နန်းကြိုး၊ အ၀တ်၊ ထီးစုတ်၊ ဖိနပ်စုတ် အစုံကောက်တယ်။
အာလူး၊ ကြက်သွန်၊ ကော်ဖီထုပ်၊ ပဲ၊ ငါးခြောက်၊ ပဲလှော်၊ မုန့်ခြောက်တွေလည်း ရတာရှိတယ်။
တခါတခါလည်း အသီးအရွက်တွေ၊ အသားတွေ၊ ငါးတွေလည်းရတယ်။
ပစ္စည်းတွေက တချို့လည်းကောင်းတယ်။ တချို့လည်း မကောင်းဘူး။
အစားအသောက်တွေရရင် ကျနော်တို့ ရေဆေးပြီးတော့စားတယ်။
အခြောက်လှန်းပြီးလည်း စားကြတယ်။
ဒီမှာ အားလုံး ဒီလိုပဲ စားကြတာပဲ။
ဒါတောင်မှ သူ့ ထက်ငါ လုယက်ကောက်ရတာ။
ဒါကြောင့်မို့လည်း ကျနော်တို့ ရန်ဖြစ်ကြတာပေါ့။

အခုဆိုရင် ရန်မဖြစ်အောင်လို့ ကိုယ့်အတန်းနဲ့ကိုယ်နေရာယူပြီး ကောက်ရတယ်။
ဒါလည်း သူနဲ့ငါ အလုအယက်ပဲ။ ဒါပေမယ့် အရင်လောက်တော့ မဆိုးတော့ဘူး။
တအားဆိုးတဲ့လူတွေကိုလည်း ဒီအမှိုက်ပုံကြီးကို ချုပ်ထားတဲ့ ထိုင်းလင်မယားက ပေးမကောက်ဘူး။
သူတို့ကို ရန်ဖြစ်လို့ မောင်းထုတ်ဖူးတာရှိတယ်။
အခုတော့ သူတို့ ဘယ်ရောက်သွားလဲ ကျနော်လည်း မသိဘူး။

ကျနော်တို့မှာ ကစားချိန်မရှိပါဘူး။
အမှိုက်ကားကြီးတွေက မနက်အစောကြီး တကြိမ်။ နေ့လည် တကြိမ်။ ညနေပိုင်းမှာ တကြိမ်လာတယ်။
တနေ့ (၃) ချိန်လာတာဆိုတော့ အဲဒါတွေကို တနေကုန် ကောက်ရောပဲ။
ကားကြီးတွေမလာခင် အမှိုက်ပုံကြီးထဲမှာပဲ အချင်းချင်း ပြောင်ကြ နောက်ကြ ကစားကြတာပဲရှိတယ်။
ကျနော်တို့ ကစားဖို့လည်း အမှိုက်ပုံကြီးပဲ ရှိတာကိုး။

ကျနော် မြို့ထဲကို တခါမှ မသွားဖူးဘူး။
ထိုင်းရဲတွေ ဖမ်းမှာစိုးလို့ သွားလည်း မသွားရဲဘူး။
ထိုင်းရဲတွေ ဖမ်းပြီး မြန်မာပြည်ကို ပြန်ပို့ရင် ဘယ်လိုလုပ်မလဲ။
မြန်မာပြည်ပြန်ပို့ခံရရင် ဒုက္ခရောက်မှာပေါ့။

ဒီအမှိုက်ပုံမှာနေရတာ အဆင်ပြေပါတယ်။
ပစ္စည်းရောင်းပြီးရင် ကိုယ်စားချင်တာလည်း ၀ယ်စားလို့ရတယ်။

မြ၀တီက ဈေးသည်တွေ ဒီမှာလာပြီး ဈေးရောင်းကြတာရှိတယ်။
ကိုယ်လိုချင်တာသူတို့နဲ့ မှာလို့ရတယ်။ စားချင်တာလည်း သူတို့နဲ့ မှာစားလို့ရတယ်။
သူတို့က နေ့တိုင်းလာရောင်းတာဆိုတော့ အဆင်ပြေတာပေါ့။
သူတို့လည်း မြို့ထဲလမ်းက မလာရဲဘူး။ ပုလိပ်ဖမ်းမှာကြောက်လို့ တောလမ်းကပဲ လာကြတယ်။

ကျနော်ကြီးလာရင် ဘာလုပ်မလဲဆိုတာ ကျနော်မပြောတတ်ဘူး။
အမှိုက်ပုံကြီးတွေ ရှိနေရင်တော့ ကျနော် ထမင်းမငတ်ဘူးလို့ ထင်တာပဲ။
ကျနော်ကြီးလာရင် ဒီထက်ပိုပြီးတော့ ပစ္စည်းတွေကောက်နိုင်မယ်။

ပိုက်ဆံများများရရင်တော့ ဖိနပ်တရံနဲ့ လက်အိတ်တခုလောက် ကျနော်ဝယ်ချင်တယ်။
အ၀ါရောင်အင်္ကျီလေးလည်း ကျနော် လိုချင်တာပဲ။
သူများတွေက ပြောကြတယ်လေ ‘အ၀ါလေး’က အ၀ါရောင်နဲ့ လိုက်တယ်တဲ့။ ။

ဧရာဝတီ အင်တာနက် မဂ္ဂဇင်း
http://www.irrawaddy.org/bur/ratha2007/August/02.html

Read More...