Showing posts with label med-school-life. Show all posts
Showing posts with label med-school-life. Show all posts

Tuesday, March 10, 2009

My Journey of Public Health

Beginning of the beginning


၁၀၊ ၃၊ ၂၀၀၉
(တပေါင်းလပြည့်နေ့)

ကျွန်ုပ်လျှောက်ခဲ့သော ပြည်သူ့ကျန်းမာ ခရီးလမ်း
နိဒါန်းရဲ့ အစ (၁)

နိဂုံးရဲ့အစ ကို ရေးပြီးနောက် ကျွန်ုပ်လျှောက်ခဲ့သော ပြည်သူ့ကျန်းမာ ခရီးလမ်း နိဒါန်းပိုင်းရဲ့ အစကို ရေးဖို့ စိတ်ကူးရလာပါတယ်။ ကြားထဲက အချိန်ကွက်လပ်တွေကိုတော့ ဖြည်းဖြည်းချင်း ဖြည့်သွားပါမယ်။

ကျွန်ုပ် ဆေးကျောင်းတက်ဖို့ ဆုံးဖြတ်ချက် ဘယ်လို ချဖြစ်သွားတယ်ဆိုတဲ့ အကြောင်းကိုတော့ ဘ၀တစ်ဆစ်ချိုး ဆိုတဲ့ ပို့စ်မှာ ရေးခဲ့ပါတယ်။ တကယ်တန်း ဆေးကျောင်းတက်ရတဲ့ အခါမှာတော့ သိပ်မပျော်ပေ။ ကိုင်ပေါက်လျှင် သေနိုင်လောက်သည့် စာအုပ် အထူကြီးများ၊ မိတ္တူကိုပင် မိတ္တူ ပြန်ကူးထားရသည့် မှုန်ဝါးဝါး ရုပ်ပုံစာအုပ်များ၊ ရိုမန်နှင့် ဂရိ နတ်ဘုရားများရဲ့ အမည်များ နှင့် သူတို့ရဲ့ အံ့မခန်း တန်ခိုး ဣဒ္ဓိပါဒ်များ၊ ဆေးဝါး သမိုင်း မှတ်တမ်းဝင် ပုဂ္ဂိုလ်ကြီးများ၏ မှတ်သားရ ခက်သော အနောက်တိုင်း အမည်များ၊ တစ်ခါမှ မစားဖူး မမြင်ဖူးသော အစားအသောက်များ၏ အနံ့ အရသာများနှင့် နှိုင်းယှဉ် သင်ပြသော ရောဂါ အခြေအနေများ၊ အီလက်ထရွန်းနစ် အဏုကြည့်မှန်ဘီလူး (အဲဒီတုန်းက ဆေးကျောင်းမှာ ဒီလို အဏုကြည့်မှန်ဘီလူး တစ်ခုမှမရှိ) ဖြင့် ကြည့်မှ မြင်နိုင်သော အကောင်ပလောင်များ၊ ဇာစ်မြစ် မသိသော ရောဂါများ နှင့် အဖြေ မရေရာ လှသော ကုထုံးများကြားမှာ စာရေးသူတစ်ယောက် ဂျင်ခြေလည်နေသည်။ ဘယ်လိုမှလည်း စိတ်ဝင်စားကြည့်လို့မရ။ စာထဲတွင် စိတ်မ၀င်စားလှသဖြင့် အမှတ်တွေကလည်း မကောင်း၊ တစ်နှစ်တစ်တန်း မှန်မှန်အောင်ဖို့ကိုပင် အတော်ကြီး ကြိုးစားနေရသည်။

အဲဒါတွေကို ညည်းတွားမိတော့ မိခင်ဖြစ်သူက ဒီလိုနှစ်သိမ့်သည်။ “ဆေးကျောင်းတော့ ပြီးအောင်တက်ပါ၊ ပြီးရင် ကြိုက်ရာလုပ်ပါ” တဲ့။ ပြီးတော့ “ဆေးကျောင်းမှာ သင်ရတဲ့ ပညာတွေက တခြား ကဏ္ဍတွေမှာလည်း အသုံးတည့်ပါတယ်” လို့ ဆိုတယ်။ ဒီလိုနဲ့ စိတ်မသက်မသာ ဖြစ်ရုံမှတစ်ပါး အခြားရွေးစရာလမ်းလည်း မမြင်ခဲ့လေတော့ အရှိန်နဲ့ ဆက်လှိမ့်လို့ နေရပါတယ်။

၁၉၉၃ နောက်ဆုံးနှစ် အပိုင်း(က) ရောက်တဲ့ အခါမှာ စိတ်မ၀င်စားဆုံး ဘာသာများထဲက စိတ်အ၀င်စားဆုံး ဘာသာရပ် နှစ်ခုက မိတ်ဆက်လာပါတယ်။ ဥပဒေရေးရာဆေးပညာ (Forensic Medicine) နဲ့ ကာကွယ်ရေးနှင့်လူမှုရေးဆေးပညာ (အတိုကောက်။ ။ ကာကွယ်လူမှုဘာသာရပ်) (Preventive and Social Medicine) တို့ပဲ ဖြစ်ပါတယ်။ ကာကွယ်လူမှုဘာသာရပ် ကို တခြား တက္ကသိုလ်တွေမှာ ပြည်သူ့ကျန်းမာ ဘာသာရပ်လို့ ခေါ်ပါတယ်။ ပြည်သူ့ကျန်းမာ ဘာသာရပ်ကို စိတ်ဝင်စားကြောင်း မိခင်ကို ပြောမိတော့ သူလည်း ငယ်ငယ်က စိတ်ဝင်စားခဲ့ဖူးကြောင်း၊ အစိုးရ အလုပ်တွေ အပြင် အစိုးရ မဟုတ်တဲ့ နယ်စည်းမခြားဆရာဝန်များ (Doctors without borders) လို့ အမည်ရတဲ့ အန်ဂျီအိုအဖွဲ့တွေ ရှိကြောင်း၊ သူ့မိတ်ဆွေ တစ်ဦးဖြစ်တဲ့ ဒေါက်တာနွယ်နွယ်အေး ဆိုရင် မြန်မာပြည်က နယ်စည်းမခြားဆရာဝန်များ အဖွဲ့မှာ အလုပ်လုပ်နေကြောင်း၊ အဆင်သင့်လျှင် မိတ်ဆက်ပေးပါမည့် အကြောင်း ပြောပြပါတယ်။

“နယ်စည်းမခြားဆရာဝန်များ” ဆိုတဲ့ အမည်က ကျွန်ုပ်ရင်ကို ကိုင်လှုပ်သွားပါတယ် လို့ ပြောရင် လွန်မယ် မထင်ပါ။ ခေါင်းထဲတွင် ဘတ်သီးများလင်းပြီး အမှန်အကန်ပင် စိတ်ဝင်စားသွားလေသည်။ ပြည်သူ့ကျန်းမာရေး၊ နယ်စည်းမခြားဆရာဝန်များ နှင့် ဒေါက်တာနွယ်နွယ်အေး ဆိုသည့် စကားစုများ (key words) အတွေးထဲက တော်တော်နှင့် မထွက်တော့။ ဆေးကျောင်းပြီးလို့ ဘွဲ့ရရင် တကမ္ဘာလုံးလှည့်ပြီး ဆေးကုရတဲ့ အလုပ် လုပ်ရရင် .. ဆိုပြီး စိတ်ကူးများယဉ်လို့ နေပြန်သည်။ ကာကွယ်လူမှု အတန်းကိုလည်း (အခြားသူငယ်ချင်းများ ပျော်ပျော်ကြီး လစ်နေချိန်မှာ) အချိန်မှန် တက်ဖြစ်သည်။ စာကိုလည်း စိတ်ဝင်တစားဖတ်ပြီး အိမ်စာများကိုလည်း ပုံမှန်လုပ်ဖြစ်သည်။

ဆေးကျောင်းရှိ ကာကွယ်လူမှု ဘာသာရပ်မှာက အတန်းတွင်း စာသင်ရခြင်းအပြင် ကွင်းဆင်းလေ့လာရသည့် ကဏ္ဍလည်း ပါဝင်သည်။ ကျောင်းသားများကို အဖွဲ့ငယ်များဖွဲ့ပေးကာ မြို့နယ်၊ တိုက်နယ် နှင့် ကျေးလက် ကျန်းမာရေးဌာနများသို့ ကိုယ်တိုင်ကွင်းဆင်းပြီး မြန်မာနိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှုစနစ်ကို လေ့လာစေခြင်းပင်။

ကျောင်းသား၊ ကျောင်းသူ ၂၅၀ ကျော်ရှိသဖြင့် ၇ယောက် ၈ယောက်ခန့်ပါသော အဖွဲ့ငယ်များဖွဲ့ကာ သက်ဆိုင်ရာ မြို့နယ်များကို သွားရောက်ရသည်။ ထိုသို့ အဖွဲ့ ဖွဲ့ရာတွင် ဆရာများက ယောက်ျားလေး၊ မိန်းကလေး မျှမျှတတ ပါဝင်ရန်မှတစ်ပါး ဘာမှ မစွက်ဖက်သဖြင့် ကျောင်းသား ကျောင်းသူများ စိတ်တိုင်းကျ စုစည်းခွင့်ရကြလေသည်။ ကျန်းမာရေး စောင့်ရှောက်မှု စနစ်ကို သွားရောက် လေ့လာရန်ဆိုသည့် မူလရည်ရွယ်ချက်ကို ဘယ်လောက် စိတ်ဝင်စားကြသလဲ ဆိုတာကို ပြောရခက်ပေမယ့် မိဘအုပ်ထိမ်းသူများနှင့် ဝေးရာ လွတ်မြောက်နယ်မြေသို့ သူငယ်ချင်းများနှင့် သွားရမည့်အတွက် ပျော်ရွှင် တက်ကြွနေကြသည်ကတော့ သိသာလှသည်။ ဒီကြားထဲ အဖွဲ့ငယ် ဖွဲ့စည်းရေးတွင် လျှို့ဝှက် ရည်ရွယ်ချက် (hidden agenda) နှင့် လှုပ်ရှားကြသူများကလည်း ရှိတတ်ကြသေးသည်။ ဟိုဘက် ဒီဘက် လွန်ဆွဲကြသည်များကလည်း မရှားလှ။ ရေးရင်တော့ ဒီအကြောင်းကပင် စာတစ်ပုဒ် ဖြစ်တော့မည်။ ထားတော့။

အချိန် ၄ ပတ်ခန့် ကွင်းဆင်း လေ့လာနေရင်း သုတေသန အချက်အလက်များပါ တစ်ပါတည်းကောက်ယူရမည်။ သုတေသန ခေါင်းစဉ်က “သက်ကြီးရွယ်အိုကျန်းမာရေး”။ အသက် ၆၀ ကျော် အဖိုးအဖွားများ မည်သို့ နေထိုင်စားသောက်နေကြသည်၊ ကျန်းမာရေး အခြေအနေ မည်သို့ရှိသည် စသည်တို့ကို မေးမြန်း၊ စမ်းသပ်ကာ မှတ်တမ်းတင်ရမည်။ ကိုယ့်သက်ဆိုင်ရာ အဖွဲ့ငယ်အလိုက် တာဝန်ကျရာ မြို့နယ်တွင် လူတွေ့မေးမြန်းပြီး ရလာသည်များကို စုပေါင်းကာ မြန်မာနိုင်ငံရှိ သက်ကြီးရွယ်အိုများ၏ ကျန်းမာရေးကတော့ဖြင့် မည်သို့ အခြေအနေ ရှိနေပါသည် ဟု အဖြေထုတ် ကောက်ချက်ချရန်ဖြစ်သည်။

သုတေသန ပြုရန် လိုအပ်ချက်များကို အတန်းထဲတွင် စာတွေ့သင်ပြီး ကွင်းဆင်းလျှင်တော့ လက်တွေ့ဆောင်ရွက်ရမည် ဖြစ်သည်။ အိမ်ခြေစာရင်း ပြုစုပုံ၊ ကျပန်းစနစ်ဖြင့် လူတွေ့မေးမြန်းမည့်အိမ် ရွေးချယ်ပုံ၊ ပါဝင်သင့်သည့်မေးခွန်းများ၊ မေးပုံမေးနည်း၊ တိုင်းတာရေး ကိရိယာများ (ပေါင်ချိန်စက်၊ သွေးပေါင်ချိန်စက် စသည်များ) တိကျမှုရှိမရှိ စစ်ဆေးခြင်း စသည်တို့ကတော့ မရှိမဖြစ် ကြိုတင်ပြင်ဆင်ရသည့် အချက်များပင်။

ထိုသို့ ကြိုတင် ပြင်ဆင်ရေးအတွက် ဆွေးနွေးချိန်များတွင် မရှင်းလင်းသည့် အချက်များကို စာရေးသူက ဆရာ့အား ပြန်လှန်မေးခွန်းများ မေးလေ့ရှိသည်။ ဆွေးနွေးချိန် မြန်မြန်ပြီးပြတ်ပြီး အိမ်ပြန်လိုကြသော သူငယ်ချင်းအချို့ကမူ “ဒီကောင် .. လျှာရှည်လိုက်တာ၊ ဟိုရောက်ရင် အဆင်ပြေသလို လုပ်လိုက် ပြီးတာပဲ ဆရာတွေလည်း သိမှာမှ မဟုတ်တာ” ဟု စိတ်ထဲက ကျိန်ဆဲနေကြသည်။ ရံဖန်ရံခါ နှုတ်မှပင် ထုတ်ဖော်ကာ ထောမနာ ပြုတတ်ကြသည်။ အချင်းချင်း မျက်စပစ်ကြသည်။ ကျွန်ုပ်ကတော့ စိတ်ဝင်စားသည့် ပြည်သူ့ကျန်းမာ ဘာသာရပ်ကို လက်တွေ့ဆင်းရာတွင် တတ်နိုင်သရွေ့ တိကျချင်သည်၊ လုပ်တတ်ချင်သည်။ သို့သော် ထိုစိတ်ဓါတ်ကား ထိုအချိန်က ဆေးကျောင်းပတ်ဝန်းကျင်နှင့် သိပ်ပြီး သဟဇာတ မဖြစ်လှ။ ပြည်သူ့ကျန်းမာဘာသာရပ် ဆိုသည်မှာ ဆေးပညာ၊ ခွဲစိတ်၊ သားဖွားမီးယပ်၊ ကလေး စသည့် အထူးကု ဆရာဝန် အလုပ် မလုပ်ဖြစ်တော့မှ နောက်ဆုံး (မတတ်သာ၍) ရွေးချယ်ရသည့် (ရွေးချယ်ကြသည့်) လမ်းဟု ထင်မှတ်မှားကာ ဆေးကျောင်းသား အများစု၏ အထင်သေးခြင်းကို ခံနေရသော အချိန်ဖြစ်သည်။ ဘယ်သူတွေ ဘယ်လိုပြောပြော ဘယ်လိုနှာခေါင်းရှုံ့ရှုံ့ စာရေးသူကတော့ ခေါင်းခပ်မာမာဖြင့် ဇွတ်ပေကာ မေးခွန်းများမေးဆဲ လုပ်ရမည့် ကိစ္စများကို တိတိကျကျ လုပ်ဆဲပင်။ ရလာဒ်ကတော့ နာမည်သစ် “မောင်ရစ်”။

လွန်ခဲ့တဲ့ ၁၅ နှစ် ဒီလို တပေါင်းလပြည့် အချိန်မျိုးမှာပဲ လက်တွေ့ ကွင်းဆင်းရမည့် အချိန် ရောက်လို့လာသည်။ သွားရမည့်နေရာက ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်။ အဖွဲ့ဝင်က စုစုပေါင်း ၇ ဦး။

(ဆက်ရန်)

Read More...

Thursday, August 2, 2007

Tipping point (1) - why did i go to med-school?

၂၊ ၈၊ ၂၀၀၇

ဘ၀ တဆစ်ချိုး (သို့) ကျွန်ုပ် ဆေးကျောင်း တက်ဖြစ်ရခြင်း အကြောင်း

သင်သည် ပလက်ဖောင်းတစ်ခုပေါ်တွင် လမ်းလျောက်လာသည် ဆိုပါစို့။ ညာဘက်ဘေးတွင် အဆောက်အဦမြင့်မြင့် တစ်ခုရှိကာ ရှေ့နားတွင် ပလက်ဖောင်းက ညာဘက်သို့ ၉၀ ဒီကရီ ထောင့်မှန် ချိုးကွေ့သွားသည်။ ရှေ့တဆစ်ချိုးတွင် မြင်တွေ့ရမည့် မြင်ကွင်းမှာ သင် လောလောလတ်လတ် မြင်နေရသော မြင်ကွင်း နှင့် အကွာကြီးကွာကောင်း ကွာနေပေမည်။ တစိမ်းနယ်ထဲမှာ ဆိုလျင် ကြိုတင်မသိနိုင်။ ချိုးကွေ့လိုက်မှသာ မြင်ကွင်းသစ်၊ ပတ်ဝန်းကျင်သစ်ကို ဘွားကနဲ မြင်ရပေမည်။

ထိုကဲ့သို့သော အဖြစ်မျိုး လူတိုင်း ဘ၀တွင် ရှိကာ ဘ၀ တဆစ်ချိုး ဟု မည်တွင်လေသည်။

ကျွန်ုပ် မှတ်မိသော ဘ၀တဆစ်ချိုးများထဲမှ တစ်ခုကို ပြောလိုသည်။ ဆေးကျောင်း တက်ဖြစ်ခဲ့ရခြင်း အကြောင်းပင်။

အထက်တန်း ကျောင်းသားအရွယ်က အင်္ဂျင်နီယာ အလွန်ဖြစ်ချင်ခဲ့သည်။ တိတိကျကျ ဆိုရသော် အီလက်ထရွန်နစ် အင်္ဂျင်နီယာ ဖြစ်ချင်သည်။ ၁၀ တန်းတွင် စာကျက်ဖော်ကျက်ဖက် အခင်ဆုံး သူငယ်ချင်း တစ်ယောက်နှင့် ညှိနှိုင်းထားကြသည်။ ဆေးကျောင်းဝင်သည့် အမှတ် ရလျင်ပင် စက်မှုတက္ကသိုလ် (ယခင် အခေါ် - အာအိုင်တီ) ကိုပဲ တက်ကြမည် ဟူ၏။

သို့နှင့် ၁၀ တန်းစာမေးပွဲဖြေအပြီး မိဘများရှိရာ လွိုင်ကော်မြို့သို့ သွားနေရလေသည်။ အောင်စာရင်းထွက်ရန် လအတန်ကြာ စောင့်ဆိုင်းရလေရာ လွိုင်ကော်မြို့တခွင် ပြဲပြဲစင်အောင် လည်ရာပြန်စားခြင်း နှင့် အချိန်ကုန်လေသည်။

မိဘများကမူ သားသမီး နှစ်ဦးအနက် အနည်းဆုံး တစ်ဦးကိုတော့ ဆရာဝန် ဖြစ်စေလိုသည်။ ကျွန်ုပ်မှာ သားကြီးသြရဿ ဖြစ်ရကား ပထမဆုံးရွေးချယ်ရတော့မည်။ မိဘတို့ကား အလွန်အကျွံမတိုက်တွန်းစေကာမူ သူတို့ ဖြစ်စေချင်သည်မှာတော့ သိသာပါသည်။

သို့နှင့်ပင် အချိန်တို့ ကုန်မှန်း မသိကုန်ကာ ၁၀ တန်း အောင်စာရင်းများထွက်၊ အမှတ်စာရင်းများ သိရပါလေတော့သည်။ ဖြစ်ချင်တော့ ဆေးကျောင်းအမှတ်မီသည်။ ရန်ကုန်ဆင်းကာ တက္ကသိုလ်ဝင်ခွင့် လျောက်လွှာများယူပြီး လွိုင်ကော်သို့ ပြန်လာချိန်အထိ ဆုံးဖြတ်ချက်က အင်္ဂျင်နီယာပင်။

တညသ၊ သန်းခေါင်ကျော် တချက်တီးခန့်ရှိမည် ဗိုက်နာလွန်း၍ အိပ်ရာမှ လန့်နိုးလာ၏။ အစားမှား၍ ဗိုက်ရစ်သည်ထင်ကာ ခဏအောင့်အည်းနေသေးသည်။ ဘယ်လိုမှ မရ။ ပိုပို အောင့်ကာလာသည်။ သို့နှင့် မိဘများ အိပ်ခန်းတံခါးကိုသွားခေါက်ကာ ပြောရတော့သည်။ ဖခင်ဖြစ်သူက ဗိုက်ကို စမ်းသပ်ပြီး ဆေးတစ်လုံး ထိုးပေးလိုက်သည်။ ၅ မိနစ်မျှပင် မကြာလိုက် အောင့်နေ နာနေသည်များ ယူပစ်သလို ပျောက်သွားသည်။ သို့နှင့် ဆရာဝန် ဆိုတာ အတော်ကောင်းတာပဲ ... လူတွေ နာကျင်နေတာတွေကို ပျောက်အောင်ကုသပေးနိုင်တယ် ... တယ်နိပ်တာပဲ ... ဟု စိတ်ထဲတွင် ဘာသာ တွေးမိသည်။

ထိုအဖြစ်အပျက်လေး တစ်ခုကပင် ကျွန်ုပ်ကို ဆေးကျောင်းလျှောက်ရန် တွန်းပို့လေတော့သည်။

စကားချပ်
မည်မျှသေးငယ်သော ကိစ္စလေးပင် ဖြစ်စေကာမူ
ဘ၀ တဆစ်ချိုးကွေ့စေရန် အကြောင်းဖန်လာနိုင်ပေသည်။ (ကျွန်ုပ် နှင့် ညှိနှိုင်းထားသော သူငယ်ချင်းလည်း ဆေးကျောင်း တက်ဖြစ်လေသည်။ ဘာကြောင့်ဟူမူ မသိရ။)

Read More...

Saturday, June 30, 2007

Pain, tenderness, and empathy

၃၀၊ ၆၊ ၂၀၀၇


နာခြင်း နှစ်မျိုး နှင့် ကိုယ်ချင်းစာ တရား


တစ်ချိန်တုန်းက ဆေးတက္ကသိုလ် တစ်ခုမှာပေါ့ . . .

တတိယနှစ် ဆေးကျောင်းသားလေးတွေ ဆေးရုံ စဆင်းခါစ အချိန်။ ဂျူတီကုတ်ဖါးဖါး နဲ့ နားကျပ် အိတ်ထဲထည့်လို့ လူနာတွေကြား စတိုင်ထွားနေကြစဉ်ကပေါ့။

ပထမဆုံးရက်တွေထဲမှာ ဆရာတစ်ယောက်က လူနာ့ ဗိုက်ကို စမ်းသပ်နည်း သင်ပေးလာတယ်။ ဘယ်နားမှာ အသည်း၊ ဘယ်နားမှာ သရက်ရွက်၊ ဘယ်နားမှာ အူအတက် စသည်ဖြင့်မှတ်သားကြရပါတယ်။ ဆက်ပြီး သင်ယူရတာကတော့ နာခြင်း နှစ်မျိုးရှိတဲ့ အကြောင်းပါ။ ဘိုလိုတော့ Pain and Tenderness လို့ ခေါ်ပြီး မြန်မာလိုတော့ နာတယ် လို့ပဲ ခေါ်ပါတယ်။ Pain ဆိုတာက လူနာက နာတဲ့ အကြောင်းပြောတာပါ။ Tenderness ဆိုတာကတော့ လူနာက နာတယ်လို့ ပြောတာကို ဆရာဝန်က စမ်းသပ်ကြည့်လို့ အမှန်အကန် နာမှန်း ( ဥပမာ - လူနာ တွန့်သွားတာမျိုး၊ ကျွတ်ကျွတ်ကျွတ် နဲ့ ညည်းတာမျိုး ) သိတာမျိုးကို ခေါ်ပါတယ်။ ဒါနဲ့ စကားမစပ် နာတယ်လို့ လူနာကပြောလာရင်၊ ဘယ်နေရာ နာတာလဲ၊ ဘယ်လောက်ကြာပြီလဲ၊ ဘယ်အချိန်မှာ နာတာလဲ၊ ဘယ်လိုလုပ်လိုက်ရင် သက်သာလဲ၊ ဘာလုပ်ရင် ပိုဆိုးလာလဲ၊ ဘယ်လောက်လောက်နာလဲ၊ အစရှိသဖြင့် နာခြင်းဋီကာ ပြုစုရပါသေးတယ်။

ဆရာ စမ်းသပ်ပြတဲ့ လူနာက အသည်း နေရာမှာ နာနေပါတယ်။ ဆရာ့လက်က လူနာ့ အသည်း နေရာကို စမ်းပြတဲ့အချိန်မှာပဲ ဆရာက လူနာ့ မျက်နှာကိုကြည့်နေပါတယ်။ လူနာ မျက်နှာရှုံ့မဲ့သွားပြီဆိုတော့ Tenderness ရှိပြီပေါ့။ လူနာက ကျွတ်ကျွတ်ကျွတ်တော့ မအော်ပါဘူး။ ဒါပေမယ့် တော်တော် နာနေပုံပါပဲ။ ဆရာက စမ်းပြီးတော့ ကျောင်းသား တစ်ယောက်နှစ်ယောက် စမ်းကြည့်ဖို့ ပြောပါတယ်။ ဆရာ့နားမှာ ၀ိုင်းနေတာက ၁၀ ယောက် ၁၂ ယောက်လောက်ရှိမယ်။ အားလုံးလိုလိုကပဲ နာခြင်း စမ်းသပ်နည်း အတတ်ပညာကို လိုလိုချင်ချင် တတ်ချင်နေကြတော့ လူနာကို တစ်ယောက်တစ်လှည့် စမ်းသပ်ကြပါတယ်။ လူနာခမြာ နောင်လာနောက်သား လူနာတွေကောင်းစားဖို့အတွက် အံကြိတ်ပြီး ငါးကြိမ်ထက်မနည်း အစမ်းသပ်ခံရပါတော့တယ်။

ကျောင်းသား တစ်ယောက် နှစ်ယောက်ကတော့ လူနာကို မစမ်းတော့ပဲ ထွက်လာခဲ့ပါတယ်။ ပြီးမှ သူတို့ အချင်းချင်း ပြောမိတာက လူနာ နေရာကနေ ၀င်ကြည့်ရင် နာတဲ့နေရာကို ဘယ်သူက ၁၂ ခါလောက် အထိခံချင်မှာလဲ။ ကိုယ်တို့တွေ နောက်တစ်ခါမှပဲ စမ်းကြတာပေါ့တဲ့။

အတွေးနယ်ချဲ့မိတာက လူနာကို မိမိရရ စမ်းသပ်ကြတဲ့ သူငယ်ချင်းတွေဟာ လူနာကို နာစေချင်လို့တော့ ဟုတ်ဟန်မတူပါ။ ဆေးပညာကို ကျွမ်းကျွမ်းကျင်ကျင် တတ်ချင်ပြီး ဆရာဝန်ကောင်းတွေ ဖြစ်ချင်ကြတာသာ ဖြစ်ပါမယ်။ ဒါပေမယ့်လည်း ဆေးကျောင်းသားတွေကို လူနာ စမ်းသပ်နည်း မသင်ခင်မှာ ကိုယ်ချင်းစာနည်းကို အရင်သင်ရင် ကောင်းလေမလားလို့တော့ ကျွန်တော်တွေးမိခဲ့ပါတယ်။

Read More...