Thursday, July 26, 2007

When you die

၂၆၊ ၇၊ ၂၀၀၇

သင်သေသွားသော် ...

သြော် လူ့ပြည်လောက၊ လူ့ဘ၀ကား၊
အိုရ နာရ၊ သေရ ဦးမည်၊
မှန်ပေသည်တည့်။

သို့တပြီကား၊ သင်သေသွားသော်၊
သင်ဖွားသောမြေ၊ သင်တို့မြေသည်၊
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။

သင်၏အမျိုးသား၊ စာစကားလည်း၊
ကြီးပွားတက်မြင့်၊ ကျန်ကောင်းသင့်၏။

သင်ဦးချ၍၊ အမျှဝေရာ၊
စေတီသာနှင့်၊ သစ္စာအရောင်၊
ဉာဏ်တန်ဆောင်လည်း၊
ပြောင်လျက် .. ၀င်းလျက် ကျန်စေသတည်း။

ဇော်ဂျီ

Read More...

Wednesday, July 25, 2007

Proactive and Reactive

၂၅၊ ၇၊ ၂၀၀၇

ကြိုတင်ပြင်ဆင်ခြင်း နှင့် တုံ့ပြန်ခြင်း

”မီးဘေးရှောင် မလောင်ခင်တားကြပါဗျ”
နွေရာသီဆို လော်စပီကာမှာ ကြားနေကျ နှိုးဆော်ချက်တစ်ခုပါ။ ဒီလိုမျိုး လောစပီကာကြီးနဲ့ မကြားကြားအောင် ဘာကြောင့်လုပ်ရပါလဲ။ အဲဒီလိုမှ မလုပ်ရင် လူတွေ အမှုမဲ့ အမှတ်မဲ့ ဖြစ်တတ်လွန်းလို့ပေါ့။

အဓိပ္ပါယ်ဖွင့်ဆိုချက်လေးတွေ ကြည့်ရအောင်

ကြိုတင်ပြင်ဆင်ခြင်း (Proactive)
ပြဿနာ တစ်ခုခု မပေါ်ပေါက်မီကပင် ကြိုတင်တွေးဆ ပြင်ဆင်ထားခြင်း။ စတီဗင်ကိုဗေး က သူ့ရဲ့ နာမည်ကြီးစာအုပ်ဖြစ်တဲ့ 7 habits of highly effective people မှာ ဒီလို ဆိုထားလေရဲ့ "to act before a situation becomes a source of confrontation or crisis"

တုံ့ပြန်ခြင်း (Reactive)

ပြဿနာ တစ်ခုခု ပေါ်ပေါက်လာမှ ဖြေရှင်းခြင်း။

ဒါဆို လူတွေက ဘာကြောင့် ကြိုတင်ပြင်ဆင်မှုတွေ မပြုလုပ်ပဲ ဖြစ်လာမှ ရှင်းကြတာပါလဲ။ ဥပမာ တစ်ခုနှစ်ခုပေး၍ ဆွေးနွေးလိုသည်။

ဥပမာ (၁) မီးဘေးကာကွယ်ခြင်း

အဆောက်အဦ ဆောက်လုပ်ရာတွင် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများရှိသည်။ လူအရေအတွက် မည်မျှဆိုလျင် အခန်းအကျယ် မည်မျှ၊ လှေကား ဘယ်နှစ်စင်း၊ မီးခံတံခါး ဘယ်နှစ်ချပ်၊ အရေးပေါ်ထွက်ပေါက် ဘယ်နှစ်ခု၊ အချက်ပေးခေါင်းလောင်း ဘယ်နှစ်လုံး၊ ရေပန်းဘယ်နှစ်ခု အစရှိသဖြင့် လိုအပ်သလို တပ်ဆင်ရသည်။ လူနေအိမ်တွေမှာ လောင်စာဆီ စုပုံထားခြင်းမပြုရ၊ သတ်မှတ်လူ အရေအတွက်ထက် ပိုမနေရ စသဖြင့် စည်းကမ်းများလည်း ရှိသေးသည်။

ဘယ်လိုလူတွေက ဒီစည်းကမ်းတွေ ချမှတ်ထားပါသလဲ။ အိုးအိမ်ဦးစီးဌာနရဲ့ ချောင်ကျကျစားပွဲ တစ်လုံးမှာ ထိုင်နေတဲ့ အင်ဂျင်နီယာ၊ ဒါမှမဟုတ် ဗျူရိုကရက် တစ်ဦးက လက်ဆော့လိုက်တာများလား။ ကိုလိုနီခေတ်ရဲ့ အမွေဆိုးတွေများလား။ ဘယ်လိုပဲဖြစ်ဖြစ် ဒီစည်းမျဉ်းစည်းကမ်းတွေကတော့ အမှန်တကယ် ရှိနေပါတယ်။

ဘာကြောင့်များ စည်းကမ်းတွေ ဒီလောက်များများ ချထားရပါသလဲ။ ငွေတောင်းလို့ ကောင်းအောင်လား။ လူအထင်ကြီးအောင်လား။ အလုပ်မရှိ အလုပ်ရှာတာလား။

မဟုတ်ရပါ။ လိုအပ်လို့ပါ။ လိုအပ်လို့ ဆိုတာထက် မဖြစ်သင့်တာတွေ မဖြစ်ရအောင်၊ အလေအလွင့်နည်းအောင် ကြိုတင်ကာကွယ်တာ ဖြစ်ပါတယ်။ ဟုတ်ပါတယ် ကြိုတင်ကာကွယ်ခြင်းပါ။

တကယ်လို့များ ဒီအဆောက်အဦမှာ မီး မတော်တဆမှုဖြစ်ခဲ့ရင် လွယ်လွယ်နဲ့ မီးမလောင်အောင်၊ လောင်ခဲ့ရင် လူတွေ ကြိုသိနိုင်အောင်၊ အလွယ်တကူ ထွက်လာလို့ရအောင်၊ မီးတောက်ကြီးမလာအောင် ကြိုတင်ပြင်ဆင်ထားခဲ့တာပါ။

သို့သော်လည်း ဒီလို ကြိုတင်ပြင်ဆင်သူတွေရဲ့ အလုပ်တွေကို လူတွေ သတိမထားမိပဲ မျက်စိ လျှံတတ်ပါတယ်။ ဘာကိုဆိုရင် သတိထားမိပါသလဲ။

မီးလောင်ပြီဟေ့ ဆိုရင် ဆွဲဆွဲငင်ငင်အော်မြည်ပြီး အပြေးရောက်လာတတ်တဲ့ မီးသတ်တပ်ဖွဲ့ကိုပေါ့။ ဟုတ်ပါတယ်။ မီးတောက်ကြီးကို ငြိမ်း၊ သက်စွန့်ဆံဖျား ၀င်ရောက်ကယ်ဆယ်တဲ့ မီးသတ်သမားတွေကို ပရိတ်သတ်ကြီးက ၀ှဲချီးသြဘာ ပေးကြပါတယ်။ သူရဲကောင်းတွေပဲကိုး။

ဥပမာ (၂) စစ်ပွဲများ

အထက်က ဥပမာနဲ့ အလားတူ စစ်ပွဲတွေမှာ အောင်နိုင်သူ စစ်သူကြီးများဟာလည်း စစ်ပွဲမဖြစ်အောင် စေ့စပ်နိုင်သူ ငြိမ်းချမ်းရေး သံတမန်တွေထက် ပိုပြီး ချီးမြောက်ခံရပါတယ်။ တိုင်းပြည်အတွက် အသက်ပေး ကာကွယ်နေကြသူတွေပဲကိုး။

ဆွေးနွေးချက်

လောကမှာ သူသူကိုယ်ကိုယ် မိမိ လုပ်ဆောင်မှုအတွက် ထိုက်တန်တဲ့ ချီးမြောက်မှုကို ရလိုကြပါတယ်။ တချိန်တည်းမှာပဲ လူ့သဘာဝဟာ မိမိ မျက်စိနဲ့ မြင်တွေ့ရမှ တန်ဖိုးထားတတ်ကြတယ်။ မီးသတ်တာကို မြင်လိုက်ရမှ၊ စစ်ပွဲကို အနိုင်တိုက်ပြလိုက်မှ တန်ဖိုးထားကြတယ်။ ကြိုတင်ကာကွယ်ထားနိုင်လို့ မီးလောင်မလာရင် စစ်ပွဲတွေ ဖြစ်မလာရင် လူတွေ မမြင်ရပေဘူး။ အဲဒီအခါ တန်ဖိုးလည်း မထားကြတော့ဘူးပေါ့။

တကယ်ကတော့ မီးကို မလောင်ခင် တားနိုင်သူ၊ စစ်ပွဲတွေမဖြစ်အောင် တားဆီးနိုင်သူတွေကိုလည်း တန်းတူ တန်ဖိုးထားတတ်ဖို့လိုပါတယ်။ လူမှုအသိုင်းအ၀ိုင်းတစ်ခုဟာ တုံ့ပြန်သူ (Reactive ဖြစ်သူ) တွေကိုသာ ချီးမြောက်နေခဲ့ရင် ကြိုတင်ကာကွယ်သူ (Proactive ဖြစ်သူ) တွေရဲ့ အခန်းကဏ္ဍမှေးမှိန်လာပြီး တိုင်းပြည်လည်း မီးသတ်ရ၊ စစ်တိုက်ရ နှင့် မအားလပ်အောင်ဖြစ်ကာ အောက်တန်း နောက်တန်း ရောက်သွားနိုင်ကြောင်းတွေးမိ ရေးသားလိုက်ရပေသည်။

စကားချပ်

မီးသတ်ခြင်း နှင့် စစ်ပွဲများကို ဥပမာပြခဲ့သော်လည်း၊ မီးသတ်တပ်ဖွဲ့ နှင့် စစ်တပ်တို့၏ အရေးပါမှုကို လျော့ပေါ့စဉ်းစားခြင်းမဟုတ်ကြောင်း သိစေအပ်ပါသည်။ မည်သို့ပင် ကြိုတင် ပြင်ဆင်ထားသည် ဆိုစေကာမူ မတော်တဆမှုများ ရှိလာနိုင်ကြောင်းနှင့် ထိုမတော်တဆမှုများ အတွက် အထက်ပါ အဖွဲ့အစည်း နှစ်ခုသည် အရေးပါလှကြောင်း ဖော်ပြလိုသည်။

စာကိုး

7 habits of highly effective people. Stephen Covey.
http://en.wikipedia.org/wiki/Proactive

Read More...

Monday, July 23, 2007

Grade Point Average (GPA)

၂၃၊ ၇၊ ၂၀၀၇

ပျမ်းမျှဂရိတ်
ပြုစုသူ။ ။ ရဲမွန်မြင့်

ပြည်သူ့ကျန်းမာရေး မဟာဘွဲ့ တက်ရာတွင် အတန်းများကို အောဒစ်၊ ခရက်ဒစ်၊ ဂရိတ် နှင့် အောင်ရှုံး ဟူ၍ အမျိုးမျိုး ရွေးချယ် တက်ရောက်နိုင်ကြောင်း ပြောခဲ့ပြီး ဖြစ်သည်။ ( ပြန်လည်ဖတ်ရှုရန် ) ယခု ဆက်လက်ပြောလိုသည်မှာ ပျမ်းမျှဂရိတ် (Grade Point Average -GPA) ၏ အဓိပ္ပါယ်၊ အသုံးဝင်ပုံ နှင့် မည်သို့ မည်ပုံတွက်ချက်သည် ဆိုသည်တို့ပင်ဖြစ်သည်။ ပထမဦးစွာ ပြောလိုသည်မှာ ပျမ်းမျှဂရိတ် (GPA) တွက်ရာတွင် ခရက်ဒစ်၊ ဂရိတ် အနေဖြင့် တက်ရောက်ခဲ့သော ဘာသာရပ်များသာ အကျုံးဝင်ပြီး၊ အောဒစ်၊ အောင်ရှုံး အနေဖြင့် တက်ရောက်ခဲ့သော ဘာသာရပ်များ အကျုံးမ၀င်ပါ။

အဓိပ္ပါယ်

Term သို့မဟုတ် Semester တစ်ခုတွင် သင်ယူခဲ့သော အတန်းများ၌ ရရှိသော ပျမ်းမျှဂရိတ် ကို ဆိုလိုသည်။

အသုံးဝင်ပုံ
  • ဆရာ၊ ဆရာမများ အနေဖြင့် ကျောင်းသား တစ်ဦး၏ စာလိုက်နိုင်မှုကို အကဲဖြတ်နိုင်သည်။
  • အချို့သော အလုပ်ရှင်များက အလုပ်ခန့်ထားရာတွင် အကဲဖြတ်သည့် အချက်တစ်ခုအနေဖြင့် ကြည့်သည်။
  • ပါရဂူဘွဲ့ ဆက်လက်တက်ရောက်လိုလျှင် မဟာဘွဲ့ တက်ရောက်ခဲ့စဉ် ပျမ်းမျှဂရိတ် မည်မျှ (ယေဘုယျအားဖြင့် - ၃.၅) ရှိရမည်ဟု သတ်မှတ်ထားသည်။
  • ပညာသင်ဆု လျှောက်ထားရာတွင် ပျမ်းမျှဂရိတ် ကောင်းပါက အားသာသည်။
တွက်ချက်ပုံ

အထက်တွင် ဖော်ပြပြီးသည့် အတိုင်း ခရက်ဒစ်၊ ဂရိတ် အနေဖြင့် ယူထားသော ဘာသာရပ်များသာ ပျမ်းမျှဂရိတ် တွက်ချက်ရာတွင် အကျုံးဝင်သည်။ ရရှိသော ဂရိတ်ပေါ် မူတည်၍ ပျမ်းမျှဂရိတ် တွက်ရန် အောက်ပါအတိုင်းသတ်မှတ်ထားသည်။
  • Grade A = 4
  • Grade B = 3
  • Grade C = 2
  • Grade D = 1
  • Grade F = 0
အတန်းတစ်တန်း ယူရာတွင် ရရှိသော ခရက်ဒစ် (စာသင်ချိန် နာရီပေါင်းကို ဖော်ပြသော အညွန်းကိန်း) ကိုလည်း ထည့်သွင်းတွက်ချက်သည်။ စာသင်ချိန် နည်းသောအတန်းမှာ ခရက်ဒစ် နည်းနည်းသာ ရပြီး စာသင်ချိန်များသော အတန်းမှာ ခရက်ဒစ် များများ ရသည်။

ဘာသာရပ် တစ်ခုစီ၏ ခရက်ဒစ် နှင့် ဂရိတ် တို့၏ မြှောက်လဒ် သည် Grade Point ဖြစ်သည်။ ထို Grade Point စုစုပေါင်းကို ခရက်ဒစ် စုစုပေါင်းဖြင့် စားခြင်းဖြင့် ပျမ်းမျှဂရိတ် (GPA) ကိုရရှိသည်။

တွက်ချက်ပုံကို ဇယားကွက်ဖြင့် ပြလျင် ပို၍ ရှင်းပေလိမ့်မည်။

Class

Credit

Grade

Calculation

Grade Point

Biostatistics 101

4

A (ie. 4)

4 X 4

16

Introduction to Health Policy

3

C (ie. 2)

3 X 2

6

Managing Health Organizations

5

B (ie. 3)

5 X 3

15

Total

12

37

GPA

= 37/12 = 3.08


အကြမ်းဖျဉ်း ပြောရလျင် ဘာသာအားလုံး ဂရိတ်အေ ရသူတစ်ယောက်၏ ပျမ်းမျှဂရိတ် မှာ ၄ ဖြစ်ပြီး၊ ဘာသာအားလုံး ဂရိတ်ဘီ ရသူတစ်ယောက်၏ ပျမ်းမျှဂရိတ် မှာ ၃ ဖြစ်သည်။

စကားချပ်

ကျောင်းတစ်ကျောင်း နှင့် တစ်ကျောင်း၊ နိုင်ငံတစ်နိုင်ငံ နှင့် တစ်နိုင်ငံ ကွာခြားမှုရှိနိုင်သည်။

စာကိုး

http://en.wikipedia.org/wiki/Grade_(education)

"ကြိုတင်ပြင်ဆင်အောင်ပွဲဝင်"

အားလုံး အဆင်ပြေကြပါစေ။
မောင်ရဲမွန်

Read More...

Sunday, July 22, 2007

Why did I start blogging?

၂၂၊ ၇၊ ၂၀၀၇

ဘဇာကြောင့် ဘလောက် လုပ်ဖြစ်သနည်း

ကိုဝေက ဘလောက်ဂါနေ့အတွက် ရှေ့ကင်းထွက် ရေးခိုင်းလေသည်။ ဘဇာကြောင့် ဘလောက် လုပ်ဖြစ်ပါသလဲ တဲ့။ အမေးရှိက အဖြေ ရှိရပေမည်။ ရေးချင်လျက် မောက်စ်တို့ ဖြစ်လေပြီ။

စာရေးရာတွင် ရေးချင်လို့ရေးသူ နှင့် ပြောချင်လို့ရေးသူ ဟူ၍ နှစ်မျိုး ရှိသတတ်။ ကျွန်ုပ်ကား ဒုတိယ အမျိုးအစားတွင် အကျုံးဝင်လေသည်။ ဘဇာတွေ ပြောချင်သနည်းဟု မပြောမီ ကျွန်ုပ်အကြောင်းကို အနည်းငယ်ရှင်းအံ့။ သို့မှသာ စာရှုသူတို့ ဇာတ်ရည်လည်ပေမည်။

ကျွန်ုပ်၏ ပင်ကိုယ်သဘာဝကိုက Hub ( ကွန်ပျူတာများကို ချိတ်ဆက်ပေးသည့်ဗူး ) နှင့်တူသည်။ ကျောင်းမှ သူငယ်ချင်းများကို အိမ်မှ သူငယ်ချင်းများနှင့်၎င်း၊ အိမ်မှ သူငယ်ချင်းများကို အလုပ်မှ သူငယ်ချင်းများနှင့်၎င်း၊ အလုပ်မှ သူငယ်ချင်းများကို ခြေလျင်တောင်တက်အသင်းမှ သူငယ်ချင်းများနှင့်၎င်း၊ ခြေလျင်တောင်တက်အသင်းမှ သူငယ်ချင်းများ ကို နိုင်ငံခြားမှ သူငယ်ချင်းများနှင့်၎င်း၊ နိုင်ငံခြားမှ သူငယ်ချင်းများကို ကျောင်းမှ သူငယ်ချင်းများနှင့်၎င်း၊ ချိတ်ဆက်ပေးတတ်သော သဘောရှိသည်။ ထို့ကြောင့် ပြည်ပတွင် ကာလအတန်ကြာနေထိုင်ရစဉ် ထိုထိုဤဤသော မိတ်ဆွေ၊ သူငယ်ချင်းများ နှင့် ဆွေမျိုးများကို အဆက်အသွယ်ပြုရန် ကိစ္စကို တာဝန်ဝတ္တရား တစ်ခုအနေဖြင့် မြင်မိလေသည်။ သို့ရာတွင် ကျောင်းစာပိခြင်း၊ ဗာဟီရ များခြင်း၊ စာရေးပျင်းခြင်း အစရှိသည့် ပျင်းရိခြင်း အဖြာဖြာတို့ကြောင့် အဆက်အသွယ် နည်းပါးနေရာ စိတ်မကောင်းခြင်း ကြီးစွာဖြစ်ရလေသည်။

အတန်းကျောင်း တက်စဉ်အချိန်ကိုလည်း အနည်းငယ် ပြောလို၏။ ငယ်စဉ်တောင်ကျေး ကလေးဘ၀က သင်္ချာ၊ သိပ္ပံ အစရှိသည့် ဘာသာရပ်များတွင် မဆိုးလှသော်လည်း မြန်မာစာအတွက် ဆိုလျင် သင်ကြားသူဆရာ၊ သင်အံသူကျွန်ုပ်အပြင်၊ ချစ်လှစွာသော မိဘနှစ်ပါးသာမက ကြီးဒေါ်များပါ စိတ်ဒုက္ခကြီးစွာ ရောက်ကြရသည်။ စာစီစာကုံးကို အဖြစ်ရှိအောင်မရေးမူ၍ ဖြစ်၏။ ဆရာ၊ မိဘတို့ကား ကျွန်ုပ်ကို ခြောက်ချီတခါ မာန်ချီတလှည့်ဖြင့် စာစီကုံးခိုင်းကြသည်။ ဆရာတစ်ဦးဆိုလျင် ရည်းစားသညာ ထားပါမည့်အကြောင်း တိုက်တွန်းလေသည်။ သို့မှသာ ဖွဲ့နွဲ့သီကုံး ချယ်မှုန်းတတ်လာမည်ဟု ဆို၏။ ဒို့ကျောင်းသား စာစီစာကုံးများ အတွဲလိုက်ဝယ်၏။ ဆရာ ဂုဏ်ထူးဦးသိန်းနိုင်ပြောသလို မှတ်တမ်းစာအုပ်ထား၍ မှတ်သား၏။ ရေးခိုင်းသမျှ ရေး၏။ ရည်းစားသညာကား အဖြစ်မရှိခဲ့။ အမှန်ကား ဆရာကသာ ရည်းစားထားရန် တိုက်တွန်းနေသည် ဆရာ၏ အမျိုးသမီး (ဆရာ ကတော်) က ကျွန်ုပ်၏ ပိုက်ဆံအိတ်ထဲရှိ ဟိုမရောက် ဒီမရောက် မိန်းကလေးသူငယ်ချင်း ဓါတ်ပုံကို သိမ်းယူကာ ဆိုဆဲခဲ့သောကြောင့် နောက်တွန့်သွားခဲ့ခြင်းပင်။ သို့နှင့် ပထမနှစ် ဆေးကျောင်းသားသာ ဖြစ်လာသည် စာစီစာကုံး နှင့် အကျွန်ုပ်ကား ဆားနှင့်တီ ပမာ ရှိနေသေးသည်။ ပထမနှစ်လွန်မြောက်၍ မြန်မာစာ ကို သင်ကြားရန်မလိုတော့သောအခါ ၀မ်းမြောက်သည်မှာ ဆိုဖွယ်ရာမရှိ။

ကံကြမ္မာဘီးရဟတ် တပတ်ပြန်လည်လာတတ်သည်ကို ထိုအချိန်က သတိမထားမိ။ ငယ်သေးသည် မဟုတ်တုံလော။ ဘ၀ရထားကြီးကို စီးနင်းပြီးသကာလ တဘူတာပြီးတဘူတာ ကျော်ဖြတ်ကာ မဟာဘွဲ့ တက်ရန် အကြောင်းဖန်လာ၏။ ဤတွင် သံတူကြောင်းကွဲ ပြဿနာ ပြန်စတော့သည်။ ဘိုလို စာစီကုံးရခြင်းပင်။ နဂိုကပင် မရှိလေတော့ နဂိုင်းကလည်း မပြောင်ရောင်။ စာလုံးရေ ၅၀၀ ရှိသော စာစီစာကုံးရေးခိုင်းလျင် အမေရိကန်ကျောင်းသားများက စာလုံးရေ ၅၀၀ နဲ့ ဘာသွားရေးရမည်နည်းဟု စိတ်တိုနေချိန်တွင် ကျွန်ုပ်ကား စာလုံးရေ ၄၅၀ လောက်ကို ဖြစ်ဖြစ်မည်အောင် ရေးတင်ခဲ့ရသည်။ ရှေးဘ၀ကုသိုလ် လက်ကျန်လေးကြောင့် မဟာဘွဲ့လေးတော့ ရသွားခဲ့သည်။ စာအရေးရ လွတ်ပြီလားဆို မလွတ်သေးပါ။ ပညာလောဘကြောင့် ပါရဂူဘွဲ့တက်ဖို့ ဆုံးဖြတ်က ပြည်ပကို ရောက်ခဲ့ရပြန်သည်။

အခုမှ ဒုက္ခလှလှ တွေ့တော့သည်။ စာတွေပိုဖတ်ရသည်။ ပိုရေးရသည်။ စာလုံးပေါင်း သဒ္ဒါလည်း အမှားမခံတော့။ သြော် … အရင်ဘ၀က အမှတ်ခြစ်ကြမ်းသော ဆရာ ဖြစ်ခဲ့လေသလား။ ဘာသာတွေးမိသည်။ လောက် ဖြစ်မှတော့ မစင် ကြောက်နေလို့ မဖြစ်တော့ပြီ။ ဓါတ်ကြမ်းတိုက်မှ ရတော့မည်ဟု စိတ်အချဉ်ပေါက်လာသည်။

ထိုအချိန်မှာပင် မီးလောင်ရာလေပင့် ဆိုသကဲ့သို့ ပြောချင်လာသော အကြောင်းများကလည်း စုပုံလာသည်။ သူများပြောတာချည်း နားထောင်ခဲ့ရတာ ဆယ်စုနှစ်ပေါင်း အတော် (အတိအကျတော့ မပြောလိုတော့) ကြာခဲ့ပြီ။ ပြည်သူ့ကျန်းမာရေး ဘာသာရပ်အကြောင်း ပြောလိုသည်။ လူငယ်များ ၀ိုင်းဝန်းကျိုးစားကြပါမည့် အကြောင်း ပြောလိုသည်။ တိုင်းပြည်တိုးတက်ရာ တိုးတက်ကြောင်းများ ဆွေးနွေးလိုသည်။ အတင်းတုတ်လိုသည်။ ဟာသများ ဝေမျှလိုသည်။
ရောက်တတ်ရာရာ ရေးလိုသည်။

ပြန်၍ အနှစ်ချုပ်ရလျင် ဆွေမျိုး၊ မိတ်သင်္ဂဟများကို အဆက်အသွယ်လုပ်လိုခြင်း၊ စာစီစာကုံးအရေး လေ့ကျင့်လိုခြင်း၊ ရင်ထဲမှ စကားများကို ဖွင့်အန်ထုတ်လိုခြင်း စသည့် အကြောင်း သုံးပါးကြောင့် ဘလောက်ရေးဖြစ်လာရပါသည်။

အချပ်ပို

ဘာကြောင့် ဆက်ရေးဖြစ်နေသလဲ။ ကိုဝေကတော့ မမေးပါ။ ဒါပေမယ့် ကျွန်ုပ်ကား ရေးစရှိလျင် ရပ်၍ မရတော့ပြီ။ ပြောရပေဦးမည်။ ပြောခွင့်ပြုပါ။

ကနဦးတွင် ကျွန်ုပ်ဘလောက်က ပေါက္ခ၀ဿ ဘလောက် ဖြစ်၏။ မြင်စေချင်သူများကိုသာ မြင်စေပြီး၊ မမြင်စေချင်သူများကို မမြင်စေအောင် စီမံထားရှိခဲ့သည်။ သို့ရာတွင် မြင်စေချင်သူများက တော်တော်နှင့် လာရောက် မကြည့်ကြပြီ။ သူတို့ကိုလည်း အဆိုးမဆိုသာ။ စာစီစာကုံးရေးရန် တဆွေလုံးတမျိုးလုံး ၀ိုင်းတွန်းခဲ့ရသူတစ်ယောက်၏ ဘလောက်ကို မည်သည့် အကြောင်းသိသူက မော်နီတာ အပွန်းခံ၊ ဇက်ကြောအတက်ခံ၍ လာဖတ်မည်နည်း။ ဓမ္မတာပင်။

သို့နှင့် နည်းဗျူဟာပြောင်းရပြန်သည်။ လူတိုင်းဖတ်ရှုရနိုင်အောင် ပြုလုပ်သည်။ ဆီပုံးတွင် ကြော်ငြာဝင်သည်။ ဓါတ်စာ စာရင်း (Email list) (ဓါတ်မီး၊ ဓါတ်ရထား၊ ဓါတ်တိုင်၊ ဓါတ်မှန် … စသည်တို့ကဲ့သို့ ဓါတ်ဖြင့် ပြုလုပ်ထားသော စာ ဖြစ်သဖြင့် ဓါတ်စာ ဟု ခေါ်သင့်သည်။) ထဲတွင် ပါသမျှ မိတ်ဆွေများထံ ဓါတ်စာပို့ အကြောင်းကြားသည်။ မိမိဓါတ်စာ၏ အောက်ပိုင်းကျကျလောက်တွင် ခေတ်မီသူတိုင်း ဤဘလောက်ကိုကြည့်ကြသည် ဟု ရေးသည်။

ရလာဒ်ကား မဆိုးတော့ပြီ။ အကြောင်းမသိသူတို့၊ မျက်စိလည် လမ်းမှားကာ ရောက်လာသူတို့၊ မောက်စ် ကလစ်အလုပ်မြန်သူတို့ ၀င်ရောက်ဖတ်ရှုကြသည်။ ဖတ်ရှုသူအချို့ကား အားလုံးကောင်းပါသည်၊ နောက်မဆုတ်နဲ့ ကိုကံချွန်၊ ဆက်လုပ် ကိုယ့်လူ စသည်ဖြင့် အဆင်းဘီးတတ် မှတ်ချက်များ ပေးသွားသည်။ မနုဿဗေဒ ပညာရှင်တို့က ထိုမှတ်ချက်မျိုးသည် လူအချင်းချင်း ပလဲနံပ သင့်ရန် ပြောခြင်းမျိုးဖြစ်ကြောင်း၊ အတည်ယူ၍မရနိုင်ကြောင်း ဆို၏။ ပညာရှင်တို့ မည်သို့ဆိုစေကာမူ ကျွန်ုပ်ကား ဘလောက်ဂါများကို များစွာ ယုံကြည်လေးစားခြင်း ဖြစ်မိပြီး ရှိရကား ထိုမှတ်ချက်များကို အထူးဂရုပြုလေ၏။

ထို့ပြင်တ၀ အကောင်အထည်မပေါ်သော မိတ်ဆွေ များစွာ တိုးလာသည်။ ရှည်သည်၊ တိုသည်၊ ပိန်သည်၊ ၀သည်၊ ညိုသည်၊ ဖြူသည်၊ ဘာမျှ မသိမူလည်း စိတ်ဝင်စားမှုခြင်းတူသူ၊ မိမိရေးသားသည်ကို မှတ်ချက်ပေးသူ၊ အပြန်အလှန်ဆွေးနွေးသူ စသည်ဖြင့် ခင်မင်နှစ်လိုဖွယ် လူများစွာနှင့် သိကျွမ်းလာသည်။ ကျွန်ုပ် ငယ်စဉ်ကပင် မြန်မာပြည်ရှိ မြို့တိုင်း၊ နယ်တိုင်းတွင် ခင်မင်ရင်းနှီးသော မိတ်ဆွေ သူငယ်ချင်း ရှိလိုသည်။ ရှိရန်လည်း ကျိုးစားခဲ့သည်။ အတော်လည်း ရှိလာသည်။ ယခုမူကား တကမ္ဘာလုံးရှိ တိုင်းပြည်တိုင်းတွင် ခင်မင်သော မိတ်ဆွေ ရှိချင်လာသည်။ ဤ ဘလောက်သည်ကား ထိုရည်ရွယ်ချက်ကို ဆောင်ကျဉ်းပေးနိုင်ပေတော့မည်။ ကောင်းပေစွ။

ကျွန်ုပ်၏ မိဘနှစ်ပါး၊ ကြီးဒေါ်များ နှင့် မြန်မာစာ ဆရာ ဆရာမ အပေါင်းတို့အား ဤစာဖြင့် ကန်တော့အပ်ပါ၏။

Read More...

Friday, July 20, 2007

Dorm Room Kitchen Prank

စားကြမယ်ဟေ့ ကောင်းကောင်း


Read More...