အစိုးရ အတန်းကျောင်း ကျောင်းသား ဘ၀တုန်းကတော့ ဖေဖော်ဝါရီ၊ မတ်လ များဟာ တစ်စနဲ့ တစ်စ ပူလာတဲ့ အပူဒဏ်နဲ့ အတူ စာမေးပွဲတွေကိုပါ ခေါ်ခေါ်လာတာပေါ့။ စာမေးပွဲတွေကို ဘယ်လိုကျော်ဖြတ်ခဲ့လဲ ဆိုတာထက် ပိုပြီး အမှတ်ထင်ထင် ရှိနေတာကတော့ အရိုးပြိုင်းပြိုင်း သစ်ပင်ကြီးတွေပေါ်ကနေ ဆွတ်ပျံ့တဲ့ ဥသြ တွန်သံပါပဲ။ အရွက်ကြွေတွေကြားမှာ စာသင်ခန်းရှိရာကို လမ်းလျှောက်သွားရင်ပဲ ဖြစ်ဖြစ်၊ မနက်ပိုင်းဖြေတဲ့ ဘာသာနဲ့ ညနေပိုင်းဖြေတဲ့ ဘာသာကြား ထမင်းစား နားရတဲ့ အခါမျိုးမှာ ဖြစ်ဖြစ်၊ စာမေးပွဲခန်းထဲမှာ အဖြေ စဉ်းစားရင်း ပြူတင်းပေါက်ကနေ ငေးမောရင်း ကြားရတဲ့ ဥသြသံက နားဝင်ချိုလွန်းလှပါတယ်။
တက္ကသိုလ်ရောက်တဲ့အခါ စာမေးပွဲတွေက အမြဲလို ရှိနေတတ်တော့ ငယ်ငယ်တုန်းက အတန်းတင် စာမေးပွဲတွေလောက် ရင်မခုန်တော့တာ အမှန်ပါ။ ဒါပေမယ့်လည်း ဧပြီလ ကျောင်းပိတ်ရက်ရှည် ရှိတော့ မတ်လ - ဒီရာသီရောက်ရင် ကျောင်းနဲ့ ခွဲရတော့မယ် ဆိုတဲ့ အလိုအလျောက် တုန့်ပြန်သိနေမှုကတော့ ပျောက်မသွားပါပေ။ ဥသြသံကလည်း အရင်လို ချိုသာဆွတ်ပျံ့နေဆဲပဲလေ။
ဒီအချိန်ဆို တီတီစီ ကျောင်းဝင်းထဲမှာ အရွက်တွေ ကြွေနေရော့မယ်။ ပင်အိုထက်က ဥသြတွန်သံတွေလည်း ရှိနေဦးမယ်လို့ ထင်ပါရဲ့။ သားစဉ်မြေးဆက် သာယာသံ ပေးနေမယ့် ဥသြငှက်လေးတွေကို ကမ္ဘာတစ်ဖက်ခြမ်းကနေ ကျေးဇူးတင်လိုက်ပါတယ်။

