Saturday, March 10, 2007

Daylight Saving Time (DST)

၁၀၊ ၃၊ ၂၀၀၇


လူညီ ၍ ဤ ကို ကျွဲလုပ် ကြခြင်း။

လူညီညီ မညီညီ ဤ ဟာ ဤ ကျွဲ ဟာ ကျွဲ . . . ဟု မြန်မာ ဆိုရိုး ရှိခဲ့လေသည်။ သို့ရာတွင် အချို့သော အနောက်နိုင်ငံတို့ တွင်ကား လူညီ၍ ဤ ကို ကျွဲလုပ် ကြလေပြီ။

နေ့အလင်းရောင် ချိုးခြံချွေတာခြင်း ဆိုသည့် နည်းကို အသုံးပြုလာခဲ့သည်မှာ ၉၁ နှစ်ပင် ရှိခဲ့လေပြီ်။

နွေ နှင့် ဆောင်း နေ့တာ ညတာ ပြောင်းလဲမှုမှာ မြန်မာနိုင်ငံလို အီကွေတာ နှင့် နီးသော နိုင်ငံများ တွင် သိပ်မသိသာသော်လည်း ကမ္ဘာ မြောက်ခြမ်း (သို့) တောင်ခြမ်း ရောက် (မြောက်၊ တောင် ၀င်ရိုးစွန်းများ နှင့် နီးသော ဒေသများတွင်) သိသိသာသာ ကြီး ကွာခြားလေသည်။ နွေတွင် နေ့တာ အလွန်ရှည်ပြီး ဆောင်းတွင် နေ့တာ အလွန်တိုလေသည်။

၁၇၈၄ ခုနှစ်တွင် ဘင်ဂျမင် ဖရင်ကလင် က ပါရီမြို့သားများကို နောက်ပြောင်ပြီး စာတစ်စောင် ပေးပို့လေသည်။ ထိုစာတွင် နွေရာသီ၌ ပါရီမြို့သားများ တစ်နာရီ စောစော အိပ်ရာထပြီး အလုပ်လုပ်ပါမူ ညနေတွင် ထွန်းရသော ဆီမီးဖိုး သက်သာလိမ့်မည် ဟူ၏။ ၁၉၁၆ ခုနှစ် မှာတော့ အင်္ဂလန် နိုင်ငံက ဒီအကြံကို လက်တွေ့ အကောင်အထည်ဖော်ပြီးနောက် အခြား ဥရောပနိုင်ငံများ နဲ့ အမေရိကန်၊ သြစတေးလျတို့ လည်း လိုက်ပါ ကျင့်သုံးလာကြပါတယ်။

လုပ်ပုံ လုပ်နည်းကတော့ နွေရာသီဝင်ကာစ (မတ် - ဧပြီလ) တစ်ခုသော တနင်္ဂနွေနေ့ နံနက် ၂ နာရီတွင် နာရီများကို ၃ နာရီသို့ ရွှေ့လိုက်ကြခြင်းပင်။ အဲဒီတော့ အဲဒီနေ့ ည သန်းခေါင်ကျော် အချိန် မှာ အဲဒီ တစ်နိုင်ငံလုံး တစ်ဒေသလုံး ကလူတွေ မအိပ်ပဲ နာရီ တကိုင်ကိုင် နဲ့ လုပ်နေကြလား။ နာရီ အရေအတွက်ထက် ရှိတဲ့လူ အရေ အတွက် နည်းနေရင် ဘယ်လက်ရော ညာလက်ရော သုံးပြီး အချိန်တိုက်ကြလား။ စတာပါ။ သိပ်မစဉ်းစားပါနဲ့ အားတဲ့ အချိန် တိုက်လို့ ရပါတယ်။ နံနက် ၂ နာရီတိတိမှာ ခင်ဗျား နာရီကို ရွှေ့ စရာမလိုပါဘူး။ သတ်မှတ်ချက်လေး တစ်ခုပါ။ တနင်္ဂနွေနေ နံနက် ၂ နာရီကို နံနက် ၃ နာရီလို့ ခေါ်လိုက် ရုံလေးပါ။ လူညီဖို့တော့ လိုတယ် နော။ ဘယ့်နှယ်တုန်း။ လူညီတော့ ဤ ဟာ ကျွဲဖြစ်ရပြီပေါ့။

အောက်တိုဘာလ (သို့) နိုဝင်ဘာလ ရဲ့ တစ်ခုသော တနင်္ဂနွေ နံနက် မှာတော့ ၂ နာရီကို ၁ နာရီ လို့ ပြန်ပြောင်း ရွှေ့ကြလေသတဲ့။

ဒီလို လူညီလို့ ကျွဲ ဖြစ်တာ တောင် မကျေနပ်ကြသေးဖူး။ လူညီရင် ကျွဲ ဟာ ၀က်ဖြစ်ရမယ် လို့ ဆိုလာပြန်တယ်။ အမေရိကန် နိုင်ငံမှာ နာရီရွှေ့နေကျ ဧပြီလရဲ့ ပထမ တနင်္ဂနွေနေ့မှာ မရွှေ့တော့ပဲ ၃ ပတ်စောပြီး ရွှေ့ဖို့ အဆိုတင်သွင်းသတဲ့။ အကြောင်းပြချက်ကတော့ ကမ္ဘာကြီးပူနွေးလာလို့ပါတဲ့။ ဘာဆိုင်လို့ တုန်း မောင်ကာလုရယ် လို့ မေးချင်နေပြီလား။

ဆိုင်ပါတယ်။ ကမ္ဘာကြီး ပူနွေးစေတဲ့ ဓါတ်တွေ ထွက်စေတဲ့ အထဲမှာ လျှပ်စစ်ဓါတ်အားထုတ် ကျောက်မီးသွေး စက်ရုံ တွေ က အဓိကပါ။ (စကားချပ်။ ဦးစ (USA) တို့ တိုင်းပြည်လို ကမ္ဘာ့ နျူကလီးယား အင်အားကြီး နိုင်ငံ မှာ ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ် က ဘယ်လောက် အရေးပါလို့လဲ လို့ မေးချင်နေမလားပဲ။ အရေးပါ ပါတယ် ခင်ဗျာ။ နိုင်ငံရဲ့ လျှပ်စစ်ဓါတ်အား သုံးစွဲမှု တ၀က်ကျော်ကျော် ကို ကျောက်မီးသွေးသုံး ဓါတ်အားပေး စက်ရုံတွေက ထုတ်ပေးနေတာပါ။ သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှု ကတော့ ပြောမနေပါနဲ့တော့ အဆိုးဆုံးထဲမှာပါတယ်။ ကျွန်တော်လည်း တာဝန်မကင်းဖူး။ ဘာလို့ ဆိုတော့ အဲဒီ ကျောက်မီးသွေး ဓါတ်အား စက်ရုံတွေကရတဲ့ လျှပ်စစ်ဓါတ်နဲ့ ကွန်ပျူတာ ဖွင့်သုံးပြီး ဘလောက် လုပ်နေလို့ပေါ့။)

ဆိုတော့ လျှပ်စစ် အသုံးအား လျော့ချ လိုက် ရင် ကျောက်မီးသွေး အသုံးလျော့ချလို့ ရမယ်။ သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှု လျော့မယ်။ ဒီလိုဆိုတယ်လေ။ ရုံးတွေ၊ ကျောင်းတွေထဲမှာ မီးပိတ်၊ ပန်ကာပိတ် ပြီးတော့ အမှောင်ထဲမှာ ငုတ်တုတ် ထိုင်နေကြရအောင် ဆိုတဲ့ အတွေးမျိုးလောက် အထိတော့ ဒီက ပုဂ္ဂိုလ်တွေ ဥာဏ်မပြေးသေးဖူး။

ကဲ စကားက ဘယ်ရောက်ကုန်မှန်း မသိဖူး။ လူ ညီ မညီ သေချာ အောင် ပါလီမန်မှာ မဲခွဲ လိုက်တာပေါ့။ လွယ်ပါတယ်။ ကဲ ၃ ပတ်ရှေ့တိုးမယ့် ဘက်က နိုင်တယ်ဗျာ။ အများသဘောပေါ့လေ။ ဆိုတော့ ဒီနေ့ ည (တနင်္ဂနွေ မနက် လင်းအားကြီး) က စပြီး ကျွဲဟာ ၀က်ဖြစ်သွားပါပြီ ခင်ဗျား။ ဟုတ်ပ ဒီနေ့ ည ၂ နာရီဆို နာရီတွေ အကုန် ရွှေ့ရဦးမယ်။ ကျုပ်အိမ်မှာ နာရီ ၇ လုံး ရှိတယ် (ကြွားခြင်း မဟုတ် ကြုံလို့ပြောတာ)။ ဒါတောင် လက်ပတ် နာရီ ကပျောက်နေလို့။ အချိန်တိုက်ဖို့် ဘယ်လို လုပ်ရပါ့။ အကြံပေးကြပါဦး ကွယ်ရို့။

အချိန်ရွှေ့ခြင်းကြောင့် ဖြစ်နိုင်သော ပြဿနာလေးများ

အမြွာ ကိုယ်ဝန်ဆောင်နေသော မိခင် တစ်ဦး ဆိုပါစို့။ မွေးမည့် ရက် ကလည်း နာရီတွေ ပြန်ရွှေ့ ရမည့် အောက်တိုဘာလ ရဲ့ တစ်ခုသော တနင်္ဂနွေနေ့။ ပထမ ကလေးက တနင်္ဂနွေနေ့ နံနက် ၁ နာရီ နဲ့ မိနစ် ၅၀ မှာ ထွက်လာရော။ ဒုတိယ ကလေးက ချက်ချင်း မထွက်ပဲ နောက် ၁၅ မိနစ် ခြား မှာ ထွက်လာတယ်။ ဒါပေမယ့် မွေးစာရင်းလည်း ဖြည့်ရော ဒုတိယကလေးရဲ့ မွေး ချိန်က တနင်္ဂနွေ နံနက် ၁ နာရီ ၅ မိနစ် ဖြစ်ပြီး၊ အကြီးလေးရဲ့ မွေးချိန်က ၁ နာရီ ၅၀ မိနစ် ဖြစ်သွားပါလေရော။ အတတ်ကြူးတော့ လဲ အငယ်က အကြီးဖြစ်သွားလေရဲ့။

နောက် ဖြစ်နိုင်ချေ တစ်ခုက သမီး ရည်းစား နှစ်ယောက် မှာ တစ်ယောက်က နာရီ မရွှေ့မိလို့ အချိန်း အချက်လွဲ၊ စိတ်တွေကောက်၊ ဒါမျိုးတွေပေါ့။

စဉ်းစားစရာလေးတွေ။ စဉ်းစားစရာလေးတွေ။

ကျမ်းကိုး။

Rationale and original idea of daylight saving time. Retrieved from
http://webexhibits.org/daylightsaving/c.html

Daylight saving time from Wikipedia. Retrieved from http://en.wikipedia.org/wiki/Daylight_saving_time

2 comments:

tune said...
This comment has been removed by the author.
စိုးဇေယျထွန်း said...

ကောင်းတယ် မှတ်သားလောက်ပါတယ်
မြန်မာဘလော့စာအုပ် ထုတ်ရာမှာ ပူးပေါင်းပါဝင်စေချင်ပါတယ်
www.mmblogbook2.blogspot.com
www.myanmarbloggers.forum5.com