Thursday, November 29, 2007

NGOs in the Golden Land

၂၉၊ ၁၁၊ ၂၀၀၇

ရွှေနိုင်ငံမှအန်ဂျီအိုများ (ကြော်ငြာ)

အခုတလော ဘလောက်ရေးဖို့ရာ ဦးနှောက် ဂျမ်းဖြစ်ပြီး သော့တ်ဘလောက် (thought block) ဖြစ်နေလို့ ဆားပဲ ချက်နေရတယ်။ ခွေးလွှတ်ကြပါ ကွယ်ရို့။ တကယ်ကိုက်တဲ့ ခွေးတော့ မလွှတ်နဲ့နော်။

ဒီဘလောက်မှာက ကိုယ်ရေးချင်တာတွေ နောက်နောက်ပြောင်ပြောင်တွေ ရေးနေကျ ဆိုတော့ ကျွန်တော် စေတနာ့ ၀န်ထမ်း လုပ်ပေးနေတဲ့ ၀က်ဆိုဒ် အကြောင်း တစ်ခါမှ မပြောဖြစ်ဘူး။ ဘေးမှာတော့ လင့်ပေးထားပါတယ်။ ၀က်ဆိုဒ်ကို “ရွှေနိုင်ငံမှအန်ဂျီအိုများ” လို့ ကင်ပွန်းတတ်ထားတယ်။ ဗုဒ္ဓဟူးသားလေးပေါ့။ အသက်က တစ်နှစ်ကျော်လောက် ရှိပြီ။ ပါဝင်တဲ့ အကြောင်းအရာတွေကတော့ ...

NGO Directory
မြန်မာနိုင်ငံတွင်းမှာ အလုပ်လုပ်နေတဲ့ အန်ဂျီအို၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ကြက်ခြေနီအဖွဲ့များ နဲ့ တခြား လူမှု အဖွဲ့အစည်းတွေ အကြောင်း အဓိကပေါ့။ သူတို့ ဘာတွေလုပ်နေလဲ၊ ရုံးတွေ ဘယ်နားမှာ ရှိလဲ၊ ၀က်ဆိုဒ် လိပ်စာက ဘာလဲ အစရှိသဖြင့်ပေါ့။ စာရင်းထဲမှာ ရုံးလိပ်စာပေါင်း ၂၃၀ ကျော်ရှိပါတယ်။ ရန်ကုန်လမ်းညွှန်၊ မန္တလေး လမ်းညွှန်တွေတောင် ဒီလောက် စုံပါ့မလားပဲ။

Job Vacancies in NGO, INGO, UN, & Red Cross
အဲဒီ အဖွဲ့တွေက ခေါ်နေတဲ့ အလုပ်တွေအကြောင်း။ ဒါကတော့ အတော့်ကို ပြည့်စုံပါတယ်။ အွန်လိုင်းမှာ မြန်မာပြည်က အန်ဂျီအို အလုပ်တွေနဲ့ ပတ်သက်လာရင် အစုံဆုံး၊ အပ်ဒိတ် အဖြစ်ဆုံး နေရာလို့ ပြောရင် ကြွားရာမကျပါဘူး။ ပီဒီအက်ဖ် ဒေါင်းလုပ် လုပ်နိုင်ပါတယ်။

Conferences & Professional Meetings
ဖွံ့ဖြိုးရေး လုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ ညီလာခံတွေ၊ နိုင်ငံတကာ အစည်းအဝေးတွေ ဘယ်တော့ ဘယ်မှာ လုပ်မယ် ဆိုတာတွေကိုလည်း ဖော်ပြထားပါတယ်။ သူများပေးတဲ့ စရိတ်နဲ့ နိုင်ငံခြားသွားရတာ ဟန်ကျပါတယ်။ အချိန်မှီ လျောက်လွှာတင်ဖို့ စာတမ်းတင်ဖို့ အတွက်တော့ ကာယကံရှင်က နည်းနည်းလေး ညှစ်လိုက်ပါ။ ၀မ်းနှုတ်ဆေးကိုပဲ ပုံအပ်ထားလို့ မရဘူးလေ။

Scholarships
ဂူဂဲလ် မှာ စကောလားရှစ် ဆိုပြီး ရိုက်လိုက်ရင် ထောင်ချီပြီး ထွက်လာပေမယ့် မြန်မာ လူငယ်တွေနဲ့ ကိုက်ညီတဲ့ စကောလားရှစ်တွေကတော့ အတော့်ကို ပြူးပြဲ ရှာရမယ့် အလုပ်ပါ။ ဒီဆိုဒ်မှာတော့ မြန်မာတွေ တကယ်တန်း ရဖူးတဲ့ စကောလားရှစ်တွေ အကြောင်းကို အဓိက တင်ထားပါတယ်။ ဘာတွေ ရှိလဲ၊ ဘယ်တော့ လျှောက်ရမလဲ၊ ရဖူးသူ မြန်မာတွေရဲ့ အတွေ့အကြုံ စတာတွေ ရေးထားပါတယ်။ တိုင်ပင်ချင်ရင် ဖိုရမ်မှာလည်း အခန်းဖွင့်ထားပေးပါတယ်။

Useful links for development works
ဒါကတော့ အသုံးတဲ့မယ်ထင်တဲ့ ၀က်ဆိုဒ်လင့်တွေ ပေးထားတာပါ။ အန်ဂျီအိုဆိုတာ ဘာလဲ ဆိုတဲ့ မေးခွန်းမျိုးတွေအတွက် ဒီလင့်တွေမှာ အဖြေ အပြည့်ရှိနေပါတယ်။

Myanmar Development Community Forum
မြန်မာ့ဖွံ့ဖြိုးရေး ဖိုရမ် ကတော့ ပြောခဲ့ပြီးတဲ့ အကြောင်းအရာတွေ နဲ့ ပတ်သက်ပြီးတော့ ဖြစ်ဖြစ်၊ ဖွံ့ဖြိုးရေးနဲ့ ပတ်သက်ပြီးတော့ ဖြစ်ဖြစ် အပြန်အလှန် ဆွေးနွေးလို့ ရတဲ့နေရာပါ။ မြန်မာ-အင်္ဂလိပ် နှစ်ဘာသာ နဲ့ ဆွေးနွေးလို့ ရပါတယ်။ နဲနဲတော့ ဟဲဗီး ဖြစ်တယ်လို့ ဘလောက်ဂါ လောကသား တစ်ဦးက မှတ်ချက်ပြုဖူးပါတယ်။ ဒါကတော့ အက်ဒမင် ရဲ့ ကိုယ်အလေးချိန် အငွေ့အသက် ပါသွားလို့ ဖြစ်နိုင်ပါတယ်။ ဟာသဥာဏ်ရှိသူ ဖိုရမ်မာ တချို့ကတော့ ရယ်စရာလေးတွေ ပြောတတ်ကြပါတယ်။ မည်သို့ပင် ဆိုစေကာမူ တိုင်းပြည်ဖွံ့ဖြိုးရေး ပြန်လည် ထူထောင်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး အစရှိသည်တို့ကို တည်တည်တံ့တံ့ ပြောလိုသူတွေအတွက် နေရာ အဆင်သင့်ရှိကြောင်း အသိပေးလိုပါတယ်။

Interactivity
နောက်ဆုံးမှ ပြောပေမယ့် ဒါကတော့ အနှစ်ပါ။ ယနေ့ အင်တာနက် လောကမှာ အပြန်အလှန်ဆက်သွယ်မှု (interactivity) ဟာ အတော့်ကို လူပြောများလာပါတယ်။ အင်တာနက် ခေတ်ဦးပိုင်းတုန်းက ဆိုရင် ၀က်ဆိုဒ်တွေဟာ ပျင်းစရာကောင်းတဲ့ ဆရာနဲ့ စာသင်ရသလိုပါပဲ။ သူကချည်းပဲ ပြောနေတာ။ ဖတ်ရှုသူဖက်က အမြင်ကို ပြန်ပြီး ပြောခွင့် သိပ်မရခဲ့ကြဘူး။ အခုတော့ စာရှုသူတွေဖက်က မှတ်ချက်ပေးလို့ရတယ်၊ ကောင်းသင့်ညံ့ အကဲဖြတ်ခွင့်ရှိတယ်၊ မဲပေးလို့ရတယ်၊ စုံလို့ပါပဲ။ အခု ကျွန်တော်တို့ဝက်ဆိုဒ်လို CMS (Content Management System) ကို သုံးတဲ့ ၀က်ဆိုဒ်မျိုးတွေမှာ ဆိုရင် စာရှုသူကနေ ၀က်ဆိုဒ်အတွက်လိုအပ်တဲ့ သတင်းတွေ အချက်အလက်တွေကို တိုက်ရိုက် တင်ပြလို့ ရလာပါတယ်။ ဆိုလိုတာက အက်ဒမင်တွေ မော်ဒရေတာတွေက ရေးတဲ့ ၀က်ဆိုဒ် မဟုတ်တော့ပဲ မင်ဘာ (အဖွဲ့ဝင်) တွေကရေးတဲ့ ၀က်ဆိုဒ် ဖြစ်လာပါတယ်။ ခေတ်စကားနဲ့ ဆိုရင်တော့ “ပြည်သူမှ ပြည်သူ့ အတွက်” လို့ ဆိုရင် ရမယ်ထင်ရဲ့။ အယ်ဒီတာတွေက စာလုံးပေါင်းသတ်ပုံ၊ ဘာသာပြန် နဲ့ ကျမ်းကိုးစာရင်း အစရှိသည် တို့ကို အနည်းငယ် တည်းဖြတ်တာတော့ ရှိပါမယ်။

ကဲ ကြော်ငြာလည်း အတော်ရှည်သွားပြီ။ ပြောတာတွေ ဟုတ်မဟုတ် မဆိုင်းမတွပဲ သွားကြည့်လိုက်ရအောင်နော် ...
www.NGOinMyanmar.org

အန်ဂျီအိုမှာ အလုပ် လုပ်ချင်သူတွေ နဲ့ အမေးအဖြေခန်းလေးကို နမူနာ ဖတ်ချင်ရင်တော့ အောက်မှာ ဆက်လက် ရှုစားပါ။

မေး
I am a house surgeon worked at insein hospital. My house surgeon training course will be ended on 31st December. After that, i want to work at NGO but i don't know how to do. I have no other qualification except my education.Now i'm studying english. Please advise me how can i get the job.
ဖြေ
The followings are the things that you can do as a start:
  • do a little bit of research on NGOs working in Myanmar. Who they are? What they do? Where they do it? (you can find a list and website links in our NGO directory)
  • then, decide what kind of NGOs that you want to work with.
  • find out whether they need any interns/volunteers
  • check job vacancy page from this website regularly and apply
Computer skills (Microsoft Word, Excel, Power Point) will be helpful in addition to English.
မေး
I'd like to know what is more important to get NGO job; the CV form or the interview. What would they ask me in the interview not concerning the theory . I've told that I've no experience even to face interview and what would I prepare for this. Hope your answer and advice later.
ဖြေ
ကိုယ်ရေးရာဇ၀င် နဲ့ လူတွေ့ မေးတာ ဘယ်ဟာ ပိုအရေးကြီးလဲ လို့ မေးထားပါတယ်။ နှစ်မျိုးလုံး တူတူပဲ အရေးကြီးပါတယ်။ ဒီဟာတွေထက် ပိုပြီး အရေးကြီးတာက ခေါ်တဲ့ အလုပ်မှာ လုပ်ရမှာတွေကို ကျွမ်းကျွမ်းကျင်ကျင် တတ်နေဖို့ နဲ့ အလားတူ အလုပ်မျိုး လုပ်ဖူးတဲ့ အတွေ့အကြုံပါ။ ကိုယ်ရေးရာဇ၀င်ဘက် ပြန်လှည့်ရရင်။ အန်ဂျီအို အလုပ် ခေါ်တဲ့အခါမှာ ကိုယ်ရေးရာဇ၀င်ကို ပထမ အဆင့် ဇကာတင်ရွေးချယ်ဖို့အတွက် သုံးပါတယ်။ တနည်းပြောရရင် ကိုယ်ရေးရာဇ၀င်မှာ ပါတဲ့ အချက်အလက်တွေကို ကြည့်ပြီး လူတွေ့ မေးမယ် မမေးဘူး စဉ်းစားပါတယ်။ လူတွေ့ မှာတော့ အလုပ်လျှောက်ထားသူဟာ ခန့်မယ့် အလုပ်ကို လုပ်နိုင်တဲ့လူ ဖြစ်မဖြစ်ကို ကြည့်ပါတယ်။ ပြီးတော့ အလုပ်မှာ စိတ်ပင်ပန်းခံနိုင် မခံနိုင်ကို လေ့လာပါတယ်။ ကျန်တာကတော့ လူပုံပန်းကို အကဲခတ်တာပါပဲ။

နောက်တစ်ချက်က မိမိလျှောက်တဲ့ အလုပ် နဲ့ အဖွဲ့အစည်းအကြောင်းကို သေသေချာချာ လေ့လာထားဖို့ လိုပါတယ်။ မိတ်ဆွေတစ်ဦး ( အန်ဂျီအို အလုပ် အင်တာဗျူးမေးသူ ) ပြောဖူးတာကတော့ တချို့ အလုပ်လာလျှောက်သူတွေဟာ မိမိ လျှောက်တဲ့ ရာထူး ကိုတောင် မှန်အောင် မပြောနိုင်ကြဘူးလို့ ဆိုပါတယ်။ ဒါမျိုးကတော့ လုံးဝ မဖြစ်သင့်ပါ။ အင်တာနက် ခေတ်မှာ အဖွဲ့အစည်း အမည် သိရင် ဒီအဖွဲ့ အကြောင်းကို အလွယ်တကူ ရှာလို့ ရနိုင်ပါတယ်။ မိမိဖက်က ပြင်ဆင်ဖို့တော့ လိုမှာပါ။

အားလုံး အဆင်ပြေကြပါစေ။
ခင်မင်စွာဖြင့်
ရဲမွန်

ဝက်ဆိုဒ် ဖြစ်မြောက်ရေးအတွက် ဘက်စုံကူညီခဲ့ ကူညီဆဲ ဖြစ်သော အမည်တွင် “ပ” ဖြင့်စ၍ “တ” ဖြင့်ဆုံးသည့် မိတ်ဆွေသူငယ်ချင်းကြီးအား ရွှေနိုင်ငံမှအန်ဂျီအိုများ ၀က်ဆိုဒ်ကိုယ်စား အထူးကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါသည်။

Read More...

Tuesday, November 27, 2007

World AIDS Day 2007

Take the Lead.

Stop AIDS. Keep the Promise.


1 December 2007




Reduce stigma and discrimination, all are human beings.

အေအိုင်ဒီအက်စ် တိုက်ဖျက်ဖို့၊ အားလုံးပါဝင်ဆောင်ရွက်စို့။
ကိုယ်ချင်းစာနာ နားလည်ပါ၊ သင်လည်း လူသားပါ။

Read More...

Wednesday, November 14, 2007

Twenty Years Before

၁၄၊ ၁၁၊ ၂၀၀၇

လွန်ခဲ့သော အနှစ် - ၂၀

တိတိကျကျ ဆိုရပါလျှင် လွန်ခဲ့သော ၂၁-နှစ် ဆောင်းတွင်း။ တီတီစီ (ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်း) ကျောင်းသားဟောင်းများ အသင်း၏ မိတ်ဆုံ စားပွဲနှင့် အသင်းဝင်များ၏ သားသမီးများ အတွက် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားတွင်ဖြစ်သည်။ ကျွန်တော့်မိခင်မှာ တီတီစီ ကျောင်းသူဟောင်း ဖြစ်၍ ထိုနှစ်က ၁၀ တန်း အောင်မြင်ခဲ့သော ကျွန်တော်တစ်ယောက် ဆု သွားယူရပေသည်။ ၁၀ တန်း အတူ အောင်မြင်ခဲ့ကြသော အခြား သူငယ်ချင်းများ (သူတို့၏ မိဘများကလည်း ကျောင်းသားဟောင်း အသင်းဝင်များ ဖြစ်ကြသည်) နှင့် ဓါတ်ပုံ တစ်ပုံ ရိုက်ခဲ့လေသည်။ ဖြစ်ချင်တော့ ကျွန်တော့်တွင် ထိုဓါတ်ပုံ မရှိ။ ဓါတ်ပုံ ရိုက်မိမှန်းပင် အမှတ်မရမိ။ တမြန်နေ့ကမှ ပုံပါ သူငယ်ချင်းတစ်ဦးက ထိုဓါတ်ပုံကို လူကြုံပါးလာသောကြောင့် ပြန်ကြည့်ရင်း ငယ်မူပြန်ကာ ဘလောက်တွင် ဖော်ပြရသော် ကောင်းပေစွဟု ဖာသာ တွေးမိသည်။ ပြသာပြရသည် ရောင်းရင်းတို့ ကျွန်တော့် ငယ်ရုပ်ကို ဖမ်းနိုင်ပါ့မလား ဆိုသည်ကတော့ သိပ်မသေချာ။ ရှုလော့ ...

Read More...

Tuesday, November 13, 2007

A visit to New England (5)

၁၃၊ ၁၁၊ ၂၀၀၇

အင်္ဂလန်ပြည်သစ် သို့ အလည်တစ်ခေါက် (၅)
ဘော်စတွန်မြို့

တောင်းပန်ခြင်း
အခုရက်ပိုင်းတွေမှာ ပို့စ်အသစ် မတင်ဖြစ်တဲ့အတွက် အလည်ရောက်လာတဲ့ မိတ်ဆွေအများကို တောင်းပန်ပါတယ်။ အခုတော့ လက်ကျန်ရှင်းတမ်းအနေနဲ့ အင်္ဂလန်ပြည်သစ် ခရီးသွားဆောင်းပါး နောက်ဆုံးပိုင်းကို တင်လိုက်ပါတယ်။

ထောပတ်ထမင်းစားပြီး သကာလ ထုံးစံအတိုင်း ၀ိုင်းထိုင်ကြကာ သန်းခေါင်တိုင်အောင် စကားဖောင်ဖွဲ့ကြပြန်သည်။ ဒီတစ်ခါ ပြောဖြစ်ကြတာကတော့ ဒီနိုင်ငံမှာ အမြဲတမ်းနေထိုင်တော့မယ် ဆိုရင် မိမိတို့ရဲ့ သားသမီးတွေကို ဗမာယဉ်ကျေးမှု ဓလေ့ထုံးစံတွေအတိုင်း ပြုစုပျိုးထောင်မှာလား ဒါမှမဟုတ် ဒီက ယဉ်ကျေးမှု ထုံးစံတွေအတိုင်း လိုက်လျောလိုက်မှာလား ဆိုတာပါပဲ။ စာရေးသူမှာ ကိုယ်ပိုင်ကလေး မရှိသေးတော့ ကလေးရှိသူ၊ ရှိနိုင်ချေ များသူတွေကို အချွန်နဲ့ မ ပေးလိုက်ရုံပ။ အမြင်တွေကတော့ အမျိုးမျိုးပါ။ သားယောက်ျားလေး ဆိုရင် တစ်မျိုး၊ မိန်းကလေး ဆိုရင် တစ်မျိုး။ ဘယ်လို အပြုအမူမျိုး ဆိုရင် လက်ခံမယ်။ ဘယ်လိုဆိုရင်တော့ လုံးဝပဲ ဆိုတာမျိုးပေါ့။ ယတိပြတ်အဖြေတော့ ထွက်မလာပါ။ မိသားစု တစ်စုချင်း ကိစ္စ ပေပဲကိုး။ စာရေးသူ သတိထားမိတာကတော့ မြန်မာမိဘတွေဟာ မြန်မာပြည်မှာတုန်းက လုံးဝလက်မခံနိုင်လောက်တဲ့ အပြုအမူတွေကို ဒီနိုင်ငံရောက်လာတဲ့အခါမှာ ကျေနပ် လက်ခံလာကြတာပါ။ ဆိုတော့ လူတစ်ယောက်ရဲ့ အပြုအမူ တစ်ခုဟာ နေရာဒေသပေါ်လိုက်ပြီး ယဉ်ကျေး၏ မယဉ်ကျေး ဆိုတာမျိုး ဖြစ်သွားပါတယ်။ လောကကြီးမှာ “နှိုင်းရအမှန်” (relative truth) တွေ အများကြီးပါလားလို့ သဘောပေါက်မိပါတယ်။

ဒီလိုနဲ့ တနင်္ဂနွေနေ့ မနက်မှာတော့ အိပ်ရာထကတည်းက ဘော်စတွန်သွားဖို့ လုံးပမ်းကြပါတယ်။ ကားငှားတဲ့ ဆိုင်က တနင်္ဂနွေမဖွင့်တော့ ခက်နေပါလေရော။ သူငယ်ချင်းရဲ့ကားက လူ ၇ ယောက် ကျပ်ကျပ်သပ်ထိုင်ရင် ရပေမယ့် ခရီးဝေးမှာတော့ သိပ်မသက်သာလှ။ ဘော်စတွန်ကလည်း ၀ီလီယံမြို့ကနေ မိုင် ၁၅၀ ကျော် ဝေးသေးတယ် မဟုတ်လား။ ဒါနဲ့ပဲ စာရေးသူက အကြံပေးလိုက်ပါတယ်။ ကားနောက်ဖက် ပစ္စည်းတင်တဲ့နေရာမှာ တစ်ယောက်ထိုင်လိုက်ရင် မကောင်းဘူးလားပေါ့။ တကယ်လုပ်ဖြစ်သွားတော့ ပထမဆုံး အလှည့်ကျသူက အကြံပေးသူ ကျွန်တော်မျိုးပါ။ ဘေးပတ်ဝန်းကျင် ရှုခင်းမမြင်ရတာကလွဲလို့ သိပ်တော့မဆိုးပါ။ အိပ်ငိုက်လို့တောင် ရသေး။

အသွားမှာတော့ ပြည်နယ်တွင်း အဝေးပြေးလမ်း အမှတ်-၂ ကနေ သွားကြပါတယ်။ နေ့လည်စာကို မက်ဒေါ်နယ်ဆိုင်မှာပဲ ကမန်းကတန်း စားကြပြီး ခရီးဆက်ကြပြန်ပါတယ်။ နာမည်ကြီး ဟားဗတ် တက္ကသိုလ်က ဘော်စတွန် မရောက်ခင် ကိန်းဘရစ်ခ်ျ ဆိုတဲ့ နေရာမှာ ရှိတော့ အဲ့ဒီကို အရင် ၀င်ကြပါတယ်။ ရာသီဥတုကလည်းသာယာ တနင်္ဂနွေကလည်းဖြစ်ပြန် ဆိုတော့ ကိန်းဘရစ်ခ်ျ မှာ ကြက်ပျံမကျ စည်ကားနေပါတယ်။ စာရေးသူတို့လည်း ဟိုဟိုသည်သည် လျှောက်သွားရင်း ဟားဗတ်တက္ကသိုလ်ကို တည်ထောင်သူလို့ လူသိများတဲ့ John Harvard ရဲ့ ရုပ်တုရှေ့မှာ ဓါတ်ပုံ ရိုက်ကြပါတယ်။ နောက်မှ ၀ိကီကနေတဆင့် သိရတာက မစ္စတာ ဟားဗတ်ဟာ တက္ကသိုလ်ကို တည်ထောင်သူ တစ်ယောက်မဟုတ်ပဲ အလှူရှင်တစ်ဦးမျှသာ ဖြစ်ကြောင်းပါ။ မည်သို့ပင် ဆိုစေကာမူ စာရေးသူတို့ သူငယ်ချင်း တသိုက် ဓါတ်ပုံရိုက်လာတာကိုတော့ ဘေးမှာ ရှုစားနိုင်ပါတယ်။

ကိန်းဘရစ်ခ်ျမှာ လည်ပြီးတော့ MIT (Massachusetts Institute of Technology) ကိုသွားမယ် ဆိုပြီး ထွက်လာလိုက်တာ ကံဆိုးချင်တော့ လမ်းမှားပြီး မရောက်ခဲ့ပါ။ ဒါပေမယ့် ကံကောင်းချင်တော့ ချားလ်စ် မြစ်ထဲမှာ လှေလှော်ပြိုင်ပွဲ လုပ်ဖို့ ပြင်ဆင်နေတာ တွေ့ခဲ့ရပါတယ်။ ၄ ယောက်လှော်၊ ၈ ယောက်လှော် ရောင်စုံလှေတွေပေါ်က ရောင်စုံအင်္ကျီ ဆင်တူဝတ် လှေလှော်သားတွေဟာ စိမ်းမြတဲ့ မြစ်ပြင် နဲ့ ပနံရနေကြပါတယ်။ အားလုံး အစီး ၂၀ လောက်ရှိမယ် ထင်ရဲ့။ အားပေးနေတဲ့ ပရိတ်သတ်ကလည်း ကမ်းလုံးညွတ်မျှပါပဲ။ စာရေးသူ တက္ကသိုလ် ရောက်စက ရန်ကုန်တက္ကသိုလ်များ လှေလှော်အသင်းမှာ လှေလှော်ခဲ့ချိန်တွေကို ပြန်သတိရမိပါရဲ့။ အချိန်နည်းနေလို့ လှေပြိုင်ပွဲကို ကားပေါ်ကနေပဲ ကမန်းကတန်း ကြည့်ပြီး ခရီးဆက်ခဲ့ကြပါတယ်။

ကဲ .. ရောက်ပါပြီ။ ဘော်စတွန်မြို့။ အဆောက်အဦမြင့်တွေ ပြည့်နေတဲ့ မြို့ထဲကို ကားလျောက်မောင်း ကြည့်ရှုပြီး ကမ်းနားကို အလည်သွားကြပါတယ်။ အပျော်စီးသင်္ဘောတွေ၊ ဇင်ယော်တွေ၊ လေညှင်းခံသူတွေ နဲ့ စည်ကားတဲ့နေရာ တစ်ခုပါ။ စာရေးသူတို့တွေလည်း လေညှင်းခံရင်း ဓါတ်ပုံတွေ ဟိုရိုက်ဒီရိုက်၊ သူများတွေကို ဟိုငေးဒီငေး လုပ်နေရင်း နေစောင်းလာတော့ ကမ်းနားက ဆိုင်လေးတစ်ဆိုင်ကို ခဏ၀င်ပြီး ဘီယာသောက်ကြပါတယ်။ သဘာဝရှုခင်း ကို ကြည့်ပြီး ဘီယာသောက်ရတာ အရသာတစ်မျိုးပါ။

အားလုံး ဗိုက်ဆာလာကြတော့ အိမ်ရှင်သူငယ်ချင်း ညွှန်းတဲ့ တရုတ်ဆိုင်ကို သွားစားဖြစ်ပါတယ်။ ညွှန်းသလောက်လဲကောင်း၊ ကောင်းသလောက်လဲစားကြတော့ မှာသမျှ တက်တက် ပြောင်ပါရော။ မိုးလည်း ချုပ်လာပြီဆိုတော့ ၀ီလီယံမြို့ကို အမြန်ရောက်မယ့် အဝေးပြေး လမ်းအမှတ်-၉၀ အတိုင်း အသော့နှင်ခဲ့ကြပါတယ်။ တည်းအိမ်ပြန်ရောက်တော့ မိုးအတော်ချုပ်နေပြီ။ ခရီးကလည်း ပမ်းလာတော့ သိပ်စကားမပြောနိုင်ကြပဲ အိပ်ရာဝင်ကြပါတယ်။

တနင်္လာနေ့မှာတော့ အိမ်ရှင်သူငယ်ချင်းတို့ကို နှုတ်ဆက်ပြီး ပြန်လာခဲ့ကြပါတယ်။ အပြန်လမ်းမှာ တွေ့ခဲ့တဲ့ Pontoosuc Lake အမည်ရ ရေကန်မှာ ခဏနားရင်း အရောင်ပြောင်းတောအုပ်၊ အိမ်နဲ့ ကောင်းကင်ပြာပြာတွေ ရေကန်မှာ အရောင်ပြန်နေတာကို မှတ်တမ်းတင်ခဲ့ပါတယ်။

အမှတ်တရ ခရီးတစ်ခု ဖြစ်မြောက်ခဲ့တဲ့အတွက် သူငယ်ချင်းအားလုံးကို ကျေးဇူး အထူးတင်ရှိပါတယ်။

ပြီးပါပြီ။


Read More...