သူဌေးရောဂါလား အမေရိကန်ရောဂါလား ဘာပြောရမှန်းကို မသိတော့ဘူး။ ဒီလောက် ဖုန်ထူတဲ့ နိုင်ငံက လာပြီး အခုမှ လေထိမခံ အမေရိကန် ဖြစ်နေလေရဲ့။ ၂၀၀၆ လောက်ကတည်းက စတာ။ ဒီရာသီဆို အချိန်မှန် ရောက်ရောက်လာတယ်။ အရင်တုန်းကတော့ ဆေးကျောင်းဖတ်စာအုပ်တွေထဲမှာ နားစွန်နားဖျား ကြားဖူးပါရဲ့။ ၀တ်မှုန်ကူးတဲ့ ရာသီမှာ ဖြစ်တတ်သော ဓါတ်မတဲ့ခြင်း (seasonal allergy) တဲ့။
ရောဂါ လက္ခဏာတွေကတော့ မျက်စိယား၊ မျက်ဝတ်ထွက်၊ နှာချေ၊ နှာခေါင်းပိတ်၊ နှာရည်ယို။ တစ်နှစ်ထက် တစ်နှစ် ပိုလို့သာဆိုး။ ဟတ်ချိုး တစ်ခါ နှစ်ခါနဲ့လည်း မပြီး။ ဘာမီတွန်လောက်နဲ့လည်း မရ။ မနေ့ကဆို အတန်းထဲမှာ ဟတ်ချိုးချေတာ အရမ်းကျယ်လို့ လူတွေ လန့်ကုန်ကြတယ်။ ၀က်တုပ်ကွေးကလည်း ခေတ်စားနေတယ် မဟုတ်လား။
ဖြစ်နေတာတော့ သုံးပတ်လောက် ရှိပြီ။ မျက်လုံးတွေယားပြီး ယောင်ကိုင်းနေတာ ဖိုးကပ် (focus) တောင် မမိတော့ဘူး။ ဆေးကျောင်းမှာတုန်းက ဒီလို ဓါတ်မတဲ့တာမျိုးကို ဘယ်လို ကုရမယ်လို့ သင်ခဲ့ရင် သင်ခဲ့ဘူးမှာပေါ့။ ဒါပေမယ့် သေသေချာချာ မမှတ်မိတော့ဘူး။ တတ်သလောက် မှတ်သလောက် ဆေးမြီးတိုတွေနဲ့ ကုနေပေမယ့် အခုတော့ ဆရာမနိုင် ဖြစ်လာပြီ။
ညကတော့ အတော့်ကို ဆိုးတာ ကိုယ့်မှာ နှာခေါင်း မရှိတော့ဘူးလား အောက်မေ့ရတယ်။ အိပ်လို့လည်းမရလို့ တစ်ညလုံး ငုပ်တုပ်ထိုင်နေရတယ်။ နှာခေါင်း လုံးဝပိတ်နေတော့ ပါးစပ်နဲ့ပဲ အသက်ရှုလို့ရတော့တယ်။ ပါးစပ်နဲ့ အသက်ရှုရတော့ အာခေါင်ကခြောက်။ ရေသောက်မယ်ကြံတော့ နှာခေါင်းပိတ်လွန်းလို့ တံတွေးတောင် မမျိုနိုင်။ စကားလည်း မပြောချင် မပြောနိုင်။ ပါးစပ်က အသက်ရှုမလား၊ တံတွေးမျိုမလား၊ အစာစားမလား၊ စကားပြောမလား ... အကုန်လုပ်လို့ရပေမယ့် နှာခေါင်းမရှိတော့တဲ့ အချိန်မှာတော့ တစ်ချိန်မှာ တစ်ခုပဲ လုပ်လို့ရတော့တယ်။ (မရှိတော့မှ တန်ဖိုး သိနေတာ) သေရေးရှင်ရေးဆိုတော့လည်း အသက်ရှုတာကိုပဲ ဦးစားပေးရတာပေါ့။ ညစာလည်း မစားဖြစ်တော့။
အသက် မျဉ်းမျဉ်းရှုပြီး တရားမှတ်နေရင်း ဒီစိတ်တွေ ဘယ်ပြေးနေလဲ ကြည့်လိုက်တော့ ...
ဒီလောက်ဖြစ်တဲ့ နှာခေါင်း ပိတ်ချင်ဦးဟဲ့ ဆိုပြီး ၀က်နှာခေါင်းနဲ့ လဲတတ်ရင် ကောင်းမလား (နှာခေါင်းပေါက် ကျယ်လို့) ... မဖြစ်သေးပါဘူး ... ကျန်းမာရေးအာမခံက နှာခေါင်းအစားထိုးတာကို ပေးမယ် မထင်ဘူး ... အခုနေ ပါးစပ်ကပါ အသက်မရှုနိုင်တော့ရင် ဘာဖြစ်သွားမယ် ထင်လဲ ... အင်း အခန်းထဲမှာက ပစ္စည်းတွေ ဗလပွပဲ ... လာသိမ်းရမယ့်လူတော့ မလွယ်ဘူး ... ဘွဲ့လေးတောင် မရပဲ .. လျောသွားလို့ကတော့ ... အသက်မရှုနိုင်လို့ ကိစ္စချောသွားလေသူကြီးလို့ နာမည်ကြီးဦးတော့မှာပဲ ... ကျောင်းမှာတုန်းက သင်ရတဲ့ အေ၊ဘီ၊စီ (Airway, Breathing, Circulation) ဒီလောက် အရေးကြီးမှန်း အခုမှ ကိုယ်တွေ့ပဲ ... အသက်မရှုနိုင်တော့မှ နိုင်းဝမ်းဝမ်း ခေါ်ရင် မှီပါ့မလား ... အိမ်ရှင်ကို နှိုးပြီး ဒုက္ခပေးရမလား ... ဟော အကြံရပြီ အေးရင် သွေးကြောကျဉ်းမယ် ဒါဆို အရောင်လျော့မယ် ... နှာခေါင်းပွင့်မယ် ... ကိုင်း မတိမ်းမစောင်းပဲ ချွတ်နင်းသံနဲ့ မီးဖိုထဲ သွားရအောင်။
နှာခေါင်းကို ရေခဲ အုပ်လိုက်တော့မှ နည်းနည်း နေသာထိုင်သာ ရှိသွားတယ်။ ကုသနည်း ဟုတ်မဟုတ်တော့ မသိဘူး။ နှာခေါင်းနဲ့ အသက်ရှုလို့ ရတာကိုက အရှင်လတ်လတ် နိဗ္ဗာန်ရောက်သွားသလိုလို။ ရေခဲအုပ် ရပ်လိုက်တာနဲ့ နှာခေါင်းက ပြန်ပိတ်။ ဒါနဲ့ပဲ ရေခဲပြန်အုပ်နဲ့ မိုးလင်းသွားရော။
မိုးလင်းတော့ ဆရာဝန် နဲ့ ချိန်းထားပြီး ဖြစ်လို့ သွားပြပါတယ်။ ကျန်းမာရေး အာမခံရှိတော့ “၀ါးခ” မပေးရဘူး။ ဒါပေမယ့် ဆရာဝန်က လက်နက်ကြီးတွေ ထုတ်သုံးတော့ “ဆေးဖိုး” က ဒေါ်လာ ၁၆၀ ကျော် ကျလေရဲ့။ “တစ်ခါယား တစ်သိန်းခွဲ” ဆိုတော့ “အာယိုးယိုး” အော်ရတော့တာပေါ့။ ဆေး ၄-မျိုးမှာ တစ်မျိုးကပဲ ဈေးကြီးတာပါ။ Singulair (Montelukast) တဲ့။ ဓါတ်မတဲ့ရာကနေ ထွက်လာတဲ့ leukotrienes ဆိုတဲ့ ဓာတုပစ္စည်းကို ဓါတ်ပြယ်အောင် လုပ်ပေးတဲ့ ခေတ်မီ ဆေးလို့ အလွယ် ဆိုကြပါစို့ရဲ့။ ဆေး အလုံး ၃၀ ကို ဒေါ်လာ ၁၂၀ ဆိုတော့ ဆေးတစ်လုံးကို ၄ ဒေါ်လာလောက် ကျသဗျို့။
ကဲ ... မိတ်ဆွေတို့ရော ... ယားချင်ကြသေးလား ...