Tuesday, November 10, 2009

History that my emails told

၁၀၊ ၁၁၊ ၂၀၀၉


အီးမေးလ်များက ပြောသော သမိုင်း


စာရေးသူရဲ့ အီးမေးလ်တွေနဲ့ ဆက်စပ်ပြီး ဇာတ်လမ်းဆင်ကြည့်တော့ ဒီလို သမိုင်းကြောင်းလေး တစ်ခုထွက်လာတယ်။

၁၉၉၈

နေရာက ရန်ကုန်မြို့ရှိ အန်ဂျီအို ရုံးခန်းတစ်ခု။

"တိန်တောင် ... တိန်တောင် ... တိန်တိန်တိန် ... တွိတွိ ..."

ဘော့စ် အခန်း အလုပ်စားပွဲက တယ်လီဖုန်းနဲ့ ကွန်ပျူတာကြားမှာ ဆက်ထားတဲ့ ဟာလေးဆီက မြည်နေတဲ့ အသံကို တအံ့တသြနဲ့ နားထောင်ရင်း အီးမေးလ် ဆိုတာနဲ့ စတင်ရင်းနှီးခဲ့ပါတယ်။ အဲဒီတုန်းက မြန်မာတယ်လီပို့ ဆိုတာဝေးလို့ ပုဂံလည်း မရှိသေးဘူး၊ ဇလုံလည်း မရှိသေးဘူး။ ဂျီတောက်တို့ ရာဟု မစိန်ကြာတို့ဆို ခေတ်ပေါ် သိပ္ပံကားတွေမှာတောင် မရှိသေးဘူး။ ရန်ကုန်မှာ လင်းယုန်လို့ အမည်ရတဲ့ အီးမေးလ် ကုမ္ပဏီတစ်ခုပဲ ရှိသေးတယ်။ ဒါကလည်း “နလမ” နဲ့ခွင့်ပြုထားတာဆိုပဲ။ အင်တာနက်က လုံးဝမရသေး။ အီးမေးလ်မှ အီးမေးလ် စစ်စစ်ပဲရတာ။ ဒိုင်လ်အပ် နဲ့ပေါ့။ ရုံးတစ်ရုံးလုံးမှာမှ အီးမေးလ် အကောင့်က တစ်ခုတည်းရယ်။ အဲဒီတော့ ဘော့စ်အတွက်ပဲပေါ့။

ကျောင်းလျှောက်ဖို့လို ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို သုံးချင်ရင် Summit Park View လို ဟိုတယ်ကြီးတွေကိုသွားပြီး အီးမေးလ် တစ်စောင် ဖက်အီးစီ ၁ ဒေါ်လာနှုန်းနဲ့ ပို့ရ၊ လက်ခံရလေတယ်။ အ၀င်အီးမေးလ်ကို သူတို့က ပရင့်ထုတ်ထားပြီး စာရေးသူဆီကို ဖုန်းဆက်အကြောင်းကြားပေးတယ်။ လျှို့ဝှက်မှုဆိုတာ ဂျိုနဲ့လားပေါ့။ အဲဒီခေတ်ကြီးက ၂၀၀၀ ခုနှစ်လောက်အထိကြာတယ်။

၂၀၀၀

ကံကောင်းချင်တော့ ၂၀၀၀ ခုနှစ်မှာပဲ သင်တန်းတစ်ခု တက်ဖို့ ပြည်ပထွက်ရင်း ယာဟူး အီးမေးလ် အကောင့်တစ်ခု ရခဲ့ပါတယ်။ တစ်လလောက်သုံးလိုက်ရပြီး ရန်ကုန်ပြန်ရောက်တော့ ဒုံရင်းဒုံရင်းပဲ ကိုယ်ရေးကိုယ်တာတွေကို Summit မှာ အီးမေးလ် သွားပို့နေရပြန်ရော။

၂၀၀၁

၂၀၀၁ ရောက်တော့ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်း တစ်ခုမှာ အလုပ်ရပါတယ်။ ကွန်ပျူတာတစ်လုံး နဲ့ ရုံးသုံး အီးမေးလ်အကောင့်တစ်ခု ကိုယ့်နာမည်နဲ့ရတယ်။ တယ်ဟုတ်ပါလားပေါ့။ အင်တာနက်ကတော့ ရုံးက ကွန်ပျူတာ ဌာနမှာ သွားပြီး သုံးရတယ်။ ပုဂံဆိုက်ဘာတက် လည်းပေါ်လာပြီ။ လူတိုင်းတော့ မရသေးဘူး။

၂၀၀၂

ဦးစမှာ ဘွဲ့လွန်တက်ခွင့်ရတယ်။ ကျောင်းမဖွင့်ခင် တစ်ပတ်လောက် စောရောက်တော့ ဘာလုပ်ရမှန်းမသိ ယောင်နနနဲ့။ ဦးစမှာက အင်တာနက် ကဖေးလည်း ဗန်ကောက်မှာလို ဖောချင်းသောချင်း မဟုတ်တော့ ဘာလုပ်လို့ လုပ်ရမှန်းမသိဘူး။ အင်တာနက်ကို တီထွင်တဲ့နိုင်ငံ ဆိုက်ဘာကဖေးတောင် ဗန်ကောက်လို မပေါပါလားလို့ အထင်သေးနေမိသေးတယ်။ နောက်တော့မှာ စာကြည့်တိုက်မှာ အင်တာနက် အလကားသုံးလို့ရမှန်း သိသွားပြီး အရင် ဖွင့်ထားဖူးတဲ့ ယာဟူး အီးမေးလ်ကို ပြန်အသက်သွင်းပြီး အီးမေးလ်ရှိတဲ့ မိတ်ဆွေ သူငယ်ချင်းတွေဆီ ဆက်သွယ်ရတယ်။ ကျောင်းဖွင့်တာနဲ့ ကျောင်းသားကဒ်နဲ့အတူ ကိုယ်ပိုင် အီးမေးလ် တစ်ခု ရပါတယ်။ ယာဟူးကတော့ သုံးမြဲပေါ့။

၂၀၀၃

ကျောင်းပြီးလို့ မြန်မာပြည်ပြန်တော့ ၂၀၀၁ အနေအထားကို ပြန်ရောက်သွားပါတယ်။ ဒါပေမယ့် ဒီအချိန်မှာတော့ ရုံးစားပွဲပေါ်က ကွန်ပျူတာမှာ ပုဂံကပေးတဲ့ အင်တာနက် ရနေပါပြီ။ မေးလ်ဖော်ယူ လည်း ခေတ်စားစပြုလာပြီ။ Summit Park View ကိုရောက်ရင် အီးမေးလ် သွားယူနေကျ သူတို့ရုံးခန်းရှေ့ကနေ ကိုယ်နဲ့ပဲ ဘာမှ မပတ်သက်ခဲ့ဘူးသလို ဖြတ်လျှောက်တတ်နေပြီ။

၂၀၀၄

ဦးစကို နောက်တစ်ခေါက် ရောက်ရပြန်လေတယ်။ အခြေအနေကတော့ သိပ်ပြီး မထူးခြားလှပါ။ အရင်ကရှိတဲ့ ယာဟူး၊ ကျောင်း အီးမေးလ်တွေ ပြန်အသက်သွင်းပြီး သုံးရတာပေါ့။

၂၀၀၅

အဲဒီတုန်းက ဂျီမေးလ်က တစ်ယောက်ယောက် ဖိတ်မှ ဖွင့်လို့ရတာ။ လူတစ်ယောက်ကို သုံးဦးပဲ ဖိတ်ခွင့်ရှိတယ်။ စာရေးသူရဲ့ ဆရာတစ်ယောက်က ဂျီမေးလ်ဖွင့်ဖို့ ဖိတ်စာပို့ပေးတယ်။ ဒီလိုနဲ့ ဇန္န၀ါရီလ ၉ ရက် ၂၀၀၅ ခုမှာတော့ ဂျီမေးလ် အကောင့်စပြီးရပါတယ်။

၂၀၀၆-၂၀၀၉

လူတွေမှာ အီးမေးလ် အကောင့် တစ်ခုမက ရှိလာတတ်ပြီး မနက်အိပ်ရာထလို့ ဂျီမေးလ် ချက်ကိုဖွင့်လိုက်ရင် ရန်ကုန်က သူငယ်ချင်း တစ်ယောက်မဟုတ် တစ်ယောက် အွန်လိုင်းမှာ ရှိနေတတ်ပါတယ်။ (စကားချပ်။ ။ မြန်မာပြည်ကို မတိုးတက်ဖူးလို့ ဘယ်သူပြောမလဲ) စာရေးသူကိုယ်၌လည်း အီးမေးလ် အကောင့် ၆ ခုလောက်နဲ့ ဗျာများနေပါရော။ မဖတ်ဖြစ်တဲ့ အီးမေးလ်တွေက တောင်လိုပုံ။ စာပြန်နောက်ကျတာတွေက မရေနိုင်။

Cleaning the slate

အီးမေးလ်တွေ ရှုပ်ပွနေတော့ မဖြစ်ချေဘူးဆိုပြီး ရှုထောင့် ကို စမ်းပြီးသုံးကြည့်တယ်။ မဆိုးဘူး။ အီးမေးလ် အားလုံးကို တစ်နေရာထဲက မြင်ရတယ်။ မဖတ်ရသေးတာတွေ အားလုံးကို ဖတ်ပြီးသား အသွင်ပြောင်းပြီး အခုနောက်ပိုင်း ၀င်သမျှ အီးမေးတွေကို ဖျက်၊ ဖတ်၊ ပြန်၊ သင့်သလို လုပ်လိုက်တော့ အဆင်ပြေနေပါတယ်။ ယာဟူးနဲ့ကတော့ ခွာပြဲနေပြီ။ သူက ရှုထောင့်နဲ့ သဟဇာတ မဖြစ်ဘူး။ အင်တာနက် အီးမေးလ်ခေတ်မှာ စောစောပိုင်း ခေတ်ရှေ့ပြေးခဲ့ပေမယ့် အခုတော့ နောက်ကျကျန်နေခဲ့ပါပြီ။

ဒါပါပဲ။ ဒါပဲ။ ဘာမှ မဟုတ်ဘူး။ ရောက်တတ်ရာရာ ရေးထားတာ။

ခက်ဆစ်

ဂျီတောက် = G Talk
ရာဟုမစိန်ကြာ = Yahoo Messenger
ရှုထောင့် = Outlook

Read More...

Tuesday, November 3, 2009

Inya Lake Hotel

၃၊ ၁၁၊ ၂၀၀၉


ခေါင်းစဉ်ပါ ဟိုတယ်ကို ဘယ်လို ဘာသာပြန်ကြမလဲ။ အမြဲတမ်း နားရည်ဝ မျက်စိယဉ် နေတာကတော့ "အင်းလျားလိပ် ဟိုတယ်" လို့ ထင်တာပဲ။ ဒါပေမယ့် ဒီရက်ပိုင်းအတွင်း အင်တာနက် သတင်းတွေထဲမှာ ဖတ်မိတော့ တချို့က "အင်းလျားလိတ် ဟိုတယ်"၊ တချို့က "အင်းယားကန် ဟိုတယ်" ဆိုပြီး ရေးကြတယ်။ "လျား" အစား "ယား" ရေးတာကတော့ ထားပါတော့လေ အသံထွက်ကိုလိုက်ရေးတာလို့ ပြောလို့ရတယ်။ "လိပ်"၊ "လိတ်" နဲ့ "ကန်" ကျတော့ အဓိပ္ပါယ်တွေက ကွဲနေရော။ အင်း ... ကိုယ်ကပဲ ပေါက်ပေါက်ရှာရှာ လိုက်မြင်နေတာလား မသိဘူး။

သိရင်ပြောကြပါဦး။

Read More...

Sunday, November 1, 2009

my upgrade from vista to 7

၂၊ ၁၁၊ ၂၀၀၉

ရှုမျှော်ခင်း မှသည် ခွန်နစ် သို့

ကံဆိုးချင်တော့ ပေါင်တင် ကွန်ပျူတာကပျက်တယ်။ ကံကောင်းချင်တော့ လုံးဝကြီးပျက်မသွားပဲ ဖိုင်တွေအားလုံးကို ပြန်ယူလို့ရတယ်။ ကံဆိုးချင်တော့ လိုချင်တဲ့ ပေါင်တင် ကွန်ပျူတာအသစ်က ဈေးကြီးနေပြီး ကိုယ်က ဘိုင်ကျနေတယ်။ ကံကောင်းချင်တော့ လပေးနဲ့ အကြွေးရမယ်တဲ့။ ကံဆိုးချင်တော့ ရွေးစရာက များများစားစားမရှိပဲ ကိုယ်သိပ်မသိလှတဲ့ ၆၄ ဘစ် ရှုမျှော်ခင်း ပြူတင်းပေါက် စနစ် ပါတာကြီး ၀ယ်လိုက်ရတယ်။ ဘာပဲပြောပြော ငွေတပြားမှ လက်ငင်းမပေးရပဲ ကံကောင်းစွာနဲ့ ၁၃ လက်မ ဒဲလ် ပေါင်တင်ကွန်ပျူတာလေး ရလိုက်တယ် ဆိုပါတော့။ ဒီမှာ ဇာတ်လမ်းစတော့တာပဲ။

ကံဆိုးချင်တော့ အရင်သုံးဖူးသမျှ အပျော့ထည် အတော်များများက ၆၄ ဘစ် ရှုမျှော်ခင်းစနစ် နဲ့ သိပ်ပြီး သဟဇာတ မဖြစ်လှဘူး။ ကံကောင်းချင်တော့ ၆၄ ဘစ် ရှုမျှော်ခင်းက သဘောထားကြီးကြီးနဲ့ တချို့ ၃၂ ဘစ် အပျော့ထည်တွေကို သုံးခွင့်ပေးထားတယ်။ ကံဆိုးချင်တော့ အဲဒီ ၃၂ ဘစ် အပျော့ထည်တွေကိုသုံးရင် ရှုမျှော်ခင်းရဲ့ အင်အားပြည့်သုံးလို့ မရဘူး။ ဂီယာ ၅ ချက်ပါတဲ့ကားမှာ နံပါတ်သုံးဂီယာနဲ့ ဖိနင်းနေသလိုဖြစ်နေတာ။

ကံကောင်းချင်တော့ အပျော့ထည်တွေ အတော်များများက ၆၄ ဘစ် အတွက် ပြင်ဆင်လာကြတာပါဘဲ။ အင်မတန် ကံဆိုးတဲ့ အချက်က မိုက်ခရိုဆော့ရဲ့ ရုံးသုံး အပျော့ထည် ကိုယ်၌က ၃၂ ဘစ်ဖြစ်နေတာ။ ဘာပဲဖြစ်ဖြစ်လေ ကံကောင်းချင်တော့ ပေါင်တင် ကွန်ပျူတာ ၀ယ်တုန်းက ခွန်နစ်ထွက်ရင် အလကားပေးမယ်ဆိုတဲ့ ကတိပါလာတယ်။ ကံဆိုးချင်တော့ ခွန်နစ်ထွက်ထွက်ချင်း အင်တာနက်က ဒေါင်းလုပ် ပေးမလုပ်ဘူး။ ကံကောင်းချင်တော့ အိမ်ကို ဒီဗီဒီ ပို့ပေးလာတယ်။

ကံဆိုးချင်တော့ ရှုမျှော်ခင်းကနေ ခွန်နစ်ကို အပြောင်းမှာ အရင်တင်ထားတဲ့ ဗိုင်းရပ်သတ်သမား မက်ကဖီးက လာနှောင့်နေတယ်။ ခွန်နစ် နဲ့ မက်ကဖီးက မတည့်ကြဘူးလေ။ ခွန်နစ်ကပြောတယ် မက်ကဖီးရှိရင် နင့်ပါတီကို ငါမလာဘူးတဲ့။ လူတွေတင် သင်းခွဲသလား အောင့်မေ့တယ်။ ဘယ်ဟုတ်မလည်း အပျော့ထည်တွေ အချင်းချင်းတောင် သူ့အကန့်လေးနဲ့သူ နေကြတာကလား။ ကံကောင်းချင်တော့ မက်ကဖီးကို ဖြုတ်လို့ရတယ်။ ကံဆိုးချင်တော့ တခြား အပျော့ထည် တော်တော်များများကိုလည်း ယာယီ ဖြုတ်ပစ်လိုက်ရတယ်။ ကံကောင်းချင်တော့ ခွန်နစ်က သူနောက်တော့ ပြန်တင်ပေးပါမယ် ဆိုပဲ။

ကံဆိုးချင်တော့ ၂ နာရီလောက် ကြာမယ် ပြောထားတဲ့ အဆင့်မြှင့်ကိစ္စဟာ ၄ နာရီခွဲ တိတိကြာသွားပါတယ်။ ကံကောင်းချင်တော့ ယာယီဖြုတ်ထားတဲ့ အပျော့ထည်တွေ အကုန် ပြန်တက်လာပါတယ်။ ကံဆိုးချင်တော့ ရှုထောင့် ထဲမှာ မက်ကဖီးရဲ့ ခြေရာလက်ရာတွေကျန်နေပြီး သူ့ကိုဖွင့်တိုင်း အယ်ရာတက်နေပါလေရော။ ကံကောင်းတာလေး တစ်ခုက ရှုမျှော်ခင်းမှာတုန်းက တင်ထားတဲ့ ဇော်ဂျီ ၂၀၀၇ ဖောင့်နဲ့ လက်ကွက်က ခွန်နစ်မှာ အေးဆေး အလုပ်လုပ်နေပါတယ်။

ဘာပဲပြောပြော အားလုံးကို ခြုံကြည့်လိုက်ရင် မုဒုံစောင်က အကောင်းဆုံး ... အဲလေ ... ကံကောင်းပါတယ်လေ။ ခွန်နစ်မှာ အလုပ်လုပ်ရတာ အတော့်ကို ပေါ့ပေါ့ပါးပါးနိုင်ပြီး အဆင်အပြင်လေးကလည်း ရိုးရှင်းတယ်။ ကိုယ့်အလုပ်စားပွဲ အသစ်လေးကတော့ အောက်မှာပါ။



ခက်ဆစ်

အပျော့ထည် - software
၆၄ ဘစ် ရှုမျှော်ခင်း ပြူတင်းပေါက် စနစ် - 64-bit Windows Vista
ပေါင်တင်ကွန်ပျူတာ - Laptop
ခွန်နစ် - Windows 7
မိုက်ခရိုဆော့ ရုံးသုံး အပျော့ထည် - Microsoft Office
ရှုထောင့် - Microsoft Outlook
အယ်ရာ - error

Read More...

Thursday, August 27, 2009

Once upon a time in a university in Burma

A friend recommended me this YouTube clip of Prof. Kyaw Thet's excerpt from CBS Edward Murrow's "See It Now" program on "Burma, Buddhism, and Neutrality" and I would like to share it with you again. This short clip tells us so much.

The first line began as follows:

"... Burma was the third nation in the history of the British empire to win its independence. The first two being the American colonies and the Republic of Iraq ... "

Thanks to lynaung who posted it on YouTube.

Read More...

Thursday, August 20, 2009

Early Worm and Early Bird

၂၀၊ ၈၊ ၂၀၀၉

“The early bird catches the worm.”

စကားပုံရှိတယ် “စောစောထတဲ့ငှက်ဟာ အစာ (ပိုးကောင်လေးများ) ရလွယ်ပါတယ်” တဲ့။ ဒါဆိုရင် စောစောထတဲ့ ပိုးကောင်လေးတွေကျတော့ရော။ စဉ်းစားစရာပါပဲ။

ဒီနေ့ စောစောထမိတဲ့ ပိုးကောင်လေး တစ်ကောင်အကြောင်း ပြောမလို့ပါ။

အိပ်ရာကနိုးတော့ အခန်းထဲမှာ မှောင်နေတုန်း။ ပြူတင်းပေါက် ဘလိုင်း ကြားထဲကနေ နံနက်ခင်း အလင်းရောင်က မသိမသာ တိုးဝင်လို့လာနေသည်။ ပျင်းကြော တစ်ချက် နှစ်ချက်လောက် ဆန့်ပြီး နာရီကြည့်တော့ ၅း၄၅။ အင်း ဒီအပတ် နွေရာသီသင်တန်းကတော့ မြန်မြန်ပြီးပါမှပဲ။ မဟုတ်ရင် နေ့တိုင်း ကျောင်းစောစောသွားနေရတာ တယ်မနိပ်လှဘူး။ ဒီနွေရာသီသင်တန်းက ပုံမှန်သင်တန်းမဟုတ်။ ဂျွန်စနိုးအင့် (ဂျွန်စနိုး ဆိုတဲ့ အန်ဂျီအို) ကနေ ကပ်စတန်မိုက်ဇ် (customize) လုပ်ပြီး သင်ခိုင်းတဲ့ အတန်းဆိုတော့ ပြင်ဆင်စရာတွေက ပိုများသည်။

ပုံမှန်ဆိုရင် အတန်းတက်စရာ မလိုတော့တဲ့ ကျမ်းပြုပါရဂူ ကျောင်းသားများ ထုံးစံအတိုင်း ကျောင်းကို သွားချင်တဲ့ အချိန်မှသွား၊ တချို့နေ့များဆို အိမ်ကနေ အလုပ်လုပ်တယ် ဆိုပြီး ကိုရီးယား အခန်းဆက်ကားတွေ ထိုင်ကြည့်နဲ့ ဟန်ကိုကျနေတာပဲ။

အရေးထဲ မနေ့က ညစာကို လျော့စားထားမိတော့ ဗိုက်ထဲက တကျုပ်ကျုပ်မြည်ကာ ဆာလို့လာသည်။ သူငယ်ချင်းကြီး ပြုတ်ပေးထားတဲ့ ပဲပြုတ်နဲ့ ထမင်းကြမ်းကျန်တာလေး ကြော်စားရင် ကောင်းမလား။ တွေးရင်းနဲ့ သွားရည်ယိုလာသည်။ မဖြစ်သေးပါဘူး။ ဒီနေ့ ကျူတိုရီရယ်မှာ ပေးရမယ့် မှတ်စုတွေလည်း ပရင့်ထုတ်ရဦးမယ် ဆိုတော့ နောက်ကျလို့မဖြစ်။ ကျောင်းကို စောစောသွားပြီး ကျောင်းရောက်မှ စားနေကျ ဆေးရုံကင်တင်းမှာ မနက်စာစားတော့မယ်။ ဟိုက် .. ပိုက်ဆံတောင် မရှိတော့ဘူး။ ကင်တင်းက ငွေသားပဲ လက်ခံတယ် အကြွေးကဒ်မရ။ ဒါဆိုရင် သွားနေကျ ကျောင်းကားဂိတ်ကို သွားမစီးပဲ နည်းနည်းပိုဝေးပေမယ့် ငွေထုတ်စက်နဲ့ လမ်းသင့်တဲ့ ကျောင်းကားဂိတ်ကိုပဲ သွားစီးတော့မယ်။

စိတ်ထဲမှာ ကမန်းကတန်းဆွဲလိုက်တဲ့ ကိုယ့်အစီအစဉ်ကိုကိုယ် ကျေနပ်သွားပြီး ရေအမြန်ချိုးကာ အိမ်ကနေ ကျောင်းကားဂိတ်ကို ထွက်လာပါတယ်။ ဘော်လ်တီးမိုး နွေရာသီမနက်ခင်းက နေ့ခင်းလို ပူလောင်မနေပဲ ခပ်အေးအေးနှင့်မို့ သီချင်းလေး ညည်းရင်း လျှောက်လာလိုက်တာ ခြေလှမ်း ၅၀ တောင် မပြည့်သေး နောက်ကနေ ခပ်သွက်သွက် ပြေးလာတဲ့ ခြေသံကြားပါတော့တယ်။ မနက်ခင်း ရွရွပြေးတဲ့ လူဖြစ်မှာပဲ။ ဒီနားမှာ အားကစား လိုက်စားတဲ့ လူတွေကများသား မဟုတ်လား။

ခဏကြာတော့ ပြေးနေတဲ့ ခြေသံပျောက်သွားပြီး ဘယ်ဖက် ဘေးနားမှာ ပုဂ္ဂိုလ်လေးတစ်ယောက် ဖြုတ်ကနဲ ပေါ်လာတယ်။ ဘတ်စကက်ဘော ကစားတဲ့ အ၀တ်အစားဝတ်ထားတဲ့ အားကစားသမား ကိုယ်လုံးနဲ့ အသက် ၂၀ ကျော်လောက်ပဲရှိဦးမယ်။ ပါးစပ်ကလည်း ဘာတွေမှန်းမသိ တတွတ်တွတ် ပြောနေတယ်။ အရင် အတွေ့အကြုံတွေအရ ဆိုရင်တော့ ငွေအကြွေပါလား ဘာညာပြောတာဖြစ်မှာ။ ဒါပေမယ့် ပုဂ္ဂိုလ်လေးက နဲနဲ ထူးခြားနေပုံရတယ်။ သူက ဘေးချင်းယှဉ် ရပ်နေရာကနေ သူ့ဘယ်ဖက်လက်ကို ဘောင်းဘီအိတ်ထဲကနေ နဲနဲဆွဲထုတ်ပြလိုက်တော့ … လားလား … ပစ်စတိုသေနတ် ပါလား။

“ခင်ဗျား တယ်လီဖုန်းပေးပါ။”

ဘာမှ မငြင်းပဲ ဖုန်းထုတ်ပေးလိုက်တယ်။ အခုအချိန်အထိ နှလုံးခုန်နှုန်းလည်း မြန်မလာ၊ ကြောက်စိတ်လည်း ၀င်မလာပဲ အံ့သြလောက်အောင် စိတ်ထဲမှာ အေးအေးဆေးဆေး ဖြစ်နေသည်။ ပုဂ္ဂိုလ်လေးက မျက်နှာချင်းဆိုင် နေရာကို ရောက်လာပြီး ညာလက်နဲ့ ဖုန်းကို လှမ်းယူလိုက်သည်။ ဘယ်လက်ကတော့ ဘောင်းဘီအိတ်ထဲက သေနတ်ကို ကိုင်ထားတုန်း။ မသိတဲ့ လူတွေများ ခပ်လှမ်းလှမ်းက ကြည့်နေရင် မိတ်ဆွေနှစ်ယောက် စကားပြောနေတယ်လို့ ထင်ရလိမ့်မယ်။

ပုဂ္ဂိုလ်လေး နိုကီယာ ၆၀၃၀ ဖုန်းကို ဖင်ပြန်ခေါင်းပြန်ကြည့်ပြီး စိတ်ညစ်သွားပုံနဲ့

(စကားချပ်။ ။ နိုကီယာ ၆၀၃၀ ဖုန်းက ဒီမှာ အပေါဆုံးဖုန်းဆိုတော့ ပြန်ရောင်းစားလို့ မရပါ။)

“ပိုက်ဆံအိတ်ပေး” လို့ တောင်းလာပြန်တယ်။

ဒါနဲ့ အိတ်ထဲက ပိုက်ဆံအိတ်ကို ထုတ်ပေးလိုက်တော့ တယ်လီဖုန်းကို ပြန်ပေးပြီး ပိုက်ဆံအိတ်ကို လှမ်းယူသည်။ ပိုက်ဆံအိတ်လို့သာ ပြောရသည် ငွေက တစ်ပြားမှ မပါ။ (အခုမှ ငွေထုတ်စက်ကို သွားပြီး ငွေထုတ်မလို့ ဆိုတာတော့ ပြောလို့မဖြစ်) အကြွေးကဒ်နှင့် ဘာဘာညာညာ ကဒ်ပြားများကို ထည့်သည့် ဓါတ်ပုံ အယ်လ်ဘမ်လိုမျိုး အသေးစားလေးဖြစ်သည်။ ပိုက်ဆံအိတ် လှမ်းပေးလိုက်ရင်းနဲ့ စကား တစ်ခွန်းတော့ ပြောလိုက်မိသည်။

“ဆောရီးပဲဗျာ ကျွန်တော့မှာ ငွေမရှိဘူး။ ဘိုင်ကျနေတယ်”

ပုဂ္ဂိုလ်လေး ပိုက်ဆံအိတ်ကို တစ်ချက်ကြည့်ပြီး အတော် စိတ်ညစ်သွားပုံရသည်။ ပိုက်ဆံအိတ်ကိုပါ ပြန်ပေးပြီး
“ခင်ဗျား ရဲကို ဖုန်းလျှောက်ဆက်မနေနဲ့” ဆိုပြီး ပြောပြောဆိုဆို လာရာဖက်ကို ပြန်ပြေးသွားပါတော့တယ်။

စောစောထမိတဲ့ ပိုးကောင် စောစောထတဲ့ ငှက်အစာ ဖြစ်တော့မလို့ဗျ။ သတိထားကြနော။

Read More...