ဒီလိုနဲ့ ဖေဖေဂိတ် လာခါနီး နှစ်ရက်လောက်လည်း ကျရော ဂိတ် အင်စတီကျု ညွှန်ကြားရေးမှူး လည်းဖြစ် စာရေးသူရဲ့ ကျမ်းပြု အကြံပေး ဆရာမ ဒေါ်အေမီချွိုင်း က လှမ်းခေါ်ပြီး မြန်မာပြည်က လာမယ့် ဆရာမ တစ်ယောက်က အချိန်မီ မရောက်လာ နိုင်လို့ သူ့ကိုယ်စား ကျေးဇူးတင် စကားပြောပေးပါတဲ့။ အဲဒါမှ ဂွပဲ။ နေသာသပ လေညာက ဆိုပြီး နေလာလိုက်တာ အချိန် ကပ်ကာမှ ခေါင်းပေါ်ကို အထုပ်ကြီး ပြုတ်ကျလာတယ်။ ကိုယ့်ဖာသာရေး ကိုယ့်ဖာသာပြောဆိုရင် နည်းနည်း တော်သေးတယ်။ အခုဟာက ကျန်းမာရေး ၀န်ကြီးဌာနက ညွှန်ကြားရေးမှူး (ဒီကို မလာဖြစ်တဲ့ ဆရာမရဲ့ လက်ရှိအလုပ်) ကိုယ်စားပြောရမှာ ဆိုတော့ သူဆိုလိုချင်တာ ကို သေသေချာချာ မပြော နိုင်ရင် ဒုက္ခ။ ဒါပေမယ့်လည်း ရှောင်လွှဲလို့ မရပါဘူးလေ။ တစ်နှစ်တစ်နှစ်ကို မြန်မာကျပ်ငွေ သိန်းငါးရာ လောက် အကုန်အကျခံပြီး ကျောင်းထားပေးထားတဲ့ ကျေးဇူးရှင်တွေကို ကျေးဇူးတင်စကားပြောရမှာ ဘယ့်လောက်ကောင်းလိုက်လဲ။ ဟုတ်တယ်ဗျ ဒီက ကျောင်းစရိတ်၊ နေစရိတ်၊ သွားစရိတ်၊ စားစရိတ် က အစစ အရာရာ ဈေးကြီးတော့ အဲလို ထောက်ပံ့ငွေများ မရလို့ ကတော့ စာရေးသူတို့လို ရွှေ တွေ ကိုယ့်စရိတ်နဲ့ ကိုယ် ပညာလာသင်ဖို့ ဆိုတာ လေထဲမှာ တိုက်အိမ်ဆောက် သလိုဖြစ်နေတာပေါ့။
စကား ပြန်ဆက်ရရင် ရန်ကုန်က (ဒီကို မလာဖြစ်တဲ့) ဆရာမ ဆီကို လှမ်းဆက်သွယ် ဘာတွေပြောစေချင်လည်း မေးမြန်းစုံစမ်းပြီး စကားပြောဖို့ ပြင်ဆင်ရပါတော့တယ်။ ရန်ကုန်က ဆရာမ က ပြောချင်တဲ့ အချက်အလက်တွေနဲ့ ဓါတ်ပုံတွေကို ပါဝါပွိုင့်နဲ့ တင်ပြီး ပို့ပေးလိုက်တယ်။ စာရေးသူက စီကာ စဉ်ကာလုပ် ပြီး ကိုယ်တွေ့ အကြောင်းအရာလေး နည်းနည်း ဖြည့်စွက်လိုက်တော့ ပြောစရာလေးတွေ ရလာပြီ။ ကျေးဇူးတင်စကား ပြောဖို့ ရှိသူတွေက မြန်မာ နိုင်ငံက တစ်ဦး၊ နိုင်ဂျီးရီးယားက တစ်ဦး နဲ့ ပါကစ္စတန်က တစ်ဦးတို့ ဖြစ်တယ်။ မပြောခင် တစ်ရက် အကြိုလေ့ကျင့်တော့ စာရေးသူတစ်ယောက် အကြောက်လွန်ပြီး အသံတောင် တုန်နေတယ် ထင်ပ။ စကားပြောတာလည်း အရမ်းမြန်သွားလို့ နားထောင်နေတဲ့ ဆရာ၊ ဆရာမတွေက သတိပေးနေရတယ်။
ဖေဖေဂိတ် အကြောင်း အင်တာနက်မှာ လေ့လာမိ သလောက်က စစ်မှုထမ်းဟောင်း၊ အငြိမ်းစားရှေ့နေ၊ ဂိတ်ဖောင်ဒေးရှင်းရဲ့ တွဲဖက် ဥက္ကဌ၊ သူကြွယ် မျိုးရိုး တဲ့။ သို့ပေမယ့် သူတို့ မျိုးရိုး က နာမည်တော့ ဆင်းရဲ ရှာတယ်။ ဖေဖေဂိတ်ရော သားသားဂိတ် (လက်ရှိ မိုက်ခရိုဆော့ ဥက္ကဌ) ရော ဘီလ်ဂိတ် ဆိုတဲ့ နာမည် တစ်ခုတည်းပဲရှိတယ်။ ဒါတင်လားဆိုတော့ မဟုတ်သေးဘူး။ ဖေဖေဂိတ်ရဲ့ အဖေ၊ သားသားဂိတ်ရဲ့ အဖိုး နာမည် ကလည်း ဘီလ်ဂိတ်ပါပဲတဲ့။ အဲဒီ ဖိုးဖိုးဂိတ်ရဲ့ အဖေ နာမည်ကလည်း . . . ဘီလ်ဂိတ်ပါပဲတဲ့ ခင်ဗျား။ မျိုးရိုးလေးဆက် နာမည် တစ်ခုပဲ ရှိကြသတဲ့။ စနစ်တကျ ခေါ်မယ်ဆိုရင် ဘီလ်ဂိတ် ၁၊ ၂၊ ၃၊ ၄၊ လို့ ခေါ်လို့ရမယ်။
ဒီလိုနဲ့ ပဲ ပြင်ဆင်စရာတွေ ပြင်ဆင်ပြီးတော့ ဧပြီ ၁၈ ရက်နေ့ကို ရောက်လာပါတော့တယ်။ နံနက် ၁၀ နာရီ အခမ်းအနား စမယ်ဆိုတော့ အားလုံး စုံညီရောက်နေကြပြီ။ ခမ်းမထဲမှာ ထိုးထိုးထောင်ထောင်နဲ့ ပရိတ်သတ် ၀ိုင်းဝိုင်းလည်နေသူကတော့ ဖေဖေဂိတ် ပါပဲ။ ကမ္ဘာပေါ်မှာ အချမ်းသာဆုံး လူတစ်ယောက်ရဲ့ ဖခင်ဆိုတော့ ဘ၀င်များရှိလေမလားဆိုပြီး အကဲခတ်နေတုန်း ဒေါ်အေမီ က မိတ်ဆက်ပေးလို့ လက်ဆွဲ နှုတ်ဆက်ကြည့်တော့ သာမာန် အမေရိကန် အမျိုးသားကြီးတစ်ယောက်လို ဖော်ဖော်ရွေရွေ ရှိပြီး ဟန်ပန် သိပ်မများတာတွေ့ရပါတယ်။
ခဏကြာတော့ အခမ်းအနားစပြီး ပါမောက္ခချုပ်၊ ဌာနမှူးနဲ့ ဒေါ်အေမီတို့ စကားပြောပါတယ်။ အမေရိကန်နိုင်ငံရဲ့ အနောက်ဖက်စွန်းကနေ အရှေ့ဖက်စွန်းကို ခရီးနှင်လာရလို့ ထင်ပ ဖေဖေဂိတ်တစ်ယောက် ငိုက်ငိုက်ကျသွားတာ ကိုတွေ့မိတော့ စာရေးသူပြောမှာတွေကို သူကြားမှကြားပါ့မလားလို့ သံသယ၀င်လာတယ်။ အို ဘာပဲဖြစ်ဖြစ် ပြောတာတော့ ပြောရမှာပဲ။ စာရေးသူနဲ့ တစ်တန်းတည်းသား နိုင်ဂျီးရီးယားသူ အကြံပေးထားတဲ့ အတိုင်း ပုဂ္ဂိုလ်ကြီး နာမည် ကို ကြားညှပ်ခေါ်ပြီး ကျေးဇူးတင်စကားပြောဖို့ ကြံစည်ထားတယ်လေ။ ဒါနဲ့ပဲ ကျေးဇူးတင်စကားပြောဖို့ အစီအစဉ်ရောက်လာပြီး စာရေးသူ အလှည့်ကျ လာပါတယ်။
မြန်မာပညာသင်တွေ ကိုယ်စား ကျေးဇူးစကားပြောရလို့ ၀မ်းသာမိပါတယ် အစချီပြီး သိပ်မကြာခင်မှာပဲ အကဲခတ် ကြည့်လိုက်တော့ ဖေဖေဂိတ် တစ်ယောက် မျက်လုံးတွေ စင်းပြီး ခေါင်းဆတ်စ ပြုနေပါပြီ။ ဒါနဲ့ပဲ လက်နက်ပုန်း ထုတ်သုံးရတော့တယ်။ ပုဂ္ဂိုလ်ကြီးဖက် တည့်တည့် လှည့်ကြည့်ပြီး "မစ္စတာ ဂိတ် ခင်ဗျား" လို့ ဆိုလိုက်တယ် ဆိုရင်ပဲ ဖေဖေဂိတ် တစ်ယောက် ခေါင်းထောင်လာပါတယ်။ နှစ်ခါလောက် အဲလိုလည်း လုပ်ပြီးရော သူ့မျက်လုံးကျယ်လာပြီး စာရေးသူ (တကယ်တော့ မလာဖြစ်တဲ့ ဆရာမ) ရဲ့ ကျေးဇူးတင်စကားကို အဆုံးထိ နားထောင်သွားပါတယ်။ နောက်ဆုံး ဖေဖေဂိတ်ပုံ လုပ်ထားတဲ့ ကျောက်စီပန်းချီကား ရဲ့ ဓါတ်ပုံကို ပြတော့ ဖေဖေဂိတ်တင်မက ကျန်တဲ့ ပရိတ်သတ်ပါ စိတ်ဝင်တစားကြည့်နေကြပါတယ်။ ဒါနဲ့ပဲ စကားပြောပြီးလို့ ပြန်လှည့်လာတော့ ဖေဖေဂိတ်က လက်ကမ်းပြီး နှုတ်ဆက်တာနဲ့ သူ့မျက်နှာကို စေ့စေ့ကြည့်ပြီး ကျေးဇူးတင်ကြောင်း လှိုက်လှိုက်လှဲလှဲ ပြောလိုက် မိပါတော့တယ်။
နံနက်ပိုင်း အခမ်းအနားပြီးတော့ ဂိတ်အင်စတီကျု နဲ့ လက်တွဲလုပ်ကိုင်နေတဲ့ အာဖရိက၊ အာရှ၊ ကာရေဘီယန် နိုင်ငံတွေက တက္ကသိုလ်တွေရဲ့ ကိုယ်စားလှယ်တွေ၊ ဂိတ်ပညာသင်ဆု ရထားသူတွေ နဲ့ နေ့လည်စာ စားရင်း စကားပြောဖို့ပါ။ ဒီသူဌေးကြီး ဘာများစားမလဲလို့ တွေးနေတုန်း စာရေးသူတို့တွေကို ဝေပေးတဲ့ အသားညှပ်ပေါင်မုန့် အထုပ်လေးမျိုး တစ်ထုပ်ကိုကိုင်ပြီး ဖေဖေဂိတ် အစည်းအဝေးခန်းထဲ ၀င်လာပါတယ်။ အနံမကြီး ဂွင်းမကျယ်တဲ့ လူတစ်ယောက်နဲ့ တွေ့ရတာ ၀မ်းသာစရာပါ။ နေ့လည်စာစားရင်း စကားစမည်ပြောကြပါတယ်။ ဘေးကဓါတ်ပုံကတော့ ပါကစ္စတန် ပါလီမန်အမတ် အမျိုးသမီးနဲ့ ဖေဖေဂိတ် စကားပြောနေတုန်း စာရေးသူကိုယ်တိုင် ရိုက်ထားတာပါ။ ဖေဖေဂိတ်နဲ့ နှစ်ယောက်တွဲ မရိုက်လိုက်ရတော့ စာရေးသူ နှင့် ဖေဖေဂိတ်တို့ လက်ဆွဲ နှုတ်ဆက်နေကြစဉ် လို့ စာတမ်းထိုးဖို့ ဓါတ်ပုံ မရလိုက်ဖူးဗျ။
နေ့လည်စာ ပြီးတော့ ခဏလမ်းခွဲကြပါတယ်။ လေ့လာရေးသွားသူ၊ နှစ်ဦးချင်း အစည်းအဝေးထိုင်သူ စသည်ဖြင့်ပေါ့။ ဖေဖေဂိတ်တစ်ယောက်တော့ ဘယ်ရောက်သွားတယ် မသိဘူး။ ညစာစားပွဲက ၆ နာရီခွဲမှ စမှာဆိုတော့ စာရေးသူကတော့ ရုံးခန်းကို ပြန်လာပြီး လုပ်စရာရှိတာလေးတွေ လုပ်နေလိုက်တယ်။
ညစာစားပွဲက ကျောင်း ကင်တင်းမှာပဲ လုပ်ပါတယ်။ ဂိတ်အင်စတီကျုရဲ့ ပထမဆုံး ညွှန်ကြားရေးမှူး ဒေါ်လော်ရီဇေဘင် က လွန်ခဲ့တဲ့ ၁၀ နှစ်က ဖေဖေဂိတ်နဲ့ ပထမဆုံး တွေ့ဆုံခဲ့တဲ့ အကြောင်း ပြောပြပါတယ်။ အဲဒီအချိန် ၁၉၉၈ တုန်းက ဂိတ်ဖောင်ဒေးရှင်း တောင်ပီပီပြင်ပြင် မဖြစ်သေးပါဘူး။ သားသားဂိတ်ရဲ့ အလှူငွေတွေကို ဖေဖေဂိတ်က တာဝန်ယူစီမံပေးနေတဲ့ အချိန်ပေါ့။ အဲဒီတုန်းက ဂိတ်မိသားစုရဲ့ သဘောထားက တက္ကသိုလ်တွေကို ငွေမလှူချင်ဘူး။ တကယ် လူထုထဲကို တိုက်ရိုက်ရောက်မယ့် ကိစ္စတွေမှာ ပိုပြီးလှူချင်တယ်။ ဒါပေမယ့် ဒေါ်လော်ရီ ရဲ့ ဖိတ်ကြားချက်ကို လက်ခံပြီး ဖေဖေဂိတ် ဂျွန်(စ်)ဟော့(ပ်)ကင်း တက္ကသိုလ်ရဲ့ ပြည်သူ့ကျန်းမာရေး သင်တန်းကျောင်းကို ရောက်လာပါတယ် တဲ့။ အဲဒီအချိန်မှာ ပညာသင်ကြားနေတဲ့ တတိယ ကမ္ဘာနိုင်ငံတွေက ကျောင်းသား တစ်သိုက်နဲ့ ဖေဖေဂိတ် စကားပြော အပြီး မှာတော့ ဒီလို ဖွံ့ဖြိုးဆဲ နိုင်ငံတွေက ကျောင်းသားတွေကို ပညာသင်စရိတ် ထောက်ပံ့ဖို့ ဖေဖေဂိတ် ဆုံးဖြတ်လိုက်ပါတော့တယ် တဲ့။ အဲဒီကျောင်းသားတွေ တော်တော် အပြောကောင်းတယ်လို့ ဆိုရမယ်။ ဒီလိုနဲ့ပဲ အနှစ် နှစ်ဆယ် ထောက်ပံ့ငွေနဲ့ ဂိတ်အင်စတီကျု စတင်ဖြစ်ပေါ်လာပါတယ်။ အဲဒီနေ့ပွဲကတော့ ၁၀ နှစ်မြောက် နှစ်ပတ်လည်ပွဲ ဖြစ်ပါတယ်။
မိတ်ဆက်စကားတွေပြီးလို့ ဖေဖေဂိတ် စကားပြောမယ့် အလှည့်လည်း ရောက်ရော ပရိတ်သတ်ကြီးလည်း စိတ်ဝင်တစား ငံ့လင့်နေကြပါတယ်။ ဖေဖေဂိတ် စပြောတဲ့ စကားကတော့ "a great last name" တဲ့။ ဂိတ်ဆိုတဲ့ မိသားစုနာမည်နဲ့ သူ့ထက်ပို နာမည်ကြီးတဲ့ သားကို ရည်ညွန်းပြီး ဟာသလုပ်လိုက်တာပါ။ အားလုံးပွဲကျကုန်ကြတာပေါ့။ နောက်ပြီးဆက်ပြောတာတွေထဲမှာ စာရေးသူမှတ်မိတာကတော့ သူ့ကို အားလုံးက ၀ိုင်းပြီးကျေးဇူးတင်နေလို့ မနေတတ်တဲ့အကြောင်း၊ တကယ်တော့ သူ့သားရဲ့ အလှူငွေတွေ ဖြစ်တဲ့အတွက် သူ့သားနဲ့ ချွေးမ ကို သာ ကျေးဇူးတင်သင့်ကြောင်းတို့ ဖြစ်ပါတယ်။
အားလုံး ခြုံကြည့်ရရင်တော့ မုဒုံစောင်က အကောင်းဆုံးပါပဲ။ အဲလေ။ ခြုံငုံ ပြောရရင် နှစ်စဉ် နှစ်စဉ် ဒေါ်လာငွေ သန်းနဲ့ ချီပြီး လှူနေတဲ့ အလှူရှင် တစ်ဦးနဲ့ တွေ့ရတာ၊ သူ့အလှူတွေကို သာဓုခေါ်ရတာ၊ မုဒိတာပွားရတာ အင်မတန် ကောင်းတာပဲ။ ပညာရေးမှာ မြုပ်နှံတယ်ဆိုတာ နှစ်ရှည်ရင်းနှီးရတာမျိုးမို့ တော်ရုံလူ မပြောနဲ့ အစိုးရတွေတောင် မလုပ်နိုင်ကြဖူး။ စာရေးသူတို့ ရွှေနိုင်ငံ က သူဌေး သူကြွယ်ကြီးတွေ ဒီလိုမျိုး ပညာရေးကဏ္ဍမှာ များများလှူဒါန်း နိုင်ကြပါစေ လို့ ဆုတောင်းလိုက်ပါတယ်။