ထိုနေ့ စုရုံးပွဲကား ခုခံအားကျဆင်းမှု ကူးစက်ရောဂါ (အေ့ဒ်စ်) ကြောင့် တိမ်းပါးသွားခဲ့သူများ နှင့် ၄င်းတို့၏ မိသားစုများ အတွက် ဆုတောင်းပွဲပင်ဖြစ်သည်။ ဒီဇင်ဘာတစ်ရက်နေ့သည် ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ ဟု လူသိများကြသော်လည်း မေလ၏ တတိယ တနင်္ဂနွေနေ့တိုင်း ကမ္ဘာအနှံ့ ကျင်းပလေ့ရှိသည့် ဖယောင်းတိုင်ထွန်း ဆုတောင်းပွဲ ကိုကား လူသိနည်းလှသေးသည်။ အေ့ဒ်စ်ကြောင့် ကွယ်လွန်ခဲ့လျင် များသောအားဖြင့် ရပ်သိရွာကျော် မဖြစ်လိုကြ။ မိတ်ဆွေ သူငယ်ချင်းများကလည်း မိသားစုဝင်များကို နှစ်သိမ့်ဖို့ နေနေသာသာ ဘာကြောင့် ဆုံးသွားသည်ဟု မေးရန်ပင် အားနာနေတတ်ကြသည်။ ယဉ်ကျေးသော လူ့အသိုင်းအ၀ိုင်းတွင် မြင်နေကျ အားပေးနှစ်သိမ့်မှုတွေကိုမမြင်သာသော တံတိုင်းတစ်ခုက တားဆီးနေခဲ့သည်။ ယနေ့တွင်ကား ထိုတံတိုင်းပြိုလဲလေပြီ။ မေလ၏ မိုးဦးသည်ပင် သည်လူစုကို တားဆီးရန် မစွမ်းသာတော့။
အခမ်းအနား အစတွင် ဆုတောင်းပွဲဖြစ်ပေါ်လာပုံကို စီစဉ်သူများကပြောပြကြသည်။ ထို့နောက် အစ်စလာမ်၊ ဟိန္ဒူ၊ ခရစ်ယာန် နှင့် ဗုဒ္ဓဘာသာ သာသနာ့ဝန်ဆောင်များက မိမိတို့ ဘာသာအလိုက် ဆုတောင်းပေးကြသည်။ ဆုတောင်းပြီးနောက် အသည်းပုံ အနီရောင် ဖယောင်းခွက်လေးများကို မီးထွန်းညှိကာ ပိန်းကြာရွက်များပေါ်တွင် တင်လျက် အင်းလျားကန်ရေပြင်တွင် မြောပါစေကြသည်။ အချို့သော ဖယောင်းခွက်လေးများက မိုးကြောင့် စောစောစီးစီး ငြိမ်းသွားကြသည်။ ဆက်လက်တောက်လောင်နေသော ဖယောင်းခွက်လေးများသည်လည်း တစ်ချိန်ချိန် မီးစာကုန် ဖယောင်းခမ်းလျင် ငြိမ်းသွားကြဦးမည်ပင်။
အရွယ်မတိုင်ခင် ငြိမ်းခဲ့ရသော ဘ၀များအတွက် ဤဖယောင်းခွက်လေးများက ကိုယ်စားပြုနေကြပုံရသည်။ ကန်ရေပြင်တွင် ဖက်ရွက်စိမ်းများကို စီးနင်းလိုက်ပါလာသော ဖယောင်းခွက်နီ တစ်ခု တစ်ခုစီသည် အေ့ဒ်စ် ကြောင့် ကွယ်လွန်သူ မည်မျှကို ကိုယ်စားပြုသည်ကိုကား မည်သူမျှ အတိအကျ မပြောနိုင်ပေ။
( ကိုဝင်းနိုင်၏ဓါတ်ပုံများ ကို ကြည့်ရှုခံစား ရေးသားပါသည် )