Monday, April 21, 2008

Tragedy That Needs Not Repeat

၂၁၊ ၄၊ ၂၀၀၈

ရိုင်းတဲ့ ရာဇ၀င်

ဆန်ဈေးကြီးမြင့်
ဆီဈေးဝင့်၍
သားငါးပါးရှား
ဤခေတ်တွင်ကား
မတတ်သာလို
ကျန်းမာပြိုသည်
ဆီမီးဘဝ
ငြိမ်းလေရကား
မကျေသော်တိ ဖြေသာ၏။

အိုဘယ့်ပေါသည့်
လှိုင်လှိုင်ရသည့်
လေမရှိမူ
သေရဟူက
ရာဇ၀င်ညစ်
စာတင်ရစ်ပြီ
ဖြေမဆည်ဘိ သေလွယ်၏။

ညီနောင်နွယ်ဖွား
ဗမာများတို့
လေမရ၍
နောက်ထပ်ကွယ်သူ
မရှိမူကြောင်း
ဆုမွန်တောင်းသည်
ရင်းစစ် ပြဿနာ ပြေလို၏။

တက္ကသိုလ်လှမွန်

Tuesday, April 15, 2008

Home Made Jokes for Water Festival

၁၅၊ ၄။ ၂၀၀၈

ရင်တွင်းဖြစ် သံချပ်များ

လွန်လေပြီးသောအခါက သင်္ကြန် ဟာ အမျှော်လင့်ရဆုံး၊ ရင်အခုန်ရဆုံး နဲ့ အပျော်ရဆုံး ရာသီပွဲ ဖြစ်ခဲ့ပါတယ်။ သင်္ကြန် မရောက်ခင် တစ်လအလိုလောက်ကတည်းက သူငယ်ချင်းတွေနဲ့ တိုင်ပင်၊ ပိုက်ဆံစု၊ ဓါတ်ဆီစု၊ ရေပက်ခံကားရှိသူ သူငယ်ချင်းများကို မျက်နှာချိုသွေး၊ ကားပြင် .. စတာတွေနဲ့ အလုပ်ရှုပ်မြဲပါ။ အခုတော့လည်း တစ်ယောက် တစ်နေရာစီ ... ပြန်မတွေ့နိုင်ကြတော့။ ရန်ကုန်တစ်မြို့ထဲ ရှိနေရင်တောင် သင်္ကြန်တွင်း မဆုံနိုင်ကြပေ။ ကိုယ်တိုင်ပင် မြန်မာသင်္ကြန် မကျဖြစ်တာ ၅ နှစ် မကတော့ပြီ။

ထိုစဉ်က လူငယ်တို့ ဘာသာဘာဝ ပျော်ပျော်ရွှင်ရွင် နောက်ပြောင်ခဲ့ကြသော (အနည်းငယ် စူးရှသော စကားလုံးများပါသည့်) နောင်တော့် နောင်တော်ကြီးများ လက်ဆင့်ကမ်းခဲ့သော သံချပ်များနှင့် ကိုယ်တိုင်လုပ် သံချပ်များကို မှတ်တမ်းတင်ထားလိုပါသည်။

ပျော်ရွင်ကြစေလိုသော သဘောဖြင့် နောက်ပြောင် ပြောဆိုကြသည်များဖြစ်၍ သင်္ကြန်တွင် မပျော်တတ်သူများ၊ စကား အကျအန ကောက်တတ်သူများ၊ အဝေဖန်သန်သူများ၊ ကျေးဇူးပြု၍ ဆက်မဖတ်ပါရန် အကြံပြုပါသည်။

အားလုံးပဲ နှစ်သစ်မှာ မင်္ဂလာအပြည့် ရှိကြပါစေကြောင်း ... ဘလောက်ပေါ်မှ ဆုတောင်းလိုက်ပါတယ်။

Read More...

Thursday, April 3, 2008

Go Twice (2)

၃၊ ၄၊ ၂၀၀၈

နင်ကြီးတယ် ... နှစ်ခါဖြတ် (နောက်ဆက်တွဲ)

ဂဏန်းကြီး နဲ့ ဖိုးသူတော် အကြောင်း ပုံပြင်လေး တစ်ပုဒ် တင်ခဲ့ပါတယ်။ လာရောက်ဖတ်ရှုသူများ နှင့်တကွ မှတ်ချက်ထားခဲ့သူများကို ကျေးဇူး အထူးတင်ရှိကြောင်း ပြောလိုပါတယ်။ ပုံပြင်ကိုစတင်ဖော်ပြပေးတဲ့ ကိုsnaing ကိုတော့ အထူးစပယ်ရှယ် ကျေးဇူး တင်ကြောင်းကိုလည်း မှတ်တမ်း တင်လိုပါတယ်။

စာရေးသူ တင်ခဲ့သမျှ ဘလောက်ပို့စ်တွေထဲမှာ ဒီပုံပြင်ကတော့ မှတ်ချက် အများဆုံး (၁၆ ခု) ရပါတယ်။ စာရှုသူများ “ဟတ်” ထိသွားတဲ့ စာတစ်ပုဒ် ဖြစ်သွားတယ် လို့ဆိုရင် မမှားလောက်ပါ။ ကာလံ၊ ဒေသံ၊ အဂ္ဂံ၊ ဓနံ ကိုက်သွားတယ် ထင်ပ။ (မိုးမခ လက်တို့ လိုက်တာလည်း ပါလိမ့်မယ်)

ပေးထားမိတဲ့ ကတိအတိုင်း မှတ်ချက်များကို စုစည်းတင်ပြလိုက်ပါတယ်။ မှတ်ချက် မူရင်း များကိုတော့ မူလပို့စ်မှာ သွားရောက် ဖတ်ရှုနိုင်ပါတယ်။

မှတ်ချက်များထဲမှာ ပထမဦးဆုံး သတိထားမိတာကတော့ ဂဏန်းဟာ လူမဟုတ်ပါ ဆိုတဲ့ အချက်ပါပဲ။ ဂဏန်းဟာ ဂဏန်းပဲ အဟိတ်တိရစ္ဆာန်ပဲ ဆိုရင်တော့ သဗ္ဗေသတ္တာကမ္မသကာ မျှသာပေါ့။ ဒါမှမဟုတ် လူသားစင်စစ်က ဂဏန်းလိုအဖြစ် ကြုံနေခဲ့ရရင် ဘယ်လိုလုပ်ကြမလဲ ဆိုတာ အင်မတန် စဉ်းစားစရာကောင်းပါတယ်။ ထပ်ပြီး စဉ်းစားစရာ ကောင်းတာက ဂဏန်းကြီးက တစ်ကောင်တည်းဗျ။ တကယ်လို့များ ဂဏန်းကြီး အဖြစ်မျိုး လူပေါင်း သန်း ၃၀ တပြိုင်တည်း ကြုံနေရပြီ ဆိုပါစို့။ “ဘာလုပ်ကြမလဲ” ဆိုတဲ့ မေးခွန်းနောက်မှာ အဖြေတွေ မျိုးစုံ အကြံတွေ ဗလပွ ဖြစ်နေတော့မှာ။

နောက်ထပ် သတိထားမိတာကတော့ မှတ်ချက်ပြုသူများဟာ ဂဏန်းကြီး ဘေးကင်းရာကို ရောက်သွားစေချင်ကြပါတယ်။ ဘယ်လို ဘေးကင်းစေမလဲဆိုတာ အကြံပြုတဲ့ နည်းလမ်းတွေကတော့ ဖိုးသူတော်ကြီးရဲ့ လက်မကို ညှပ်ပစ်မယ်၊ သမာသမတ်ရှိသူတွေကို စောင့်ကြည့်ခိုင်းမယ်၊ နောက်တစ်ခေါက် ထပ်မလျှောက်ဘူး စသဖြင့် စုံလို့ပါပဲ။ အကြံက တစ်ရာ နှစ်ရာ ဂဏန်းမှာက တစ်ကောင်တည်း ဖြစ်နေရပါပြီ။

ဒီကြားထဲ စာရှုသူတစ်ယောက်က စာရေးသူကို အချွန်ကြီးကြီးနဲ့ “မ” ပြီး “မိုးမခ” ကို စာတစ်ပုဒ် ရေးပို့လိုက်ပါတယ်။ အဲ့ဒါရဲ့ အကျိုးဆက်ကတော့ အမည်မသိ စာရှုသူတစ်ဦးက စာရေးသူ ဂဏန်းဖြစ်ပါမည့် အကြောင်း လာရောက် ပြောကြားသွားတာပါပဲ။

ကဲ ... မောင်ရဲမွန်ရေ .. ဝေ့လည်ကြောင်ပတ်တွေ လုပ်မနေပါနဲ့။ ခင်ဗျား သဘောလည်း ပြောပါဦး ဆိုရင်တော့ ...

ဂဏန်းနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အောက်ပါ ပုဒ်မ ကို ဖြည့်စွက်ပါမည်။
ဂဏန်းနိုင်ငံတော်တွင် ရှိကြကုန်သော ဖိုးသူတော်များသည် မည်သည့်အချိန်အခါ၊ မည်သည့် အကြောင်းပြချက်မျိုးနှင့်မျှ ဂဏန်းများကို ကြီးကြီး၊ ငယ်ငယ်၊ ရွယ်ရွယ်၊ လတ်လတ်၊ ရေနွေးအိုးပေါ်တင်ရှိသည့် တုတ်ပေါ်ဖြတ်လျှောက်ခိုင်းခြင်း၊ အလားတူ နှိပ်စက် ညှင်းပန်းခြင်းမျိုး လုံးဝ (လုံးဝ) မပြုလုပ်ရ။

ဤ ပုဒ်မ ကို ပြင်ဆင်လိုပါက ဂဏန်းနိုင်ငံတော် အတွင်းရှိ အရွယ်ရောက်ပြီးကုန်သော ဂဏန်းအားလုံး၏ အရေအတွက် နှစ်ဆရှိသော ထောက်ခံမဲဖြင့်သာ ပြင်ဆင်ရမည်။

ဒူ .. ဝေ .. ဝေ ..