Monday, November 23, 2009

Presumption of innocence

၂၃၊ ၁၁၊ ၂၀၀၉


မြန်မာ့ သတင်းမီဒီယာအချို့ စည်းဘောင်လွတ်နေခြင်း


ဒီရက်ပိုင်းအတွင်း ပြည်တွင်းက သတင်းဂျာနယ် နှစ်စောင်မှာ ပါဝင်တဲ့ အမျိုးသမီးငယ် တစ်ဦး ရန်ကုန်မြို့ရှိ ပုဂ္ဂလိက ဆေးရုံတစ်ခုတွင် သေဆုံးခြင်း သတင်းကို ဖတ်မိပြီး ဤဆောင်းပါးကို ရေးရန် အကြံဖြစ်ပါသည်။

သတင်းအကျဉ်းမှာ သွေးလွန်တုတ်ကွေးရောဂါဖြစ်ပြီးစ အမျိုးသမီးငယ်တစ်ဦးသည် ဗိုက်နာသဖြင့် ပုဂ္ဂလိက ဆေးရုံတစ်ရုံတွင် သွားရောက်ပြသသည်။ ဆရာဝန်တစ်ဦးက စမ်းသပ်စစ်ဆေးပြီး အူအတက်ရောင်ရောဂါ ရှိသည်ဟု ဆိုကာ ခွဲစိတ်ကုသသည်။ ခွဲစိတ်ကုသအပြီး နှစ်ရက်အကြာတွင် အမျိုးသမီးငယ် သေဆုံးသွားခဲ့သည်။ သတင်းနှစ်ပုဒ်လုံး၏ သုံးသပ်ချက်မှာ ဆရာဝန်၏ အမှားကြောင့် အမျိုးသမီးငယ် အသက်ဆုံးရှုံးရသည်ဟု ဆိုထားပြီး နောင်တွင် အလားတူ အမှားမျိုးမဖြစ်ရန် အကြံဥာဏ် ပေးထားလေသည်။

သတင်းဆောင်းပါး အကျယ်ကို အောက်ပါ ဂျာနယ်နှစ်စောင်တွင် ဖတ်ရှုနိုင်ပါသည်။

Snap-shot
weekly 11

ကျွန်တော့်အနေဖြင့် တရားဥပဒေ ရှုထောင့်နှင့် ဆေးပညာရှုထောင့် တို့မှကြည့်၍ ပြန်လည် ဆွေးနွေးလိုသည်။

တရားဥပဒေရှုထောင့်


(၁) သတင်းနှစ်ပုဒ်လုံး၏ အရင်းအမြစ်သည် ကွယ်လွန်သွားသော အမျိုးသမီးငယ်၏ မိခင်ထံမှ ဖြစ်သည်။ သက်ဆိုင်ရာ ပုဂ္ဂလိကဆေးရုံနှင့် ပါဝင်ပတ်သက်နေသော ဆရာဝန် (သို့မဟုတ်) ၄င်းတို့က လွှဲအပ်သော ရှေ့နေတို့၏ တိုက်ရိုက် ပြောဆိုချက်များ မပါဝင်။ (မိခင်က တဆင့်ပြောသော ဆေးရုံ၏ အစုရှယ်ယာ ပါဝင်သူတစ်ဦး၏ ပြောဆိုချက်သည် hearsay evidence ဖြစ်သဖြင့် သက်သေအဖြစ် တင်ရန် ခဲယဉ်းသည်။) ထို့ကြောင့် မျှတမှု ရှိသော သတင်းများ မဟုတ်ပေ။

(၂) သေဆုံးရသည့် အကြောင်းရင်းကို ရင်ခွဲစစ်ဆေးသည့် ဆေးစစ်ချက် (Post-Mortem report) မပါရှိ။ Death certificate ( သေစာရင်း ) တစ်ခုတည်းသည် သေဆုံးရသည့် အကြောင်းရင်းအတွက် ပြည့်စုံလုံလောက်သည့် အထောက်အထား မဖြစ်ပါ။

(၃) ဆရာဝန်၏ မကျွမ်းကျင်မှု (သို့မဟုတ်) ပေါ့လျော့မှု ဖြစ်မဖြစ်ကို ဘက်လိုက်မှုမရှိသော (၄င်းပုဂ္ဂလိက ဆေးရုံနှင့်၎င်း၊ ကုသသော ဆရာဝန်နှင့်၎င်း၊ လူနာရှင်နှင့်၎င်း တစုံတရာ ပတ်သက်မှု မရှိသည့်) စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းဆောင်ရွက်ထားခြင်း မရှိ။

(၄) မြန်မာနိုင်ငံ၏ တရားစီရင်ရေး စနစ်အရ တရားရုံးရှေ့မှောက်တွင် အပြစ်ရှိသည်ဟု စီရင်ခြင်း မခံရသေးသရွေ့ တရားစွဲဆိုခံရသူအား အပြစ်မရှိဟု မှတ်ယူရမည်ဆိုသော “Innocent until proven guilty” ဆိုသည့် မူကို ဆန့်ကျင်နေသည်။ (စကားချပ်။ ။ အမေရိကန် နိုင်ငံ ဖို့ဒ်ဟုဒ်စစ်စခန်းတွင် စစ်သား ၁၃ ဦးကို သေစေမှုဖြင့် စွပ်စွဲခံနေရသော ဗိုလ်မှုးဟာဆန်အား မျက်မြင်သက်သေများ အများအပြားရှိနေစေကာမူ တရားရုံးက ပြစ်ဒဏ်ချမှတ်ခြင်း မရှိသေးသဖြင့် ယခုအချိန်အထိ စာနယ်ဇင်းများက “Accused” ဟူသည့် စကားလုံးဖြင့်သာ သုံးနှုန်းပြီး အပြစ်ရှိသူဟု မသုံးနှုန်းကြောင်း သတိပြုမိပါသည်။)

ဆေးပညာရှုထောင့်


(၁) အပေါ်သွေး ၉၀ နှင့် အောက်သွေး ၆၀ သည် ကိုယ်အလေးချိန်နည်းသော မြန်မာ အမျိုးသမီးများ အဖို့ ပုံမှန်ရှိသော သွေးပေါင်ချိန် ဖြစ်နိုင်သည်။ အမျိုးသမီးငယ်၏ နေထိုင်မကောင်း မဖြစ်မီက ရှိသော သွေးပေါင်ချိန်နှင့် နှိုင်းယှဉ် စဉ်းစားရန်လိုသည်။ သာမာန်အားဖြင့်မူ အပေါ်သွေး ၉၀ နှင့် အောက်သွေး ၆၀ သည် သွေးပေါင်ချိန် နည်းနေသည်ဟု မဆိုသာ။

(၂) Acute abdomen - ရုတ်တရက်ဖြစ်သော ဗိုက်အောင့်ဗိုက်နာ ရောဂါအုပ်စု၏ လက္ခဏာများမှာ ခပ်ဆင်ဆင်တူသည်။ သေစာရင်း Death certificate တွင်ပါရှိသော ရောဂါအမည် သတ်မှတ်ချက်ဖြစ်သည့် Mesenteric lymphadenitis (အူရှိ ပြန်ရည်ကျိတ်ရောင် ရောဂါ) နှင့် Acute appendicitis (အူအတက်ရောင်ရောဂါ) ရောဂါ နှစ်မျိုးစလုံးမှာ ရုတ်တရက်ဖြစ်သော ဗိုက်နာ ဗိုက်အောင့် ရောဂါ အုပ်စုတွင် အကျုံးဝင်သဖြင့် ရောဂါလက္ခဏာ ဆင်တူသည်။ ၀မ်းဗိုက်ကို ဖိလျင် နာခြင်း (tenderness) သည် ၄င်း Acute abdomen ရောဂါအုပ်စု၏ လက္ခဏာ တစ်မျိုးဖြစ်သည်။ ကုသပုံမှာ ကွဲပြားသည်။ အူအတက်ရောင်ရောဂါ ဖြစ်လျှင် ခွဲစိတ်ကုသမှသာ ပျောက်ကင်းရန် အခွင့်အလန်းများပြီး ပြန်ရည်ကျိတ်ရောင်ခြင်း အတွက်မူ ခွဲစိတ်ကုသရန် လိုအပ်လေ့မရှိ။

(၃) ခွဲစိတ်ကုသရန်အတွက် အရွယ်မရောက်သေးသူဖြစ်ပါက မိဘ (သို့) အုပ်ထိမ်းသူ၏ ခွင့်ပြုချက် ရယူရန်လိုသည်။ ထိုခွင့်ပြုချက်တွင် ခွဲစိတ်ခြင်းကြောင့် ဖြစ်နိုင်သော အန္တရာယ်များကို သိရှိနားလည်ကြောင်းနှင့် ခွင့်ပြုကြောင်းပါရှိသည်။ ကျွန်တော်တို့ နိုင်ငံတွင် ဆရာဝန့် သဘောပါဟု ဆရာဝန်ကို ပုံအပ်တတ်ကြသည်။ အမှန်တကယ် ဖြစ်သင့်သည်မှာ ဆရာဝန် ကိုယ်တိုင် (သို့) ဆရာဝန်က လွှဲအပ်ခြင်း ခံရသော သူနာပြု က ခွဲစိတ်ခြင်း၏ အကျိုး၊ အပြစ်တို့ကို လူနာရှင်အား သေသေချာချာနားလည် သဘောပေါက်အောင် ရှင်းပြပြီး လူနာရှင်က ဆုံးဖြတ်ချက် ချရန်ဖြစ်သည်။ ဆိုလိုရင်းမှာ ဆေးပညာရှင်များဖက်က လူနာနှင့် လူနာရှင် နားလည် သဘောပေါက်အောင် ရှင်းလင်း ပြောပြရန် တာဝန်ရှိပြီး၊ ဆုံးဖြတ်ချက်ချရန်နှင့် ထိုဆုံးဖြတ်ချက်၏ အကျိုးဆက်ကို ခံစားရန်မှာ လူနာနှင့် လူနာရှင်ဖြစ်သည်။ ခွဲစိတ်ကုသချက်တွင် ကျွမ်းကျင်မှု ရှိမရှိကမူ ခွဲစိတ်ကုသသူ ဆရာဝန်၏ တာဝန်ဖြစ်ပေမည်။

(၄) “တီဗွီဓာတ်မှန် မရိုက်၊ သွေးမစစ်ပဲ ခွဲစိတ်ခန်းထဲ ပို့လိုက်တယ်” ဟု လူနာရှင် မိခင်က ပြန်လည်ပြောပြကြောင်း သတင်းတွင် ရေးသားထားသည်။ ဤအချက်မှာ အတိအကျ မှန်မမှန် ပြောရခက်သည်။ အဘယ်ကြောင့်ဆိုသော် အရေးပေါ်ခွဲစိတ်ကုသမှု အတွက် ပြင်ဆင်တိုင်း သွေးအမျိုးအစား စစ်ဆေးခြင်းနှင့် သွေးအရန်သင့်ထားခြင်းတို့က မဖြစ်မနေ လုပ်ရမည့်ကိစ္စများပင်။ ထိုသို့ မလုပ်ဆောင်ခဲ့သော် ဆရာဝန်ဖက်က “ပေါ့လျော့မှု” ရှိသည်ဟု ပြောမည်ဆိုက ပြောနိုင်သည်။ တီဗွီဓာတ်မှန် ရိုက်ခြင်းသည် ဤရောဂါအတွက် အကောင်းဆုံး စစ်ဆေးချက် ဟုတ်မဟုတ် ကျွန်တော် မပြောတတ်ပေ။ သို့ရာတွင် လူနာကို လက်ဖြင့် စမ်းသပ်ရုံတင်မကပဲ ထပ်မံအတည်ပြုသည့် စစ်ဆေးချက် ( ဥပမာ - ကွန်ပျူတာ ဓာတ်မှန်ရိုက်ခြင်း ) ကို ဆောင်ရွက်ရန် အခြေအနေပေးပါက ဆောင်ရွက်သင့်ပေသည်။ အထက်ပါအချက်မှာ ကျွန်တော်၏ ထင်မြင်ချက်သာဖြစ်ပြီး ပို၍ ဖြစ်သင့်သည်မှာ မခွဲစိတ်မီ လုံလောက်သော စမ်းသပ် စစ်ဆေးချက်များ ပြုလုပ်ခဲ့ခြင်း ရှိမရှိကို ကျွမ်းကျင်သော ပညာရှင်များပါသည့် (တရားဥပဒေ ရှုထောင့် အချက် - ၃ ပါ) ဘက်လိုက်မှုမရှိသော စုံစမ်းစစ်ဆေးရေး အဖွဲ့က အဆုံးအဖြတ် ပေးရပေမည်။

ပြန်လှန် ဆွေးနွေးချက်ကို အချုပ်ဆိုရသော် သတင်းပါ အချက်အလက်များသည် ဆရာဝန်တွင် အပြစ်ရှိသည် (သို့မဟုတ်) မရှိပါဟု ပြောဆိုရန် မလုံလောက်ဟု ထင်မြင်မိပါသည်။ ထို့အပြင် တရားရုံးတွင် တရားရင်ဆိုင်ပြီး ဆရာဝန်တွင် အပြစ်ရှိသည်ဟု စီရင်ချက် မချမှတ်သေးသောကြောင့် ဥပဒေသဘောအရ ယခုပစ္စုပ္ပန်အချိန်တွင် ဆရာဝန်၌ အပြစ်မရှိဟု မှတ်ယူရပေမည်။

တိုင်းပြည်၏ မျက်စိနှင့် နားသဖွယ်ဖြစ်သော သတင်းမီဒီယာအချို့၏ သတင်းဆောင်းပါး ရေးသားသူများက ဥပဒေရှေ့က တင်ကြို၍ အဆုံးအဖြတ်ပေးနေခြင်းသည် တရားစည်းဘောင်လွတ်နေကြောင်း ထောက်ပြလိုက်ရပါသည်။

လူမှုရေး ရှုထောင့်တစ်ခုတည်းမှ ကြည့်၍ ကောက်ချက်ချသူများ၏ ထင်မြင်ယူဆချက်များ အတွက်မူ ကျွန်တော့်အနေဖြင့် မပြောသာပေ။ ဤဆောင်းပါး နှစ်ပုဒ်၏ ကောက်ချက်များနှင့် Prejudice ( ဥပဒေ ရှေ့က တင်ကြိုအဆုံးအဖြတ်ပေးခြင်း ) တို့ကို လုံးဝ သဘောမတူ စေကာမူ မြန်မာနိုင်ငံရှိ ကျန်းမာရေး စောင့်ရှောက်မှု အရည်အသွေး ပိုမိုကောင်းမွန်လာစေရေးအတွက် တိုက်တွန်းနှိုးဆော်သည်ကိုတော့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါသည်။ တိုင်းပြည်၏ ကျန်းမာရေး အဆင့်အတန်း မြင့်မားလာစေဖို့ ဆေးဝန်ထမ်းများသာမက ပြည်သူပြည်သားအားလုံးနှင့် သတင်းမီဒီယာများတွင်ပါ တာဝန်ရှိသည် မဟုတ်ပါလား။

ပြန်လှန် ဆွေးနွေးလိုပါက မှတ်ချက်တွင် ရေးသားပေးသွားပါရန် မေတ္တာရပ်ပါသည်။ စီဘောက်စ်တွင် ဆွေးနွေးရ ခက်ခဲသောကြောင့် ဖြစ်ပါသည်။

အာရောဂျံ ပရမံ လာဘံ
တက္ကသိုလ် လှမွန်

7 comments:

Anonymous said...

Let me tell you something about the same hospital and the same surgeon.
My Mom (70 yrs) was admitted for acute abdominal pain, dx as acute appendicitis. She was operated by the same surgeon.
I was informed a day after operation that she was in ICU.Why?
Post op care was lousy. Just to do Ryles tube/ suction need an order fr Surgeon. My Mom had AF/ d/t electrolyte imbalance. The worse part is the surgeon mis dx her as acute appendicitis. She had intestinal obstruction d/t adhesion of previous hysterectomy.
She was lucky to be alive. Second operation for adhesiotomy was free. There was no apology fr the surgeon.
I do not want to mention the names here, but Burmese private health care system is Evil. I do not think these people deserve your post title.

Anonymous said...

In this particular case of tragedy, the girl has fever for "Five" days. One of the very common symptom of Dengue is abdominal pain. If they did Full Blood Examination, the live of the girl might be saved.
Appendectomy=> no bleeding => no blood required=> quick money=> operated to impending DHF case=> and death of an innocent young girl!
I have decided not to write about this case as the issue is more than a tragic/ mishap. That is all about corrupt mind set infiltrated into a once noble profession in Burma.

zizawa said...

မြန်မာမီဒီယာတွေ ဥပဒေရှေ့ကတင်ကြိုပြီး အဆုံးအဖြတ်ပေးနေတယ်လို့ တက္ကသိုလ်လှမွန်က ဆိုတယ်။ ဒါပေမယ့် ဒီမှာထောက်ပြစရာနှစ်ချက်ရှိတယ်။ weekly 11 ရဲ့ အရေးအသားမှာ အဆုံးအဖြတ်ပေးတာမျိုးမရေးထားဘူး။ ဘယ်သူတွေ ဘာပြောသလဲဆိုတာကိုပဲ စုစည်းတင်ပြထားတဲ့ပုံစံမျိုးဖြစ်တယ်။

တခါဥပဒေတွေအားကိုးလို့မရတဲ့နေရာမှာ မီဒီယာက ဘာလုပ်မလဲဆိုတာ မေးစရာရှိတယ်။ အမေရိကားက context ကို ဗမာပြည်မှာ ထပ်ကြည့်လို့ရမရ မေးဖို့လိုတယ်။ တရားရုံးပို့ခွင့်မရ၊ စီရင်ချက်မကျမချင်း သတင်းမပို့ရဆိုရင် နောက်လူနာတွေ ထပ်နစ်နာဖို့ရှိတယ်။ သက်ဆိုင်ရာက သတင်းထုတ်ပြန်ဖို့၊ လူတွေကို အသိပေးဖို့ လစ်ဟင်းနေတဲ့အခါ weekly 11 က ရေးတဲ့သတင်းမျိုး လူတွေသိသင့်တယ်။ သူ့အရေးအသားက စည်းပေါင်ကျော်ပြီး လုပ်နေတဲ့ပုံစံမျိုး မထွက်ပါ။ ဘာကောက်ချက်မှ မချထားဘဲ သူများတွေကိုပဲ quote လုပ်ထားတယ်။ ဒါကတပိုင်းပေါ့။

ဆေးခန်းတွေ ဆရာဝန်တွေရဲ့ လုပ်ရပ်တွေကို ဝေဖန်ပြုပြင်ပေးမယ့် watchdog တွေ မရှိ၊ ဥပဒေက အားကိုးလို့မရတဲ့ နေရာမှာ တာဝန်သိသူတွေ ဘာလုပ်မလဲဆိုတာက objective ဘယ်လောက်ဖြစ်သလဲဆိုတာထက် ပိုအရေးကြီးပါတယ်။ when something important is going on, silence is a crime လို့ဆိုကြတယ်မဟုတ်လား။ objective မဖြစ်လို့ နှုတ်ဆိတ်နေရမယ်ဆို တာဝန်မဲ့ရာရောက်ပါတယ်။ weekly 11 ထဲက အရေးအသားမျိုးကို ကြိုဆိုပါတယ်။ technical နဲ့ ethics ဘယ်ဟာရွေးမလဲလို့ တကသလမ က ကိုယ့်ကိုကိုယ်နဲ့ စာဖတ်သူတွေကို မေးနေသလို ဖြစ်နေသလားလို့။

Ye-Mon said...

>> Anonymous 1
I do not think that quality of care issue is confined to private sector alone. We should look at health system in the country as a whole.

>> Anonymous 2
From two stories, we just don't have enough information to jump into conclusion similar to yours.

>> Zizawa
weekly 11 ကရေးထားတာက snapshot မှာလို တဲ့တိုးအပြစ်တင်တာမရှိဘူး ဆိုတာ ဟုတ်ပါတယ်။ သို့သော် သတင်း ခေါင်းစဉ်မှ စကာ သွယ်ဝိုက် အပြစ်တင်ထားတာကို တွေ့ရပါမယ်။

အမေရိကန် သတင်းကို ဥပမာ ပေးသော်လည်း မြန်မာပြည်တွင်းက သတင်းမှာပင် အောက်ပါအတိုင်း မျှမျှတတ ရေးထားသည်ကို နမူနာ ယှဉ်ကြည့်နိုင်သည်။ ဂရင်းရွိုင်ရယ် စက်ရုံမီးလောင်မှု ဖြစ်သည်။

"ယခုလ ၂၂ ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့သည့် International Beverages Trading Co., Ltd. (IBTC) ၏ လုပ်ငန်းခွဲဖြစ် သော ယင်းအရက်ချက်စက်ရုံကို လှည်းကူး ရဲစခန်းက ပုဒ်မ ၂၈၅/၃၀၄ (က) ဖြင့် အမှုဖွင့်ထားခြင်းဖြစ်သည်။"

ဥပဒေကို အားကိုးလို့ မရလို့ဆိုပြီး မိမိတစ်ဦးချင်း အနေနဲ့ ဥပဒေကို ဖန်တီးဖို့ မဖြစ်နိုင်ပါ။ အားကိုးလို့မရတဲ့ ဥပဒေကို အားကိုးလို့ ရလာအောင် ဘယ်လို လုပ်မလဲ ဆိုတာ ပိုပြီး သင့်လျော်မယ် ထင်ပါတယ်။

နောက်ဆုံးအနေနဲ့ ပြောလိုတာက စာနယ်ဇင်းများ နှုတ်ဆိတ်နေရမယ်လို့ မဆိုလိုပါ။ အဖြစ်မှန်ကို ရုပ်လုံးပေါ်ရန်သာ ရေးသားသင့်ပြီး တရားသူကြီးတာဝန် မယူသင့်ကြောင်းကိုသာ ထောက်ပြခြင်းဖြစ်ပါသည်။

Anonymous said...

သတင်းရေးနေရတဲ့ လူတယောက်အနေနဲ့ ပြောရရင်တော့ ကုသတဲ့ဆရာဝန်အင်တာဗျူး ပါကိုပါရမယ်။ အဲဒီအချက်လိုသွားတယ်။ တကယ်လို့ သွားမေးတာမဖြေဘူးဆိုရင် မဖြေကြောင်း ထည့်ရေးရမယ်။
ခင်မင်းဇော်

ဟိန်းညီ said...

ဆွေးနွေးချက်ကိုသိပ်သဘောကျပါတယ်ခင်ဗျာ။
တရားဥပဒေရှုထောင့် နှင့် ဆေးပညာရှုထောင့် နှစ်မျိုးစလုံးကနေ
ဆွေးနွေးကောက်ချက်ချထားတာအလွန်ကောင်းမွန်ပါတယ်။
အစ်ကိုသုံးသပ်ထားသလို တရားဥပဒေရှုထောင့် အရကြည့်တဲ့အခါ
ခွဲစိတ်ကုသတဲ့ဆရာဝန်အပေါ်အပြစ်ရှိတယ်လို့စွပ်စွဲတာဟာ
မတိကျတဲ့သတင်းပေါ်တည်နေတာမို့သဘာဝမကျတာလက်ခံပါတယ်။
ခုလိုကိစ္စမျိုးကိုတော့ဆုံစမ်းစစ်ဆေးမယ်လို့ကျွန်တော်ယူဆပါတယ်။ ဆေးပညာရှုထောင့်ကကြည့်မယ်ဆိုရင် ၉၀% အပြစ်မရှိလောက်ဘူးလို့ သုံးသပ်ထားတယ်လို့ကျွန်တော်မြင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီဒေါက်တာအပြစ်မရှိဘူးလို့
ကျွန်တော်တို့သဘောထားလိုက်ကြမယ်ဗျာ။ ကျွန်တော်တောင်းဆိုချင်တာက အဲဒီဒေါက်တာအပြစ်ရှိတယ်ဆိုပါစို့။ အစ်ကို့အနေနဲ့ နောင်မှာအလားတူကိစ္စမျိုးမဖြစ်အောင်အကြံပေးဆွေးနွေးစေချင်ပါတယ်။
ဒီသတင်းနဲ့ပတ်သတ်ပြီးအဲဒီဆွေးနွေးချက်ကိုကျွန်တော်
မတွေ့မိလို့ သေချာလေ့လာဆွေးနွေးထားတဲ့ အစ်ကို့ဆီမှာ
ခုလို comment ပေးခဲ့တာပါ။ ကျွန်တော်ဆိုလိုချင်တာလေးအစ်ကိုသဘောပေါက်မယ်ထင်ပါတယ်။
ကျွန်တော်စောင့်မျှော်နေပါတယ်ခင်ဗျာ...
လေးစားစွာဖြင့်
ဟိန်းညီ

ဟိန်းညီ said...

တောင်းဆိုထားတာလေးဆက်မဆွေးနွေးတော့ဘူးလားဗျာ...