Friday, January 5, 2007

Loikaw (or) Second Switzerland

၅၊ ၁၊ ၂၀၀၇

လွိုင်ကော် (သို့မဟုတ်) ဒုတိယ ဆွစ်ဇာလန်


ကျွန်တော့် ကို ရန်ကုန်မှာ မွေးခဲ့ ပေမယ့် တောင်ပေါ် ဒေသရဲ့ မွေးစားခြင်း ကို ကျေကျေနပ်နပ်ကြီး ခံခဲ့ ရပါတယ်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့ ကို ဆယ်ကျော်သက် အရွယ်မှာ ခြေချခဲ့ ရပြီး အခု အချိန်အထိ သံယောဇဉ်တွယ်နေတုန်းပါ။ လွိုင်ကော်မြို့ ကနေ ပြောင်းရခါနီး ဘီလူးချောင်း မှာ ရေသွားချိုးတာ ကို မှတ်မိပါသေးတယ်။ ဘီလူးချောင်းရေ ချိုးရင် ပြန်လာ ရတတ်တယ် လို့ အဆိုရှိတာကိုး။ တကယ်လည်း အကြိမ်ကြိမ် ပြန်သွားခဲ့ရပါတယ်။

လွိုင်ကော်မြို့ က ပင်လယ် ရေမျက်နှာပြင် အထက် ၂၉၅၀ ပေ မှာ ရှိပြီး၊ နာမည်နဲ့ လိုက်အောင် တောင်တွေ ပတ်လည်ဝိုင်းနေတဲ့ မြို့လေးပေါ့။ ကျွန်တော့် အခင်ဆုံး သူငယ်ချင်း၊ စာဂျပိုး၊ လွိုင်ကော်သား ရှမ်း-ပဒေါင် လေးကတော့ လွိုင်ကော်မြို့ဟာ ဒုတိယ ဆွစ်ဇာလန်ပါ ပဲတဲ့။ ဆွစ်ဇာလန် ကို မရောက်ဖူးတော့ ကိုယ်တွေ့ အနေနဲ့ မသိဘူးပေါ့ဗျာ။ ဒါပေမယ့် တကယ်ကို သာယာတဲ့ ဒေသလေးပါ။

ကျွန်တော် နေခဲ့တဲ့ အိမ် က မြို့ ရဲ့ အရှေ့ဘက်စွန်း တောင်ကုန်းလေးပေါ်မှာ ရှိတယ်။ အိမ်ထဲကနေ အရှေ့ ဘက် ကို လှမ်းကြည့်လိုက်ရင် လူလုပ်အဆောက်အဦ တစ်ခုမှ မမြင်ရပဲ မြက်ခင်းစိမ်းစိမ်း ကွင်းပြင်နဲ့ အဲဒီ ကွင်းပြင်ရဲ့ အဆုံးမှာတော့ တောင်လှိုင်း တွေကိုပဲ မြင်နေရတယ်။ မိုးတွင်းများ ဆိုရင် ပြေးလာတဲ့ တိမ်နဲ့ မိုး တွေ ကိုကြည့်ရတာ တကယ့် အရသာပါ။

သြော်. . . လွိုင်ကော်အကြောင်းပြောရင် မပါမဖြစ်တာ ကတော့ ကယားခေါင်ရည် နဲ့ ကယားဝက် အူချောင်းပါ။ အကို ကာလသားများ အကြိုက်ပေါ့။ (ကာလသမီးများလည်း သုံးဆောင်ကြပါတယ်) ကျွန်တော် မြည်းစမ်းခဲ့ ဖူးသမျှ ခေါင်ရည်တွေ (ချင်း၊ ကချင်၊ ကယား) ထဲမှာ အကြိုက်ဆုံးကတော့ ကယားပြည်နယ် ဆီးဘူး ဒေသက ခေါင်ရည် ပါပဲ။ ကယားဝက်အူချောင်း က ရိုးရိုး ၀က်အူချောင်းနဲ့ မတူပါ။ တကယ့် ၀က်အူနဲ့ လုပ်ထားပြီး အထဲမှာ အဆီများများ ၀က်သားနဲ့ အတူ ပင်စိမ်းရွက်နိုင်နိုင်ထည့်ထားပါတယ်။ ပြီးတော့ ကင်ပြီးကျွေးတာ။ ခေါင်နဲ့ ဘာ လိုက်သလဲ မမေးနဲ့။

ဒီးကူပွဲ ကတော့ လူပျိုတွေ အကြိုက်ပေါ့။ ရွာထဲ က ဘယ်အိမ်ကို မဆို သိသိ မသိသိ သွားလည်လို့ ရတယ်။ အိမ်ရှင် သမီးပျိုလေးတွေ က ဒီးကူဖက် နဲ့ ထုပ်ထားတဲ့ ကောက်ညှင်းထုပ် ရယ် ခေါင်ရည် ရယ်နဲ့ ဧည့်ခံကြတယ်။ ရေးရင်း၊ ရေးရင်းနဲ့ သွားရည်တောင် ကျလာပြီ။ ထမင်းသွားစားလိုက် ဦးမယ်။ (ပြောလို့ ပြောတာ မဟုတ်ဖူး၊ ကျွန်တော်တို့ နိုင်ငံ က တော်တော်လှတာဗျ)


3 comments:

Chan Mya Soe said...

ကျွန်တော်လည်း တောင်ပေါ်ဒေသတွေမှာ နေရတာကို နှစ်သက်တယ်ဗျာ။ ကျွန်တော်မန်းလေးမှာ ရှိတုန်းကဆိုရင် မေမြို့ကို ခဏခဏ ရောက်တယ်။ တောင်ပေါ်မြို့ရောက်သွားရင် ဘယ်လိုမှန်းတော့ မသိဘူး။ စိတ်ခံစားမှုပါ ပြောင်းသွားတယ်။ လွိုင်ကော်ကိုတော့ မရောက်ဖူးသေးဘူးဗျာ။ ရောက်အောင်တော့ သွားအုံးမယ်။

Ye-Mon said...

I like May-Myo too. It seems that we share similar feelings. I am sorry to say that comments in Burmese does not work very well. I am yet to find a way to fix it. Anyway, thanks for your comment. Drop by to my blog if you feel like to.

s0wha1 said...

ကိုရဲမွန်ရေ...ကယားပြည်နယ်အကြောင်း ထပ်ရေးပါဦး...ဒီလိုဖတ်ရတာ အလွမ်းပြေတယ်...