၁၂၊ ၂၊ ၂၀၀၇
ညီနောင်တစ်စု တည်ထောင်ပြု ငါတို့ ပြည်ထောင်စု
လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ က တောင်ပေါ်ဒေသလေး တစ်ခုမှာ သူ့ကို မွေးဖွားခဲ့တယ်။ လာခြင်းကောင်းခဲ့တဲ့ သူ - မွေးခါစ နို့နံ့ မစင်ခင်ကပင် အစည်းပြေနေတဲ့ ၀ါးတွေကို စုချည်ပေးခဲ့တယ်။ ကျွန်တော်တို့ နိုင်ငံကို သူ့ကျွန် ဘ၀ ကနေ လွတ်မြောက်စေခဲ့တယ်။ ဒါကြောင့်လည်း သူ့မွေးနေ့တွေ ကို နိုင်ငံအနှံ့ ၀ှဲချီး ကျင်းပခဲ့ကြတယ်။ သူ့ အထိမ်းအမှတ် အလံကို တစ်နိုင်ငံလုံး လက်ဆင့်ကမ်းပြီး သယ်ဆောင် ဂုဏ်ပြုခဲ့ကြတယ်။
ကျွန်တော် ငယ်စဉ်က သူ့ရဲ့ မူလ ရုပ်သွင်ကို အရမ်းတွေ့ဖူးချင်ခဲ့တယ်။ ဒါပေမယ့် မတွေ့ခဲ့ရ။ အထက်တန်းကျောင်းက သမိုင်းစာအုပ်တွေကလည်း သူ့အကြောင်းကို ဖော်ပြပေမယ့် သူ့ရဲ့ မူလရုပ်ကိုတော့ ဘာကြောင့်မှန်း မသိ လုံးဝ မပြခဲ့ပါ။
သူ့အသက် ၄၀ ကျော် နောက်ပိုင်းမှာ တော့ ဘ၀ စ လာတယ်လို့ ဆိုရမလား၊ အသက်ကြီးလာပြီး သူတာဝန် မကြေပွန်သေးတာ ကို လူတွေ သတိထားမိမှာ စိုးလို့လား မသိ၊ မွေးနေ့ကို သိုသိုသိပ်သိပ်ပဲ လုပ်တော့တယ်။ လူတွေလည်း သူ့အကြောင်းသိပ်မပြောကြတော့။ သူ့အကြောင်း ငယ်စဉ်က ဘယ်လောက်စွမ်းကြောင်း ကျယ်ကျယ်လောင်လောင်ပြောတဲ့ သူတွေပင် ခရီးရှည် ကို တစ်ကိုယ်တည်း နှင်နေကြရပြီ။
သူ့ရဲ့ သမိုင်းကြောင်းကိုပြန်ကြည့်တော့ လှတစ်ခါ၊ ဆိုးတလှည့်။ သူနဲ့ပတ်သက်ပြီး အငြင်းပွားခဲ့ရတာတွေ တုတ်တပြက် ဒါးတပြက် ဖြစ်ခဲ့ကြတာ တွေလည်း မနည်းတော့။ သူ့ကို ခုတုံးအလုပ်ခံခဲ့ရတဲ့ အကြိမ်တွေကလည်း များလှပေါ့။ သူ့ရဲ့ မိဘတွေသာ တမလွန် ဘ၀ကနေ လှမ်းကြည့်နိုင်မယ်ဆိုရင် ငါ့သားလေး ဘ၀ဆိုးလိုက်တာလို့ ပြောကြမလား မသိ။
သူကတော့ လောကဓံကို ကြံ့ကြံ့ခံရင်း လူတွေကို မြော်လင့်ချက် တွေပေးနေနိုင်တုန်း။ တစ်ချိန်ကလို ပြေနေတဲ့ဝါးတွေကို ပြန်လည် စုစည်းပေးဖို့ အင်အားမွေး နေတုန်း။ သူ့အသက်ကိုပင် သူမေ့ထားပုံရသည်။ တစ်ကယ်တွက်စစ်ကြည့်ရင် သူ့အသက် က အနှစ် ၆၀ ။ ကျွန်တော်တို့ နိုင်ငံ ရဲ့ အငြိမ်းစား ယူရမည့် အသက်အရွယ်ပင် တိုင်ခဲ့ပြီ။ ဒါနဲ့ပဲ သူ့ကို အငြိမ်းစား ပေးလိုက်ကြတော့မှာလား။
တစ်ချို့ နိုင်ငံတွေမှာ တော့ သူလိုလူမျိုးကို နှစ်ပေါင်း ၂၃၀ လောက် အထိ တာဝန်ပေး ခဲ့ပြီးတဲ့ အပြင် ဆက်ပြီးတောင် တာဝန်ပေးကြဦးမှာပါတဲ့။
သြော် သူ့နာမည်မပြောရသေးဖူး။ . . . ပင်လုံစာချုပ် . . . တဲ့။
နှစ်-၆၀ မြောက် ပြည်ထောင်စုနေ့ ကို ဤစာပိုဒ်ဖြင့် ဂုဏ်ပြုပါ၏။

3 comments:
Mite tel byo!!!
thanks ppa.
Post a Comment