Tuesday, August 28, 2007

School Life (1)

၂၈၊ ၈၊ ၂၀၀၇

ကျောင်းတုန်းက ဘ၀ (၁)

မွန်းသက်ပန် က တက်လာသည် “ကျောင်းတုန်းက ဘ၀” ခေါင်းစဉ်ဖြင့်ရေးသားရန် ဟူ၏။ ကစိုးထက် ကလည်း သူရေးပြီးကြောင်း ဆိုလာသည်။ အစက စမှ ဇာတ်ရည်လည်မည်။ စကြစို့ရဲ့။

အတန်း ။ ။ မူကြို
ကျောင်း။ ။ တီချယ်မေမေ မူကြို၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့
ခုနှစ် ။ ။ ၇၀ ပြည့်လွန်နှစ်တစ်နှစ်

တီချယ်မေမေ မူကြိုစဖွင့်ရက်တွင် ကလေးများ၊ လိုက်ပို့သူ မိဘများ ပျားပန်းခတ်မျှ ရှိနေစဉ် ဆံပင်ကောက်ကောက် အသားညိုညိုဖြင့် ကောင်လေးတစ်ယောက် ဆူပုတ်ပုတ်ဖြင့် မူကြိုအခန်းထဲ ရောက်လာလေသည်။ ထိုကလေးကား စာရေးဆရာ တက္ကသိုလ် ဘုန်းနိုင်၏ နေ့သင့် နံသင့် ပေးထားချက်အရ “မောင်လှမွန်” မည်တွင်လေ၏။

ဆရာမက ကလေးများ စုံမစုံ စစ်ဆေးရန် နာမည် ခေါ်လေသည်။
“ခင်ချစ်ချစ်ချော”
“ရှိပါတယ်ရှင့်”
“ရဲမင်းပိုင်”
“ရှိပါတယ်ခင်ဗျာ့”
...
“မောင်လှမွန်”
..
“မောင်လှမွန်”
..

ကောင်ညိုလေးက မထူးပေ။ ဆရာမက လူသိနေသဖြင့် “ဟဲ့ .. မောင်လှမွန် နာမည်ခေါ်နေတာ ဘာလို့ မထူးတာလဲ” ဟု စိတ်မရှည်သံဖြင့် မေးလေသည်။
ကောင်ညိုလေး။ ။ ကျွန်တော့်နာမည် မောင်လှမွန် မဟုတ်ဘူး ဆရာမ။
ဆရာမ။ ။ဟဲ့ .. ဒါ မင်းအမေ ပြောတဲ့ နာမည်ပဲ။ မောင်လှမွန် မဟုတ်ရင် မင်းနာမည် က ဘာတုန်း။
ကောင်ညိုလေး။ ။ ကျွန်တော့်နာမည် “ရဲမွန်မြင့်” ပါ။

ဆရာမ မျက်စိရော နားရော ရှုပ်သွားကာ ကောင်ညိုလေး အမေထံ စာရေးလိုက်လေသည်။

“ကလေး အမေရှင့် ... ကလေးမှာ နာမည် နှစ်မျိုးရှိလျင် ပြောစေလိုပါတယ်။ မူကြိုကျောင်းတွင် မည်သည့် အမည်ကို သုံးမည် ဆိုသည်ကိုလည်း တစ်ပါတည်း ပြောပါရှင့်။ ကလေးက သူ့အမည်ကို “ရဲမွန်မြင့်” ဟု ပြောနေပါတယ်။ ကျောင်းအပ် စာရင်းထဲရှိ အမည်မှာ “မောင်လှမွန်” ဖြစ်ပါတယ်။”

ဒါနဲ့ပဲ ... မိဘများ စုံစမ်း စစ်ဆေးရေး ၀င်ရလေသည်။

မိခင်။ ။ သား ... မင်းနာမည်က မောင်လှမွန်လေ။
ကောင်ညိုလေး။ ။ ဟာ .. အမေကလည်း ဒီ “မောင်လှမွန်” ဆိုတာကြီး မကြိုက်ပါဘူး။ အခြောက်နာမည်နဲ့တူတယ်။ ဒါကြောင့် ကိုယ့်ဘာသာ “ရဲမွန်မြင့်” လို့ ပြောင်းလိုက်တာ။
မိခင် (အံ့သြသွားဟန်ဖြင့်)။ ။ အဲဒီ နာမည်ကရော ဘယ်လိုရတာတုန်း။
ကောင်ညိုလေး။ ။ သား သူငယ်ချင်းတွေထဲမှာ “ရဲ” နဲ့ စတဲ့သူတွေရှိတယ်။ နောက်ပြီး အဲဒီ စာလုံးက ယောက်ျားဆန်တယ်။ ပြီးတော့ အဖေ့နာမည်က “မြင့်” နဲ့ဆုံးတော့ အဲဒီစာလုံးကို ယူလိုက်တယ်။ နကို နာမည်က “မွန်” ကိုတော့ ဆက်သုံးထားတယ်လေ။ “ရဲမွန်မြင့်” ဖြစ်ရောပေါ့။

နောက်ဆုံးမတော့ မိဘများ အလျော့ပေးလိုက်ရကာ ကောင်ညိုလေး၏ အမည်မှာ ယနေ့တိုင် “ရဲမွန်မြင့်” ဟု တွင်လေတော့သည်။

ဝန်ခံချက်

မိခင်၏ ပြန်လည် ပြောပြချက်ကို ရေးသားထားခြင်း ဖြစ်၍ တကယ့် အဖြစ်မှန်နှင့် ကွဲလွဲမှု အနည်းငယ် ရှိနိုင်ပါသည်။

5 comments:

စိုးထက် - Soe Htet ! said...

ကိုလှမွန်လို့ခေါ်ရင် စိတ်ဆိုးမှာပေါ့နော် ... :P

Anonymous said...

ဟားဟား တက္ကသိုလ်ဘုန်းနိုင်ပေးတဲ့ နာမည်က အခြောက်နာမည်နဲ့တူတယ်လို့ ပြောချင်တာလား ။ အဲဒီနာမည်နဲ့ ဟို NGO forum က ပုံနဲ့ဆို.. အယ် ကောင်းရော ကောင်းရော ဖြစ်ကုန်တော့မယ် ။

ကိုစိုးထက်ပြောသလို.. တိုတိုလှမွန်လို့ ခေါ်ရင် ချိတ်ချိုးမှာလား အဟား ဟား ။

pandora said...

ပညတ်သွားရာ ဓာတ်သက်ပါလို့ ဆိုကြတယ်။
မလှ ခဲ့လို့ လှ လို့အခေါ်ခံရမှာ ခက်ရှာတာများလား.. စောစောပြောင်းခဲ့တာ တော်သေး.။ (အဟီး)
ဒါနဲ့ ရဲ ပြီလား..။
ဘွင်းဘွင်း သမားတွေဆိုတော့လည်း ဒီလို အမှန်အကန် အတွေ့အကြုံလေးတွေ သေချာ ပြောပြနိုင်တာပေါ့.. ကောင်းလေစွတကား.။

Ye-Mon said...

ကိုင်း ... ညီ၊ ညီမလေးတို့ရေ ...
ဒါက ရှေးရှေးတုန်းက အဖြစ်လေးတစ်ခုပါ။ အခုတော့လည်း ပညက်တွေပဲ ဆိုတာ သဘောပေါက်လိုက်ပါပြီ။ ဘယ်လိုခေါ်ခေါ် ဖြစ်ပါတယ်။ “အလှ” လို့တော့ မခေါ်နဲ့ပေါ့ကွယ်။

P.Ti said...

ဟားဟား.. ကိုမင်းကတော့ တကယ်ရီရတယ်…
တော်သေးတာပေါ့ နာမည် ပြောင်းခဲ့လို့.. မဟုတ်ရင် blogger လောကမှာ မလှမွန် လို့နာမည်ကြီးနေဦးမယ်.. ဟီးဟီး