၁၆၊ ၈၊ ၂၀၀၇
ဦးနာအောက် နှင့် နောက်ဆက်တွဲ အတွေးများ
ခရီးသွားရင်း ရိုက်ခဲ့တဲ့ အမှတ်တရ ဓါတ်ပုံလေးတစ်ခုကို အကြောင်းပြု၍ ဘလောက်ဂါ မိတ်ဆွေအများ စိတ်ဝင်တစား ဆွေးနွေးကြတာတွေ့တော့ ၀မ်းသာမိပါတယ်။
ပြန်လည်ဖတ်ရှုလိုသူများအတွက် အညွှန်း
- စဥ့်ကူးမင်းသင်္ဘော - ရဲမွန်
- ဦးနာအောက် ကျရှုံးမှု နှင့် တိုင်းရင်းသားများ၏ မျိုးချစ်စိတ်ဓါတ် - ရွက်ဝါ
- ဦးနာအောက် နှင့် ကျွန်မ၏အမြင် - s0wha1
ကျွန်တော့် အမြင်ကိုလည်း နည်းနည်း ဖြည့်စွက် ဆွေးနွေးချင်ပါတယ်။
ဦးနာအောက် အကြောင်းကို အတန်းကျောင်း ဖတ်စာထဲမှာ ပါသလောက်သာ ကျွန်တော် သိပါတယ်။ ဖတ်စာအုပ်ထဲမှာ ရေးထားတဲ့ အတိုင်း လုံးစေ့ပတ်စေ့ မမှတ်မိပေမယ့် ဦးနာအောက် မျိုးချစ်စိတ်ဓါတ်ရှိပုံကို ဇောင်းပေးရေးသားထားတယ်လို့ ယေဘုယျသဘော မှတ်မိပါတယ်။ ဒီရေးသားချက်ဟာ ဖတ်စာအုပ် ပြုစုသူရဲ့ ကောက်ချက် ဖြစ်နိုင်ပါတယ်။ ဦးနာအောက်ရဲ့ ကိုယ်ရေးရာဇ၀င် နှင့် စာနယ်ဇင်း အင်တာဗျူးများ ရှိသည်ဟု မကြားဘူးပါ။ ကြားဖူး ဖတ်ဖူးသူများ ရှိပါက ဝေမျှစေလိုပါတယ်။
ဒီလို အထောက်အထားများမရှိတဲ့ အတွက် ဦးနာအောက်အနေနဲ့ မည်သို့ရည်ရွယ်တွေးခေါ်ပြီး ဖတ်စာအုပ်ပါအတိုင်း ဧရာဝတီ သင်္ဘောကုမ္ပဏီကို ပြိုင်ဆိုင်ခဲ့သလဲ ဆိုတာကို အမှန်အတိုင်း သိဖို့ ခဲယဉ်းပါတယ်။ ဖတ်စာအုပ်ပါ အချက်များ မှန်သည်ဟု ယူဆလျင် တစ်မျိုး၊ မပြည့်စုံဟု ယူဆလျင် တစ်မျိုး လိုရာ ကောက်ချက်ချနိုင်ပါမယ်။ မှတ်ချက်များ နှင့် အပြန်အလှန်ဆွေးနွေးချက်များဟာ (ကျွန်တော် အပါအ၀င်) ဘလောက်ဂါများ၏ ဥပါဒါန်အစွဲများ ကင်းသည်ဟု မဆိုနိုင်ပါ။ မိမိတို့၏ ကိုယ်ပိုင်အမြင်၊ ဘ၀အတွေ့အကြုံများပေါ် အခြေခံပြီး ပြောဆိုကြခြင်းသာဖြစ်တယ်လို့ထင်ပါတယ်။
သမိုင်းကနေ သင်ခန်းစာ ယူသင့်တယ် ဆိုတဲ့ အချက်မှာလည်း ဘလောက်ဂါများ သဘောထားတူကြတယ်လို့ မြင်ပါတယ်။ ဘယ့်လောက် ပွင့်ပွင့်လင်းလင်း ဝေဖန်သင့်လဲ၊ ညှာတာထောက်ထားပြီး ဖော့တွေးသင့်သလား ဆိုရာမှာတော့ သဘောထား ကွဲလွဲမှုတွေ ရှိပါတယ်။
ကျွန်တော့်အနေနဲ့ကတော့ နောက်ဆုံး ရလာဒ် ကိုကြည့်ချင်ပါတယ်။ ပွင့်ပွင့်လင်းလင်း မညှာမတာ ဝေဖန်ချင်ပါတယ်။ နောက်ဆုံးမှာ ဗမာတွေ ဘာဖြစ်သွားသလဲ။ မျိုးချစ်စိတ်ဓါတ် ပိုတက်လာသလား။ ဦးနာအောက်ကို သူရဲကောင်းအနေနဲ့ အဲဒီခေတ်မှာ သတ်မှတ်ခဲ့ကြသလား။ အခြား စီးပွားရေး သမားများ ဤလမ်းစဉ်လိုက်ခဲ့ကြပါသလား။ ရေလမ်း ခရီးသွားလာရာမှာ ချောင်ချိသွားပါသလား။ နိုင်ငံလွတ်လပ်ရေး ရသွားပါသလား။ တစ်ခုမှ မဖြစ်ခဲ့ပါ။ စေတနာ ကောင်း၏ မကောင်း၏ ဆိုတာကို စောဒက မတက်လို။ ရလာဒ်ကတော့ မကောင်းတာ အမှန်ပင်။ ပြည်သူတွေ ပိုကျပ်သွားသည် မဟုတ်လော။ ဒီဇာတ်လမ်းကို ဖတ်စာတွင်ဖတ်ပြီး မျိုးချစ်စိတ်များ တဖွားဖွား ပေါ်လာခဲ့သည်ဆိုလျင်တော့ နှစ်ပေါင်းများစွာကြာမှ အာနိသင်ပြသော အပြုအမူတစ်ခုပင်ဖြစ်လို့နေသည်။
ထိုဇာတ်လမ်းမှ ပြည်သူလူထုမှာ ဗမာ တစ်နိုင်ငံလုံးကို ကိုယ်စားမပြုတာတော့ အမှန်ပင်။ ဒေသခံ သင်္ဘောစီးခရီးသည်များသာဖြစ်ပေမည်။ ထို့ကြောင့် ဗမာတစ်နိုင်ငံလုံးမှ ပြည်သူလူထု တစ်ရပ်လုံး မည်သို့ဖြစ်နေပါသည်ဟု ကောက်ချက်ချရန်မှာ အလှမ်းဝေးလှပေသည်။
ယနေ့ခေတ် အခါနှင့် ယှဉ်၍လည်း ဆွေးနွေးလိုသည်။ ယနေ့ ဗမာပြည်ကြီးတွင် လူသုံးကုန်ပစ္စည်းများ ၀ယ်ယူရာ၌ မည်သည့်အချက်အလက်များကို ကြည့်ပြီး ၀ယ်ယူကြပါသလဲ။ ဈေးနှုန်းလား၊ ထုတ်လုပ်သည့်နိုင်ငံလား၊ အရည်အသွေးလား။ ဗမာဖြစ်ဆိုပြီးရော ဆိုပြီး ၀ယ်ကြသူများ သိပ်မတွေ့မိပါ။ ဒါနဲ့ပဲ မျိုးချစ်စိတ် မရှိတော့ဟု ပြောနိုင်ပါသလား။ ကိုးရီးယား လူမျိုးများ ကိုးရီးယားလုပ်ကားကိုသာ စီးခြင်းဟာ မျိုးချစ်စိတ်လား။ ဒါမှမဟုတ် မိမိနိုင်ငံထုတ်ကားများကို နိုင်ငံတကာ အဆင့်မီအောင် ဈေးကွက်ဝင်အောင် လုပ်ခြင်းက မျိုးချစ်စိတ်လား။ အမေရိကန်လူမျိုးများ တရုတ်နိုင်ငံထုတ်ပစ္စည်းများ အများအပြား တင်သွင်းခြင်းက တရုတ်ချစ်စိတ်လား။ စားသုံးမှုနှင့် မျိုးချစ်စိတ်ကို ဘယ်လို ချိတ်ဆက်ရမည်ကို ကျွန်တော့်စိတ်တွင် မကွဲပြားတော့ပြီ။ ကမ္ဘာကြီးဟာ ရွာကြီးဖြစ်လာနေပြီမဟုတ်လော။
ဒုတိယကမ္ဘာစစ်အပြီးကာလတုန်းက ရှိခဲ့သော မိမိနိုင်ငံဖူလုံရေး (self-sufficiency) အဓိက အယူအဆသည် တဖြည်းဖြည်း တိမ်ကောလာနေပြီ။ AFTA ခေါ် အာဆီယံလွတ်လပ်စွာကုန်သွယ်မှုဒေသ ကိစ္စ နှင့် Globalization ခေတ်ရေစီးထဲမှာ ဗမာနိုင်ငံ ဆန်တက်နိုင်မည် ထင်ပါသလား။ တံခါးပိတ်ပြီး ပြန်နေလို့ ကလည်းမဖြစ်ပြန်။ ဈေးကွက်စီးပွားရေး စနစ်ကို ချီတက်မည်ဟုလည်း ကြွေးကြော်ထားသည်။ ရိုးရိုးကြီး ဇေယျ လုပ်နေလို့ မရတော့ပါ။ အခြားနိုင်ငံများကို မျက်စိဖွင့်ကြည့်ဖို့နှင့် နိုင်ငံတကာ နှင့်ရင်ဘောင်တန်း ယှဉ်နိုင်ဖို့ရာ ဗမာများ ပြင်ဆင်ရန်လိုနေပါပြီ။ ၀ါးလုံးခေါင်းကို ခွဲထွက်၍ ကောင်းကင်မှာ လ သာကြရန်လိုပါပြီ။
- ပင်နီဖျဉ်ကြမ်းကို တစ်သက်လုံး ၀တ်တော့မည်လော။
- ပင်နီဖျဉ်ချောဖြစ်အောင် မတီထွင်တော့ပြီလော။
- နွားလှည်းစီး၍ လှေပြိုင်ပွဲများ လုပ်နေမည်လော။
- စက်မှုဇုံမှ ရာနှုန်းပြည့်ထုတ်လုပ်သော ကားများ ဖြစ်လာအောင် ကြိုးစားမည်လော။
- ကုန်ကြမ်းရောင်း၍ ကျေနပ်နေမည်လော။
- ကုန်ချောထုတ်၍ ယှဉ်ပြိုင်မည်လော။
- ရတနာ စိန် ကျောက် အရိုင်းတုံးများကို ဇယ်တောက်ကစားနေမည်လော။
- ကမ္ဘာ့အဆင့်မီ သွေး၍ ရောင်းချမည်လော။
ပြည်သူအများ ဖြေကြရန်ပင်။
4 comments:
(ပြည်သူအများ ဖြေကြရန်ပင်။)
ဟိုလူဂျီးတွေကိုလည်း ဖြေခိုင်းဦးဗျ.. ဟွန်း။
နောက်ဆက်တွဲ
မျိုးချစ်စိတ် အမျိုးသားရေးနှင့် ထပ်မံ ဆက်စပ် သော ပို့စ်များ
ဂျစ်တူး၏ ဖွင့်ထားသော စိတ်ကူးများ
http://gyittu.blogspot.com/2007/08/open-mind.html
မကေသွယ်၏ nationalism
http://kthwe.blogspot.com/2007/08/nationalism.html
ကျွန်တော်က ပြည်သူမဟုတ်ပေမယ့်… အညာသား.. ကျွန်တော့်ကို မဖြေခိုင်းပေမယ့် ဖြေဦးမှာ…
ဒီလိုပဲ တိုင်းပြည်ရဲ့ အနာဂတ်တွေကို အလေးမထားပဲထား၊ မရေရာတဲ့ နိုင်ငံရေးစနစ် နဲ့ အရှိန်အဟုန်ပြင်းစွာ ပြောင်းလဲနေတဲ့ ကို အမှီလိုက်ဖို့ဆိုတာက မြန်မာ့အားကစား ကမ္ဘာကို လွှမ်းရမည် ဆိုတဲ့ကြွေးကြော်သံကိုဖြစ်အောင်လုပ်ဖို့ထက် အဆပေါင်းများစွာ မဖြစ်နိုင်ဘူးဆိုတာ ပြည်သူတွေက လက်တွေ့သိနေတယ် …
ဒုတိယ ပြည်သူ = မြန်မာတိုင်းသူ ပြည်သား (ပြည်မြို့သူမဟုတ်ပါ)..
ကြော်ငြာဝင်ပါတယ်… ဦးနာအောက်ကြောင်း ကျွန်တော်လည်း ခေတ်မှီအောင် ရေးသည်။ :P
http://peti31.blogspot.com/2007/08/blog-blog-post-comment-c-box-message.html
အထက်က comment မှာ စာလုံးကျနေခဲ့လို့ပါ။
` အရှိန်အဟုန်ပြင်းစွာ ပြောင်းလဲနေတဲ့ ကမ္ဘာ ကို ´
လို့ပြင်ဆင်ဖတ်ရှုပေးပါ။
ကိုရဲမွန်ခင်ဗျား
ဦးနာအောက် အကြောင်းဆွေးနွေးထားတဲ့ ကျွန်တော့်နောက်ဆုံးပို့ စ်မှာ ကိုရဲမွန်နဲ့ ကိုရွက်ဝါတို့ ဘလော့ဂ်မှာကွန်မန့် နဲ့ သုံးသပ်ချက်များကိုဆွေးနွေးထားပါတယ်။ ပို့ စ် link လုပ်ထားတာကို
တစ်စုံတစ်ရာကန့် ကွက်ဆွေးနွေးစရာရှိခဲ့ရင်တင်ပြနိုင်ပါတယ်။
မောင်ရင်
Post a Comment