၂၉၊ ၁၊ ၂၀၀၈
Sierra Club ရဲ့ Washington DC Chapter ၀က်ဆိုဒ်ကို ၀င်ကြည့်လိုက်တယ် ဆိုရင်ပဲ ပထမဆုံး ဆီးကြိုနေတာက လှိုင်းလုံးတွေကြားက ထိုးထွက်နေတဲ့ ကျောက်ဆောင်တွေနဲ့ အလားသဏ္ဍန်တူတဲ့ တိမ်လုံးတွေဖုံးနေတဲ့ တောင်ကြောတစ်ခု။ ဒီဓါတ်ပုံကပဲ နောက်ထပ် စာမျက်နှာတွေကို ဆက်ကြည့်ဖြစ်ဖို့ ဆွဲခေါ်သွားလေတယ်။
အမှန်ပါ။ ဒီလို ရှုခင်းမျိုးဟာ အတော်မြင့်တဲ့ တောင်ထိပ်ပေါ်ကို ခြေချဖူးသူတွေမှ ခံစားလို့ရတာမျိုးဖြစ်ပါတယ်။ တောင်ပေါ်ကို လမ်းလျှောက်ပြီး ပင်ပင်ပန်းပန်း တက်လာခဲ့သမျှ ဒီလို ရှုခင်းမျိုးကို မြင်လိုက်ရရင် ပင်ပန်းခဲ့သမျှ ယူပစ်သလို ပျောက်သွားတတ်ပါတယ်။ စာရေးသူရဲ့ အနှစ်သက်ဆုံး မြန်မာပြည်တွင်း ခရီးစဉ်တစ်ခုဖြစ်တဲ့ ၀ိတိုရိယတောင် (နတ်မတောင်) ခရီးစဉ်မှာ တောင်ထိပ်ကို ရောက်ခဲ့ရင် ဒီလိုမျိုး ဆန်ဆန် ရှုခင်းကို တွေ့နိုင်ပါတယ်။ နမူနာအဖြစ် ၂၀၀၈ ခုနှစ် ဇန္န၀ါရီလ ၁ရက်နေ့ မှာ ၀ိတိုရိယ တောင်ထိပ်ကို ရောက်ခဲ့တဲ့ သူငယ်ချင်း ဆန်းဝင်းကျော် ရိုက်ပြီးပို့ပေးလာတဲ့ ဓါတ်ပုံကိုသာ ရှုစားကြည့်ပါ။
Sierra Club ရဲ့ ခရီးစဉ်တွေကိုတော့ စာမျက်နှာတစ်ခု သတ်သတ်မှတ်မှတ်ထားပြီး ရေးသားထားပါတယ်။ ဇန္န၀ါရီ နဲ့ ဖေဖော်ဝါရီ အတွက် ခရီးစဉ်တွေ ဆွဲပြီးသား ဖြစ်နေတာ တွေ့ရပြီး၊ ဆက်သွယ်ရန် လူ၊ ဖုံးနံပါတ်၊ အီးမေးလ်၊ စုရပ်၊ ခရီးအကွာအဝေး၊ ဆောင်ရန်၊ ရှောင်ရန်များကို သေသေချာချာ ရေးသားထားတာ တွေ့လိုက်ရကတည်းက ဒီအဖွဲ့ဟာ အတော့်ကို စနစ်တကျ ဖွဲ့စည်းထားမှန်း သိလိုက်ပါတယ်။
စာရေးသူ ပထမဆုံး ရွေးဖြစ်တဲ့ ခရီးကတော့ ဇန္န၀ါရီ ၁၉ ရက်နေ့ ခရီးဖြစ်တဲ့ Lake Artemesia and Paint Branch Trail ဖြစ်ပါတယ်။ ၀ါရှင်တန်ဒီစီမြို့ရဲ့ အရှေ့မြောက်ယွန်းယွန်းမှာ ရှိတဲ့ ဥယျာဉ် တစ်ခုနားက စုရပ်ကို နံနက် ၁၀ နာရီရောက်ရမှာ ဖြစ်ပေမယ့် စာရေးသူ စိတ်စောနေတော့ အိမ်ကနေ စောစောထွက်ပြီး ၉ နာရီ ၄၅ လောက်ကတည်းက စုရပ်ကို ရောက်နေပါတယ်။ ကားရပ်နားတဲ့ နေရာမှာ တခြား ကား ၃-၄ စီးကို လည်း တွေ့ရပြီး ဟိုက်ကာ (hiker) တွေဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။ တခြားကြောင့်မဟုတ်ပါဘူး။ သူတို့ စီးတဲ့ကားတွေက ဓါတ်ဆီ-လျှပ်စစ် မျိုးစပ် (Hybrid) ကားတွေ ဖြစ်နေလို့ပါပဲ။ အပြင်မှာ အတော်အေးနေ (အပူချိန်က ရေခဲအမှတ်လောက် ရှိပါမယ်) တာက တကြောင်း၊ တခြားလူတွေလည်း ကားထဲမှာ ထိုင်နေကြတော့ တံခါးသွားခေါက်ပြီး စကားပြောလို့ မသင့်တာက တကြောင်း၊ ကားထဲမှာပဲ ခဏ ထိုင်နေလိုက်ပါတယ်။


ဒီနေ့ အစီအစဉ်က ခွေးတွေ ကလေးတွေပါ ခေါ်လို့ရတဲ့ အစီအစဉ်ဖြစ်တော့ တချို့ ပုဂ္ဂိုလ်တွေက ခွေးလေးတွေ ကြိုးနဲ့ဆွဲလို့ လျှောက်ကြပါတယ်။ ခွေးပါ ဟိုက်ကာတွေထဲမှာ တစ်ယောက်ကတော့ဖြင့် တယ်ရီယာလို ခွေးပုပုသေးသေးလေး တစ်ကောင်ကို ဆွဲခေါ်လာလို့ ဘေးကလူတွေက ဒီကောင်လေး ၁၀ မိုင် လျှောက်နိုင်ပါ့မလားဆိုပြီး နောက်နေကြတယ်။ ပိုင်ရှင်က … “ဘယ်လျှောက်နိုင်မှာလည်း လမ်းကျလို့ရှိရင် ဒီကောင့်ကို အိတ်ထဲ ထည့်ခေါ်သွားရမှာ” ဆိုပြီး ပြန်ဖြေတယ်။ ဒါကိုကြားတော့ စာရေးသူ မလျှောက်နိုင်ရင်ကော ဘယ်သူက အိတ်ထဲ ထည့်ခေါ်ပါ့မလဲလို့ ပေါက်ပေါက်ရှာရှာ တွေးနေမိတယ်။
လမ်းစလျှောက်လျှောက်ခြင်းမှာပဲ ပြေးလမ်းတစ်ခုပဲ ရှိတဲ့ လေယာဉ်ကွင်း ခပ်သေးသေးလေး တစ်ခုကို ဘယ်ဘက်မှာ တွေ့လိုက်ရပါတယ်။ ဒါဟာ ကိုမိုက်ပြောနေတဲ့ ကမ္ဘာပေါ်မှာ တောက်လျှောက် အသုံးပြုနေတဲ့ သက်တမ်းအရှည်ဆုံး လေယာဉ်ကွင်း ဆိုတာပဲဖြစ်ရမယ်။ စက်တစ်လုံးတပ် လေယာဉ်လေးတွေ ရပ်ထားတာ၊ အတက်အဆင်း လုပ်နေတာကို တွေ့ရပါတယ်။ ဘေးက လမ်းလျှောက်ဖော် တစ်ယောက်က ရှင်းပြတယ် … လေဆိပ် အဆောက်အဦဘေးမှာ ကပ်လျှက်ရှိနေတာကတော့ စားသောက်ဆိုင်ပါတဲ့။ လမ်းလျှောက်ပြီးရင် နေ့လည်စာ စားဖို့ကို အဲဒီ ဆိုင်မှာ ပြောထားသတဲ့။ ကိုမိုက်ကတော့ ရှေ့ဆုံးကနေ ခြေလှမ်းကျဲနဲ့ လှမ်းနေလေရဲ့။ စာရေးသူလည်း ကိုမိုက်နောက်ကို အမီလိုက်ရင်း ခြေသလုံးတွေ တောင့်လာပါတယ်။ ဒါပေမယ့် ခပ်သွက်သွက်လေး လျှောက်လိုက်တော့မှ အအေးဒဏ်ကို အတော်ခံနိုင်ရည် ရှိလာပါတယ်။
ပထမ ၃ မိုင်ခရီးကိုတော့ ရေကန်တစ်ခုဘေးကနေ ပတ်ပြီး လျှောက်ကြရတယ်။ ရေကန်ပတ်လည်မှာ ပြေးသူ၊ လမ်းလျှောက်သူတွေနဲ့ စည်ကားနေပါတယ်။ လမ်းလျှောက်ရင်း ပတ်ဝန်းကျင်ကို လှမ်းကြည့်လိုက်တော့ မြက်ခင်းစိမ်းစိမ်း ကွင်းပြင်ထဲမှာ လျှပ်စစ်ရထား တစ်စီး သွားနေတာ တွေ့လိုက်ရတယ်။ လယ်ကွင်းထဲမှာ လော်ကယ်ရထား သွားနေသလား ထင်မှတ်မှားမိတယ်။ ရေကန်ကို တစ်ပတ် ပတ်အပြီးမှာတော့ ရထားလမ်းကို အောက်ကနေ ဖြတ်ပြီး ဥယျာဉ်လမ်းကို စလျှောက်ပါတယ်။ တချို့ကတော့ ဒီနေရာကနေပဲ လှည့်ပြန်သွားကြပါတယ်။
ရထားလမ်းကို ဖြတ်တဲ့ နေရာမှာတော့ နံရံမှာ လက်ဆော့ထားတဲ့ (Graffiti) တွေ တွေ့ရပါတယ်။ ဖာသာ စဉ်းစားမိတာက လမ်းသာ လာမလျှောက်ရင် အမေရိကန်နိုင်ငံ မြို့တော်ကို ဒီလို အမြင်သစ်တစ်မျိုးကနေ မြင်ရမှာ မဟုတ်ဘူး ဆိုတာပါပဲ။ ကိုယ်မြင်နေကျ မြို့တော် ဒီစီဟာ မိတ်ကပ်ဖို့ထားတဲ့ မျက်နှာတစ်ခုလို ဖြစ်ပြီး၊ ဒီနေ့ မြင်ကွင်းကတော့ အိပ်ယာထကာစ မျက်နှာတစ်ခုနဲ့ ပိုတူနေပါတယ်။ သဘာဝကျတယ်လို့ ဆိုချင်လဲ ဆိုလို့ရတာပေါ့။
လမ်းလျှောက်ရင်း၊ ခဏ နားရင်းနဲ့ ခြေသလုံးတောင့်နေတာတွေ ပျောက်သွားပါတယ်။ ဘေးမှာလည်း ဆံပင်ဖြူဖြူနဲ့ အဖိုးကြီး တစ်ယောက် နဲ့ ခပ်ထွားထွား လူကြီးတစ်ယောက်က ယှဉ်ပြီးလျှောက်လာနေပါတယ်။ Mr. Lee နဲ့ Dennis လို့ အမည်ရတဲ့ ဒီပုဂ္ဂိုလ် နှစ်ယောက်နဲ့ စာရေးသူ လမ်းလျှောက်နှုန်းက တူတော့ အတူတူပဲ ဆက်လျှောက်ဖြစ်ကြပါတယ်။ လမ်းလျှောက်ရင်း ထွေရာလေးပါး၊ သူ့အကြောင်း၊ ကိုယ့်အကြောင်း ပြောကြတာပေါ့။ Mr. Lee က Geophysicist ဖြစ်ပြီး Dennis ကတော့ မရိန်း တပ်သားဟောင်း တစ်ယောက် ဖြစ်ပါတယ်။ စကားတပြောပြောနဲ့ ပြန်လှည့်ရမယ့် နေရာကို ရောက်မှန်းမသိ ရောက်သွားပါတယ်။
အဲဒီနေရာမှာ ခဏ ထိုင်နေကြရင်း စာရေးသူလည်း အသင့်ပါလာတဲ့ အသားညှပ်ပေါင်မုန့်ကို ထုတ်စားနေလိုက်ပါတယ်။ Mr. Lee နဲ့ Dennis တို့ကတော့ နေ့လည်စာ ဆိုင်မှာ စားကြမှာ ဆိုတော့ ဘာမှယူလာပုံမရဘူး။ အသားညှပ်ပေါင်မုန့် စားနေတုန်းမှာ Mr. Lee က “ရဲမွန် .. ပေါင်မုန့်ကို လမ်းလျှောက်ရင်း ဆက်စားရင် စားပါလား .. သွားရအောင်၊ ငါတို့ ၃ ယောက် လမ်းလျှောက်နှုန်းညီတယ်” လို့ လာခေါ်ပါတယ်။ အဲဒီတော့မှ သူတို့က စာရေးသူကို စောင့်နေမှန်း သိပြီး အားနာသွားရတယ်။ စားလက်စ ပေါင်မုန့် တကိုက်ကို ပလုတ်ပလောင်း ၀ါးရင်း ကြောပိုးအိတ်ကို ပြန်လွယ်ပြီး ထိုင်ရာက ထလာရပါတော့တယ်။
အပြန်လမ်း တစ်ဝက်လောက်မှာ အမျိုးသမီး တစ်ယောက်လည်း ကျွန်တော်တို့ အုပ်စုနဲ့ ပါလာတယ်။ Mr. Lee က အဲဒီ အမျိုးသမီးကို စကားစမြည်ပြောရင်း ဒီခရီးကို ဘယ်လို လိုက်ဖြစ်လဲ ဆိုတာ မေးတော့ ... အမျိုးသမီးက “ကိုမိုက်က ကျွန်မ အမျိုးသားလေ” လို့ … ပြန်ဖြေလို့ ရီနေရသေးတယ်။ လမ်းလျှောက်ခေါင်းဆောင်ရဲ့ အမျိုးသမီးကိုမှ မေးမိရက်သား ဖြစ်သွားတာကိုး။ အပြန်ခရီးကတော့ အလာကထက် မြန်တယ်လို့ထင်ရပြီး နေ့လည် တစ်နာရီ သာသာလောက်မှာပဲ စုရပ်ကိုပြန်ရောက်လာကြပါတယ်။ နေ့လည်စာ စားမယ့် ပုဂ္ဂိုလ်တွေက ဆိုင်ထဲဝင်သွားကြတုန်းမှာ စာရေးသူလည်း မိတ်ဆွေကြီး နှစ်ယောက်ကို နှုတ်ဆက် ပြန်ခဲ့ပါတော့တယ်။
ဝန်ခံချက်။ ။အိမ်ပြန်ရောက်တော့ ကွနေလို့ ပါရာစီတမော သောက်ရကြောင်း။
နောက်တစ်ပတ် လျှောက်ဖြစ်တဲ့ ခရီးကတော့ Capital Crescent Trail ဖြစ်ပါတယ်။
6 comments:
ကောင်းတယ်ဗျို့ ... လေ့ကျင့်ခန်းပါလုပ်ပြီးသား ရသွားတာ ... ရှုခင်းလေးတွေ ထပ်တင်ပါ ဦးဗျ ... ဦးစိုင်းရော လိမ်းရသေးလားဗျို့ :P
ကိုမင်းကြီး…ကွ….
ဆက်လုပ် ကိုမင်း… ကျွန်တော်တို့ Victoria နောက် တခေါက်ဆိုတာ လက်တွေ့ ဖြစ်အောင် လုပ်ရအောင်။ ကျွန်တော်လည်း ဒီမှာ တတ်နိုင်သမျှ training ဆင်းမယ်။
အတွေ့အကြုံလေးက စိတ်ဝင်စားစရာပဲ။ နောက်ဆုံး ၀န်ခံချက်ကိုတော့ အကြိုက်ဆုံးပဲ။ :P
ကစိုးထက် ..
နောက်တစ်ခေါက်ကျရင် ရှုခင်းပုံ များများ ရိုက်ခဲ့မယ်။ အဲဒီ တစ်ခေါက်တုန်းက ဓါတ်ပုံ ၁ပုံ ၂ပုံပဲ ရိုက်ဖြစ်လို့။ (အမှန်က လမ်းလျှောက်ရင်း မောညောင်း ဖြစ်နေလို့ ဓါတ်ပုံရိုက်ဖို့ အာရုံမရောက်တာ)
ဦးစိုင်းတော့ မလိမ်းလိုက်ရဘူး။ ဒီမှာ ၀ယ်လို့မလွယ်လို့။ :p
ပီတိရေ ..
ကိုယ်တော့ တကယ် လုပ်နေပြီနော။ မောင်ရင်လည်း အပြောမဟုတ်ပဲ ခြင်္သေ့ကျွန်းကို အရှေ့အနောက် ခေါက်တုန့်ခေါက်ပြန် လျှောက်ကျင့်ပေတော့။ BKE ပေါ်မှာတော့ သွားမလျှောက်နဲ့နော။ ကားတွေ ဆေးရုံပို့လိုက်ရမှာ စိုးလို့ပါ။
ရွှေဂျမ်း ..
ဟုတ်ပ။ ပါရာ ကယ်ပေလို့ပဲ။ နောက်တစ်ပတ် လျှောက်တော့ ပါရာ မလိုတော့ဘူးကွဲ့။ မယုံရင် လျှောက်ကြည့်ပါလား။
ဟိုက်ကင်လေးတွေ ဖတ်ရပြီ ။ တယ်ကောင်းပဲ ။
အဟီးး ကိုရဲမွန်ကြီးလမ်းမှာညောင်းလို့ သယ်ရမယ်ဆိုရင်တော့ ၊ မလွယ်ရေးချာ မလွယ်ပါခင်ညား)
ဒါနဲ့ ကိုပီတိကလည်း အသေလာအော်နေသေး .. ဘာတဲ့ victoria နောက်တခေါက်တဲ့ ။ သူ့ မူလပုံစံနဲ့ဆို ရပါလိ့မ်မယ် အားကြီးကြီးလို့ ပြောရမလို (အဟဲ ရန်စတာ ရန်စတာ) ။ သူဆင်းမယ့် ထရိန်နင်ကလည်း ကမ္ဘာလဆန်း တရက်နေ့လောက် ဖြစ်နိုင်တယ် အဟဲ (ဟိုတနေ့က ကူညီထားတာလေးမှ မကြည့် ၊ ကိုပီတိကြီးကို အသေအလဲထိုးနေတာ) ။
ဒါနဲ့ နောက်ဆို မကွတော့အောင် များ၂ ဟိုက်ကင်လေး လုပ်ပေးဗျာ ။ နောက်ဆို ဓါတ်ပုံများ၂ရိုက်ပါ ။
မရောက်ဖူးပေမယ့် အတွေ့အကြုံကို အကိုကြီးဘလော့ဂ်က ဖတ်လို့သိရ ... ကောင်းတယ်ဗျို့
Post a Comment